ငမိုးရိပ်အ၀င်နှစ်ဖာလုံ

(၁)
 'လူတစ်ဦး ပူမှုရယ်တဲ့ ဆယ်ကုဋေ' တဲ့။ လူတွေကြားမှာ သုံးနေတဲ့စကားလေးတစ်ခုပါပဲ။ ကျုပ်က လူမဟုတ်တော့ အဲ့ဒီစကားက ကျုပ်နဲ့မဆိုင်လှပါ ဘူး။ မဆိုင်ဆိုရင်လည်း အစကကျုပ်ဘ၀မှာ ပူမှုဆိုတာမှမရှိခဲ့ပဲကိုး။ ဟော . .တကယ့် တကယ်ပူမှုတွေဝင်လာချင် တော့လည်း အကြောင်းမကြားဘာမကြားနဲ့ ဟောတစ်ခု၊ ဟောတစ်ခုဆိုသလို ဆက်တိုက်ကြီးဝင်လာခဲ့တာကိုး။ ကျုပ်ကလည်း ကျုပ်ပဲလေ။ စောစောပိုင်းကဆိုဝင်လာသမျှ ပူမှုတွေကိုတောင် အားရ၀မ်းသာလက်ကမ်း ကြိုဆိုနေချင်ခဲ့သေးတာ။ ကျုပ်ရဲ့အထီးကျန်ဘ၀လေး စိုပြည်လာတယ်လို့တောင် ကျုပ်ကသတ်မှတ်နေခဲ့သေးတာ လေ။ တကယ်လည်း ကျုပ်ရဲ့အထီးကျန်ဘ၀လေးက ထိုက်သင့်သလောက် စိုပြည်နေခဲ့ပါသေးတယ်။ ကျုပ်ဆိုတာ များ 'ဒုက္ခကိုအားရ၀မ်းသာလက်ကမ်းကြို' ဆိုသလို ၀င်လာသမျှ ဒုက္ခတွေကို ဘာမသိ၊ ညာမသိကို မျက်စိ မှိတ်ကြိုဆိုနေခဲ့တာ။ စောစောပိုင်းက ကာလတစ်ခုအထိပေါ့။ အခုလိုကျုပ်ရဲ့ဘ၀ကြီးနဲ့ ရင်းရမယ်ဆိုတာ အစကတည်းက ကျုပ်သိနေခဲ့မယ်ဆိုရင်တော့ အခြေအနေ ဟာ ဘယ်ဒီလိုဖြစ်လာတော့မလဲ။ အခုလိုကြီးဖြစ်လာခဲ့ပြီးမှတော့ ကျုပ်ရဲ့အရင်လိုဘ၀ကို သေလောက်အောင် ပြန်လိုချင်နေရင်လည်း နောက်ကြောင်းပြန်စိတ်ကူးယဉ်ဇာတ်တစ်ပုဒ်လို ဖြစ်နေမှာကလွဲလို့ ကျုပ်ဘာမှတတ်နိုင် တော့မှာမဟုတ်ဘူးလေ။ (၂) ကျုပ်ရှိနေတဲ့နေရာကို ပထမဆုံးရောက်လာတဲ့ သူကနည်းနည်းထူးခြားပါတယ်။ သူ့ကိုတော့ ဒုက္ခလို့ ကျုပ်က မသတ်မှတ်ပါဘူးလေ။ ဘာလို့လဲဆိုတော့ သူ့အရင် ကျုပ်ဆီကို ဘယ်သူမှရောက်မလာခင်ကာလတုန်းက ကျုပ်ဆိုတာများ ဘယ်လိုနေရမှန်းမသိအောင်ကိုပျင်းလို့။ သူရောက်လာတော့မှ ကျုပ်မှာလည်း လေ့လာစရာ၊ စူးစမ်းစရာတိုးလို့ ကျုပ်ဘ၀လေးနေသာထိုင်သာရှိသွားတာ။ ကျုပ်ဆီပထမဆုံးရောက်လာတဲ့သူလေ။ ရောက်တဲ့နေ့ကဆို ကျုပ်မှာအံ့သြပြီးရင်း အံ့သြလို့။ ဒီပုဂ္ဂိုလ်က အသက်အားဖြင့်ရှိလှ ငါးဆယ်အလွန်အကျွံပါ။ ဒါကလည်း ရင်းနှီးမှ ကျုပ်ကအခြေအနေမှန်ကို ခန့်မှန်းရတာ။ ကျုပ်ဆီရောက်လာတဲ့နေ့က ဒီပုဂ္ဂိုလ်ကြီးကြည့်ရတာ အသက်ရှစ်ဆယ်ကျော်၊ ကိုးဆယ်ကြီးလို့တောင်ထင်စရာ။ ဒီပုဂ္ဂိုလ်ကြီးကိုကြည့်ရတာ ခါးကကိုင်းကိုင်းဆိုတာမှမျက်နှာနဲ့မြေကြီးကွာလှ နှစ်တောင်ပေါ့။ တောင်ဝှေးတစ်ခုကို လည်း တစ်ကိုယ်လုံးမှာရှိသမျှအားတွေနဲ့ စုပြုံဖိလို့ 'ဒေါက် . .