ကမ္ပည်း

ဓာတ်ပုံ-အင်တာနက်



    (၁)
    ဒီရွာကလေးမှာ ဟိုး . .ရှေးရှေးကတည်းက အရိုးစွဲနေတဲ့ လုပ်ဆောင်ချက်ကလေးတစ်ရပ်ရှိတယ်။ အဲဒါကတော့ လူတစ်ယောက်၊ ဒါမှမဟုတ်မိသားတစ်စုဟာ အလှူတစ်ခုပြုပြီးတိုင်းမှတ်တမ်းတင်အနေနဲ့ ကမ္ပည်း လေးတွေထိုးထားကြခြင်းပဲ။ ကမ္ပည်းထိုးပြီးလှူရတဲ့ အလှူမှလည်း စိတ်ဝင်စားကြတယ်။ ကျောင်း၊ ကန်ဘုရားတန် ဆောင်းစတာတွေကို လှူပြီးထိုးတဲ့ ကမ္ပည်းဆိုတာတွေအသာထား။ တစ်လံလောက်ရှိတဲ့ လမ်းတံတားလေးပြုပြင် ရင်လည်း ကမ္ပည်းလေးတော့ ထိုးထားလိုက်တာပဲ။ ဘုန်းကြီးကျောင်းတွေမှာ မီးချောင်းလေးတစ်ချောင်းဖြစ်စေ၊ သောက်ရေအိုးလေးတစ်အိုးဖြစ်စေ။ လှူလိုက်ရင်လည်း ဦးဘယ်သူ+ဒေါ်ဘယ်သူကောင်းမှုဆိုတာပါပြီးသား။
    နှစ်ကျိပ်ရှစ်ဆူဘုရားကျောင်းဆောင်လေးတွေကြည့်ဦးမလား။ ဘုရားကျောင်းဆောင်က တစ်တောင် လောက်။ အဲ . .ကမ္ပည်းစာတမ်းကလည်း တစ်တောင်လောက်။ ဘုရားရဲ့ဘွဲ့တော်နဲ့အလှူရှင် ကမ္ပည်းဆိုတာရောလို့။ အဲလို ကမ္ပည်းလေးတွေထိုးပြီးတိုင်းလည်း စကားတိုက်ဆိုင်ရင် အမှတ်တရအနေနဲ့ပြောနေတတ်ခဲ့သေးတာ။ လှူထားတယ်ဆိုတဲ့ စကားတောင်မဟပဲ၊ ကမ္ပည်းထိုးထားတာလေးတွေကိုပဲ တခုတ်တရပြောနေကြတာ။
'ကိုခွေးရိုးတို့များတော့ ဘုန်းကြီးကျောင်းထဲဆိုတာများ ကမ္ပည်းတွေဆိုပြည့်လို့။ မုဒ်ဦးဝက သံပန်းတံခါး တွေကြည့်မလား။ ကုဋီသွားတဲ့ နတ်လမ်းတွေမှာကြည့်မလား။ စုံလို့။ သာဓုများတော့ အကြိမ်တစ်ရာ လောက်ခေါ်ချင်စရာ'
    ပြောရရင်ပုဂံပြည်ကြီးထွန်းလင်းတောက်ပချိန်က မုဆိုးမများပါမကျန် ဘုရားလေးတစ်ဆူတော့ တည်နိုင် ကြတယ်လို့ ဆိုစမှတ်ရှိသလို၊ ဒီရွာလေးမှာလည်း ဘယ်လောက်ဆင်းရဲနွမ်းပါးနေပါစေ။ သာသနာပိုင် အဆောက် အဦးတစ်ခုခုမှာတော့ အလှူလေးလှူပြီး ကမ္ပည်းလေးတော့ ထိုးပြီးသားပဲ။ ယုတ်စွအဆုံး ကုဋီတံခါးလေးပျက်လို့ ပြန်လည်ပြင်ဆင်ထားတာတောင်။
    'ကုဋီတံခါးပြန်လည်မွမ်းမံ အလှူရှင်၊ ဒကာမကြီးဒေါ်တုတ်' ဆိုတာမျိုး။ အလှူတစ်ခုလုပ်ပြီဆိုရင် တော့ ကမ္ပည်းလေးမှမထိုးလိုက်ရရင် မပြည့်စုံ၊ မပြီးမြောက်သလိုမျိုး။ အပြိုင်အဆိုင်လို့ပဲပြောပြော၊ စွဲမြဲနေတဲ့ လုပ်ဆောင်မှုလို့ပဲဆိုဆို နောက်ဆုံးမှာတော့ ရွာကလေးနဲ့ သဟဇာတမလိုက်အောင် ကမ္ပည်းမှတ်တမ်းတွေနဲ့ ပြည့်လျှံနေတာ။ 'ကမ္ပည်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ရွာ' လို့တောင် ပြောလို့ရသွားတာ။ ဒါပေမယ့် အခုအချိန်ထိ အလှူမှတ်တမ်းတင် ကမ္ပည်းအက္ခရာမရှိခဲ့တာဆိုလို့ တစ်ယောက်တော့ရှိနေသေးတယ်။

(၂)
ဒီရွာလေးရဲ့ နာမည်က အေးရွာတဲ့။
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ထဲမှာမို့ စည်ပင်သာယာဝပြောတဲ့ ရွာကြီးလားဆိုတော့ မဟုတ်ပြန်ဘူး။ ရွာထဲမှာ အိမ်ခြေဆိုတာစစ်စစ်ပေါက်ပေါက်ရေတွက်မှ သုံးဆယ်လောက်။ ရွာရိုးကိုးပေါက်တစ်ခေါက်လောက် လျှောက်ကြည့်။ တွေ့တဲ့သူအရေအတွက် လက်ဆယ်ချောင်းထက်မပိုဘူး။ ဒါတောင်ရွာက တောင်ရွာ၊ မြောက်ရွာဆို ပြီး နှစ်ခြမ်းကွဲနေလိုက်သေးတာ။
လမ်းပန်းဆက်သွယ်ရေးကျတော့လည်း နွေရာသီမှာတောင် လိုင်းကားမရောက်။ နွေ၊ မိုး၊ ဆောင်းသုံးမျိုးစလုံးမှာ သုံးနိုင်တာဆိုလို့ လှေသာသာပဲ့ကျိပ်လေးတွေပဲရှိတယ်။ ဒါလေးတွေနဲ့ပဲ ခရမ်းမြို့တက်လည်းဖွတ်ချက်။ ဖွတ်ချက်။ ရန်ကုန်ဘက်သွားလည်း ဖွတ်ချက်၊ ဖွက်ချက်ပေါ့။
တစ်ချိန်တုန်းကတော့ ဒီရွာလေးမှာ အလယ်တန်းဆင့်အထိ သင်လို့ရတဲ့ ကျောင်းတစ်ကျောင်းတော့ရှိ ဖူးတယ်။ ဒီရွာကျောင်းကနေ ခုနှစ်တန်းအောင်ပြီး မူလတန်းပြ ဆရာတွေဖြစ်သွားကြတာတောင် ဒုနဲ့ဒေး။
သူ့တုန်းကလည်း ခုနစ်တန်းကို ဒီရွာကလေးကပဲ အောင်ခဲ့တာ။ ပြောရမယ်ဆိုရင်တော့ ဒီကနေ့အထိ သူ့လောက်တော်ခဲ့၊ ထက်ခဲ့တဲ့သူ ဒီရွာမှာမရှိသေးဘူး။ ဒီရွာရဲ့ နောက်ပေါက် မျိုးဆက်သစ်တွေ ဘယ်လောက်ပဲ တော်တော်၊ ဘာတံဆိပ်တွေပဲရရ၊ သူရဲ့နာမည်ဘေးဝိုက်ကွင်းထဲက တံဆိပ်တွေ၊ ဂုဏ်ထူးတွေကိုတော့ မီနိုင်ကြတဲ့ သူမရှိသေးဘူး။ သူက တကယ်လည်းတော်ခဲ့တယ်။ သမိုင်းမှာတောင် နာမည်တစ်ခုမော်ကွန်းတင်ခံရတဲ့အထိပေါ့။
သူခုနှစ်တန်းအောင်တော့ ရန်ကုန်ကိုရောက်တယ်။ ရန်ကုန်မှာ ကျောင်းဆက်တက်ရင်း ၉ တန်းအရောက် မှာ သူ့ရဲ့နာမည်ကို မော်ကွန်းတင်ခံရမယ့် ဌာနတစ်ခုမှာ သူအလုပ်ဝင်ခဲ့တာ သက်ပြည့်ပင်စင်ရတဲ့ အခုအချိန်ထိ ပါပဲ။ သူလုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် နေရာတိုင်းမှာ သူကတော်တော့ သူရခဲ့တဲ့ ဂုဏ်ထူးဆောင်တံဆိပ်တွေက နည်းတာမဟုတ်ဘူး။ တံဆိပ်တွေမှအနီတွေ၊ အစိမ်းတွေ၊ အပြာတွေ အရောင်ကိုစုံနေတာ။
ဂုဏ်ထူးဆောင်တံဆိပ်တွေ အရောင်စုံနေသလိုပဲ သူ့ဘ၀ကလည်း အရောင်ကခပ်စုံစုံရယ်။ သူရခဲ့တဲ့ မိန်းမတွေကိုပဲကြည့်။ စုစုပေါင်းသုံးယောက်။ ပထမဆုံးတစ်ယောက်ကတော့ ရည်းစားဦးမဟုတ်ရှာဘူး။ သူ့ရဲ့အလုပ် တာဝန်နဲ့ မိတ္ထီလာဘက်အသွား။ သူ့ရဲ့အထက်အရာရှိက သဘောတူတာနဲ့ ပထမဆုံး မိန်းမတစ်ယောက်ကို ဆိုင်းမဆင့်၊ ဗုံမပါပဲရခဲ့တာ။ ဒီလိုဆိုငြင်းလိုက်ပါတော့လားလို့ မေးစရာရှိပေမယ့် သူကနေရာတိုင်းမှာ အလုပ်တာဝန် ကျေသလို၊ အထက်လူကြီးရဲ့အမိန့်ကိုလည်း ဘယ်တုန်းကမှ လွန်ဆန်ခဲ့တာ မဟုတ်ဘူးလေ။
ပြောရမယ်ဆိုရင် သူပထမဆုံးအိမ်ထောင်ကျတာကို ရွာကလေးက သူ့မိဘတွေတောင် သိလိုက်တာ မဟုတ်ဘူးရယ်။ သူတို့ခေတ်တုန်းက ဖုန်းအဆက်အသွယ်မရှိ၊ ဘာမရှိနဲ့ဆိုတော့ သူ့အကြောင်းကို ရွာကလူတွေ တစ်ဦးတစ်ယောက်လောက်တောင် သိလိုက်တာမဟုတ်ဘူး။
ရွာမှာက သူ့ရဲ့ငယ်ချစ်တစ်ယောက်ရှိတယ်။ တကယ်တော့ အဲ့ဒီတစ်ခေါက်ရွာကို သူပြန်လာတာက သူအိမ်ထောင်ကျပြီဆိုတဲ့အကြောင်း အသိပေးရုံသက်သက်ပါ။ သူ့ရဲ့ဇနီးကတော့ပါမလာခဲ့ဘူး။ ဒီလိုနဲ့ရွာကို ရောက်တော့။
သူရည်လည်းမရည်ရွယ်ခဲ့သလို အစီအစဉ်လည်းမရှိခဲ့ပါဘူး။ ဒါပေမယ့် 'အကြောင်းကံများကပေါင်းဖို့ ဖန်လာတယ်' ဆိုသလိုပဲ နောက်ဆုံးမှာ ရွာကငယ်ချစ်ဟာ သူ့ရဲ့ဒုတိယအိမ်ထောင်ဖြစ်ခဲ့ရတယ်။ မှတ်မှတ်ရရ ရွာကလေးကို အဲဒီတစ်ခေါက်လာပြီးကတည်းက လူဝတ်ကြောင်ကိုစွန့်ပြီးဘုန်းကြီးဝတ်နေတဲ့ သူ့အဖေပြန်လွန် တော်မူမှပဲ သူနောက်တစ်ခေါက်ထပ်ရောက်တော့တာ။ သူတို့ခေတ်က အမြှောင်မယားတွေ၊ အပြိုင်မယားတွေများ လေတော့ အဲဒီအချိန်မှာ သူက တတိယအိမ်ထောင်ထောင်ကျပြီးနေပြီလေ။ ထုံးစံအတိုင်းပေါ့။ တတိယအိမ်ထောင် ကျတော့ ဒုတိယမိန်းမက မယားကြီးဖြစ်သွား။ တတိယမိန်းမဟာ အငယ်ပေါ့။ သူ့ရဲ့ပထမဆုံးမိန်းမတော့ ကွာရှင်းပြီးပြီလေ။
ရွာကလေးကတော့ အမြဲတမ်း သူကိုအထူးအဆန်းပေါ့။ ရွာမှာမဖြစ်နိုင်တဲ့အလုပ်တွေ သူလုပ်သလိုရွာမှာ မရှိတဲ့အကြောင်းအရာတွေက သူ့မှာပဲ ပဒေသာပင်သီးသလို စုပြုံဖြစ်နေတာကိုး။ ရွာကလေးအနေနဲ့အားကျအကြည့်၊ ဂုဏ်ယူအကြည့်ပေါ့။ 'ဒါ . .ငါတို့ရွာသားကွ' ဆိုတဲ့အကြည့်မျိုးပေါ့။ ရွာကလေးက သူ့ကိုတစ်ကယ်ကို စိတ်ဝင်စားခဲ့တာပါ။ သူကလည်း ထူးဆန်းတယ်။ ကျောင်းထိုင်ဘုန်းကြီးကလွဲလို့ တော်ရုံတန်ရုံဘုန်းကြီးကို လက်အုပ်မချီသလို လူကြီးသူမတွေနဲ့ တစ်ဝိုင်းတည်း စကားထိုင်ပြောရင်တောင် ဒူးချိတ်မပျက်ဆိုတဲ့ ပုံစံမျိုး။ သူအမြဲတမ်းပြောနေကျ စကားတစ်ခွန်း တော့ရှိတယ်။
'ဘာမှမလုပ်ရင်တော့ ဘာမှမဖြစ်ဘူး။ လူတိုင်းမှာလျှောက်စရာလမ်း တစ်လမ်းတော့ မလွဲမသွေရှိနေပါတယ်။ ကိုယ်လျှောက်ရမယ့်လမ်းကိုသာ အကောင်းဆုံးပြင်ဆင်ပြီး လျှောက်ရမယ်။ အမေမွေးလာကတည်းက ဘယ်သူမှ ခြေထောက်တစ်ဖက်အပိုမပါဘူး'
သူပြောချင်တာက နောက်ပေါက်တွေသူ့လို ကြိုးစားကြဆိုတဲ့ပုံစံ။ ခက်တာက နောက်ပေါက်တွေကို လမ်းဖောက်ကြလို့သာ သူကခဏခဏပြောတာ။ သူဖောက်ခဲ့တဲ့လမ်းကို နောက်ကလိုက်လျှောက်ကြဆိုတဲ့ အဓိပ္ပာယ်မျိုးကျတော့ သူ့စကားထဲမှာရှိမနေပြန်ဘူး။ ပိုက်ချက်မပြရုံတင်မဟုတ်ဘူး။ သူကဟင်းစားပါမပေးတာ။
သူ့ဘ၀ကြီးတစ်ခုလုံးကို ခြုံကြည့်ရင် အတော်ကြီးကိုအောင်မြင်ခဲ့တာပါ။ ဘွဲ့ထူးဂုဏ်ဒြပ်တွေတောင်မကပါ ဘူး။ ငွေကြေးဥစ္စာဆိုရင်လည်း သူ့ရဲ့ဒုတိယမိန်းမနဲ့ တတိယမိန်းမက မွေးထားတဲ့ သားသမီးတစ်ကျိပ်ကိုပြည့်လျှံဖူလုံ လောက်အောင် စည်းစိမ်ကရှိခဲ့တာပါ။ တစ်ခုရှိတာက ရွာကလေးက သူ့ကိုစိတ်ဝင်စားသလို သူကအတိုင်းအတာ တစ်ခုထက်ပိုပြီး ရွာကလေးကို စိတ်မ၀င်စားဘူး။ ရွာကလေးမှာ လူတိုင်းနီးပါးရဲ့အမည်နာမတွေ ကမ္ပည်းပေါ်ရောက် နေပေမယ့် မိန်းမသုံးယောက်၊ သားသမီးတစ်ကျိပ်နဲ့ ဘယ်တော့မှလွတ်လပ်မှုရှိမနေတဲ့ သူ့ရဲ့နာမည်က ရွာကလေး ရဲ့တစ်ခုသော ကမ္ပည်းပေါ်ကိုရောက်မနေသေးဘူး။

(၃)
အလုပ်တွေအများကြီးလုပ်ခဲ့တဲ့ သူ့ဘ၀ဟာ သက်ပြည့်ပင်စင်ရပြီးတာတောင် ဌာနတစ်ခုရဲ့အတိုင်ပင်ခံ အဖြစ်နဲ့ အားရတယ်မရှိသေးဘူး။ 'ဘာမှမလုပ်ရင် ဘာမှမဖြစ်ဘူး' ဆိုတဲ့ သူ့စကားအတိုင်းလုပ်လို့ ဖြစ်လာခဲ့တဲ့ အလုပ်တွေရဲ့နောက်ဆက်တွဲဟာ သူ့ရဲ့အာရုံတွေကို ရွာကလေးဆီ ဆွဲခေါ်သွားဖို့ မတက်နိုင်ခဲ့ဘူး။ ရွာကလေးရဲ့ ကမ္ပည်းလေးတွေကလည်း သူ့ရဲ့စိတ်ကိုမညှို့ငင်နိုင်သေးဘူး။ ရွာကလေးကတော့ သူ့ရဲ့နာမည်ရယ်၊ နာမည် နောက်ဝိုက်ကွင်းထဲက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ပေါင်းများစွာတွေရယ်ပါမယ့် ကမ္ပည်းတိုင်လေးတစ်ခုကိုအပြင်း အထန်ရှာဖွေနေတုန်းပဲ။ ဒါပေမယ့် ဒီကိစ္စအတွက် ရွာကလေးကတော့ ဘာမှမတတ်နိုင်ခဲ့ဘူး။
ဒီလိုနဲ့နွေတစ်နေ့မှာ ရွာကလေးကို သူမထင်မှတ်ပဲ ရောက်လာတယ်။ မထင်မှတ်ဘဲ ရောက်လာတယ် ဆိုမှတော့ မြို့မှာအခြေကျနေတဲ့ အများသူငါလို ရွာကလေးကို မသေခင်နှုတ်ဆက်ဖို့၊ ရွာကလေးမှာ ခေါင်းချဖို့ ဆိုတဲ့ နောက်ဆက်တွဲရည်ရွယ်ချက်တွေကတော့ ဘယ်လာရှိနေလိမ့်မတုန်း။ ရွာကလေးကိုအ၀င် ခပ်လှမ်းလှမ်းက ကုတို့တဲပုံစံအဆောက်အဦးလေးအရောက် သူ့ရဲ့သားက မောင်းလာတဲ့ ကားကိုရပ်တယ်။
'ဒါရေချမ်းစင်ပဲဖြစ်မယ်အဖေ။ ရေဗူးကုန်သွားတာကြာပြီဆိုတော့ ရွာထဲအထိ ကျွန်တော်မစောင့်နိုင်တော့ဘူး။ ကျွန်တော်ရေဆင်းသောက်လိုက်ဦးမယ်'
သူ့ရဲ့သားကပြောပြီးကားတံခါးဖွင့်ဆင်းတော့ ကားပေါ်မှာပါလာတဲ့ သူ့မြေးနှစ်ယောက်ကလည်း မပြော မဆိုအောက်ကိုဆင်းသွားကြတယ်။
ရန်ကုန်နဲ့က ဘယ်လောက်မှဝေးတာမဟုတ်ပေမယ့် နေတပူပူ၊ ဖုန်တဆူဆူဖြစ်နေတဲ့ လှည်းလမ်းမတာ ရိုးကိုအပြင်းချီတက်လာရတာဆိုတော့ ကားပေါ်ကလူတွေ နေတံလျှပ်အောက်မှာ ခပ်ယိယိဖြစ်နေပြီ။ သူလည်း ခြေညောင်းလက်ဆန့်လုပ်ဖို့ ကားပေါ်ကဆင်းလိုက်တယ်။ ပြီးတော့ သွပ်မိုး၊ အုတ်စီအဆောက်အဦးလေးထဲက ရေချမ်းစင်ရှိရာကို လှမ်းလိုက်တယ်။
'အနန္တငါးပါးဦးထိပ်ထား၍ လူပျိုကြီး ဦးကျင်စိန်နှင့် ဤရွာ၏ကွယ်လွန်သူအပေါင်းမှ သံသရာအတွက် ရည်ရွယ်၍ လှူဒါန်းသည်'
'အလို'
သူ့နှုတ်က ရုတ်တရက်အာမေဋိတ်ထွက်သွားတယ်။ ရေချမ်းစင် အဆောက်အဦးရဲ့ ကမ္ပည်းမှတ်တမ်းကို ဒုတိယအကြိမ် သူပြန်ဖတ်လိုက်တယ်။ ပြီးတော့ သူ့စိတ်ထဲမှာ တစ်စုံတစ်ခုကို မကျေမနပ်ဖြစ်သွားတယ်။
'ဦးကျင်စိန်ဆိုတာ သုဘရာဇာကြီးမဟုတ်လား အဖေ'
သူ့သားရဲ့ အမေးကိုလည်း 'အင်း' လို့ တိုတိုတောင်းတောင်း သူဖြေလိုက်တယ်။ ကျင်စိန်။ သူကောင်း ကောင်းသိတာပေါ့။ ရွာကိုအရောက်အပေါက်နည်းလို့ ရွာကလူမှန်သမျှရဲ့အကြောင်း ခရေစေ့တွင်းကျသူမသိပေမယ့် ကျင်စိန်အကြောင်းကိုတော့ သူကောင်းကောင်းကြီးသိတယ်။ သူသိတာမှ အော့နှလုံးနာစရာကောင်းလောက်အောင် ကျင်စိန်ရဲ့အကြောင်းက သူ့အာရုံမှာ မှတ်မိနေတာ။

(၄)
'ဟေ့ . .ဒီရွာမှာ မမြိုင်နဲ့စပြီး ကျင်စိန်နဲ့ဆုံးတဲ့ သူချည်းပဲ။ အထီးအစ်မ လိင်အမျိုးအစားသာကွာရင်ကွာမယ်။ ဒီသီအိုရီကတော့ မပြောင်းဘူး အေ့'
ဦးကျင်စိန်တို့မူးလာပြီဆိုရင် ရွာရိုးကိုးပေါက်ကွေ့ကောက်ကောက်လမ်းလေးမှာ တအေ့အေ့နဲ့လေတက်၊ တကျွိကျွိနဲ့သွားတွေကျိတ်လို့ ပြောနေကျအထက်ပါစကားကိုပြောတော့တာပဲ။ ကိုကျင်စိန်ပြောတဲ့ မမြိုင်ဆိုတာက ဆေးရုံမရှိ၊ ဆေးခန်းမရှိတဲ့ ရွာကလေးရဲ့ အားထားရာအရပ်လက်သည်လေ။
ဦးကျင်စိန်က တစ်ကိုယ်တည်း လူပျိုကြီး။ အရက်သောက်တတ်တာကလွဲလို့ ရမ်းရမ်းကားကား ဘယ်တုန်း မှမရှိဘူး။ ပိုင်ဆိုင်သမျှ မယ်မယ်ရရလည်း မရှိသလို၊ အဲ့ဒီပိုင်ဆိုင်သမျှကို လက်ညှိုးထိုးပြစရာတောင် ဘယ်ဘက် လက်တစ်ဘက်ကမရှိဘူး။ လွတ်လပ်ရေးရပြီးကာစ အလံအဖြူနီ ကွန်မြူနစ်တွေကြီးစိုး ကတည်းက တုတ်ပြီး ဓားပြီးအတွက် တုတ်သိုင်း၊ ဓားသိုင်းတွေလေ့ကျင့်လိုက်တဲ့အဆုံး ဦးကျင်စိန်ရဲ့ ဘယ်ဘက်လက်တစ်ဘက်ဟာ အစမ်းသပ်ခံအဖြစ် စတေးခံလိုက်ရတာ။ သိုင်းအခေါ်အရတော့ အရက်သောက်မိလို့ စည်းပေါက်တယ်ပေါ့။ အစပိုင်း လက်ရဲ့ဘယ်အပိုင်းကိုပဲခုတ်ခုတ် ရာဘာတုံးကို ခုတ်သလို 'ထင်' ကနဲပြန်ခုန်တက်လာတဲ့ ဓားဟာ တစ်နေ့မှာတော့ လေ့ကျင့်နေကျအတိုင်း လက်ကောက်ဝတ်ကို 'ရွှက်' ကနဲအခုတ်၊ ဓားသွားက လေပေါ်ကို ထင်ကနဲပြန်တက်မလာပဲနဲ့ လက်ကောက်ဝတ်ထဲကို 'ဇွက်' ကနဲစိုက်ဝင်သွားတာ တိတိရိရိလေ။
အစပိုင်းကတော့ လက်ကောက်ဝတ်ကစပြီး ပြတ်သွားတာ။ ဒါပေမယ့် ဆေးထည့်ရင်း ပိုးဝင်လို့ တတိတိ ဖြတ်ပစ်လိုက်ရတာ နောက်ဆုံးလက်မောင်းရင်း ငုံးတိုအဆင့်ရောက်ရောဆိုပါတော့။ ဒီတော့ ဦးကျင်စိန်က အင်္ကျီဝတ်လို့မရတော့ဘူး။ သူ့ရဲ့ငုံးတိုလက်ကလေးကို ပုဆိုးတစ်ထည်နဲ့ပတ်လို့ ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံးကို ဖုံးအုပ်ထားရတာ။ ဦးကျင်စိန်မှာ လက်တစ်ဘက်သာမရှိတာ။ သာမာန်လူတွေလုပ်တဲ့ ကိစ္စတော်တော်များများကို လုပ်နိုင်တယ်။ ထမင်းအိုးတည်လို့ ထမင်းရည်ငှဲ့မလား။ ညာလက်က ထမင်းအိုးနှုတ်ခမ်းကိုကိုင် ဘယ်ခြေမမှာ လက်နှီးခုညှပ်လို့ ထမင်းရည်ငှဲ့လိုက်တာများအဖြောင့်။ လောက်လေးခွပစ်ဦးမလား။ လောက်စာလုံးညှပ်ထားတဲ့ လောက်စာအိမ်ပါးစပ်မှာကိုက်လို့ ညာလက်နဲ့လွှဲပြီးပစ်ထည့်လိုက်တာများ ပစ်ကွင်းကိုကွက်တိ။ 
တချို့က သူ့ကိုနာမည်ပေးကြတယ်။ ဒေးဗစ်ချန်းကျင်စိန်တဲ့။ တစ်ချိန်က တရုတ်ပြည်မှာ လက်တစ်ဖက် ပြတ်ပုံစံ သရုပ်ဆောင်သွားတဲ့ တရုတ်မင်းသားကို အစွဲပြုလို့ပေါ့။ အဲဒီလက်တစ်ဘက်မရှိတဲ့ ဒေးဗစ်ချန်းကျင်စိန် က ဒီရွာမှာ သုဘရာဇာလုပ်လာတာများ နှစ်ပေါင်းရေတောင်မရေနိုင်တော့။ လက်တစ်ဘက်နဲ့ လူသေကိုကိုင်လိုက် တာများလျင်မှလျင်။
ဦးကျင်စိန်စွဲနေအောင်လုပ်တဲ့ အလုပ်တစ်ခုရှိတယ်။ သူ့ရဲ့အမှတ်အသားပဲပြောရမှာ။ အဲဒါကရွာထဲက လူတစ်ယောက်သေလို့ လူသေကို မြေမြှုပ်သင်္ဂြိုဟ်တဲ့ကိစ္စ သူလုပ်ပြီးသွားရင် အသုဘရှင်ထဲက အရက်ဖိုးတောင်း တော့တာပဲ။ များများစားစားတော့ မဟုတ်ပါဘူး။ သဒ္ဓါကြေးပေါ့။ တကယ်တော့ အသုဘရှင်တွေကလည်း ဦးကျင်စိန်တောင်းစရာတောင်မလိုပါဘူး။ ပေးကြတာပါပဲ။ ထုံးစံလိုဖြစ်နေကြပြီပဲဟာ။ ထူးဆန်းတာက လူတစ် ယောက်သေလို့ရတဲ့ အဲ့ဒီပိုက်ဆံတွေကို သူအရက်သောက်ဖို့အတွက် ဘယ်တော့မှမသုံးဘူး။ တစ်လန်လောက်ရှိ တဲ့အစစ်နှစ်ဖက်ပိတ် ၀ါးပိုးဝါးကြီးထဲကို ပိုက်ဆံတွေထည့်ထားတတ်တယ်။ ဒါက လူတစ်ကာသိတဲ့ကိစ္စပါ။ ရင်းနှီးတဲ့သူတွေက 'ဦးကျင်စိန် မိန်းမယူဖို့ ဆုနေတာလား' လို့မေးရင် . . .
'ဒီငွေတွေက ၀ါးကျည်တောက်ထဲ အလွယ်တကူရောက်လာတဲ့ ငွေတွေမဟုတ်ဘူး။ လူတစ်ယောက်သေပြီးမှ ခဲခဲယဉ်းယဉ်းရောက်လာတာ။ ဒါလူသေတွေရဲ့ ပိုက်ဆံတွေကွ၊ ငါ့ပိုက်ဆံမဟုတ်ဘူး'
'ပိုက်ဆံတွေဆုလာတာကြာပြီ။ ဘယ်တော့ကျရင် ဘာလုပ်ဖို့လဲ' လို့များဆက်ပြီးမေးရင်။
'လူသေတွေအတွက် ကမ္ပည်းထိုးဖို့ကွ . . . ကမ္ပည်း ကမ္ပည်း။ ဒီရွာမှာ လူသေတွေအတွက် ကမ္ပည်းတစ်ခု လိုတယ်။ ဘယ်တော့လောက်လဲဆိုရင်တော့ ၀ါးကျည်တောက်ပြည့်မှလို့ ပြောရမှာ။ နောက်ထပ်သုံးယောက်လောက်သေပြီးရင် ငါ့ရဲ့ ၀ါးကျည်တောက်ပြည့်ပြီ'
ဒီလိုပြန်ပြောတတ်တာ။ မေးတဲ့လူတောင်ဦးကျင်စိန်ရဲ့ အလှူလေး အမြန်ဖြစ်မြောက်ဖို့ ၀ါးကျည်တောက် လေးအမြန်ပြည့်ဖို့သေပေးရဦးမယ့်ပုံ။ ဟုတ်တယ်လေ။ ဒေးဗစ်ချန်းဦးကျင်စိန်က မသာအတွက်ရတဲ့ ပိုက်ဆံကလွဲလို့ ဘယ်က ပိုက်ဆံမှ ၀ါးကျည်တောက်ထဲ ထည့်တာမဟုတ်တဲ့ဟာကို။

(၅)
သုဘရာဇာကြီးဒေးဗစ်ချန်းဦးကျင်စိန်ရဲ့ အလှူကမ္ပည်းကို သူနောက်တစ်ကြိမ်ထပ်ပြီး ဖတ်လိုက်တယ်။  ဦးကျင်စိန်အကြောင်းက သူအားလုံးသိထားတာကိုး။ သိရုံတင်ထောင် ဘယ်ဟုတ်လိမ့်မလဲ။ သူနောက်ဆုံးတစ်ကြိမ် ရွာကိုလာတုန်းက ရွာလည်လမ်းမမှာ အရက်မူးလာတဲ့ ဦးကျင်စိန်နဲ့ ပတ်ပင်းတွေ့တော့။ 
'ဟာ . .ကိုပန်းညွန့်ကြီး၊ မတွေ့တာတောင်နှစ်များစွာပဲ။ သွားတွေကျိုး ဆံပင်တွေဖြူပြီး အတော်ကြီးကို အိုစာသွားတာပဲ။ ဘာလဲ . .ခင်ဗျား အသက်ကြီးလို့ ရွာမှာလာသေတာလား။ လုပ်လိုက်ဗျာအမြန်၊ ကျွန်တော့်ရဲ့ ၀ါးကျည်တောက်စုဘူးကြီးလည်း မပြည့်သေးလို့'
သူတစ်သက်လုံး ပိုင်ဆိုင်လာခဲ့တဲ့ နာမည်ကို လုံးဝမဟဘဲ ငယ်နာမည်ကိုတွင်တွင်သုံးလို့ ဦးကျင်စိန်က ပြောတော့ သူဖြင့်ဆတ်ဆတ်ခါပါပဲ။ ဒီကောင်ဒီလောက်မိုက်ရိုင်းရသလားပေါ့။ တံဆိပ်ပေါင်းများစွာနဲ့ ငါ့လိုလူကို ဒီလိုစကားပြောရဲသလားပေါ့။ ဘေးကတူတော်မောင်တွေပါလာတာတောင် သူလက်သီးအကြိမ်ကြိမ်ဆုပ်မိတဲ့အထိ။
အခုအဲ့ဒီကျင်စိန်က အလှူကမ္ပည်းကြီးကိုဟည်းလို့ဆိုတာမျိုးလုပ်ထားတော့ သူအံ့သြတာလည်းမဟုတ် မင်တက်တာလည်းမဟုတ်။ ဒါပေမယ့် ကမ္ပည်းနဲ့ပတ်သက်လို့ သူအတော်ခံစားသွားရတယ်။ ဒီရွာကလေးဟာ သူ့အမည်နာမနဲ့ပတ်သက်လို့ ကမ္ပည်းလေးတစ်ခုရှိစေချင်ပုံရတာလည်း သူမသိတော့မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် သူဘယ်တုန်းကမှ အေးဆေးခဲ့ဖူးတာမဟုတ်ဘူးလေ။ ဖင်ပူအောင်ထိုင်ဖြစ်တာမှမဟုတ်တာ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ကိစ္စတစ်ခုကို မဖြစ် မနေလုပ်ဆောင်ရလိမ့်မယ်။ ပြောရမယ်ဆိုရင် ဒီအတွေးက ဒီရွာကလေးကိုရောက်မှ ဒုန်းစိုင်းရခဲ့တာပါ။ ပိုပြီးသေချာ တာက ရွာကလေးကို မ၀င်ခင် ကိုကျင်စိန်ရဲ့ကမ္ပည်းလေးကိုမြင်ပြီးမှလို့ ပြောရမှာ။

(၆)
ရွာကလေးရဲ့မူလတန်းကျောင်းဆောင်သစ် တိုးချဲ့ဖွင့်လှစ်ပွဲမှာ ရွာကလေးဟာ မစည်ကားစဖူးစည်ကား နေတယ်။ ဟိုဘက်ရွာက ဒိုးပတ်ဝိုင်းတွေငှားလို့ ဦးရွှေရိုး၊ ဒေါ်မိုးအကတွေနဲ့တကယ့်ကို မြိုင်မြိုင်ဆိုင်ဆိုင်။ ဖဲကြိုးဖြတ်ပြီး ဖွင့်လှစ်မယ့်ပွဲမို့ မိုးပျံပူပေါင်းတွေအစုလိုက် အပြုံလိုက်ကိုရောထွေးချည်နှောင်ထားတဲ့ ဖဲကြိုးကိုင် ကြမယ့်သူ၊ ကတ်ကြေးဗန်းကိုင်ကြမယ့်သူတွေဖြစ်တဲ့ ရွာရဲ့အချောဆုံး၊ အလှဆုံးသူဇာတို့၊ စာဥတို့မိကေတို့တောင် မိတ်ကပ်အဖွေးသားနဲ့ ဟိုနားဒီနားပဲများနေကြလို့။
ရွာကလေးက အလှူရှင်ကို စိတ်ဝင်စားသလို အလှူရှင်နာမည်ပါမယ့်ကမ္ပည်းကိုလည်း စိတ်ဝင်စားတယ်။  'ဒီကမ္ပည်းရဲ့ အလှူရှင်ဟာ ငါတို့ရွာသား' ဆိုတဲ့ ပီတိပြုံးတွေကိုလည်း ရွာသားတိုင်းလိုလိုရဲ့ မျက်ဝန်းမှာတွေ့နေ ရတယ်။ ရီမုကွန်ထရိုးတွေဘာတွေမပါတော့ အလှူရှင်ရဲ့ကမ္ပည်းကိုတော့ လောလောဆယ် ပိတ်ဖြူလေးနဲ့ အုပ်လို့ပေါ့။ ကမ္ပည်းမှတ်တမ်းမှာတော့ ကွင်းစ၊ ကွင်းပိတ်ပေါင်းများစွာ ကပ်ပါနေတဲ့ နာမည်တစ်ခုနဲ့ သူ့ရဲ့မိသား တစ်စုရဲ့နာမည်တွေကရောထွေးပြွတ်သိပ်လို့။
လူတွေစုစုရုံးရုံးဖြစ်နေကြပေမယ့် အခမ်းအနားစတင်ရမယ့်အချိန်ကိုတော့ မကြေငြာရသေးဘူး။ အခမ်း အနားမှာကမကထလုပ်တဲ့ အလှူရှင်နဲ့အမျိုးတော်စပ်သူတွေတောင် 'ဟယ်လို' 'ဟယ်လို' နဲ့မိုက်ကိုအကြိမ်ကြိမ် စမ်းပြီးဖြစ်နေပေမယ့် အခမ်းအနားစရမယ့်အချိန်ကို အတိအကျသိမနေသေးဘူး။ သူတို့မျှော်နေကြတာက ရန်ကုန် ကနေ ဒီနေ့မနက်ရောက်လာမယ်လို့ပြောတဲ့ အလှူရှင်မိသားစုရဲ့ကားလေ။
ဟိုမှာဘက်က စားပွဲခုံတွေပေါ်တင်ပြီး ဖွင့်ထားတဲ့ စောင်းဘောက်ရဲ့အသံမှာတော့ စန္ဒီမြင့်လွင်တို့၊ ဂျင်းနီ တို့ရဲ့ 'ကြာပါတယ်ကွာ။ မြန်မြန်လာသိပ်စိတ်ညစ်တယ်။ ကြာပါတယ်ကွာ။ တော်တော်ကြာမုန်းမိလိမ့်မယ်' ဆိုတဲ့သီချင်းကတော့ မဖွင့်တာကြာတဲ့ စောင်းဘောက်အိုကြီးအစွမ်းကြောင့် ပအဲ့၊ ပအဲ့နဲ့ခပ်ယဲ့ယဲ့ပေါ့။ ဒီကျောင်း လေးရဲ့ မူလတန်းကျောင်းသားလေးတွေကလည်း သူတို့တစ်ခါမှမမြင်ဘူးတဲ့ ရန်ကုန်က အလှူရှင်မိသားစုဆိုတာကို အထူးအဆန်းမို့ကြည့်လိုက်မယ်ဆိုတဲ့ ပုံစံနဲ့ကားလာမယ်ဆိုတဲ့ ကျက်ထားရတဲ့ စာသားတွေမေ့သွားမှာစိုးလို့ ပါးစပ် ကလေးတွေက ပွစိ၊ ပွစိ။
ဒီလိုနဲ့ မနက်ရှစ်နာရီလောက် အရောက်လာမယ့် အလှူရှင်မိသားစုရဲ့ကားဟာ ကိုးနာရီတိတိရှိတဲ့ အချိန် ထိ တစ်စွန်းတစ်စတောင် အရိပ်အယောင်မပြသေးတော့ စောင့်နေကြတဲ့ လူအုပ်စုတောင့်တောင့်ကြီးဟာ ရွစိ၊ ရွစိဖြစ်စပြုလာပြီ။ ဒီအခမ်းအနားကို ဦးဆောင်တဲ့ အလှူရှင်ရဲ့ အမျိုးတွေတောင် ကိုးနာရီခွဲလို့မှ အလှူရှင်ကား မလာရင် တစ်နည်းတစ်ဖုံနဲ့ ဒီအခမ်းအနားကိုဖွင့်ဖို့ စဉ်းစားရပြီ။ ရွာကလေးရဲ့နွေမနက် ကိုးနာရီအပူရှိန်ဟာ လူအုပ်ကြီးကိုချွေးပြန်စေပြီလေ။ ဖဲကြိုးကိုင်ပေးဖို့ မိတ်ကပ်လှလှလေးတွေဖို့ထားကြတဲ့ စာဥတို့မျက်နှာမှာတော့ နေတံလျှပ်ကြောင့် မိတ်ကပ်နဲ့ချွေးနှစ်ပါးပြိုင်လို့ ဗွက်ပေါက်နေပြီပေါ့။
အဲ့ဒီအချိန်မှာ မထင်မှတ်ဘဲ ကိစ္စတစ်ခုဟာ ၀ုန်းဒိုင်းဖြစ်လာခဲ့တာ။ ဘယ်သူရှိရမတုန်း။ ဒေးဗစ်ချင်းကျင်စိန် ပေါ့။ သူဇာကိုင်ထားတဲ့ ဗန်းထဲက ကတ်ကြေးကို ဖျတ်ကနဲဆွဲယူလို့ မိုးပျံပူပေါင်းတွေစုချည်ထားတဲ့ ကြိုးကို တိကနဲ ဖြတ်ချလိုက်တယ်။ ပြီးတော့ ပါးစပ်ကလည်း ပြောလိုက်သေးတယ်။
'အခမ်းအနား ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ'တဲ့။
အဲ့ဒီအချိန်မှာ လူအုပ်ကြီးဟာ ကြောင်စီစီနဲ့မို့ လက်ခုပ်တီးရမယ်မှန်းမသိလိုက်ကြပေမယ့် အခမ်းအနား ဖွင့်လှစ်ကြောင်းကြေငြာရင် လက်ခုပ်တီးရမယ်လို့ သင်ကြားထားခြင်းခံရတဲ့ ကျောင်းသားလေးတွေဟာ မတိုင်ပင်ပဲ လက်ခုပ်တီးလိုက်ကြတယ်။
'အလှူရှင်ကိုစောင့်နေကြတာဆိုရင်တော့ စောင့်မနေကြနဲ့တော့။ နေပူထဲမှာ ၀ဋ်ဒုက္ခကြီးတယ်။ အလှူရှင်က သေတောင်လာမှာမဟုတ်ဘူး။ ဒီလူက မမြိုင်နဲ့စခဲ့တာမဟုတ်သလို၊ ကျင်စိန်နဲ့ဆုံးချင်တဲ့ သူလည်းမဟုတ်ဘူး'
ကျောင်းသားလေးတွေရဲ့ လက်ခုပ်သံတဖြောင်းဖြောင်းကြားမှာ ဦးကျင်စိန်က ပြောချင်ရာတွေပြောပြီး သူ့ရဲ့လက်ငုတ်တိုတစ်ဘက် ပတ်ထားတဲ့ ပုဆိုးကိုပြန်ပြင်လို့ လူအုပ်တောင့်တောင့်ထဲက ထွက်သွားတယ်။ မိုးပျံပူပေါင်းလေးတွေလည်း ကောင်းကင်မှာ တစ်လုံးစီတဖြည်းဖြည်းပြိုကွဲသွားပြီ။ ကမ္ပည်းဖွင့်ပွဲတစ်ခုလည်း အောင်မြင်စွာ ပြီးဆုံးသွားပြီပဲ ဆိုရတော့မှာပေါ့။
လူအုပ်တောင့်တောင့်ကြီးကတော့ နေရာကမရွေ့ကြသေးဘူး။ သူတို့ရဲ့ မျက်ဝန်းအကြည့်တွေက ခပ်လှမ်း လှမ်းကိုရောက်သွားတဲ့ ဒေးဗစ်ချန်းဦးကျင်စိန်ရဲ့ကျောပြင်ပြောင်ပြောင်ပေါ်မှာ တချို့။ အလှူရှင်ရဲ့ ကားများလာ လေဦးမလားဆိုတဲ့ အတွေးတွေနဲ့ တာရိုးဘက်က ဖုန်လုံးလုံးတွေဆီမှာတစ်ချို့။
မည်သို့ဆိုစေကာပေါ့။
လူအုပ်တောင့်တောင့်ကြီးကတော့ အချိန်အတော်ကြီးကြာတဲ့အထိ၊ မတိုင်ပင်ပါပဲ နေပူကျဲကျဲကြီးအောက် မှာ မင်တက်စွာ ရပ်နေကြတုန်းပဲ။

မတ် ၂၀၁၀၊ ကလျာမဂ္ဂဇင်း

ဆူးစည်းရိုး


မိုးစင်စင်လင်းတော့မည်။
မနက် ငါးနာရီအချိန်ကတည်းက ခေါင်းရင်းဘက်ခြမ်းက ကိုတာရာဆက်တိုက်ဆိုသလို အမောဖောက်နေ တာကို ခြေရင်းဘက်ခြမ်းက မစန်းရီထရံပေါက်က ချောင်းကြည့်နေရင်း ပြုံးလိုက်သည်။ မစန်းရီရဲ့အပြုံးက နှုတ်ခမ်းတစ်စုံ ဂငယ်ပုံသဏ္ဍာန်တွန့်ကွေးသွားတဲ့ အပြုံးမျိုး။ အပြင်မှာအလင်းရောင်လေးကထင်လာတော့ ကိုတာရာရဲ့အမောဖောက်နေတဲ့ မြင်ကွင်းကို မစန်းရီသေချာမြင်နေရပြီ။ ချောင်းနေတဲ့ ထရံပေါက်က မစန်းရီ ရဲ့လက်အရှိန်ကြောင့်ကျယ်နေပေမယ့် မီးကလည်း ပျက်နေတော့ အစပိုင်းမှာ မြင်ကွင်းတွေက မသဲကွဲ။
ကိုတာရာရဲ့ ဇနီးမစောမေကတော့ ကိုတာရာခြုံထားတဲ့ စောင်ကြားလေးအောက်ကို လက်လှျိုလို့ ကိုတာရာ ရဲ့ ခြေထောက်တွေ၊ လက်တွေကို ဟိုဆုပ်၊ ဒီဆုပ်လုပ်နေသည်။ ပါးစပ်ကလည်း ပွစိ၊ ပွစိနှင့်တတွတ်တွတ်ရွတ် လို့။ တစ်ခါတရံ ဘုရားစင်ပေါ်က သောက်တော်ရေခွက်ထဲမှ ရေကိုလက်ဖြင့်စွတ်ယူလို့ ကိုတာရာရဲ့ နဖူးပြင်ကို ရေစက်တို့ဖြင့် တောက်နေသေးသည်။ သူတို့ရဲ့အကြီးဆုံးသမီးလေးက ကိုတာရာရဲ့ ကျောပြင်ဘက်ကို ခေါင်းအုံး တစ်လုံးခံဖို့ပြင်ရင်း 'အဖေသက်သာရဲ့လား။ သတိထားလေ' လို့မေးနေသံကို ခြေရင်းဘက်က မစန်းရီကြားနေရ သည်။ ကိုတာရာတို့ရဲ့ ကလေးအငယ်သုံးယောက်ကတော့ ကိုတာရာရဲ့ မနီးမဝေးမှာ အိပ်နေကြတာ ပိုးလိုးပက် လက်။
မစန်းရီကြည့်နေတဲ့ ထရံပေါက်က မြင်ကွင်းထဲမှာတော့ ကိုတာရာရဲ့ ရင်ဘတ်ကြီးက ဖားဖိုကြီးထိုးထား သလိုပိန်လိုက်၊ ဖောင်းလိုက်။ မစန်းရီစိတ်အထင် ကိုတာရာရဲ့နှုတ်ခမ်းကလည်း တစ်ချက်၊ တစ်ချက်ရွဲ့စောင်း သွားသေးထင်ရဲ့။ ပြီးတော့ နှာခေါင်းကလည်း အထက်ကို လန်နေသလိုလို။ နားရွက်ဖျားလေးတွေကလည်း အောက်ကိုကုပ်ပြီးကျနေပြီ။ ဒါဆို သေချာပြီပေါ့။
'ကိုတင့်ဝေ .. ကိုတင့်ဝေ တော့။ ဟိုဘက်ခန်းမှာ တာရာတစ်ကောင်တော့ အမောဖောက်နေပြီ။ ကြွတော့မယ်'
မစန်းရီက သူ့ရဲ့ယောကျာ်းကို ကြားမှာအိပ်နေတဲ့ ကလေးနှစ်ယောက်ကို ကျော်ခွကာ အသံပြုလို့ လှုပ်နှိုးလိုက်သည်။ ခေါင်းရင်းခန်းက ကြားမှာစိုး၍ လေသံလောက်ပဲပြုနိုင်တော့ ကိုတင့်ဝေက ဘာမှမကြားလိုက် သယောင်နဲ့ အင်အင်၊ အယ်အယ်တွေပြုလို့ ကိုယ်ကိုတစ်ခြမ်းစောင်းပြီး ဆက်အိပ်သွားသည်။
'သြော် . .ထပါဦးဆိုမှ ဒီလူနှယ် . .အိပ်နေတာကလည်း သေနေတဲ့ အတိုင်း'
ပြောမရတော့တဲ့ အဆုံး မစန်းရီ ထရံပေါက်ကို မျက်လုံးပြန်ကပ်လို့ တစ်ယောက်တည်းပဲ ကြည့်နေ လိုက်သည်။ ခေါင်းရင်းခန်းက ကိုတာရာကတော့ တစ်ကယ့်ကို သေတော့မည်။ အသက်ရှူနေတာတောင် နှာခေါင်းနဲ့မရှူနိုင်ပဲ ပါးစပ်ကိုဖြဲလို့ လေကိုအသည်းအသန်လိုက်ပြီးဟပ်နေရတဲ့ပုံ။ မျက်လုံးကလည်း အထက်ကို လန်နေသည်။
မစန်းရီ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ အပြုံးကို အားရ၀မ်းသာပြုံးလိုက်သည်။ ကိုတာရာကို အမြန် ဆုံးသေစေချင်တာထက် ဒင်းရဲ့ မိန်းမစောမေကို မုဆိုးမဖြစ်စေချင်လှပြီ။
အခုကိုတာရာသေတော့မည်။
ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မကြာခင်မှာစောမေ မုဆိုးမဖြစ်တော့မည်။

(၂)
တကယ်တော့ မစန်းရီတို့မိသားစုနှင့် မစောမေတို့ မိသားစုက သုံးပင်နှစ်ခန်း အိမ်ကလေးရဲ့ တစ်မိုးအောက် မှာနေလာခဲ့တာကြာခဲ့ပြီ။ ကြာဆို ငါးနှစ်လောက်ရှိပြီပဲ ပြောရတော့မည်။
လမ်းကလေးကွေ့ကောက်ကောက်ရဲ့ တစ်ဖက်ဆီမှာရှိနေတဲ့ ပြွတ်သိပ်ကျပ်ခဲနေတဲ့ အိမ်လေးတွေပေါ် မှာ မစန်းရီတို့လိုပဲ တစ်ချို့အိမ်များဆိုရင် မိသားစုက တစ်မိုးအောက်မှာလေးစု၊ ငါးစု။ သို့သော်မိသားစုဝင်တွေ ဆိုတာကတော့ လမ်းထဲမှာအမြဲမပြတ်ရှိနေတတ်သည်မဟုတ်။ တစ်ထွာသော ၀မ်းပေါင်းမြောက်များစွာအတွက် နေထွက်နေ၀င်ကျားကုတ်၊ ကျားခဲအပြင်ထွက်ပြီး ရှာကြရတာဆိုတော့ လမ်းထဲမှာနေ့ခင်းဘက်ရှိနေတတ်တာဆို လို့ ခြေမနိုင်၊ လက်မနိုင်အိုကြီးအိုမတွေနဲ့ လူမမယ်ကလေးအရွယ်တွေသာဖြစ်သည်။
ဒီရပ်ကွက်ဆုံးအောင် လမ်းလေးနည်းနည်းလျှောက်။ ပြီးလျှင် ကားလမ်းမကြီးကိုကူးလိုက်ရင် စံပြဈေး ဆိုတာကြီးကဟည်းလို့။ မစန်းရီတို့က ဈေးသည်တွေဖြစ်သည်။
ဈေးသည်တွေဆိုပေမယ့် ဈေးကြီးထဲမှာဆိုင်နဲ့ ကန္နားနဲ့ဈေးရောင်းသူတွေမဟုတ်။ ဈေးရှေ့ကွက်လပ် ကလေးတွေမှာ အခင်းအကျင်းလေးတွေလုပ်။ စည်ပင်ဝန်ထမ်းကလေးတွေကို ဈေးကောက်ကလေးတွေ ပုံမှန် ပေးလို့ ဆိုင်ထွက်ကြရတဲ့သူတွေသာဖြစ်သည်။
မစန်းရီနဲ့ မစောမေက အိမ်ချင်းက ထရံလေးတိုနန့်နန့်တစ်ချပ်သာ ခြားသလို၊ ဈေးဗန်းလေးတွေချပြီး ရောင်းရတဲ့ ဆိုင်ချင်းကျတော့လည်းကပ်လျှက်။ ဟိုး . .စောစောပိုင်းကတော့ သူ့ဆိုင်ကိုယ့်ဆိုင်ရယ်လို့တောင် သတ်မှတ်တာမဟုတ်။ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ရောင်းတဲ့ မစောမေဆိုင်မှာ လူကျနေရင်လည်း ရွှေကြည်၊ သာကူ၊ ကျောက်ကျောရောင်းတဲ့ မစန်းရီက ၀င်ကူလိုက်တာပဲ။
ဈေးခေါင်းကွဲတဲ့အချိန် အိမ်ပြန်ထမင်းချိုင့်ယူရင်တောင် တစ်ယောက်ဆိုင်ကို ကူစောင့်လို့ နောက်တစ် ယောက်ကပဲ ထမင်းချိုင့်သွားယူဖြစ်ခဲ့သည်။ ယောကျာ်းတွေဖြစ်တဲ့ ကိုတင့်ဝေနဲ့ ကိုတာရာက ဆိုက်ကားသမား တွေဆိုတော့ အားတဲ့အချိန်ဆိုတာ သီးသီးသန့်သန့်ရှိတာမဟုတ်။
ဆိုင်ချင်းကပ်လျှက် လူချင်းက ပနံသင့်နေပေမယ့် ရောင်းကုန်တွေက သဟဇာတမဖြစ်။ အဲ့ဒီသဟဇာတ မဖြစ်လှတဲ့ ကုန်အမျိုးအစားတွေကြောင့်ပဲ မစန်းရီနဲ့ မစောမေ အကြီးအကျယ်ကွာပြဲသွားရခြင်းဖြစ်သည်။
'မစောမေရေ . .ကျွန်မဆီမှာနေ့တိုင်း ကျောက်ကျောဝယ်စားတဲ့ အဒေါ်ကြီးက ပြောတယ်။ မနေ့ကသူစားတဲ့ ကျောက်ကျောက ငံပြာရည်နံ့နံနေလို့တဲ့။ အဲဒါငံပြာရည်ကိုင်လို့ရှိရင် မုန့်ဗန်းတွေဘက် မစဉ်အောင် နည်းနည်းဂရုစိုက်ပါဦး'
မစန်းရီဘက်က ဖြစ်လာတဲ့ ပြဿနာသေးသေးလေးကို ဒီလိုလေးတင်ပြတော့ မစောမေဘက်ကလည်း 'အေးပါ . .ငါသတိထားလိုက်ပါ့မယ်'။ ဒီလောက်နဲ့ ပြီးသွားတာပါပဲ။
သို့သော် တစ်ခါက နှစ်ခါ၊ နှစ်ခါက သုံးခါဆိုတော့ မစန်းရီ သံသယ၀င်ပြီ။ ဒီမိန်းမ ငါတို့စီးပွားပျက်အောင် လုပ်နေသလားလို့လည်း အတွေးဝင်ပြီ။ ဖြစ်ချင်တော့ သုံးခါမြောက်မှာကျတော့ မစောမေ အိမ်ခဏပြန်တုန်း သူ့သမီးအကြီးမလေး ဆိုင်ထိုင်တုန်းမှာ ပြဿနာက ကြီးခဲ့တာဖြစ်သည်။
မစောမေ သမီးအကြီးမက အသက်ကသာ ၁၄ နှစ်၊ လူကအူတူတူ၊ အတတ။ ဆိုင်စောင့်ရင်း ဗျူးရဲ့ ကာတွန်းစာအုပ်ဖတ်နေလိုက်သည်မှာ။ သူနဲ့ပါလာတဲ့ နို့စို့သာသာ အငယ်ကောင်လေးက ငံပြာရည်ပုံးထဲက ငံပြာရည် တွေခွက်နဲ့ခပ်လို့ ဒီဘက်မစန်းရီရဲ့သာကူအိုးထဲ တစ်ခွက်ပြီးတစ်ခွက်ရောက်နေတာတောင် မမြင်လိုက်။
အဲ့ဒီအချိန်မှာ မစန်းရီကလည်း ၀ယ်သူပါးတဲ့ခဏမို့ ခုံပေါ်တင်ထားတဲ့ ပိုက်ဆံအိတ်ပေါ်မေးတင်လို့ ခဏမှေးရုံရှိသေး မစောမေ သမီးရဲ့ 'ခိခိ၊ ခစ်ခစ်' အသံတွေကြောင့် လန့်နိုးအလာ။
'ဟယ် . .ကုန်ပါပြီတော်။ ငါ့သာကူအိုးထဲကို ငံပြာရည်တွေခပ်ထည့်နေရလား သေနာကျလေးရဲ့။ ဟို . .ဖာတပိုင်းမလေးညည်းကရော ဈေးရောင်းရင်း မျက်စိကို ဘာဆို့နေလို့လဲဟဲ့။ ညည်းသောက်စိ အဲဒီလောက်ကန်းရသလား'
မစန်းရီက ပါးစပ်ကတောက်လျှောက်ပြောနေတဲ့ အခိုက်အတန့်မှာပဲ မစောမေရဲ့ သမီးနဲ့သားလေးကိုလည်း လက်က ဒေါက်ကနဲတစ်ချက်စီ ခေါက်ချခဲ့ပြီးပြီ။
အဲ့ဒီအချိန်မှာ မစောမေရဲ့ ကလေးနှစ်ယောက်က မစန်းရီလက်သံကြောင့် နာကျင်သွားတဲ့ ဝေဒနာက နည်းနည်း။ ခပ်လှမ်းလှမ်းကိုရောက်လာတဲ့ မစောမေရဲ့ မျက်နှာကို မြင်လိုက်ရလို့ဖြစ်သွားတဲ့ ဝေဒနာကများများမို့ အော်ငိုလိုက်ကြတာဈေးရှေ့မှာ ၀က်ဝက်ကိုကွဲပဲ။
မစန်းရီရဲ့ လက်စွမ်းကိုသာမြင်လိုက်ရပြီး ပြဿနာကို သေသေချာချာမသိလိုက်တဲ့ မစောမေကတော့ ပြဿနာရဲ့ အရင်းအမြစ်ကိုတောင် မေးမနေတော့ပဲ မစန်းရီကိုဖက်ပြီး လုံးလိုက်တာ ရန်ကြီးအောင်နဲ့တွေ့မရှောင် လိုသူတစ်ပြန် ကိုယ်တစ်ပြန်မို့ ဈေးရုံပေါ်က ဈေးခေါင်းရောက်လာတဲ့အချိန်ထိ ပွဲရှိန်က မပြေသေးဘူး။
နောက်ဆုံးဒဏ်ကြေးငွေအတူတူဆောင်လိုက်ရပေမယ့် ပျက်စီးဆုံးရှုံးမှုက မစန်းရီဘက်က သာကူတစ်အိုး ပိုများသည်လေ။
ညနေလမ်းထဲရောက်၊ နောက်ဆက်တွဲ အခန်းဆက်ရန် ပွဲဆက်လက်ကျင်းပကြတော့ ဆိုက်ကားသိမ်း ပြီး ပြန်လာတဲ့ လင်တော်မောင်တွေပါ ပါလာကြတော့သည်။ ဒီတစ်ကြိမ်တော့ ဒိုင်အဖြစ်ဆောင်ရွက်ရသည်က လမ်းလူကြီးပေါ့။ ဒီတစ်ခါယောကျာ်းသားတွေပါ ပါကြတော့ နေ့ခင်းပြဿနာထက် ဆယ်ဆလောက်ကြီးသွားပြီး အိမ်ကိုခတ်ထားတဲ့ ၀ါးခြံစည်းရိုးတွေပြို။ ဒီဘက်အိမ်က တံပျက်စီးတွေ ဟိုဘက်အိမ်ရောက်သလို၊ ဟိုဘက်အိမ် က ရှိသမျှ ပစ္စည်းအစုတ်ပလုတ်တွေလည်း ပစ်ပေါက်ခြင်းခံရလို့ ဒီဘက်အိမ်ကိုရောက်ကုန်ကြသည်။
နောက်ဆုံးရပ်ကွက်လူကြီးဖြန်ဖြေပေးတော့ ဟိုဘက်အခန်း၊ ဒီဘက်အခန်းကူးတဲ့ ခြံထဲက မြေကွက်လပ် ကို အိမ်ပိုင်ရှင်က ၀ါးကပ်တွေကာပြီး ဆူးတွေဆို့သွားသည်။ အိမ်နှစ်ခြမ်းကတော့ ဆူးတွေနဲ့ ဆို့ခြင်းခံရလို့လို သွားပါရဲ့။ အတားအဆီးဖြစ်သွားပါရဲ့။ ဒါပေမယ့် အိမ်ရှင်ရော ရပ်ကွက်လူကြီးပါ ဘာနဲ့မှဆို့လို့ မရတဲ့အရကတော့ မစန်းရီနဲ့ မစောမေတို့ရဲ့ ပါးစပ်ပေါက်နှစ်ပေါက်ပဲဖြစ်လေသည်။

(၃)
ဒီလိုဆူးစည်းရိုးလေးခတ်လိုက်ပြီးတော့ ပြဿနာက အတော်အတန်အေးသွားခဲ့တယ်။ သို့သော် ပိတ် မရတဲ့ ပါးစပ်နှစ်ပေါက်ကတော့ နေ့စဉ်နှင့်အမျှဆိုသလို ညံစီနေတုန်းပါပဲ။ ပါးစပ်တွေက အသံပေါင်းစုံ ဘယ်လိုပဲ ထွက်ထွက်၊ ခြေလှမ်းတွေကိုတော့ မလှမ်းဝံ့ကြ။ ရပ်ကွက်လူကြီးက အမိန့်ချခဲ့တာလေ။ သူများခြံထဲရောက်တဲ့ သူအလွန်။ လက်ပါတဲ့ သူအရှုံး။ အဲဒါကြောင့်လည်း ပါးစပ်ပေါက်တွေကလွဲလို့ ဘာတစ်ခုမှမပါကြခြင်းဖြစ်သည်။
ဒီလိုနဲ့ . . .လွန်ခဲ့တဲ့ တစ်လ။ ကျိုက်ကျိုက်ဆူအောင် ပူလွန်းလှတဲ့ နွေတစ်နေ့မှာဖြစ်သည်။ ဒီတုန်းက မစန်းရီဆိုင်မထွက်။ မထွက်ဆိုတာကလည်း မစန်းရီရဲ့ ပဉ္စမမြောက်ရင်သွေးက နောက်တစ်လလောက်ဆို လူ့ လောကကိုရောက်တော့မှာလေ။ ဆိုင်ကိုတောင် အသက် ၁၅ နှစ်ရှိပြီဖြစ်တဲ့ မစန်းရီရဲ့သားကြီးကို ထွက်ခိုင်းထား ရတာတစ်ပတ်ကျော်ပြီ။
အဲ့ဒီနေ့က နေကလည်း အတော်ပြင်းတာမို့ အိမ်ပေါက်ဝကို ခေါင်းစိုက်လို့ အကြိမ်ကြိမ်ကျက်ပြီးပေမယ့် အလွတ်မရနိုင်သေးတဲ့ အင်္ဂုလိမာလသုတ်ကိုရွတ်ဖတ်ပြီး မစန်းရီမှိန်းနေတဲ့အချိန်မှာ ဆိုက်ကားတစ်စီးအိမ်ရှေ့ကို ရောက်လာခဲ့ခြင်းဖြစ်သည်။ ဆိုက်ကားပေါ်မှာက ခေါင်းရင်းခန်းက စောမေရဲ့လင် တာရာလေ။ ခေါင်းငိုက်စိုက် ကျလို့။ တာရာဘာဖြစ်လာသလဲပေါ့။ ဆိုက်ကားသမားက တရာ့ကိုပွေ့ချီပြီး အိမ်ပေါ်တင်ပေးသည်။ ဒီတုန်းက မစောမေလည်း သူ့အိမ်မှာရှိနေသည်။ ရှိဆို မစောမေကလည်း မစန်းရီလိုပဲ နောက်တစ်လခွဲ၊ နှစ်လဆိုကလေး တစ်ယောက်မွေးရဦးမှာလေ။
နောက်မကြာခင် မစန်းရီသိရတာက တာရာတစ်ယောက် နေပူပူအရက်သောက်ပြီးလေဖြတ်သွားသည်ဆို သည့်သတင်းဖြစ်သည်။ သိသိချင်း မစန်းရီဖြင့် ထခုန်ချင်လိုက်တာ။ လွယ်ထားရတဲ့ ဗိုက်ကိုအားနာလို့သာပေါ့။
ဒီကတည်းက တာရာတို့ ဗုန်းဗုန်းလဲသွားလိုက်တာ ဒီနေ့ထိအောင်ပဲဖြစ်သည်။ လေဖြတ်တယ်ဆိုပေမယ့် ဆေးကောင်းဝါးကောင်းတွေလည်း မတက်နိုင်။ မရှော့ဆီ၊ တောရှောက်ခါးဆေးတွေလိမ်း၊ သံပုရာသီးတွေနဲ့လှိမ့်၊ ဥုံဟယ်၊ ဖွဟယ်ဘယ်လိုပဲလုပ်လုပ် ကိုတာရာရဲ့ အခြေအနေက သူ့အိမ်ရဲ့ စီးပွားရေးနှင့်အပြိုင် တတိတိ ပြိုဆင်းလာသည်။
ကိုတာရာက ဆိုက်ကားမနင်းနိုင်တဲ့အပြင် သူ့အတွက် စရိတ်တွေပါထောင်းလာ၊ မစောမေကလည်း ဗိုက်ကြီးကော့လန်ကားနဲ့ဆိုတော့ သူတို့သမီးအကြီးမလေးရဲ့ ဆိုင်ထွက်လို့ရလာတဲ့ ၀င်ငွေက မိသားစုအတွက် စိုးရိမ်ရေမှတ်၊ သူတို့အိမ်နောက်ဖေးမှာ ခြံကလေးနဲ့ ၀က်ပေါက်စလေးတွေပါတဲ့ ၀က်သားအမိတစ်အုပ်မွေးထား တယ်ဆိုပေမယ့် ရောင်းချိန်က မကျသေး။ မစန်းရီကြားရတာတော့ မစောမေသမီးကြီးရဲ့ နားကပ်ကလေးတောင် အပြတ်ရောင်းလိုက်ရပြီဆိုလား။ ဒီလောက်အခြေအနေမှာတောင် စောမေတို့က တစ်စက်ကလေးမှ လေသံပျော့ သွားတာမဟုတ်။ မစန်းရီတို့ဘက်ကို စောင်းမြောင်းပြောနိုင်သေးသည့် အခြေအနေမှာပဲဖြစ်သည်။
'ဒီမှာဟေ့ . .သူများ စီးပွားကျတာကို ကျိတ်ပြီး ၀မ်းသာကြတဲ့သူတွေ ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။ သူများဖြစ်သလို မဖြစ်ကြပါစေနဲ့။ ဒါပေမယ့် အရောင်းအ၀ယ်ကိစ္စမှာ စောမေတို့က နောကျေပြီးသားဟေ့ မကြာခင်မှာအရင်အတိုင်း ပြန်ဖြစ်သွားရမယ်'
ဘယ်သူ၊ ဘယ်ဝါရယ်လို့ ခေါင်းစဉ်မတပ်ပေမယ့် ဒီဘက်က မစန်းရီကိုပြောမှန်း မစန်းရီမသိဘဲ နေမလား။ ဒေါသကြောင့် မစန်းရီတဆတ်ဆတ်တုန်လာသည်။ ဗိုက်ထဲက ကလေးကိုသာ မငဲ့လျှင် နပန်းပွဲတစ်ခုအကြီး အကျယ်ဖြစ်တော့မည်။ ဒါပေမယ့် မစန်းရီပါးစပ်ကတော့ ဘယ်လိုမှပိတ်လို့မရပဲ အိပ်ယာထဲလဲနေတဲ့ ကိုတာရာကို တောင် အဆစ်ထိခိုက်ပြီး ထွက်ဖြစ်အောင် ထွက်သွားခဲ့သေးသည်။
'အမလေး . .မုဆိုးမဖြစ်ဖို့ ပါမစ်အပြည့်အ၀ကျပြီးသားသူတွေက ဒီလိုစကားထွက်သေးတာ အံ့ပါ့တော်။ ဒို့က လေညှာက အနေသာကြီး၊ နောကျောလို့ပြောနေလည်း မောသေရုံပဲရှိမယ်ဟေ့'

(၄)
'အောင်းမလေး အဖေရဲ့ . .အဖြစ်ဆိုးလှချည်လား။ သေခါနီး ဆေးလေးတစ်လုံးလောက်တောင် ထိုးမသွားရရှာဘူး'
အလို . .တာရာသေပြီဆိုပါလား။ ငါ့နှယ်အတွေးများနေရတာနဲ့ တာရာဘယ်လိုအသက်ထွက်သွားတယ် ဆိုတာတောင် မသိလိုက်ဘူး။
တွေးရင်း မစန်းရီ ထရံပေါက်ကို မျက်စေ့ပြန်ကပ်လိုက်သည်။ ဟုတ်ပါရဲ့။ ဟစိ၊ ဟစိအသက်ရှူနေတဲ့ တာရာရဲ့ပါးစပ်က ဟောင်းလောင်းကြီး ငြိမ်ကျသွားပါရောလား။ ဗိုက်ကြီးနေ့စေ့လစေ့နဲ့ စောမေက ပက်လက်လှန် ဆန့်ဆန့်ကြီးဖြစ်နေတဲ့ တာရာ့အလောင်းဘေးမှာ ငူငူကြီးထိုင်နေပေမယ့် မျက်ရည်တောင်မကျ။ တစ်ကယ့်ကို အာဇာနည်မပဲ။ သမီးအကြီးမလေးကတော့ အတော်လေးငိုသား။ သူ့အဖေရဲ့ရုပ်အလောင်းကို လှုပ်လှုပ်ပြီး ငိုနေလိုက်တာ သူတို့ခေါင်းရင်း ဘုရားစင်အောက် ထရံမှာချိတ်ဆွဲထားတဲ့ 'နေအထွက်မှာ ရွှေခွက်နဲ့ငွေအပြည့် ခပ်ပေးပါ' ဆိုတဲ့ စာသားပါပလပ်စတစ်လောင်း စာရွက်ကလေးတောင် ကြမ်းပြင်ပေါ်ကိုပြုတ်ကျလာတဲ့အထိ။
'ကဲ . .ထတော့ ကိုတင့်ဝေရေ .. ဒီတစ်ခါတော့ တာရာတကယ်အသက်ထွက်ပြီ'
ဒီတစ်ကြိမ်တော့ ကိုတင့်ဝေအိပ်ယာက လူးလဲထလိုက်သည်။ ခဏကြာတော့ လမ်းထဲက လူကြီးတချို့ သတင်းမေးဖို့ မစောမေတို့အိမ်ပေါ်ဆက်တိုက်ဆိုသလို ရောက်လာကြသည်။
လမ်းထဲကအသက်ခပ်ကြီးကြီး အဘိုးကြီးတစ်ယောက်က မစောမေတို့ အိမ်ခေါင်တိုင်မှာ ချိတ်ဆွဲထားတဲ့ အိမ်တွင်းအုန်းသီးကို စင်ကလေးမှဖြုတ်လို့ ပါးစပ်မှလည်း ပွစိ၊ ပွစိရွတ်ကာ ခြံစည်းရိုးဝါးကပ်မှာ သွားချိတ်ထား လိုက်သည်။
ဒီသင်္ကေတဟာ မစောမေ မုဆိုးမဖြစ်ပြီဆိုတဲ့ သင်္ကေတပေါ့။ မစန်းရီထပ်မံပြုံးလိုက်သည်။ ဒီလောက် အကျင့်မကောင်းတဲ့ မိန်းမ၊ ဒီ့အရင်တောင် မုဆိုးမဖြစ်သင့်သည်။ တွေးရင်း မစန်းရီအပေါ့သွားရန် ကုန်းအထ ဗိုက်ထဲက စူးကနဲထိုးအောင့်သွားသည်။ 'ကျွတ် . .ကျွတ်' လို့ စုပ်သပ်ရင်း ဗိုက်ကိုပွတ်ကာ ခြေလှမ်းတွေကို ညင်သာအောင် မစန်းရီပြုလိုက်သည်။ ဗိုက်ထဲက ကလေးတိုးတာပဲဖြစ်နိုင်သည်။

(၅)
'အရပ်ကတို့ရေ၊ သူ့အိမ်နောက်ဖေးမှာ မွေးထားတဲ့ ၀က်ပေါက်စလေးတွေ သူ့ဘာသာသူ ကာလနာတိုက် ပြီးသေတာ စန်းရီတို့လက်ချက်တဲ့တော့။ ဒီမှာဟေ့ တာဝတိံသာကြားအောင် အော်ပြောလိုက်မယ်။ စန်းရီတို့ ဗိုက်ကြီးနေ့စေ့၊ လစေ့နဲ့မဟုတ်တာမလုပ်ဘူး။ ဘယ်ကျွဲစားစား ဂမ်းမဆိုတာမျိုးလာမလုပ်နဲ့။ ငါမဟုတ်တာလုပ်ရင် ငါ့ကလေးကန့်လန့်မွေးပြီးသေ။
အေး . .ညည်းမဟုတ်တာ စွပ်စွဲရင်လည်း ညည်းကလေး ကန့်လန့်မွေးပြီးသေ။ ငါမဟုတ်တာမလုပ်ဘူး မုဆိုးမစောမေရေ'
'ဟေ့ . .လင်သေလို့ မုဆိုးမဖြစ်တာ မဆန်းဘူးဟေ့။ လင်ရှိပြီး မုဆိုးမလိုဖြစ်နေရင်သာ ဆန်းတာ။ ကိုယ့်လင်အကြောင်းလည်း ကိုယ်စုံစမ်းကြဦးဟေ့။ တော်ကြာ 'အိမ်မြှောင်မကြီး ဥဥ၊ အိမ်မြှောင်ထီးကြီး အဖော်ရှာ' ဆိုသလိုဖြစ်နေဦးမယ်'
မစောမေက ၀က်ပေါက်စတွေသေတဲ့ ကိစ္စကနေ ရန်စကားလမ်းကြောင်းကို ရုတ်တရက်ကွေ့ချလိုက်တော့ မစန်းရီ အတော်လေးလန့်သွားသည်။ အလို . .စောမေစကားကြီးက ဘယ်လိုစကားကြီးပါလိမ့်။ လက်ရှိပြီး မုဆိုးမဖြစ်ရင်ဆန်းသတဲ့။ ဒီလိုဆို တင့်ဝေတစ်ကောင်အပြင်မှာ ခြေရှူပ်နေပြီလား။ မြာပွေတဲ့တာတေဖြစ်နေပြီလား။ အတွေးများစွာ ရစ်ဆိုင်းရင်း မစန်းရီရဲ့ စိတ်မကြည်လင်တော့ဘူး။ မစောမေနဲ့ ရန်ဆက်ဖြစ်ချင်စိတ်လည်း မရှိတော့ဘူး။
တွေးရင်း ငူငူငိုင်ငိုင်ဖြစ်နေလိုက်တာ ဗိုက်ထဲက ထိုးနာလာတော့မှ မစန်းရီသတိရမိတော့သည်။ အိမ် နောက်ဖေးမှာ ထမင်းချက်နေတဲ့ အကြီးကောင်ထက် အငယ်၊ အကြီးမကို မစန်းရီလှမ်းခေါ်လိုက်သည်။ တိုက် တိုက်ဆိုင်ဆိုင်။ စောစောကမှ ခေါင်းရင်းခန်းက မစောမေကို မစန်းရီကျိန်ဆဲနေသေးသည်။ ကိုယ့်ရဲ့နှုတ်ထွက် ကျိန်စာကိုလည်း မစန်းရီ သတိမထားနိုင်တော့ပါဘူး။ ဗိုက်က ချက်ချင်းကြီးအကြီးအကျယ် နာလာပြီလေ။

(၆)
မစန်းရီမွေးပြီး နှစ်ပတ်အကြာမှာပဲ မစောမေ မွေးသည်။ မစန်းရီရဲ့ ကျိန်စာအတိုင်း နှစ်ယောက်စလုံး ဘယ်သူမှ ကလေးကန့်လန့်မွေးမလာကြသလို မိခင်နှစ်ယောက်ကလည်း ကျန်းမာလိုက်တာမှ ဒေါင်ဒေါင်မြည်။ ဒါပေမယ့် မစန်းရီရဲ့ ကလေးကတော့ သုံးလပြည့်ကာနီး ဒီကနေ့မှာပဲ အဖျားဝင်လို့ ကောက်ကာငင်ကာ ဆုံးသွား ခဲ့ပြီ။ ကိုတင့်ဝေနဲ့ သူ့အဖော်ဆိုက်ကားသမားတစ်ယောက်က သေသွားတဲ့ လသားကလေးလေးရဲ့အလောင်းကို ဆိုက်ကားနဲ့သယ်လို့၊ ငမိုးရိပ်ချောင်းဘေး ဗိုက်တောထဲက မြေကွက်လပ်မှာကျွင်းတူးပြီး သွားမြှုပ်ကြပြီ။ ညနေ လေးနာရီကတည်းက ထွက်သွားလိုက်တာ အခုချိန်ထိ ပြန်မလာသေး။ အပြင်မှာ မှောင်ရီပျိုးနေပြီ။ မကြာခင် မိုးချုပ်တော့မည်။
မစန်းရီတစ်ယောက်တည်း ငူငူငိုင်ငိုင်နဲ့ထိုင်နေသည်။ အကြီးကောင်နှင့်အကြီးမက ဈေးထဲက ဆိုင်မသိမ်း သေးလို့ ပြန်မရောက်ကြသေးသလို အငယ်လေးနှစ်ကောင်ကလည်း လမ်းထဲမှာ သွားဆော့နေကြသည်။
'အူဝဲ . .အူဝဲ'
ခေါင်းရင်းခန်းက ကလေးငိုသံစူးကနဲ ထွက်လာသည်။ ဒီကလေးက မစန်းရီကလေးထက် နှစ်ပတ်ငယ် တော့ အခုဆို နှစ်လခွဲလောက်ရှိပြီ။
'အူဝဲ . .အူဝဲ'
ကလေးငိုသံက ဆက်တိုက်ဆိုသလို ထွက်နေသည်။ ဟိုကောင်မ စောမေဘယ်သွားနေပါလိမ့်။ ဒီမှာ သူ့သားမျိုးယုတ်ကလေးက ပြဲလန်နေပြီ။ သြော် . .ဟိုကောင်မမှမရှိပဲ။ သူ့သမီးအကြီးမလေးကိစ္စ။ ဟုတ်တယ်။ သူ့သမီးအကြီးမလေးက ရည်းစားနဲ့ချိန်းတွေ့တာလိုလို၊ လင်နောက်လိုက်တာလိုလို လမ်းထဲက လူတွေဆီက သတင်းရောက်လာလို့ စောမေထွက်သွားတာကြာပြီပဲ။ အငယ်ကလေးတွေနဲ့ ဒီကလေးကိုထားပစ်ခဲ့တာနေမှာ။ အငယ်လေးလည်း ဘယ်ရောက်နေပါလိမ့်။ အငယ်တွေလည်း အိမ်က ကလေးတွေလို သွားဆော့နေတာပဲဖြစ်မည်။
'အူဝဲ . .အူဝဲ'
ကလေးငိုသံက တဖြည်းဖြည်းနဲ့ဆူးရာက အက်ကွဲလာပြီ။ အာခေါင်ခြစ်ပြီး အော်တဲ့အသံမျိုးဖြစ်လာပြီး မစန်းရီထရံပေါက်က ချောင်းကြည့်လိုက်သည်။ စောင်ကြားလေးနဲ့ တွဲလောင်းချည်ထားတဲ့ ပုခက်ပေါ်မှာ ကလေးကယက်ကန်၊ ယက်ကန်။ လက်တွေ၊ ခြေတွေကထောင်လို့။ အာခေါင်ခြစ်ပြီး အော်ငိုထားရတဲ့အတွက် အသားတွေ တောင်ရဲတွတ်နေပြီ။ ပုခက်ထဲက ကော့ပြီးထိုးနေတာ အောက်ကိုတောင် ခြေထောက်တစ်ချောင်းရောက်နေပြီ။
'ဒီလသားလေးကို မခေါ်ဘဲ ထားပစ်ခဲ့တဲ့ ကောင်မ။ ပြန်လာရင် ကလေးမသာပဲ တွေ့မယ်'
မစန်းရီစိတ်ထဲက ပျစ်ပျစ်နှစ်နှစ်ပြောလိုက်သည်။ ဒါပေမယ့် မစန်းရီ ဆက်ချောင်းမြဲဆက်ချောင်းနေသည်။
'ဟောတော့ . .ပုခက်ထဲက ကလေးပြုတ်ကျတော့မယ်။ အို . .ပြုတ်ကျလို့သေသေ။ မျိုးယုတ်ကလေး သေသွားလည်း အေးတာပဲ။ ငါနဲ့ဘာဆိုင်တာမှတ်လို့'
အသံထွက်သွားတဲ့အထိ မစန်းရီကျိန်ဆဲလိုက်သည်။ ထရံပေါက်က ချောင်းနေရင်း ရင်ဘတ်က တစ်စုံ တစ်ရာကြောင့် မစန်းရီကိုယ့်ရင်ဘတ်ကိုယ်ငုံ့ကြည့်လိုက်သည်။ ဘော်လီဝတ်မထားတဲ့ မစန်းရီရဲ့ ရင်ဘတ်တစ်ခု လုံးအပြင် အင်္ကျီအထိ ရွှဲရွှဲစိုနေသည်။ မစန်းရီ နို့သက်နေလေပြီ။
'အူဝဲ . .အူဝဲ'
ကလေးငိုသံက အနည်းငယ်တိုးသွားပေမယ့် ဆက်တိုက်ဆိုသလို ထွက်နေဆဲ။ မစန်းရီ တစ်စုံတစ်ရာကို ချီတုံ၊ ချတုံစဉ်းစားရင်း အိမ်ရှေ့သို့ထွက်လိုက်သည်။ အပြင်မှာမှောင်စပြုနေပြီ။ လမ်းထဲမှာတော့ ကလေးတစ်အုပ် ဆော့လို့ ကောင်းနေဆဲ။
မစန်းရီ လမ်းထဲကိုမသိမသာမျက်စေ့ဝှေ့လိုက်ရင်း ခြံနှစ်ခုကိုကာထားတဲ့ ၀ါးကပ်တွေအောက်က ဆူး စည်းရိုးကို လက်ဖြင့်ဆွဲဖယ်လိုက်သည်။ ဆူးတွေကနေသားကျနေပြီမို့ တစ်ကိုယ်စာလွတ်အောင် မစန်းရီမနည်းဖယ် နေရသည်။ အိမ်ရှေ့လမ်းက ပတ်ဝင်လို့ရပေမယ့် လူတွေမြင်သွားလို့မဖြစ်။
ဆူးစည်းရိုးလေးပျက်သွားပြီ။
လက်မောင်းနှင့်ခြေသလုံးမှာ ဆူးခြစ်ရာဗရပွကြောင့် ထွက်လာတဲ့ သွေးအစို့မို့နဲ့ မစန်းရီ ဟိုဘက်အိမ်ပေါ် ရောက်သွားပြီ။ ပြီးတော့ သေလုမျောပါးအော်ငိုနေတဲ့ ကလေးကို မစန်းရီကောက်ချီလိုက်သည်။ ပြီးတော့။
'ဟေ့ . .စန်းရီ။ စောမေရဲ့ အိမ်ပေါ်ကိုတက်ပြီး ဘာလုပ်နေတာလဲ'
အိမ်ရှေ့အ၀က အော်ပြောလိုက်တဲ့ ကိုတင့်ဝေရဲ့အသံကို ကြားရတော့ ဗြုန်းကနဲ မစန်းရီလန့်သွားသည်။ ကလေးကို ငုံ့ကြည့်တော့ မစန်းရီရဲ့ နို့သီးခေါင်းကိုငုံလို့ အားရပါးရ နို့စို့နေလိုက်တာမှ တပြွတ်ပြွတ်များ မြည်နေ သည်။ ကိုတင့်ဝေကတော့ အိမ်ပေါက်ဝမှာ မတ်တက်။
'ဒီမှာကိုတင့်ဝေရေ .ကျုပ်နို့မှမစို့ရရင် ဒီမျိုးယုတ်တိရစ္ဆာန်ကလေး မျိုးပြုတ်တော့မှာမို့၊ မျိုးဆက်ကလေးမပြုတ်အောင် နို့လာတိုက်နေတာ'
မစန်းရီ အော်ပြောလိုက်ပေမယ့် ကလေးကို လက်ထဲက မချသေး။ မစန်းရီသိနေသည်။ ဒီကလေး နို့မ၀သေးဘူး။

အောက်တိုဘာ ၂၀၀၉၊ Icon မဂ္ဂဇင်း

ဒုတိယမြောက် မြစ်ခွဲတစ်စင်း


(၁)
ဟိုး .. အဝေးကြီးကနေ လှမ်းကြည့်လိုက်မယ်ဆိုရင် ကျောက်သင်ပုန်းတွေအစီအရီထပ်ထားသလို မြင့်မားမတ်စောက်နေတဲ့ သင်ပုန်းကျောက်တောင်ကြီးရှိနေတာကို မြင်ရလိမ့်မယ်။ ပြီးတော့ . . . ။
သင်ပုန်းကျောက်တောင်ကြီးပေါ်မှာ အလွမ်းတွေကို အစီအရီထပ်ထားတဲ့ အလွမ်းပြတိုက်ကြီးတစ်ခုကို မြင်ရမယ်။ ပြီးရင် . .အဲ့ဒီအလွမ်းပြတိုက်ထဲကိုဝင်ကြည့်ဖို့ ကြိုးစားနေတဲ့ ကျွန်တော်ရဲ့ချစ်သူ “မွန်” နဲ့ ချစ်သူကို ပြတိုက်ထဲခေါ်သွားဖို့ မ၀ံ့မရဲခြေလှမ်းတွေနဲ့ ပြတိုက်ရှေ့မှာ သက်ပြင်းတွေအခါခါချရင်း ခြေစုံရပ်နေတဲ့ ကျွန်တော့် ကို မြင်ရမယ်။ ပြီးတော့ . . .။
အလွမ်းပြတိုက်ဆီကနေ လှမ်းကြည့်မယ်ဆိုရင် နောက်ထပ် ဟိုး . .အဝေးကြီးဆီမှာ ကျွန်တော့်ချစ်သူ “မွန်” သိပ်မြတ်နိုးတဲ့ အပြာရောင်ကောင်းကင်ပြင်ကြီးနဲ့ ကျွန်တော်သိပ်ချစ်တဲ့ မြစိမ်းရောင် မြေကဗ်္ဗလာတို့ ထိစပ်နေသလို ထင်ရတဲ့မြင်ကွင်းတွေကို မြင်ရလိမ့်မယ်။ နောက်ဆုံးမှာ . . . ။
အဲ့ဒီမြင်ကွင်းတွေနောက်ခံနဲ့ ရုပ်လုံးကြွနေမယ့် ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူတို့ရဲ့ ခပ်အက်အက်စကားသံ တွေကိုကြားရလိမ့်မယ်။


(၂)
မုဒွန်းတောင်ပေါ်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့လေဟာ ကျွန်တော့်ရဲ့ နှာသီးဝအထိတော့ အေးစက်နေ တာက သေချာတယ်။ ဒါပေမယ့် ကျွန်တော့် နှာသီးဝကနေ ပြန်ထွက်လာတဲ့ လေတွေကျတော့ အေးစက်ခြင်းတွေ ကင်းရုံမက ပူနွေးမှုတွေပါစွက်လို့။ “မွန့်” ကိုလှမ်းကြည့်တော့ ဟိုး .. အဝေးက သံလွင်မြစ်ကြီးစီးဆင်းသွားပုံကို တမေ့တမောငေးနေတယ်။ ဘာမှမရှိတဲ့ ခံတွင်းထဲကအရာတစ်ခုကို မျိုချသလိုလုပ်ရင်း ကျွန်တော်က စကားကို အဆုံးသတ်ဖို့ ကြိုးစားလိုက်တယ်။
“ငါ . .ရွေးစရာလမ်းမရှိလို့ လုပ်တာမဟုတ်ဘူး မွန်၊ ဒီရွေးချယ်မှုဟာ ငါ့ဘ၀ပဲ။ ငါအသက်ရှင်နေသရွေ့ ဒီသင်ပုန်းကျောက်တောင်ကြီးဟာ ငါ့ဘ၀ပါဘဲ”
ကျွန်တော်ပြောနေရင်း နင်းထားတဲ့ သင်ပုန်းကျောက်တောင်ရဲ့ သင်ပုန်းကျောက်သားအစအနလေးကို ကောက်ကိုင်လိုက်တယ်။ အဝေးဘက်ဆီမှာတော့ မှိုင်းညို့ညို့တောင်ခြေအောက်က မုဒွန်းရွာကလေးကပြားပြား ၀ပ်လို့။
“ငါနားလည်ချင်ပါတယ် ဗညား၊ ငါနားလည်ချင်သလို အားလုံးက နားလည်ပေးချင်ကြရင်လည်း အကောင်းသားနော်”
“နင်စဉ်းစားကြည့်လေ မွန်ရဲ့ . .ဒီဘီလူးကျွန်းပေါ်မှာ ငါမွေးတယ်။ ကျောက်သင်ပုန်းတွေ
အစီအရီထပ် ထားသလိုရှိတဲ့ ဒီတောင်ခြေမှာ ငါနဲ့ငါ့အမေနေတယ်။ ပြီးတော့ ဒီသင်ပုန်းကျောက်တွင်းထဲမှ အဖေသေတယ်။ ငါဘာကိုလုပ်ရဦးမှာလဲ မွန်”
“နင့်ရဲ့အဖေကြောင့်ဆိုတာ ငါလက်ခံနိုင်ပေမယ့်၊ နားတော့မလည်ချင်ဘူး ဗညားရယ်”
“ငါလည်းရှင်းမပြတတ်ဘူး မွန်၊ အဖေ့ရဲ့ပုံရိပ်တွေ ဒီသင်ပုန်းကျောက်တောင်ပေါ်မှာ အမြဲတမ်းထင်ဟပ်နေတယ်။ ဒါကြောင့် ဒီသင်ပုန်းကျောက်တောင်ကြီးဟာ ငါ့ဘ၀ပဲလို့ ပြောတာပေါ့”
ကျွန်တော့်စကားဆုံးတော့ မွန်က ဘာမှဆက်မပြောပဲ ကျွန်တော့်ကို ရီဝေစွာကြည့်နေတယ်။ မွန့်မျက်ဝန်း ထဲမှာ ဂရုဏာဒေါသရိပ်ကလေးတွေကို တွေ့နေရတယ်။ ပြီးတော့ နက်ရှိုင်းတဲ့ အရိပ်တစ်ခု . .။
ဒီအရိပ်တွေကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော့်လုပ်ရပ်က မွန့်ကိုလျစ်လျူရှုတာမဟုတ်ပါဘူး။ ခဏတာ မျက်နှာလွှဲလိုက်တာပါ။ လောလောဆယ်မှာ ကျွန်တော်ဘာမှမတက်နိုင်ခဲ့ဘူး။


(၃)
မြန်မာလိုအတိအကျပြောရရင်တော့ “အလုပ်ရုံ”လို့ပြောရပါလိမ့်မယ်။ တောင်ပေါ်က သယ်ယူလာတဲ့ သင်ပုန်းကျောက်တုံးတွေကို ကျောက်သင်ပုန်းပြားလေးတွေဖြစ်ဖို့ အချောသပ်ပြုလုပ်ရာဌာနပါ။ ကျောက်သင်ပုန်း ဘောင်ကိုလည်း အဲ့ဒီဌာနမှာပဲ လုပ်ပါတယ်။ အဲ့ဒီလို ရုံမျိုးသုံးရုံတိတိကို မွန်ရဲ့မိဘတွေက ပိုင်ပါတယ်။
မွန်ပြည်နယ် ဘီလူးကျွန်းပေါ်က ဒီမုဒွန်းရွာကလေးဟာ လက်မှုအတော်ထွန်းကားတဲ့ ရွာလေးပါ။ တကယ်တော့ ကျောက်သင်ပုန်းတစ်ချပ်ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ အားလုံးဟာ လက်နဲ့လုပ်တဲ့ လက်မှုပညာ ချည်းပါဘဲ။ ကျောက်သင်ပုန်းလုပ်ဖို့ အကြမ်းထည်သင်ပုန်းကျောက်တုံးတစ်တုံးရဖို့ကိုပဲ အတော်မလွယ်လှတဲ့ ကိစ်္စပါ။ အကြမ်းထည်တုံးတွေကို သင်ပုန်းကျောက်တွင်းထဲကနေ ခက်ခက်ခဲခဲပေါက်ထွင်းယူရတာပါ။
သင်ပုန်းကျောက်တွင်းဆိုတာကလည်း မြင့်မားမတ်စောက်တဲ့ သင်ပုန်းကျောက်တောင်ရဲ့ တောင်ထိပ်တွေ မှာပဲရှိပါတယ်။ အဲ့ဒီတွင်းတစ်တွင်းရဲ့ အနက်ဟာလည်း ဆယ်ပေ၊ ဆယ့်ငါးပေကနေ ပေ ၅၀ အထိနက်ပါတယ်။ အဲ့ဒီလိုနက်မှလည်း သင်ပုန်းကျောက်သားကောင်းကောင်းကိုရတာပါ။
ကျွန်တော့်အဖေက မွန့်ရဲ့အဖေပိုင်သင်ပုန်းကျောက်တွင်းတစ်ခုမှာ အလုပ်လုပ်တာ ကျွန်တော်မမွေးခင် ကတည်းကပါ။ လုပ်သားဆိုတာထက် နည်းနည်းမြှင့်ပြီးပြောလို့ရမယ့် လူယုံလို့ပြောရင်ရမလားပဲ။ အဖေက လုပ်သားခေါင်းဆောင်ဆိုပေမယ့် လုပ်သားတွေနဲ့အမြဲတမ်း အလုပ်တာဝန်ကို အတူတူထမ်းဆောင်တတ်သူပါ။ အလုပ်အပေါ်မှာလည်း အမြဲတမ်းသစ်္စာရှိ၊ ဂုဏ်ယူတတ်သူတစ်ယောက်ပါ။
အဖေတို့များကြံဖန်ဂုဏ်ယူတတ်တဲ့ နေရာမှာနှစ်ယောက်မရှိဘူး။ အဖေ့ရဲ့ဂုဏ်ယူမှုက ရိုးသားမှုတွေပေါင်း စပ်ထားတဲ့ ပကာသနမဲ့တဲ့ ဂုဏ်ယူမှုလေးပါဘဲ။ ဘီလူးကျွန်းသားဖြစ်ပြီး မွန်အမျိုးသားဖြစ်ရတာကိုတောင် ဂုဏ်ယူ ပါသတဲ့။ အဖေက သူဂုဏ်ယူတဲ့ အလုပ်ဆိုတော့ သူ့ရဲ့တစ်ဦးတည်းသော သားကြီးဖြစ်တဲ့ ကျွန်တော့်ကို အမွေပေးချင်တဲ့ ပုံလည်း တစ်ခါတလေတော့ပေါ်တယ်ထင်ပါတယ်။ ကျွန်တော့်ကို ပင်ပန်းမှာလည်း အဖေက စိုးရိမ်နေသေးတယ်လေ။
“ငါ့သား . .ဒီသံလွင်မြစ်ကြီးစီးဆင်းနေသရွေ့၊ ဒီသင်ပုန်းကျောက်တောင်ကြီး တည်ရှိနေသရွေ့ အဖေတို့ အလုပ်က တိမ်ကောမှာမဟုတ်ဘူး။ ဒီအလုပ်က သမာအာဇီဝစစ်စစ်ဖြစ်သလို တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား ငယ်လေးတွေအတွက် ရည်ရွယ်တဲ့လုပ်ငန်းဆိုတော့ ကုသိုလ်လည်းရတယ်။ ဒါပေမယ့် ပင်ပန်းတာတစ်ခုတော့ရှိ တယ် ငါ့သားရေ . . ။ ငါ့သားတို့လက်ထက်ရောက်ရင်တော့ သင်ပုန်းကျောက်ကိုခွဲဖို့ ယန်္တရားတွေရှိလာမှာပါ”
အဖေပြောတဲ့ ယန်္တရားဆိုတာကို အဲ့ဒီအချိန်တုန်းက ကျွန်တော့်အတွေးလေးနဲ့တွေးကြည့်ဖူးတယ်။ အခု ခေတ်မှာ ဂ၀ံကျောက်တောင်တွေကိုတောင် ခွဲနေတဲ့ ယန်္တရားတွေရှိနေပြီပဲ။ ဒီသင်ပုန်းကျောက်လောက်ကို ဘာလို့ ခွဲမရတာလဲလို့ စောဒကတက်ပြီးတွေးနေသေးတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့အတွေးကို အဖေ့ရဲ့ အရိုးရှင်းဆုံး အဖြေက ရှင်းပစ်လိုက်တယ်။
“သင်ပုန်းကျောက်သားကနုတော့ စက်နဲ့ကော်ဖို့ကျတော့ မဖြစ်ဘူးငါ့သား။ စက်နဲ့ခွဲပစ်လိုက်ရင်လည်း အစအနတွေဖြစ်ကုန်လို့ တစ်ချပ်တစ်လေတောင် ကျန်မှာမဟုတ်ဘူး။ ဒါကြောင့် ဒီလုပ်ငန်းဟာ ဒီနေ့အထိ လက်မှုလုပ်ငန်းအဖြစ်နဲ့ပဲ ရှိနေသေးတာ”
ကျွန်တော်အလယ်တန်းကျောင်းသားဘ၀ကတည်းက အဖေနဲ့ သင်ပုန်းကျောက်တွင်းဆီကို လိုက်တယ်။ ဒါပေမယ့် တွင်းထဲကိုတော့ အဖေက တစ်ခါမှဆင်းမခိုင်းဘူး။ တွင်းထဲမှာ အောက်ဆီဂျင်ဓာတ်ကပြတ်၊ အလင်း ရောင်ကမှိန်တော့ သာမန်လူတစ်ယောက်ဝင်ကြည့်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ အဲ့ဒီတုန်းက သိပ်္ပံဘာသာရပ်မှာ အောက်ဆီဂျင်ဓာတ်ငွေ့အကြောင်းသင်ဖူးတဲ့ ကျွန်တော်က စိတ်ကူးနဲ့အဖေတို့ရဲ့ သင်ပုန်းကျောက်တွင်းကြီးတစ်ခု လုံးကိုတောင် အောက်ဆီဂျင်ဓာတ်ငွေ့တွေလွှတ်လို့။ ရီမုကွန်ထရိုးတွေဘာတွေတောင် သုံးလို့လေ။


(၄)
ကျွန်တော့်ဘ၀မှာ အဖေ့စကားကို နားမထောင်တာဆိုလို့ တစ်ကြိမ်ပဲရှိခဲ့ဖူးတယ်။ မှတ်မှတ်ရရ အဲ့ဒီတစ် ကြိမ်ကြောင့်ပဲ ကျွန်တော်ဟာ သင်ပုန်းကျောက်တွင်းတူး လုပ်သားဘ၀ကို ရောက်သွားခဲ့တာ။ အဖေ့ရဲ့အမွေကို လက်ခံရယူဖို့ဆိုတဲ့ ကျွန်တော့်မှာ မွေးကတည်းက တံဆိပ်နှိပ်ပါလာခဲ့ပြီးသား ဖြစ်နေသလားတော့မသိဘူး။ အဖေ ကျွန်တော့်ကိုအမြဲတမ်းဆုံးမတဲ့ “ရည်းစားမထားနဲ့ စာကြိုးစား” ဆိုတဲ့စကားကို ကျွန်တော်က ပြောင်းပြန် မှတ်သားလိုက်တော့ ကျွန်တော်လည်း သင်ပုန်းကျောက်တွင်းတူးလုပ်သားဖြစ်ရပြီပေါ့။
ဒီတုန်းက ကျွန်တော်က ဆယ်တန်း။ ကျွန်တော်တို့ မုဒွန်းရွာ အ.ထ.ကမှာက စာစစ်ဌာနမရှိတော့ ဆေးတံလုပ်ငန်းနဲ့ထင်ရှားတဲ့ ရွာလွတ်ဆိုတဲ့ရွာမှာ စာမေးပွဲသွားဖြေရတယ်။ အဲ့ဒီမှာတင် ကျွန်တော့်ရောဂါက တက်လာခဲ့တာ။ စာမေးပွဲအတူသွားဖြေရတဲ့ ရက်ကလေးမှာ တစ်ရွာတည်းအတူနေ “မွန့်”ကို စာမေးပွဲပြီးအောင် တောင် မစောင့်ပဲ စာမေးပွဲရက်အတွင်း ကျွန်တော်က ရည်းစားစာတွေ ကြိုးစားရေးလို့ စာမေးပွဲနောက်ဆုံးနေ့မှာ မွန့်ကိုဖွင့်ပြောဖြစ်သွားတဲ့အဆင့်ရောက်ရော။ စာမေးပွဲရက်အတွင်းဝင်လာခဲ့တဲ့ စိတ်တွေကြောင့် စာမကျက်နိုင်ဘဲ ရည်းစားစာထိုင်ရေးဖြစ်နေတဲ့ အကျိုးဆက်တွေက ဆယ်တန်းကို ဗုန်းကနဲကျပါလေရော။
အဲ့ဒီအထဲက ရလဒ်ကောင်းတစ်ခုကတော့ မွန်နဲ့ချစ်သူတွေဖြစ်သွားခြင်းပါပဲ။ မွန့်ဆီက အဖြေကို ချက် ချင်းကြီးရခဲ့တာတော့ မဟုတ်ပါဘူး။ စာမေးပွဲတွေပြီး သင်္ကြန်လွန်တော့ ကျွန်တော်တို့ ဘီလူးကျွန်းပေါ်က ရွာ တွေမှာဘုရားပွဲတွေဆက်တိုက်ကျင်းပတယ်။ မွန်နဲ့တွေ့ဆုံသမျှ ဘုရားပွဲတိုင်းမှာ ကျွန်တော်က ဒီစာသားချည်းပဲ ရွတ်နေတော့ မွန်လည်းနားငြီးလာတယ်ထင်ပါရဲ့။ ညောင်လမ်းရွာဘုရားပွဲနေ့မှာပဲ မွန့်ဆီက အဖြေကို ကျွန်တော် ရခဲ့တယ်။
လိုချင်တာကိုရပြီးပြီဖြစ်တဲ့ ကျွန်တော်က အခြေအနေတစ်ခုကို ရင်ဆိုင်ဖို့ အင်အားတွေဆက်တိုက်မွေး ယူရပြီ။ အောင်စာရင်းတွေမထွက်ခင် အဖေနဲ့သင်ပုန်းကျောက်တွင်းကိုလိုက်။ ဘာသာရပ်တွေအားလုံးကိုလေ့လာ။ ဘ၀ကို လုံးလုံးလျားလျားစိတ်ဝင်စားသွားတဲ့ လူငယ်တစ်ယောက်ပုံစံ၊ ချက်ချင်းအသက်သွင်းယူပစ်ခဲ့ရတာ။ မယူလို့လည်း ဘယ်ရမလဲ။ စာမေးပွဲကကျတော့မှာ သေချာနေပြီကိုး။
ဒီလိုနဲ့အောင်စာရင်းတွေ ထွက်တဲ့အချိန်မှာ ကျွန်တော်က သင်ပုန်းကျောက်တွင်းတူးလုပ်သားအဖြစ် အတော်လေးကို နေသားကျနေပြီ။ အဖေတို့မှာ ဆူနိုင်ချိန်ဘယ်ရှိလိမ့်မတုန်း။ အဲ့ဒီအချိန်မှာ ကျွန်တော်က အိမ်ရဲ့ဝင်ငွေကို တတပ်တအားကူပြီး ရှာပေးနိုင်တဲ့ “မင်းဗညားထော” ဖြစ်နေပြီလေ။
အဖေကတော့ ကျွန်တော်စာမေးပွဲကျတာကို စိတ်ဓာတ်ကျတယ်လို့ မဆိုလောက်ပေမယ့် အတော်လေး တော့ စိတ်ညစ်သွားပုံရတယ်။ ကျောင်းပြန်တက်ဖို့ စိတ်မ၀င်စားတော့ထဲ ကျွန်တော့်ကိုလည်း ကျောင်းနဲ့ပတ်သက် တဲ့စကားတွေ ဘာမှမပြောတော့ပါဘူး။ ဒီလိုနဲ့ ကျွန်တော်လည်း သင်ပုန်းကျောက်တွင်းတူးလုပ်သားဘ၀မှာ ကျင်လည်လာရတော့တယ်။


(၅)
မိုးတွေအကြီးအကျယ်ရွာတဲ့ နှစ်တစ်နှစ်မှာ ကျွန်တော်အပြင်းဖျားတယ်။ ကျွန်တော်တို့ ဘီလူးကျွန်းက တောတွေ၊ တောင်တွေများတော့ ငှက်ဖျားဆိုတာလည်း ဧည့်သည်ရောဂါအနေနဲ့ အခိုက်အတန့်ရောက်လာတတ် တယ်။ အဲ့ဒီဧည့်သည်က ကျွန်တော့်ဆီမှာ ခိုနားသွားတယ်ဆိုပါတော့။
ကျွန်တော်အလုပ်မဆင်းနိုင်တဲ့ ရက်တွေမှာ အလုပ်အပေါ် အလေးအနက်ထားတဲ့အဖေက တောင်ပေါ် မှာအလုပ်သွားဆင်းတယ်။ တစ်ကယ်ဆို အလုပ်မှာ ကျွန်တော်နေသားကျကတည်းက အဖေက အလုပ်နားနေခဲ့ တာ။ အဖေအလုပ်မလုပ်တော့တာ နှစ်နဲ့ချီပြီးတော့တောင် ကြာနေပြီ။
ကြမ်္မာဆိုးဝင်တယ်ပဲခေါ်ရမလား။ အဖေ့ရဲ့ကံကုန်ပြီပဲ ပြောရမလား။
အဖေအလုပ်သွားဆင်းတဲ့ တစ်ရက်မှာကျွန်တော်တို့ သင်ပုန်းကျောက်တွင်းတူးရာဇ၀င်မှာ အင်မတန်မှ ဖြစ်ခဲတဲ့ ဖြစ်ရပ်တစ်ခုဟာ မထင်မှတ်ပဲဖြစ်လာတယ်။
အဖေအိမ်က ထွက်သွားတာဘာကြာလို့တုန်း တောင်ခြေမှာရှိတဲ့ကျွန်တော်တို့ အိမ်ကို သတင်းတစ်ခု ရောက်လာတယ်။ “သင်ပုန်းကျောက်တွင်းပြိုလို့” တဲ့။ အထဲမှာ အဖေပါသွားသတဲ့။ ငှက်ဖျားဖြစ်နေတဲ့ ကျွန်တော် ဘာကိုမှမမြင်နိုင်တော့ပါဘူး။ အမေ့ကိုတောင် မစောင့်ပဲ အိမ်ကနေပြေးထွက်လာတာ မုဒွန်းတောင်ပေါ်ကို အားတင်းတက်နိုင်ခဲ့ပေမယ့် သင်ပုန်းကျောက်တောင်ကိုဆက်ပြီးတက်တော့ ကျွန်တော်ဟပ်ထိုးနေပြီ။
တောင်ထိပ်ကိုရောက်တော့လည်း အမောဆို့စရာမြင်ကွင်းတွေက ကျွန်တော့်ကိုဆီးပြီး ကြိုနေပါတယ်။ ကျွန်တော်ရောက်တော့ တွင်းထဲမှာပိနေတဲ့ အဖေ့ကိုဆွဲမထုတ်နိုင်သေးပါဘူး။ ဆယ်ပေနက်တဲ့ တွင်းထဲမှာ အပေါ်က ပြိုကျထားလို့ ပိနေတဲ့ ကျောက်သားတွေကိုပဲ အခြားအလုပ်သမားတွေအတော်ရှင်းယူနေရတယ်။
“ဗညား၊ ဗညားမလာခဲ့နဲ့”
ဆိုတဲ့အသံတွေလည်း ကြားနေရတယ်။ ကျွန်တော့်ကိုလည်း တွင်းထဲ မဆင်းအောင် လူတစ်ယောက်က အတင်းချုပ်ကိုင်ထားသေးတယ်။ ဒါပေမယ့် ကျွန်တော်အတင်းအားယူပြီး ရုန်းထွက်တယ်။ ယိုင်နဲ့နေတဲ့ အင်အား နဲ့အဖေ့အပေါ်မှာပိနေတဲ့ ကျောက်တုံးကျောက်စိုင်တွေကို ဒရောသောပါး ဖယ်ထုတ်နေမိမယ်။ အာခေါင်တွေခြောက် ကပ်ပြီး လူတစ်ကိုယ်လုံး မောဟိုက်တုန်ယင်လာတဲ့အထိပဲ။
တစ်ကယ်ဆို သင်ပုန်းကျောက်တွင်းတူးသမားဆိုတာ ဘယ်လောက်ပဲ ကျွမ်းကျင်ခဲ့၊ ကျွမ်းကျင်ခဲ့ ကိုယ် ထင်နေကျတွင်းမဟုတ်လို့ကတော့ ယောင်နနဖြစ်မှာ အသေအချာပါပဲ။ တွင်းကိုအထဲကနေ ထောက်ကန်ထားတဲ့ ဒေါက်တိုင်တွေကအစ၊ ဘယ်ဒေါက်က ဘယ်နံရံကို အားပြုထားတယ်ဆိုတာ တွင်းထဲဆင်းနေကျသူသာ သေချာ သိနိုင်မှာပါ။ ဒါကို အလုပ်ရှင်အပေါ်သစ်္စာရှိချင်တဲ့ အဖေက ကျွန်တော်နေမကောင်းနေတဲ့ ရက်အတွင်းမှာ ကျွန်တော့်ကိုယ်စားသွားရောက်ခဲ့တော့ ကျွန်တော့်လုပ်ကွက်မှာ အဖေယောင်နနဖြစ်ပြီပေါ့။
ကျွန်တော် အသက်မရှုမိလောက်အောင်ပဲ မြင်ကွင်းက ကျွန်တော့်ကို ချုပ်ကိုင်လိုက်တယ်။ အဖေရယ်လေ။
အသက်မဲ့ ခန်္ဓာကိုယ်နဲ့ သူသိပ်မြတ်နိုးတဲ့ သင်ပုန်းကျောက်တွင်းထဲကနေ ပြန်ထွက်လာရတယ်။ နှာ ခေါင်းပေါက်ဝမှာ သွေးအနည်းငယ်စို့နေတာကလွဲလို့ အဖေ့ကိုယ်မှာ ဒဏ်ရာဆိုလို့ ဘာမှမတွေ့ပါဘူး။ အတွင်း ကြေကြေတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့။
“အဖေ . .”
ကျွန်တော် ရှိသမျှအင်အားနဲ့ အသံကုန်ခြစ်ပြီး အော်လိုက်တယ်။ ဒီအသံကို အဖေသိပ်ချစ်တဲ့ သင်ပုန်း ကျောက်တောင်ကြီးနဲ့ ဟိုးအဝေးက စီးဆင်းနေတဲ့ သံလွင်မြစ်ကြီးက အကျယ်ကြီးကြားနိုင်ပေမယ့် ပြိုလဲနေတဲ့ တွင်းထဲကနေ အသည်းအသန်ဆွဲထုတ်ခြင်းခံလာရတဲ့ အဖေကတော့ ဘယ်လိုမှကြားနိုင်မှာမဟုတ်တော့ပါဘူး။


(၆)
အဖေဆုံးပြီး ကျွန်တော်လည်း နလန်ပြန်ထစမှာ အခွင့်အရေးလို့ ပြောရမလား။ ကံကောင်းခြင်းလို့ ဆိုရမလားမသိတဲ့ ဖြစ်ရပ်တွေက ကျွန်တော့်ဆီရောက်လာတယ်။ ခက်တာက ကျွန်တော်က အဲ့ဒီဖြစ်ရပ်တွေကို စိတ်မ၀င်စားခြင်းပါပဲ။ အဲဒါကတော့ ကျွန်တော့်ချစ်သူမွန်နဲ့ပတ်သက်ပြီးရောက်လာတဲ့ သတင်းပါ။
မွန်ရဲ့ အစ်ကိုက စင်ကာပူက ပြန်ရောက်လာပြီး မကြာခင်မှာ ကျွန်တော်နဲ့မွန်ရဲ့သတင်းကို ကြားတယ်။ မွန်ရဲ့မိဘတွေကတော့ ဟိုတုန်းကတည်းက ကျွန်တော်တို့အကြောင်းကို သိနေခဲ့ကြတာပါ။
ကျွန်တော်တို့ ဘီလူးကျွန်းရွာတွေမှာ ဒီတစ်နှစ်၊ နှစ်နှစ်အတွင်း ခေတ်စားလာတဲ့အလုပ်က မလေးတို့၊ စင်ကာပူတို့မှာ အလုပ်သွားလုပ်ကြခြင်းပါပဲ။ မွန်ရဲ့အစ်ကိုကလည်းအဲ့ဒီလိုပါပဲ။ ဒီတစ်ခေါက်မွန့်အစ်ကို ပြန်ရင် ကျွန်တော့်ကို လိုက်သွားဖို့ မွန်ရဲ့မိဘတွေက ငွေထုတ်ပေးမယ့်သဘောပါ။ ကျွန်တော်နည်းနည်းတောင် စဉ်းစား မနေပဲ ပြတ်သားစွာငြင်းဆန်လိုက်တယ်။ ဒါကို မွန်အပါအ၀င် မွန်ရဲ့ အသိုင်းအ၀ိုင်းက နားမလည်မှာတော့ သေချာတယ်။
မွန်နဲ့လက်ထပ်ဖို့ ထိုက်တန်တဲ့ငွေကို နိုင်ငံခြားသွားပြီးမှ ရှာလို့ရမယ်ဆိုရင်လည်း။ နေပါစေတော့။ ကျွန်တော်အသဲကွဲဖို့အသင့်ပြင်ဆင်ပြီး စောင့်နေလိုက်ပါ့မယ်။ ကျွန်တော် မချမ်းသာချင်တာမဟုတ်ပါဘူး။ မွန့် ကို မချစ်တာလည်းမဟုတ်ပါဘူး။ အဖေသိပ်ချစ်တဲ့မြေ၊ အဖေသိပ်မြတ်နိုးခဲ့တဲ့ ဒေသကခွာပြီး မသွားရက်တာပါ။
ကျွန်တော်သွားခဲ့ရင်လည်း သင်ပုန်းကျောက်မြေမှာ အဖေ့ကိုတစ်ယောက်တည်းပစ်ထားခဲ့ရာရောက်မှာပေါ့။
အဖေသိပ်ပြီး ပေးချင်တဲ့ အမွေကို ကျွန်တော်က ကျောခိုင်းပစ်ရာရောက်မှာပေါ့။
အဖေ မြတ်နိုးခဲ့တဲ့၊ သစ္စာရှိခဲ့တဲ့ သင်ပုန်းကျောက်တွင်း တူးလုပ်သားဘ၀မှာ ကျွန်တော်နေသားကျမှ လည်း အဖေ့အပေါ် ကျွန်တော်တရားရာရောက်မှာပေါ့။
အဖေစီးဆင်းခဲ့တဲ့ ဘ၀မြစ်ထဲက ဒုတိယမြောက်မြစ်ခွဲတစ်စင်းအနေနဲ့ အဖေ့ကိုယ်စား၊ ခရီးရှည်ဆက်ဖို့ ကျွန်တော်စီးဆင်းရဦးမှာပေါ့။
ကျွန်တော်ဆုံးဖြတ်ချက်ကို အပြီးတိုင်ချရင်း ဟိုး . .အဝေးကိုလှမ်းကြည့်လိုက်တယ်။ အဝေးဆီမှာ မွန်သိပ်ချစ်တဲ့ ကောင်းကင်ပြာနဲ့ ကျွန်တော်မြတ်နိုးတဲ့ မြစိမ်းရောင် မြေကဗ်္ဗလာတို့ကတော့ ထိစပ်နေသလိုထင်ရ တာပဲလေ။


အောက်တိုဘာ ၂၀၁၁
Faces Magazine

အစိမ်းရင့်ရင့်ဆူး


(၁)
“ဆရာ . . . သားမနက်ဖြန် (၁၀)နာရီလေယာဉ်နဲ့ ထွက်ရမယ်ဆရာ။ အဲ့ဒါ . .ဟို။
ဆရာ လေယာဉ်ကွင်းကို လာဖို့အဆင်ပြေမလားလို့ . .သား ဖုန်းဆက်ကြည့်တာ”
“အေး . . .ကျော်ကိုလတ်လား။ မနက်ဖြန် . .အင်း မနက်ဖြန်ဆိုရင် ဆရာအဆင်မပြေဘူးကွ။ ဆရာသွား စရာရှိတယ်။ သူရလေကွာ။ မင်းသိတယ်မလား။ မင်းတို့နှစ်ကပဲ ဆယ်တန်းအောင်သွားတဲ့ သူရမင်းထွဋ်။ အေး သူ့ရဲ့မွေးနေ့ကွာ။ မနက်ကတည်းက ဆရာ့ကို လာကြိုမယ်ဆိုပြီး ဖိတ်ထားလို့။ ဆရာသွားရမယ်”
“သြော် . . .ဟုတ်ကဲ့ဆရာ . .အဲ့ဒါဆိုရင် . .သားနှုတ်ဆက်ပါတယ်ဆရာ”
“အေး . . .အေး”
ကျွန်တော့်ရဲ့ တပည့်ဟောင်းဖြစ်တဲ့ ကျော်ကိုလတ်ဆိုတဲ့ ကျောင်းသားဆီက ဖုန်းဆက်လာတော့ ညဦးပိုင်း ၁၀ နာရီမို့၊ ထုံးစံအတိုင်း ကျွန်တော်က အဲ့ဒီအချိန်ဘီယာဆိုင်မှာ။ “ငါ့တပည့်တစ်ယောက်၊ မနက်ဖြန်မလေးရှား ထွက်ပြီး အလုပ်သွားလုပ်မှာမို့ ငါ့ဆီဖုန်းဆက်တာ” လို့ သူငယ်ချင်းတွေကိုပြောလိုက်ပေမယ့် ပြောပြီးတော့ လည်း ပြီးပြီးပျောက်ပျောက်။ အရင်ကတည်းကတော့ ကျွန်တော့်တပည့် မလေးရှားထွက်ပြီး အလုပ်သွားလုပ်မယ် ဆိုတာ သိတော့ သိနေသား။ ဒါပေမယ့် ဒီလောက်မြန်မြန်ကြီးထွက်ဖြစ်လိမ့်မယ်လို့တော့ ကျွန်တော်မထင်ခဲ့။
“ဒီနှစ်က အဆင်မပြေဘူးဆရာရဲ့။ သားလည်းတက်္ကသိုလ်ဆက်မတက်ချင်တော့ဘူး ဆရာ။ အိမ်က စိုက်ခင်းတွေလည်း ပိုးကျသလို၊ အိမ်မှာမွေးထားတဲ့ ၀က်ပေါက်စလေးတွေနဲ့၊ ၀က်သားအမိတစ်အုပ်လုံးကလည်း နေမကောင်းဖြစ်ကြတယ်ဆရာ။ ၀က်နားရွက်ပြာရောဂါတွေ ဘာတွေလားတော့ မသိပေမယ့် နေမကောင်းတဲ့ ၀က်သားအမိတစ်အုပ်လုံးကို ဈေးချပြီး ရောင်းလိုက်ရတယ်လေ။ သားတို့အိမ်စီးပွားရေးကြောင့် သားလည်း မလေးရှားသွားဖို့ ဆုံးဖြတ်လိုက်တာ”
ဟိုတစ်လောလေးကမှ ကျွန်တော့်စာသင်ခန်းကို ရောက်လာပြီးပြောတဲ့ ကျော်ကိုလတ်ရဲ့စကားသံတွေကို ပြန်ကြားယောင်မိတယ်။ ဒီစကားတွေကြားရတာ လွန်ရောကျွံရော တစ်လလောက်ပဲ ရှိဦးမှာပါ။ အဲ့ဒီတုန်းက ကျွန်တော်ကလည်း စာသင်နေရင်းတန်းလန်းမို့ တပည့်ဟောင်းကျော်ကိုလတ်ကို စကားတောင်သိပ်ပြီး ပြောဖြစ် လိုက်တာမဟုတ်ဘူးလေ။
“ဟ .. .မင်းက မလေးသွားပြီး အလုပ်လုပ်မယ်ဆိုတော့ မင်းအသက်၊ မင်းပညာနဲ့ ဘာလုပ်လို့ရမှာလဲ။ အခြားနည်းလေးဘာလေးကြံပါလား”
“အခြားနည်းလည်းမရှိတော့ဘူးဆရာ။ ဟိုမှာက သားရဲ့အစ်ကိုဝမ်းကွဲတွေလည်းရှိတော့ အဆင်ပြေမှာပါ။ အလုပ်ကတော့ အလုပ်ကြမ်းပေါ့ဆရာရယ်။ သားက စိုက်ခင်းထဲမှာ အပင်စိုက်လာတဲ့ ကောင်ပဲ။ ဒီလောက်တော့ ဖြစ်ပါတယ်။”
လွန်ခဲ့တဲ့ တစ်လလောက်ကမှ ပြောခဲ့တဲ့စကားတွေကို ကျွန်တော်ပြန်ကြားယောင်မိပေမယ့် သူငယ်ချင်း တွေနဲ့ဝိုင်းဖွဲ့နေတဲ့အချိန်မို့ စကားတွေက အာရုံထဲမှာခဏပါပဲ။ မနက်ဖြန်ဆိုတဲ့ ရက်က ကျွန်တော်တစ်ကယ် မအား။ ကျွန်တော့်တပည့်နောက်တစ်ယောက်ဖြစ်တဲ့ သူရမင်းထွဋ်ဆိုတဲ့ တပည့်က သူ့ရဲ့မွေးနေ့မို့ ကျွန်တော့်ကို ကားနဲ့လာခေါ်မယ်လို့ ဖိတ်ထားပြီးသား။ ကျွန်တော်မသွားလို့က ဘယ်လိုမှမဖြစ်။ သူရမင်းထွဋ်နဲ့ပတ်သက်ပြီး ကျွန်တော်က သူ့အဖေဦးမင်းထွဋ်နဲ့ပါ ရင်းနှီးနေတာလေ။ ပြီးတော့ ဦးမင်းထွဋ်ဆိုတာက ကျွန်တော်ဝိုင်းကျူရှင်သင် ဖို့ တိုက်ခန်းကအစ၊ အစစအရာရာ ကူညီစီစဉ်ပေးသူ။
“ဟေ့ကောင် . .. မင်းအရင်တစ်ခါပြောတဲ့ စင်ကာပူမှာ ကျောင်းသွားတက်မယ်ဆိုတဲ့ တပည့်ကရော . .သွားပြီလား”
တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တွေးနေတဲ့ အတွေးတွေရဲ့ နောက်မှာကျွန်တော့်သူငယ်ချင်းတစ်ယောက်က စကားစလာတယ်။
 “မဟုတ်ဘူးကွ။ အဲ့ဒီတစ်ယောက်က သူရမင်းထွဋ်။ သင်္ဘောသားနဲ့ ဆရာဝန်မရဲ့သား။ ဒီတစ်ယောက်က ငါတို့ဝေဇယန္တာလမ်း ဟိုဘက်ခြမ်းက စိုက်ခင်းထဲက ကျော်ကိုလတ်ဆိုတဲ့ကောင်လေးပါ” လို့ ကျွန်တော်က သူငယ်ချင်းကို သေသေချာချာ ခွဲခြားပြောလိုက်ပြီး ကျွန်တော့်တပည့်နှစ်ယောက်ရဲ့ ကိစ်္စကလည်း ကျွန်တော်တို့ဝိုင်းကနေ ခွာထွက်သွားတယ်။ ပြီးတော့ အခြားစကားတွေနဲ့ပဲ ကျွန်တော်တို့ ၀ိုင်းကပြန်ပြီး စည်ကား သွားတယ်။ မလေးရှားကိုသွားမယ်ကျော်ကိုလတ်ရဲ့ မနက်ဖြန်၊ မွေးနေ့ပွဲကျင်းပမယ့် သူရမင်းထွဋ်ရဲ့ မနက်ဖြန်တို့ ကလည်း ကျွန်တော့်အာရုံကနေ ဖယ်ခွာသွားကြတယ်လေ။
ကျွန်တော်တို့ ဘီယာဆိုင်ထိုင်ပြီး ထုံးစံအတိုင်း နာရီပြန်တစ်ချက်တီးတဲ့အချိန်မှ ကျွန်တော်က သူငယ်ချင်း တွေနဲ့လမ်းခွဲပြီး ၅ လွှာမှာရှိတဲ့ ကျွန်တော့်တိုက်ခန်းကို တစ်ယောက်တည်း တက်ခဲ့တယ်။ ကျွန်တော်တို့ သင်္ဃန်းကျွန်း၊ အသင်းတိုက်မှာရှိတဲ့ ဝေဇယန္တာအိမ်ယာတိုက်ခန်းတွေက လှေကားဝမှာ သံပန်းတံခါးတစ်ထပ်၊ ပြီးမှတိုက်ခန်းကို ဖွင့်ဝင်ရတဲ့ တံခါးကတစ်ထပ်မို့ ဗြုန်းကနဲကြည့်လိုက်ရင် အပြင်သံပန်းတံခါးက ခြံစည်းရိုးတံခါးနဲ့ တူနေတယ်။
ကျွန်တော်တစ်ယောက်တည်းတက်လာရင်း လှေကားရင်းက အပြင်သံပန်းတံခါးကိုရောက်တယ်။ မီးလေး မှိန်ပြပြကို အားကိုးရင်း သံပန်းတံခါးက သော့ကိုဖွင့်ဖို့ ကျွန်တော်ကြိုးစားတယ်။ အဲ့ဒီမှာတင် သံပန်းတံခါးမှာ ချိတ်ထားတဲ့ တစ်စုံတစ်ခုကို ကျွန်တော်သွားစမ်းမိတယ်။
“ဟာ . .ကျော်ကိုလတ်”
တစ်စုံတစ်ခုကိုစမ်းရင်း ကျွန်တော့်နှုတ်က လွှတ်ကနဲထွက်သွားတယ်။ ကျွန်တော့်လက်ထဲမှာပါလာတဲ့ ကန်စွန်းရွက်နှစ်စည်းကို ကျွန်တော်ကိုင်ရင်း တိုက်ခန်းထဲကို ၀င်ခဲ့တယ်။
(၂)
ကျွန်တော် ဒီတိုက်ခန်းကို မရောက်ခင် လွန်ခဲ့တဲ့ သုံးနှစ်က သင်္ဃန်းကျွန်း၊ ဝေဇယန်္တာလမ်းမပေါ်မှာရှိတဲ့ ကျွန်တော့်အစ်ကိုပိုင်တဲ့ အိမ်အိုကြီးတစ်လုံးမှာ ကျွန်တော်ကျူရှင်စဖွင့်တယ်။ ကျွန်တော်ကလည်း မဟာသိပ်္ပံဘွဲ့ ရပြီး အလုပ်လက်မဲ့ယောင်ခြောက်ဆယ်ဖြစ်နေတဲ့ အချိန်မှာ ရင်းနှီးတဲ့ အထက်တန်းပြဆရာမတစ်ယောက်နဲ့ပေါင်းပြီး ကျွန်တော်က အိမ်အိုအိုကြီးမှာ ကျူရှင်ဝိုင်းကို စတင်ခဲ့တာ။
ကျူရှင်ဝိုင်းက ဝေဇယန်္တာလမ်းမပေါ်မှာ ရှိတယ်ဆိုပေမယ့် အိမ်ကတော်တော်ဆိုပြီး စုတ်ချာနေတော့ ကျူရှင်ဝိုင်းသာ ဖွင့်ဖြစ်တယ်။ ကျောင်းသားတွေက တော်တော်နဲ့ရောက်မလာသေး။ ဒါတောင် အဲ့ဒီနားမှာ သင်္ဃန်းကျွန်း အထက (၂)ကြီးရှိသလို၊ ကျွန်တော်နဲ့တွဲပြီး သင်မယ့် ဆရာမက အဲ့ဒီကျောင်းက။ ဒါပေမယ့် သင့်မယ့် ဆရာကျွန်တော်က စာသင်သက်အတော်နည်းသေးတဲ့ ဆရာပျိုပျို၊ သင်မယ့်နေရာက ခနော်နီခနော်နဲ့ အိမ်အိုအိုဆိုတော့ တက်မယ့် ကျောင်းသားဆိုတာကလည်း နတ်္ထိပေါ့။ ဒါပေမယ့်လည်း မကြာခင်မှာ ကျော်ကိုလတ် အပါအ၀င် ကျောင်းသား၊ ကျောင်းသူ (၆) ယောက်ရောက်လာခဲ့တယ်။ အဲ့ဒီတုန်းက ကျော်ကိုလတ်တို့က (၉)တန်းကျောင်းသားတွေ။
“ငါ့မောင်ရေ . . .ငါတို့တော့ ကျောင်းသားရပြီ။ ဒီကလေးတွေ စာတော့မတော်ကြဘူး။ အားလုံးက နယ်ကချည်းပဲ။ ငါတို့ဒီလမ်းဟိုဘက်က စိုက်ခင်းထဲက ကလေးတွေလေ။ သူတို့က ကျောင်းစတက်တာလည်း နောက်ကျတော့ ၀င်စရာကျူရှင်ဝိုင်းကလည်း မရှိဘူးလေ။ ငါတို့လည်း သူတို့တွေနဲ့ပဲ ကျူရှင်ဝိုင်းကို စလိုက်ကြရအောင်။ သူတို့မိဘတွေကလည်း စိုက်ခင်းထဲကဆိုတော့ နင်သိတဲ့အတိုင်းလေ။ အဆင်ပြေသလောက် ကျူရှင်ခနဲ့ပဲ သင်လိုက်ကြတာပေါ့ဟယ်”
ဒီလိုနဲ့တောင်ပံကျိုးလုကျိုးခင်ဖြစ်နေတဲ့ ဆက်ရက်တွေနဲ့ ခံတွင်းမပျက်တစ်ပျက်ကြောင်တွေတွေ့ခဲ့ကြ တယ်။ တကယ်တော့ စုစုပေါင်းကျောင်းသူ (၆)ယောက်မှာ ကျောင်းသားက သုံးယောက်၊ ကျောင်းသူက သုံး ယောက်။ ပုံစံတွေက မတူသလို၊ စိတ်ဓာတ်တွေကလည်း မတူညီကြ။
“ရိုးသားတယ်။ ကြိုးစားတယ်။ အလိုက်တော့မသိဘူး” ဆိုတဲ့ နယ်က ကလေးတွေရဲ့ထုံးစံတစ်ယောက် တစ်မျိုးစီနဲ့ သံစုံမြည်နေတာက ဟစ်ဟော့အဖွဲ့တစ်ဖွဲ့လိုပဲ။ စုစုပေါင်း ခြောက်ယောက်မှာ နှစ်ယောက်က ခရမ်းသုံးခွ ဘက်က။ သုံးယောက်က မုံရွာခရိုင်အရာတော်ဘက်က၊ ကျော်ကိုလတ်ကျတော့ ဇလွန်က။ ပြောဟန်၊ ဆိုဟန်တွေ ကလည်း လေယူလေသိမ်းတွေမတူကြ။ မုံရွာသုံးယောက်က ကျွန်တော်တို့ဆရာ ဆရာမတွေကိုလည်း ခင်ဗျားတွေ ကျုပ်တွေနဲ့ နှုတ်ကျိုးနေတာမို့ ဘယ်လိုမှ သင်ယူလို့မရ။ သူတို့ခြောက်ယောက်မှာ တူညီတဲ့အချက်တစ်ခုတော့ ရှိတယ်။ အဲ့ဒါကတော့ ဝေဇယန်္တာလမ်းမဘေးက စိုက်ခင်းလေးတွေမှာ တဲလေးတွေထိုးပြီး အသီးအနှံမျိုးစုံ စိုက်ပျိုးကြတာလေ။
“ဟေ့ကောင် ကျော်ကိုလတ် . . .မင်းက မင်းအိမ်က လူတွေနဲ့ မနက်ပိုင်းမှာ ဈေးသွားဝိုင်းရောင်းတယ်ဆိုတော့ ရန်ကုန်ဈေးသည်တွေလိုပဲ အော်ဟစ်ရောင်းရတာပဲလား”
“အေးပေါ့ကွ။ ဈေးထဲမှာ အော်မရောင်းရင် ငုတ်တုတ်မေ့နေမှာပေါ့။ ချဉ်ပေါင်တွေ၊ ကန်စွန်းတွေ၊ ကင်ပွန်းတွေဆိုပြီး ခုနှစ်သံချီနဲ့ ဟစ်နိုင်မှတန်ကာကျတာ”
စာသင်နားတဲ့အချိန်မှာ ကျောင်းသားအချင်းချင်းပြောနေကြတဲ့ အသံတွေကိုကြားနေရတယ်။ သူတို့ဘ၀ လေးတွေထဲကို တိုးမ၀င်ပါဘဲနဲ့ သူတို့ဘ၀လေးတွေက အလိုလိုကျွန်တော့်နားထဲကိုရောက်လာကြတာလေ။ စိုက်ခင်းထဲက ကလေးတွေကို စာသင်တော့ ရာသီပေါ်အသီးအနှံတွေက စားလို့မကုန်အောင် ကျွန်တော့်ဆီကို ရောက်လာခဲ့တယ်။ ဈေးထဲမှာ “ချဉ်ပေါင်တွေ၊ ကန်စွန်းတွေ၊ ကင်ပွန်းတွေ” လို့ အော်ရောင်းတတ်တဲ့ ကျော်ကိုလတ် ယူယူလာတဲ့ ချဉ်ပေါင်တွေ၊ ကန်စွန်းတွေဆိုတာကပဲ ကျွန်တော်တစ်ယောက်တည်း ဘယ်လိုမှ စားမကုန်နိုင်ခဲ့။
“ဆရာ . .အရွက်များများစားပါဆရာရဲ့။ ဆရာ့ကြည့်ရတာ ဗိုက်ကတစ်နေ့ တစ်ခြားပူပူလာပြီး အဆီပိတ်လာသလိုပဲ။ ကန်စွန်းရွက်တွေ သားနေ့တိုင်းယူလာခဲ့မယ်”
ပြောလည်းပြောသလို၊ ပြောတဲ့အတိုင်းလည်း ကန်စွန်းရွက်တွေကို ကျော်ကိုလတ်ကအမြဲတမ်းယူလာတတ် တယ်။ ဒါပေမယ့် ကျော်ကိုလတ်တို့ ဆယ်တန်းနှစ်အရောက်မှာတော့ ကျွန်တော်က သင်္ဃန်းကျွန်း၊ ဝေဇယန်္တာ အိမ်ယာရဲ့တိုက်ခန်းပေါ်ကိုရောက်ခဲ့တယ်။

(၃)
တိုက်ခန်းပေါ်ရောက်တာကလည်း ကျော်ကိုလတ်တို့ ဆယ်တန်းနှစ်မှာ ကျွန်တော်က ဗဟန်းမှာရှိတဲ့ နောက်ထပ် ကျောင်းသားတစ်ယောက်ကွိုကငိန သီးသန့်ဝင်ပေးရတယ်။ ဒဂုံ (၁)က ကျောင်းအုပ်ကြီးက ကျွန်တော့်ဆရာမို့ ကျွန်တော်က သူရမင်းထွဋ်ဆိုတဲ့ ဒဂုံ (၁)ကျောင်းသားကို သူ့အိမ်မှာသွားပြီး စာသင်ခွင့်ရခဲ့ တယ်။ တစ်ယောက်တည်းကို သင်ရတာဆိုပေမယ့် ဒီခြောက်ယောက်ကို သင်ရတဲ့နှုန်းထားထက် ၂ ဆလောက် လည်း လခကပိုရသေးတယ်။ ပြီးတော့ အဲ့ဒီကျောင်းသားရဲ့ မိဘတွေက သင်္ဃန်းကျွန်း၊ ဝေဇယန်္တာအိမ်ယာမှာ တိုက်ခန်းရှိတာမို့ သူတို့က ကျူရှင်ခန်းဖွင့်လို့ရအောင် အဲ့ဒီတိုက်ခန်းကို ကျွန်တော့်ကို အလကားပေးနေတယ်။
တိုက်ခန်းပေါ်ရောက်ပြီး တိုက်ခန်းအတွက်လိုအပ်တဲ့ အသုံးအဆောင်ပစ်္စည်းတွေကိုလည်း ၀ယ်ပေးကြ တယ်။ ကျွန်တော်လည်း အိမ်အိုကြီးပေါ်ကနေ တိုက်ခန်းအသစ်လေးပေါ်ရောက်ခဲ့ပြီ။ တိုက်ခန်းအသစ်လေးမှာ နောက်ထပ်၊ နောက်ထပ်သော ကျောင်းသားအသစ်လေးတွေလည်း ရောက်လာကြပြီ။ ဒါပေမယ့် ကျောင်းသား အသစ်တွေနဲ့ ကျော်ကိုလတ်တို့ (၆)ယောက်ကိုတော့ရောထားလို့မဖြစ်။
“သူတို့တွေကတော့ ခွဲထားမှရမှာလေ။ နောက်ထပ်အသစ်တွေနဲ့ရောရင် သူတို့တွေစာမလိုက်နိုင်မှာ စိုးရတယ်။ သူတို့ကတော့ ကန်စွန်းရွက်အဖွဲ့ပေါ့ဟယ်”
ဆရာမက ရယ်ပြီးပြောခဲ့ပေမယ့် တကယ်တန်းကလေးတွေ နောက်ကွယ်မှာ ကျော်ကိုလတ်တို့အဖွဲ့ကို ကျွန်တော်တို့က ကန်စွန်းရွက်အဖွဲ့လို့ပဲ နာမည်တပ်ပြီးပြောဖြစ်ကြတယ်။ တိုက်ခန်းအသစ်မှာ ကျောင်းသားအသစ် တွေပေးလာတဲ့ စားစရာ၊ သောက်စရာ နိုင်ငံခြားဖြစ် လက်ဆောင်မုန့်မျိုးစုံကြားမှာ ကျော်ကိုလတ်ရဲ့ကန်စွန်းရွက် စည်းလေးတွေကတော့ အမြဲတမ်းရှိနေတာပါပဲ။ တိုက်ခန်းမှာ ကျွန်တော်နဲ့ညပိုင်း စာလာကျက်ရင်း အတူလာနေတဲ့ ကျော်ကိုလတ်က သူငယ်ချင်းတွေနဲ့ အပျော်လွန်လို့ ကျွန်တော်အိမ်ပြန်နောက်ကျရင်လည်း မအိပ်ဘဲ အမြဲတမ်း စောင့်နေတတ်တာပါပဲ။ သူရမင်းထွဋ်တို့အိမ်က အမြဲတမ်းလက်ဆောင်ပေးတတ်တဲ့ ချောကလက်တွေကြားမှာ မစားဖြစ်ဘဲ ညှိုးရော်ကုန်တဲ့ ကျော်ကိုလတ်ရဲ့ကန်စွန်းရွက်စည်းလေးတွေက အမြဲတမ်းရှိနေတာပါပဲ။
(၄)
ဆယ်တန်းတွေအောင်စာရင်းထွက်တော့ ကျွန်တော်ွကငိန လုပ်ရတဲ့ သူရမင်းထွဋ်က ဂုဏ်ထူးလေးဘာ သာနဲ့အောင်ပြီး ဆေးတက်္ကသိုလ်ဝင်လို့ ကျော်ကိုလတ်ကတော့ ရိုးရိုးလေးပဲ အောင်မြင်ခဲ့တယ်။ သူရမင်းထွဋ် ဂုဏ်ထူးတွေဝေဆာစွာနဲ့အောင်တော့ အောင်စာရင်းထွက်တဲ့နေ့မှာပဲ သူရမင်းထွဋ်ရဲ့ အဖေဦးမင်းထွဋ်ကကျွန်တော့် ကို ကားနဲ့လာခေါ်ပြီး အသုံးအဆောင်ပစ်္စည်းအစုံအလင်နဲ့ သူရမင်းထွဋ်က ကျွန်တော့်ကို ကန်တော့ခဲ့သလို အိမ်မှာထမင်းကျွေးလို့ အားမရဘဲ ဘီယာသောက်တတ်တဲ့ ကျွန်တော့်ကို ဘီယာဆိုင်ကိုခေါ်ပြီး ပြုစုပြန်တယ်။ အဲ့ဒီညက ကျွန်တော်လည်း အတော်မူးနေခဲ့တယ်။ ကျွန်တော်တိုက်ခန်းကိုရောက်တော့ ညတစ်နာရီကျော်ပြီ။ ကိုမင်းထွဋ်ကတော့ ကျွန်တော့်ကိုတိုက်ခန်းအောက်ထိ လိုက်ပို့တယ်။ ကျွန်တော်လည်း သူရမင်းထွဋ် ကန်တော့ လိုက်တဲ့ အင်္ကျီ၊ ပုဆိုး၊ မုန့်ပုံး၊ ချောကလက်ဗူးတွေအပါအ၀င် စားစရာသောက်စရာတွေကို လက်နှစ်ဘက်နဲ့ မနိုင်မနင်းသယ်ရင်း၊ တိုက်ခန်းပေါ်ကို တက်လာတယ်။ အဲ့ဒီမှာတင် တိုက်ခန်းဝ သံတံခါးကိုငုတ်တုပ်မှီ၊ ကန်စွန်း ရွက်စည်းတွေကိုင်ပြီး အိပ်ငိုက်နေတဲ့ ကျော်ကိုလတ်ကို ကျွန်တော်တွေ့လိုက်တာ။ ကျောင်းတွေပိတ်ကတည်းက ကျော်ကိုလတ်က သူ့အိမ်ကိုပြန်သွားတာမို့ သော့က သူ့မှာရှိမနေတော့ဘူးလေ။ ကန်စွန်းရွက်စည်းတွေကိုင်ထား တဲ့ ကျော်ကိုလတ်ကိုကြည့်ပြီး ကျွန်တော်ဘာကို မကျေနပ်မှန်းမသိဖြစ်သွားတယ်။
“မင်းကွာ . .ဒီအချိန်ကြီးတိုက်ခန်းရှေ့မှာစောင့်နေရလား . . လာလာ အထဲဝင်”
မူးနေတာမို့ ကျွန်တော့်ပါးစပ်က စကားတွေက တစ်လုံးချင်းထွက်လာတယ်။
“ဒီနေ့အောင် စာရင်းထွက်တဲ့နေ့မို့ ဆရာ့ကိုကန်တော့ချင်တာနဲ့ သားစောင့်နေတာ”
တိုက်ခန်းထဲရောက်တော့ ကျော်ကိုလတ်က ပြောပြောဆိုဆို ကန်စွန်းရွက်စည်းတွေဘေးချပြီး ကုန်းကန် တော့တယ်။ သူရမင်းထွဋ်ကန်တော့လိုက်တဲ့ ကျွတ်ကျွတ်အိတ် နှစ်ထုပ်ကိုတစ်လှည့်၊ ကျော်ကိုလတ်ယူလာတဲ့ ကန်စွန်းရွက်စည်းတွေကို တစ်လှည့်ကြည့်ရင်း ကျွန်တော်ဒေါသတွေ အလိပ်လိုက် တတ်လာခဲ့တယ်။ ဆရာတစ်ယာက်ရဲ့ တန်ဖိုး။ ကျွတ်ကျွတ်အိတ်နှစ်ထုပ်ရဲ့တန်ဖိုး။ ကန်စွန်းစည်းတွေရဲ့ တန်ဖိုး။ တန်ဖိုးတွေရဲ့အလဲအထပ် ကိန်းကို အယ်ကိုဟောအရှိန်နဲ့ရီဝေနေတဲ့ ကျွန်တော့်အသိဥာဏ်က တွက်ချက်နေတယ်။
“မင်းကွာ . .ငါ့ကို ဒီကန်စွန်းစည်းတွေလောက်ပဲ တန်ဖိုးထားရသလား”
“ဗျာ . .ဆရာ”
“မင်းတို့ကွာ . .ငါ့ဆီမှာစာ စသင်ကတည်းက ငါတို့ဘက်က ကျူရှင်လခကအစ တင်းပြည့်ကျပ်ပြည့်မယူခဲ့ဘူး။ ကိုးတန်းတစ်နှစ်၊ ဆယ်တန်းတစ်နှစ်၊ စုစုပေါင်း နှစ်နှစ်။ မြို့ကလေးတွေနဲ့ တောကလေးတွေကွာတယ်ဆိုတာ ဒါပဲ။ မင်းတို့ဆရာမပြောဖူးတဲ့ ရိုးသားတယ်။ ကြိုးစားတယ်။ အလိုက်မသိဘူးဆိုတာ အဲဒါပဲ။ မင်းတို့ရဲ့သိတတ်မှုက ကန်စွန်းရွက်တွေလားကွ”
ကျွန်တော့်ပါးစပ်က ဘာတွေတရစပ်ထွက်နေမှန်းတော့ ကျွန်တော်အတိအကျမသိခဲ့ပါ။ အထက်ပါ စကား တွေအတိုင်းထွက်ခဲ့တယ်လို့တော့ ကျွန်တော်ထင်ခဲ့တယ်။ ကျွန်တော်အတော်မူးနေတာ ပြောပြီးပြီးချင်းလည်း ကျွန်တော်က အိပ်ပျော်သွားတယ်။ နောက်နေ့မနက် ကျွန်တော်အိပ်ယာနိုးတဲ့အချိန်က ဆယ်နာရီခွဲပြီမို့ ကျော်ကို လတ်က မရှိတော့။ ညကပြောခဲ့တဲ့ စကားတွေကို ပြောမိတာလား။ မပြောမိတာလား ဝေကွဲမရ စဉ်းစားရခက်နေ တဲ့ အချိန်မှာ ကျွန်တော်ကစာသင်တဲ့ ၀ှိုက်ဘုတ်မှာ ကျော်ကိုလတ်ရေးသွားတဲ့ စာတွေကိုတွေ့ခဲ့တာ။
“ကန်စွန်းရွက်တွေက ကြာရင်ရော်ပြီး ကြွေတတ်သလို ချောကလက်တွေလည်း မှိုတက်တတ်ပါ တယ်ဆရာ” တဲ့။

(၅)
တိုက်ခန်းဝမှာချိတ်ထားတဲ့ ကန်စွန်းနှစ်စီးကိုကိုင်ရင်း ကျွန်တော်တစ်ယောက်တည်းတွေးနေလိုက်တာ အချိန်ဘယ်လောက်ကြာသွားတယ်တောင်မသိ။ ကျော်ကိုလတ်တို့ ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့က ဒီလို ကန်စွန်းစည်းတွေနဲ့ ကျွန်တော့်ကိုလာကန်တော့တုန်း ကျွန်တော်ပြောလိုက်တဲ့စကားတွေကို ပြန်သတိရလာတယ်။ ကျွန်တော်ပြောလိုက်ပေမယ့် ကျွန်တော့်စကားရဲ့အတိမ်အနက်ကို မှန်းဆလို့မရလို့လား။ ကျွန်တော်ဘာပြောပြော ခွင့်လွှတ်နိုင်စွမ်းရှိလို့ပဲလားတော့ မသိ။ ကျွန်တော့်ဆီကို ကန်စွန်းစည်းတွေနဲ့ ကျော်ကိုလတ်ကတော့ နောက်ထပ် လည်းလာမြဲလာဆဲပါပဲ။ အခုလို မလေးရှားသွားမယ့် ကိစ်္စတွေရှုပ်နေတဲ့အချိန်အထိ ကျွန်တော့်ဆီကို ကန်စွန်း စည်းတွေကတော့ ရောက်မြဲပါပဲ။
ကျွန်တော့်ကိုဖုန်းဆက်တော့ ကျွန်တော်လေယာဉ်ကွင်းကိုလိုက်မပို့နိုင်တဲ့ အကြောင်းပြောရင်း သူရမင်းထွဋ် ရဲ့မွေးနေ့အကြောင်းကို ကျွန်တော်မဆီမဆိုင် ဘာလို့ထည့်ပြောမိခဲ့ပါလိမ့်။
မွေးနေ့ပွဲကို ခမ်းနားစွာ ကျင်းပမယ့် တပည့်ရဲ့မနက်ဖြန်ဘ၀ခရီး၊ နိုင်ငံခြားထွက်ပြီး မိသားစုစားဝတ်နေရေး ဖြေရှင်းရမယ့် တပည့်ရဲ့မနက်ဖြန်ဘ၀ခရီး။ မနက်ဖြန်တို့ရဲ့ ဘ၀ခရီးနှစ်ခုကြားမှာ ခြားနားမှုတွေနဲ့ ပြည့်သိပ်နေတယ်။ ပြီးတော့ ကျွန်တော် . . .။ ကျွန်တော်က ချောကလက်တွေကိုပဲ မွတ်သိပ်စွာ တမ်းတနေဖြစ်တာလား။
“ဘုရား”
ဖျတ်ကနဲ အတွေးမှာလက်ထဲက ကန်စွန်းနှစ်စီးဟာ ပြုတ်ကျလုမတက်ဖြစ်သွားတယ်။ နောက်ဆိုရင် ဒီလိုကန်စွန်းစည်းတွေ ကျွန်တော့်ဆီကို ရောက်မလာနိုင်တော့ဘူးပေါ့။ ကျွန်တော့်ရဲ့ ကန်စွန်းစည်းလေးကျော်ကို လတ်ကရော။
တစ်စုံတစ်ခုကို မရနိုင်တော့ကာမှ တွေးမိတဲ့အတွေးတွေနဲ့ ကျွန်တော်လမ်းစပျောက်နေတယ်။ “ချဉ်ပေါင် တွေ၊ ကန်စွန်းတွေ၊ ကင်ပွန်းတွေ” ဆိုတဲ့အသံတွေလည်း ကျွန်တော့်နားထဲမှာပဲ့တင်ထပ်နေတယ်။ ကျွန်တော် နာရီကို ကမန်းကတမ်းကြည့်လိုက်တော့ မနက်သုံးနာရီတောင်ရှိနေပြီ။ နာရီနှိုးစက်ကို မနက် (၈)နာရီတိတိမှာ ချလိုက်တယ်။ ပြီးတော့ အိမ်ယာထဲကို မြန်မြန်ဝင်လိုက်တယ်။
မနက်ရှစ်နာရီအိပ်ယာထလိုက်ရင်တော့ ကျွန်တော့်ကန်စွန်းစည်းလေးအတွက် လေယာဉ်ချိန်မီတန် ကောင်းပါရဲ့ . . .။
မင်းဝေဟင်
နိုဝင်ဘာ၊ ၂၀၁၁ မဟေသီမဂ္ဂဇင်း

အခွံကလေးတွေနှင့် အခြားဝတ္ထုတိုများ

ကျွန်တော့်ရဲ့ ၀တ္ထုတိုပေါင်းချုပ်စာအုပ်လေးပါ။
ဒီထဲမှာဝတ္ထုတို ၂၁ပုဒ်ပါပါတယ်။ဆရာသစ်ခက်အိမ်ပြောသလို လေထဲမိုးထဲမှာ စာအုပ်ကလေးထွက်ပါတော့ မယ်။

အသည်းနှလုံးတွေ ရောင်းတဲ့ပွဲ


၁။
သန်းခေါင် ကြက်ဖတို့ တွန်ပြီ။ လမိုက်ရက်မို့ ပတ်ဝန်းကျင် တစ်ခုလုံး မှောင်နဲ့မည်းမည်း။

တစ်ရေးနိုး ကြက်ဖတို့ရဲ့ တွန်မြည် သံတွေကြောင့် အိပ်ရာက လန့်နိုး လာပုံရတဲ့ အိမ်အောက်က ခွေးလေးနက် ကျော်မရဲ့ တအူအူ၊ တအီအီ အသံကို မြင့်ဆောင် ကြားနေရတယ်။ အိမ်ခြေရင်းက ကုက္ကိုပင်ဆီက “ကျွီကျွီ” အသံတွေကတော့ သစ်ကိုင်းတို့ကို ညလေပြည်ရဲ့ ၀င်တိုးသံလား၊ ညဥ့်ငှက်တို့ရဲ့ သက်ပြင်း ချသံလား၊ မြင့်ဆောင် မဝေခွဲတတ်။ မြင့်ဆောင်ဘေးက ဇနီးသည် မိဌေးကတော့ အိပ်နေလိုက်တာ တရှူးရှူးနဲ့။ တစ်ခါတစ်ရံ ဟောက်သံတွေတောင် ထွက်လို့။ ဇနီးသည် မိဌေးရဲ့ ဟိုဘက်မှာ ရှိနေတဲ့ ခုနစ်နှစ် အရွယ် သားလေး တွတ်ပီကတော့ ပိုးလိုးပက်လက်။ မြင့်ဆောင်ကတော့ ဘယ်ညာ လူးလိမ့်ရင်း မနက်ဝေလီ ဝေလင်း အချိန်ထိအောင် အိပ်ပျော်ပါ့မလားလို့ တွေးနေမိသေးတယ်။

ရန်ကုန်က ကိုတိုးမောင်ဆီကသာ ဖုန်းမလာဖြစ်ခဲ့ဘူးဆိုရင် မြင့်ဆောင်အခုလို ဖြစ်နေစရာ အကြောင်းမရှိ။ ဒီလိုညမျိုး မရေတွက်နိုင် အောင် ကြုံဖူးခဲ့ပေမဲ့ ဒီညကျမှ ထူးထူးခြားခြား မြင့်ဆောင် ဘာတွေ ဖြစ်နေတယ်မသိ။ တောင်စဉ်ရေမရနဲ့ ဟိုတွေး၊ ဒီတွေး လျှောက်တွေး နေလိုက်တာလည်း အတွေးတွေက အပိုင်းတစ်ရာလောက် ရှိတဲ့ ကိုရီးယား ဇာတ်ကားတစ်ကားစာလောက် ရှိတော့မယ်။

အိပ်မရတော့ ခံတွင်းက ချဉ်သလိုလို ဖြစ်လာတာနဲ့ ဆေးလိပ်သောက်ဖို့ မြင့်ဆောင် ထထိုင် လိုက်တယ်။ အိပ်ခန်းဝက ဆေးလိပ်ခွက် ထားတဲ့ဆီကို လက်ကလှမ်းရင်း မီးခြစ်ကို ခြစ်လိုက်တယ်။ ဖျစ်ခနဲ တောက်သွားတဲ့မီး ခြစ်ရဲ့အလင်းရောင်အောက်ကနေ အိမ်ရှေ့ခန်းဆီမှာ အိပ်နေတဲ့ ရှစ်နှစ် အရွယ်ကလေး လေးယောက်ဆီကို အကြည့်က ရောက်သွားတယ်။

ဒီဘက်ဆုံးမှာ အိပ်နေတဲ့ ကိုသံချောင်းရဲ့သား ကံကောင်း လေးက တရှူးရှူးနဲ့ အိပ်နေလိုက်တာ ရင်ဘတ်ကြယ်သီးလေးတွေ ပြုတ်ထွက်နေတဲ့ အင်္ကျီအောက်က ဗိုက်ကလေးက ပိန်လိုက် ဖောင်းလိုက်။ အလယ်က နှစ်ယောက်ဖြစ်တဲ့ တုတ်ပုနဲ့ ဗုတိုနှစ်ယောက် ကတော့ ရွာတောင်ပိုင်းက ထွန်းလှသားနဲ့ ထွန်းမြသား။ သူတို့နှစ်ယောက်ကတော့  မှောက်လျက်ကလေးတွေ အိပ်နေတာမို့ ကံကောင်းလေး လို ဗိုက်က ကြယ်သီးလေး တွေတော့ ပြုတ်ထွက်မနေ ကြ။ သူတို့နှစ်ယောက်ထဲက ဗုတိုဆိုတဲ့ ကောင်လေးက မြင့်ဆောင်နဲ့ အတူ ရန်ကုန်ကို လိုက်ရမှာမို့ လွန်ခဲ့တဲ့ သုံး ရက်လောက်ကတည်းက အိပ်လို့ မရအောင် ပျော်နေသူတဲ့။ ညဦးပိုင်းက မြင့်ဆောင်ကို ပြောပြထားလို့ သိနေရတာလေ။ အခုတော့လည်း ၀မ်းလျားမှောက်ပြီး အိပ်နေပုံ က တကယ့်ကို တမေ့တမော။

“ဟင့်...ဟင့်... ဟင့်”
အိပ်နေရင်းက ဗိုက်က လေးဖောင်းပြီး ရှိုက်ငင်လိုက်တဲ့ ဟိုဘက်ဆုံးက “အသေးလေး” ဆိုတဲ့ ကလေးရဲ့အသံ ကြောင့် မြင့်ဆောင်အကြည့် တွေက အားလုံးထဲကနေ ဟိုဘက်ဆုံးကို ရောက်သွားတယ်။ အိပ်နေရင်း ရှိုက်ငင် လိုက်တာဆိုတော့ မအိပ်ခင်က ငိုထားလို့သာပေါ့။ အကြောင်း အမျိုးမျိုးကြောင့် မအိပ်ခင်မှာ ငိုထားကြတဲ့ ကလေးတွေ အိပ်ပျော်တဲ့ အခါ မျက်ရည်မဲ့ ရှိုက်တတ်ကြတာကို မြင့်ဆောင် မြင်ဖူး တွေ့ဖူး ခဲ့သည်ပဲ။

မီးခွက်ကလေးကို မီး ညှိရင်း လက်တစ်ဖက်က ကိုင်ကာ ဒီဘက်က ကလေး သုံးယောက်ကို ခွကျော်ရင်း မြင့်ဆောင် အနားကပ်ပြီး အသေးလေးကို ကြည့်လိုက် တယ်။
“အလို... အသေးလေး ရဲ့ ပါးပြင်ပါးကွက်ကြားလေး နှစ်ဖက်ပေါ်မှာ မျက်ရည်စီး ကြောင်းတွေနဲ့ပါလား”

မြင့်ဆောင် မီးခွက်ကို ကိုင်ရင်း အသာလေးနောက် ပြန်ဆုတ်လိုက်တယ်။ ဒီလို ဆိုရင် ညဦးပိုင်း မအိပ်ခင် မှာ အသေးလေးတစ်ယောက် ငိုထားတာပေါ့။ ဘာကြောင့် ပါလိမ့်။ သူက ရန်ကုန်ကို မလိုက်ချင်လို့များလား။ ဟုတ်မှာပါလေ။ ရန်ကုန်ကို ခေါ်သွားတဲ့ ကလေးတွေထဲ က အနည်းစုကတော့ အသေးလေးလိုပဲ မလိုက်ချင် ကြတာပဲ ဥစ္စာ။ အတွေးတွေ ကို တရစပ်တွေးရင်း မီးခွက် ကလေးမှုတ်လို့ အမှောင်ထဲမှာ မြင့်ဆောင် ပြန်ထိုင်ချလိုက်တယ်။ ပြီးတော့ ရန်ကုန်က ဖုန်းဆက်လာတဲ့ ကိုတိုးမောင် ရဲ့အသံကိုလည်း ပီပီပြင်ပြင် ပြန်ကြားယောင်လိုက်တယ်။

“ကိုမြင့်ဆောင်ရယ် ကျုပ်ဆိုင်အတွက် မဖြစ်မနေ အနည်းဆုံး လိုတာက ငါးယောက်ဗျ။ ခင်ဗျားက ဒီတစ်ခေါက် လေးယောက်ပဲ ရမယ်ဆိုတော့ ကျုပ်စိတ်ညစ် တယ်ဗျာ။ ဒီလို လုပ်ပါလား ဗျာ။ ခင်ဗျားလည်း အဆင် ပြေသွားတာပေါ့။ ပြောရရင်တော့ မကောင်းပါဘူး။ ခင်ဗျားအရင်တစ်ခါလာတုန်း က ခေါ်လာခဲ့တဲ့ ခင်ဗျား သားလေး အခု ခုနစ်နှစ် လောက်တော့ ရှိပြီမလား။ ခင်ဗျားလည်း ခင်ဗျားသား ကို ကျောင်းမထားမယ့် အတူတူ ကျုပ်ဆိုင်အတွက် ခေါ်ခဲ့ပေးပါလား။ နောက်တစ် ယောက် တကယ်လို့ပြန်ရတော့ လည်း ခင်ဗျား ပြန်ခေါ်ပေါ့။ သူများကလေးတွေ တစ်လ ကို တစ်သောင်းခွဲပေးရင်၊ ခင်ဗျားသားကို နှစ်သောင်း ပေးမယ်ဗျာ။ ဘယ်လိုလဲ... ကဲ”

၂။
မြင့်ဆောင်တို့ နေတာက ပဲခူး၊ သက္ကလဘက်က။ ဒီဘက်နှစ်တွေမှာ ဒီနယ်က လူတွေက ရန်ကုန်တက်ပြီး လက်ဖက်ရည်ဆိုင် ဖွင့်လိုက် ကြတာ အဆင်ပြေသလား မပြောနဲ့။ ကိုတိုးမောင်တို့ မိသားစုဆိုရင် သုံးလေးနှစ် အတွင်းမှာ တိုက်တွေ၊ ကားတွေတောင် ၀ယ်ဖြစ်သွားတဲ့ အဆင့်ထိ ကြီးပွားကုန်တာ။ ကိုတိုးမောင်တို့မောင်နှမ လေးယောက်က ဆိုင်နာမည် တစ်ခုကိုပဲ တစ်၊ နှစ်၊ သုံး လေးတပ်လို့ လက်ဖက်ရည် ဆိုင်တွေ ဟည်းဟည်းထ အောင် ဖွင့်ထားလိုက်တာ မြင့်ဆောင်အသိ။

ကိုတိုးမောင်တို့ ရွာမှာ နေကတည်းက မြင့်ဆောင်က ကိုတိုးမောင်တို့ အိမ်မှာ သူရင်း ငှား။ အဲဒီတုန်းက မြင့်ဆောင် နဲ့ မိဌေးနဲ့တောင် အိမ်ထောင် ကျပြီး သားလေး တွတ်ပီကို မွေးပြီးခါစလောက် ရှိဦးမှာ။ ကိုတိုးမောင်တို့မောင်နှမလေး ယောက်ကတော့ တစ်ယောက် တစ်အိမ်ထောင်စီနဲ့ အလျှို အလျှို အိမ်ထောင်ကျပြီးနေ ကြပြီလေ။ ကိုတိုးမောင်တို့မှာ က မိဘတွေက မရှိကြတော့ဘူး။

လွန်ခဲ့တဲ့ လေးနှစ် လောက်ကမှ ကိုတိုးမောင်ရဲ့ အစ်ကိုအကြီးဆုံး ကိုတိုး အောင်က ဘာစိတ်ကူးပေါက် တယ် မသိပါဘူး။ ရွာမှာရှိတဲ့ လယ်တွေ၊ နွားတွေရောင်းပြီး ရန်ကုန်တက်၊ လက်ဖက်ရည် ဆိုင်ဖွင့်လိုက်တာ ဟုန်းခနဲ အဆင်ပြေသွားတယ်ဆိုရမှာ။ အဲဒီမှာတင် ညီဖြစ်တဲ့ ကိုတိုး မောင်ပါမက ညီမဖြစ်သူ နှစ် ယောက်ကိုပါ ရန်ကုန်ကို ခေါ်ပြီး လက်ဖက်ရည်ဆိုင် အခွဲတွေကို ဖွင့်တော့တာပဲ။

ပထမပိုင်း ကိုတိုးမောင် ရန်ကုန်တက်တော့ ရွာမှာရှိ တဲ့ သူ့လယ်တွေတချို့တစ် ၀က်ရောင်းခဲ့ပေမဲ့၊ တချို့ တစ်ဝက်က ကျန်သေးတာမို့ မြင့်ဆောင်တို့ အလုပ်မပြုတ် သေးပါဘူး။ ဇနီးသည် မိဌေး၊ သားလေး တွတ်ပီတို့ နဲ့ ဣနြေ္ဒရရလေးပါပဲ။ ကိုတိုး မောင်တို့ ကျန်ခဲ့တဲ့အိမ်ကြီး ပေါ်မှာ တက်နေရင်း အိမ်နဲ့၊ လယ်နဲ့၊ နွားနဲ့။ အိမ်ကြီးရှင် ယောင်ယောင်၊ ဘာယောင် ယောင်တောင် ဖြစ်သွားသေး တာ။ ဒါပေမဲ့ မကြာပါဘူး။ ရန်ကုန်က ကိုတိုးမောင်က  ဆိုင်စရိတ်အတွက် ငွေလိုတယ် ဆိုတာနဲ့ပဲ ရွာပြန်လာ ပြီး အိမ်နဲ့လယ်တွေ ရောင်းလို့ မြင့်ဆောင်တို့မှာ အိုးလွတ်၊ ခွက်လွတ် ဖြစ်သွားခဲ့ရတာ။ အဲဒီကတည်းက လယ်မရှိ၊ ယာမရှိ၊ မြေမရှိတဲ့ မြင့်ဆောင် တို့ မိသားစုသုံးယောက်က အခုနေတဲ့ ရွာချောင်းစပ်က တဲပုတ်ကလေးဆီ ရောက်လာ ခဲ့တော့။

သူရင်းငှား ရာထူးကနေ ပြုတ်သွားတဲ့ မြင့်ဆောင်လည်း ဒေသ အခေါ် “ဗောက်” ဆိုတဲ့ ကြုံရာကျပန်း အလုပ်ကို အဲဒီအချိန်ကတည်းက လုပ်ခဲ့ ရတာ။ မိန်းမဖြစ်တဲ့ မိဌေးနဲ့ အတူတူ စပါးရိတ်ချိန် စပါး ရိတ်၊ ပဲဆွတ်ချိန် ပဲဆွတ်နဲ့ ရရာအလုပ်လုပ်ရင်း နေလာ ခဲ့တာမှ မကြာသေးဘူး။
ကိုတိုးမောင်တို့ လင် မယား ရွာပြန်ပြီး ပထမဆုံး အကြိမ် အလှူ လုပ်ဖြစ်တဲ့နှစ် မှာပဲ ကိုတိုးမောင်နဲ့ မြင့် ဆောင်ပြန်ပြီး ဆက်သွယ်မိ ကြတာ။ ငယ်ငယ်ကတည်း က မြွေဟောက် စွယ်ကျိုးလို ကိုတိုးမောင် အပေါ်မှာ ဖြစ် လာခဲ့တဲ့ မြင့်ဆောင်ဟာ ကိုတိုးမောင် ပြောတဲ့အတိုင်း လုပ်ဖြစ်တော့တာပါပဲ။

“ကိုမြင့်ဆောင်ရေ၊ ဒီကိစ္စကမဆိုးဘူးဗျ။ ခင်ဗျား လည်း ဘာပင်ပန်းတာမှတ် လို့။ ကျုပ်အနေနဲ့ကျတော့ လုပ်လို့ မကောင်းဘူးလေ။ ကျုပ်တို့ဒီဘက်ရွာမှာလည်း တချို့လူတွေရဲ့စားဝတ်နေရေး က ကျုပ်အသိ၊ ခင်ဗျားအသိ။ အဲဒီတော့ဗျာ၊ ကျောင်းမထား နိုင်ကြတဲ့ မိဘတွေရဲ့ကလေး တွေကို ကျုပ်တို့ဆိုင်တွေမှာ စားပွဲထိုး အနေနဲ့ ခင်ဗျားခေါ် ပေးဗျာ။ ကလေးတွေကို နေ စရိတ်၊ စားစရိတ်အပြင် လစာ တစ်သောင်းခွဲစီလောက် ပေးမယ်ဗျာ။ ခင်ဗျားလည်း ကလေး တစ်ယောက် ခေါ်လာပေးနိုင်ရင် ကလေးတစ် ယောက်ရဲ့တစ်လစာပေးမယ် ဗျာ။ ရန်ကုန်မှာကျတော့ တချို့လူတွေက စားစရာမရှိ ရင်သာနေမယ်။ သူတို့က လေးတွေကျတော့ ကျောင်း တွေများ ထားလိုက်ကြတာ ကော့လို့၊ ပျံလို့။ ရွှေကျောင်း ပြောင်ပြောင် ၀မ်းခေါင်ခေါင် ဆိုသလိုပဲဗျာ။ အဲဒါကြောင့် ဒီရွာဘက်က ကလေးတွေ ရှာပြီး ကျုပ်တို့ဆိုင်တွေရဲ့ စား ပွဲထိုးကိစ္စကို ခင်ဗျား စီစဉ် ပေးပါဦး”

ကိုတိုးမောင်ရဲ့ စကား ရှည်အဆုံးမှာ မရည်ရွယ်ပါဘဲ မြင့်ဆောင်တစ်ယောက် အလုပ်လက်မဲ့ မရေမရာဘ၀ ကနေ ရန်ကုန်-ပဲခူး။ စုန်ဆန် ကူးတဲ့ ကလေးကုတို့ ဖြစ်သွား ခဲ့ရတာလေ။ ပထမပိုင်းတော့ တော်တော့်ကို အဆင် ပြေခဲ့တာပါ။ မြင့်ဆောင်တို့ နယ်ဘက်မှာ ဆိုတာကလည်း စက်နဲ့ဖောက်ထားတာလိုပဲ ကလေးတွေက ပေါတယ် မလား။

“ရန်ကုန်မှာ အလုပ်လုပ် ရမှာဆိုပေမဲ့၊ ကိုတိုးမောင်တို့ ဆိုတာ ကိုယ့်နယ်သားအချင်း ချင်းလေ။ သူတို့ နေသလို၊ သူတို့ စားသလို နင်တို့ကလေး တွေလည်း နေရစားရမှာ။ ရွာ ဘက်မှာ ဖင်ထဲကို ရွှံ့တစ် ပိဿာ ၀င်ပြီးမှ စားရတဲ့ ထမင်းထက်တော့ အများကြီး သပ်ရပ်ပါတယ်ဟာ။ ကလေး တွေကို လယ်ထဲ အလုပ်မနိုင် သေးလို့ ဘုန်းကြီးကျောင်းပို့ ထားမယ့်အတူတူ ရန်ကုန်က ကိုတိုးမောင်တို့ လက်ဖက် ရည်ဆိုင်ကို ပို့ထားရင် ဘယ် လောက်ဟန်ကျသလဲ။ လစာ လည်းရ။ လူရည်လည်းသန့် ကဲ”

ဒီလို စကားမျိုးတော့ မြင့်ဆောင်က ကိုတိုးမောင် မသင် ပေးပါဘဲနဲ့ ကျွမ်းကျင် ပြီးသားပဲ။ အလုပ်က သင် သွားတယ်လို့ပဲ ပြောရမှာပေါ့။ ပထမပိုင်းတော့ ရွာမှာ ရှိကြတဲ့ လက်လုပ်လက်စား ကလေးမိဘတွေက အင်တင် တင်ပါ။ ဒါပေမဲ့ ကိုတိုးမောင် ဆိုင်ကို ရှေ့ဆုံးအနေနဲ့ ရောက်သွားတဲ့ ကလေးနှစ်ယောက် လောက်လည်း ရွာကို ငွေစ၊ ကြေးစလေးလည်း ပို့နိုင်ရော၊ ရွာက နောက်ထပ် လက်လုပ် လက်စားမိဘတွေလည်း သူ တို့ကလေးတွေကို ရန်ကုန် သွားထားမယ်ဖြစ်ရော။ တချို့ရွာနီးချုပ်စပ်က ကလေး တွေဆိုရင် မြင့်ဆောင်က တကူးတကသွားပြီး ခေါ်စရာ တောင်မလိုဘူး။ ရန်ကုန်က လက်ဖက်ရည်ဆိုင်ကို ပို့ဖို့ သူတို့ကိုယ်တိုင် မြင့်ဆောင်ဆီ ကို ရောက်လာကြတာ။

မြင့်ဆောင် အနေနဲ့ ရန်ကုန်ကို ပို့ပေးရတဲ့ကလေး တွေကတော့ အရောင်က ခပ်စုံစုံပါ။ တချို့က အတန်း ကျောင်းမှာ တစ်တန်း လောက်အထိ တက်ခဲ့ဖူးသူ တွေ။ တချို့ကလည်း အတန်းကျောင်း မထားနိုင်တဲ့ မိဘရဲ့သားသမီးတွေမို့ ဘုန်းကြီးကျောင်းမှာ စာအံ နေကြသူ။ ဘယ်လိုပဲဖြစ်ဖြစ် အသက် ခြောက်နှစ်လောက်ကနေ ဆယ်နှစ်လောက် အသက် အရွယ်အပိုင်း အခြားထဲမှာ ရှိတဲ့ ကလေးအယောက် သုံးဆယ် လောက်ကို မြင့်ဆောင်က တော့ တစ်နှစ်အတွင်းမှာ ရန် ကုန်က လက်ဖက်ရည်ဆိုင် တွေကို ပို့ခဲ့ပြီးပြီ။ ပထမပိုင်းတော့ ကိုတိုးမောင်တို့ မောင် နှမလေးယောက်ရဲ့လက်ဖက် ရည်ဆိုင်တွေကို အဓိကပို့ရ တာပါ။ နောက်ပိုင်းမှာတော့ ကိုတိုးမောင်တို့ အဆက်အသွယ်ကနေ အခြားလက်ဖက်ရည် ဆိုင်တွေကို ရောက်သွားတဲ့ ကလေးတွေလည်း ရှိတယ်။

“ကလေး ပွဲစားကြီး၊ ကြည့်လုပ်ဦးဗျို့။ ရွာက ယောက်ျားလေးတွေကို ခင်ဗျား ရန်ကုန်ကို အပို့ ကောင်းလို့ ရွာမှာ ကလေး ဘောလုံး တစ်သင်းစာတောင် မရှိတော့ဘူး။ သူတို့တွေ အရွယ်ရောက်ပြီး ရန်ကုန်မှာ အိမ်ထောင် ကျကုန်မှဖြင့်၊ ရွာ က သူတို့နဲ့ ရွယ်တူကောင် မလေးတွေ လင်မရဘဲ ဖြစ်ကုန်ကြဦးမယ်။ ကြည့်လုပ် ဗျို့”

အစပိုင်းမှာ ဒီလိုအသံ တွေကို ကြားရပေမဲ့ မြင့် ဆောင်တို့ကတော့ ပြုံးဖြီးဖြီး ပါပဲ။ သူတို့ဘာသာသူတို့ ကလေး ပွဲစားပဲခေါ်ခေါ်၊ ကလေးကုန်သည်ပဲခေါ်ခေါ်။ မြင့်ဆောင်တို့ကတော့ နား ကင်းပိတ်နေတဲ့ မြွေတစ် ကောင်လိုပဲ ကိုယ့်အလုပ် ကိုယ်လျှောခနဲ၊ လျှောခနဲ လုပ်နေတာပါပဲ။ ဒီလို ကလေးတွေကို ပို့ပေးတာနဲ့ ပတ်သက်ပြီး မြင့်ဆောင်ရတဲ့ ငွေကလည်း နည်းမှမနည်းဘဲ ဥစ္စာ။ တစ်ယောက်ပို့ရင် တစ် လစာ တစ်သောင်းခွဲ ဆိုတော့၊ တစ်ခေါက်ကို ငါးယောက်ပို့ တယ်ထားဦး၊ မြင့်ဆောင် အတွက်က ခုနစ် သောင်းခွဲပဲ။လမ်းစရိတ်ဆိုတာက ကိုတိုး မောင်တို့ဆီက သီးသန့်ရပြီး သားလေ။ ခုနစ်သောင်းခွဲဆို တာက လက်တွင်းပါ အသား တင်လေ။ မြင့်ဆောင်ဖြင့် မိန်းမဖြစ်တဲ့ မိဌေးရဲ့နား ပေါက်ဟောင်းလောင်းကလေး တွေကိုတောင် ရွှေတိုရွှေစ လေးနဲ့ ဖုံးပစ်နိုင်ခဲ့တဲ့အထိ။

ပြီးတော့ မြင့်ဆောင်မှာ က ရည်ရွယ်ချက်နောက်တစ် ခုက ရှိသေးတယ်။ သား လေး တွတ်ပီလေ။ တွတ်ပီကို ဒီနှစ်ကျောင်းဖွင့်ရင် ကျောင်း ထားရမယ်။ တွတ်ပီက အခု ခုနစ်နှစ်ကိုတောင် ရောက်နေ ပေမဲ့ စားဖို့၊ နေဖို့ လုံးလည် လိုက်နေသလို ဖြစ်တာနဲ့ပဲ၊ တွတ်ပီနဲ့ ကျောင်းဆိုတာက အဝေးကြီးမှာ ရှိနေသေးတာ။အခုအိမ်မှာ ရောက်နေပြီဖြစ်တဲ့ လေးယောက်ကို ရန်ကုန်ပို့ပြီး ရင်တော့၊ သူတို့လေးယောက် အတွက် ရလာမယ့် ငွေခြောက် သောင်းကို ဆန်လေး၊ ဆီ လေး ၁၅ ရက်စာလောက် ၀ယ်၊ ဆန်ခါပေါက်လို ဖြစ်နေတဲ့ ကြယ်မြင်လမြင် ဓနိမိုး အိမ်လေးကို ဓနိပျစ်လေးတွေ ၀ယ်ပြီး အစားထိုး၊ ပြီးရင် တော့ မိုးလေးကျ၊ ကျောင်း လေးဖွင့်ရင် တွတ်ပီကိုတော့ အတန်းကျောင်းမှာ ထားနိုင် လောက်ပါပြီ။

၃။
“ဟေ့ကောင် ဗုတို၊ မင်း လှုပ်တုပ်လှုပ်တုပ်နဲ့ မအိပ်တာ လား”

“အေးကွ ငါတို့ မနက် ဖြန် ရန်ကုန်ဆိုတာကြီးကို ရောက်တော့မှာမို့ ပျော်နေတာ တုတ်ပုရဲ့”

“တိုးတိုးပြောပါ ဗုတိုရ၊ အသေးလေးနိုးသွားလို့ ထငို နေပါဦးမယ်။ ဒီကောင်က မင်းသိတဲ့ အတိုင်း”

“အေးကွာ အသေးလေး က အခြောက်ကျနေတာပဲ။ ရန်ကုန်ကို သွားရမှာတောင် သူ့အမေနဲ့ မခွဲနိုင်လို့ ငိုနေရ သေးတယ်။ ငါကတော့ အေး ဆေးပဲ။ ငါ့အမေက ငိုနေတာ တောင် အမေ ငိုမနေနဲ့၊ သား ပိုက်ဆံပို့လိုက်မယ်လို့ ပြောခဲ့ သေးတယ်”

“မဟုတ်ဘူး ဗုတိုရဲ့။ အသေးလေးက ကျောင်းဖွင့် ရင် ဆရာမ အတန်းကျောင်း တက်ချင်လို့ ကျောင်းမတက် ရမှာစိုးလို့ ငိုနေတာ”

အသံလေးတွေက တိုးတိုးအုပ်အုပ်နဲ့ ပကျိ၊ ပကျိ ပြောနေကြပေမဲ့၊ မီးခွက် ကလေးမှုတ်ပြီး အမှောင်ထဲမှာ တစ်ယောက်တည်း ထိုင်နေတဲ့ မြင့်ဆောင် အတိုင်းသားကြား နေရတယ်။ အိမ်အမိုးကလေး က ဆန်ခါပေါက်လို ဖြစ်နေပေမဲ့ လမိုက်ရက်ညမှောင်မှောင် ထဲမှာမို့ အလင်းတွေက အိမ် ထဲကို တိုးဝင်မလာနိုင်ကြ။ စကားတွေပြောနေတဲ့ ကလေး နှစ်ယောက်ကတော့ အမှောင် ထဲမှာ မြင့်ဆောင်ထိုင်နေတာ ကို မြင်ရမှာ မဟုတ်ပါဘူး။

“ဟေ့ကောင် ဗုတို၊ ဦးမြင့်ဆောင်ကြီးရဲ့သား တွတ်ပီကိုကျတော့ ဦးမြင့် ဆောင်ကြီးက ငါတို့လို ရန်ကုန်ကို မပို့ဘူးလားကွ”

“ဟာ မင်းက မသိဘူး လား။ သူတို့က ပိုက်ဆံရှိ တယ်လေကွာ။ ဆန်ဆိုပြည်လိုက်၊ ဆီဆို ပုလင်းလိုက် ၀ယ်နိုင်တဲ့လူတွေကွ။ ငါတို့ လို မနက်ထမင်းစား၊ ညနေ ဆန်ပြုတ်သောက်တဲ့အဆင့်မှ မဟုတ်တာ။ ပြီးတော့ တွတ်ပီက ကျောင်းဖွင့်ရင် ဆရာမ အတန်းကျောင်းမှာ တက်မှာတဲ့ကွ”

အသံလေးတွေက တိုး တိုးအုပ်အုပ်နဲ့ ပြောရင်းက ပျောက်သွားပြန်တယ်။ ကလေးတွေ ပြန်အိပ်သွားကြ ပြီထင်ရဲ့။ အမှောင်ထဲမှာထိုင် နေတဲ့ မြင့်ဆောင်လည်း အခန်းထဲဘက်ကို ပြန်ဝင် လိုက်တယ်။ လေတွေ ဒလဟော တိုက်နေလို့ အိမ်လေးက သိမ့် သိမ့်တုန်နေပေမဲ့ မြင့်ဆောင် ရင်တွေ အသက်ရှူ မ၀သလို ဘဲ မောဟိုက်နေတယ်။ အိမ် ရှေ့က ကလေးလေးယောက်။ သူတို့နဲ့ပတ်သက်ပြီး မြင့်ဆောင် ရလာမယ့် ငွေခြောက် သောင်း။ ပြီးတော့ သားလေး တွတ်ပီ။ မြင့်ဆောင်ရဲ့အာရုံ တွေဟာေ၀၀ါးထွေပြားနေဆဲ။

“တွတ်ပီက ကျောင်း တွေဖွင့်ရင် ဆရာမအတန်း ကျောင်းတက်မှာကွ” ဆိုတဲ့ အိမ်ရှေ့က ကလေးတစ် ယောက်ရဲ့စကား။

“ခင်ဗျားသားလေးကို ကျောင်းမထားမယ့်အတူတူ၊ ကျုပ်ဆိုင်မှာထားဖို့ ခေါ်ခဲ့ပါ လား” ဆိုတဲ့ ကိုတိုးမောင်ရဲ့ ဖုန်းထဲကစကား။

လင်းကြက်တို့ တွန်နေ ပြီမို့ မကြာခင်မိုးလင်းတော့ မှာပဲလို့ မြင့်ဆောင်တွေးလိုက် တယ်။ သားလေးတွတ်ပီက တော့ မိန်းမဖြစ်သူ မိဌေး ဘေးမှာ တုတ်တုတ်မှတောင် မလှုပ်။ တစ်စုံတစ်ခုကို မြင့် ဆောင် ခပ်သွက်သွက်ပဲ စဉ်း စားဆုံးဖြတ်လိုက်တယ်။ အဲဒီ လို မလုပ်လို့လည်းမရဘူး။ မကြာခင်မှာ မိုးကလင်းလာ တော့မှာလေ။
“မိဌေး မိဌေး ဟဲ့ ထစမ်းပါဦး”

“အင်း ဘာဖြစ်လို့လဲ ကိုမြင့်ဆောင်ရဲ့။ တော် ကား ဂိတ်ကို ဆင်းမယ့်အချိန် ရောက်ပြီလား”

“မဟုတ်ဘူးဟ။ ငါ မနက်မိုးလင်းရင် ရန်ကုန် မသွားတော့ဘူး။ နောက် လည်း ဘယ်တော့မှ မသွား တော့ဘူးဟာ”

“အယ် အဲဒါဆို အိမ်ရှေ့ က ကလေးလေးယောက်ကို တော်ဘယ်လို လုပ်မှာတုံး”

“မိဌေးနှယ်ဟာ။ တုံး လိုက်တာ။ မိုးလင်းလို့ ရှိရင် ကလေးတွေကို နှိုးပြီး သူ့အိမ် သူပြန်လွှတ် လိုက်မှာပေါ့ဟ”
မင်းဝေဟင်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)


back to top