ဒေါက် . .ဒေါက်' ဆိုတဲ့အသံတွေနဲ့အတူ ကျုပ်ဆီကို ရောက်လာခဲ့တာ။တောင်ဝှေးရဲ့ထိပ်ဖျားမှာလည်းြွေမရုပ်လိုလို၊ နဂါးရုပ်လိုလို အရုပ်တစ်ရုပ်ကို သင်္ဘောဆေးလားဘာလား မသိတဲ့ ဆိုးဆေးတစ်ခုနဲ့ ဆိုးထားသေးတာ အရောင်ကိုရဲလို့။ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေကလည်း နီကျင် ကျင်၊ ဖြူရော်ရော်အရောင်တွေလွှမ်းလို့ အောက်ကိုကောက်တိကောက်ကွေး တွဲရရွဲကျနေတာခါးကိုင်းနေတဲ့သူဆို တော့ မြေကြီးနဲ့ထိလုထိခင်ကိုဖြစ်လို့။ သျောင်ပုံစံလို ထုံးထားတဲ့ဆံပင်တွေက သျောင်ထဲမှာတစ်ခိျု့၊ ပြေထွက်ကျနေတာတစ်ခိျု့နဲ့ ဗရုသုက္ခဖြစ်နေ ပုံကလည်း ပဲကြာဆံတွေ နာဂစ်မုန်တိုင်းဝင်မွှေ့ခံထားရတဲ့အတိုင်း။ အံမယ် . .အထက်အောက်ဝတ်စုံကျတော့ ပုဆိုးမှာ ၀ါကျင်ကျင်လေးအနည်းငယ်စွက်နေရုံကလွဲလို့ အဖြူရောင်လွလွလေးကိုမှ လွင်လို့ဆိုရမယ့်ပုံလေး။ လည်ပင်းမှာဆွဲထားတဲ့ ပုတီးကျတော့လည်း ငုံးဥပြုတ်တွေသီထားသလား ထင်မှတ်ရအောင် ပြူးထွက်လို့။ အရောင်တွေလွင့်ပြယ်လို့ နဂိုမူလအရောင်က ဘာအရောင်မှန်းခန့်မှန်းလို့ မရနိုင်တော့တဲ့ လွယ်အိတ်ထဲမှာတော့ သတင်းစာစက္ကူလိုလို၊ စာတွေရေး၊ အင်းကွက်တွေဆွဲထားတဲ့ စာရွက်စာတမ်းတွေနဲ့ ရှုပ်ယှက်ကိုခတ်လို့။ ကျုပ်က တော့ သူကျုပ်ဆီကိုစပြီးရောက်လာတာနဲ့ စိတ်ထဲကနေ နာမည်တစ်ခုကိုပေးလိုက်ပြီ။ 'မုတ်ဆိတ်ဖြူဘိုးတော်ကြီး လို့'လေ။ မုတ်ဆိတ်ဖြူကြီးကစေ့ထားတဲ့ တံခါးတစ်ချပ်ကို တောင်ဝှေးနဲ့တွန်းထုတ်လို့ ကျုပ်ရဲ့နယ်နိမိတ်ထဲကို ရောက်လာတာနဲ့တင်ပါးစပ်က တိတ်တိတ်လေးရေရွတ်လိုက်သံကို ကျုပ်က ကြားလိုက်တယ်။ 'အလို . .ဖုန်တွေနဲ့မွှန်ထူနေပြီး လူမနေတဲ့ အိမ်အိုကြီးပါကလား'တဲ့။ ကျုပ်ဖြင့်ရယ်ချင်ရောလေ။ 'ဖုန်တွေနဲ့မွှန်ထူပြီး ရှိမနေရအောင် ကျုပ်ကိုအဆင့်မြင့်ကွန်ဒိုတိုက်ခန်း များ အောင့်မေ့နေသလားမသိ' ဆိုပြီးတော့လေ။ ကျုပ်ကသူပြောသလို အိမ်အိုကြီးဖြစ်နေလို့လည်း သူအခမဲ့ ၀င်ပြီးတည်း လို့ရတယ်ဆိုတာ သိသိကြီးနဲ့ သူပြောထွက်တာကိုပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ အနေအထားကို ခန့်မှန်းသဘောပေါက်လိုက်ပါပြီ။ ကျုပ်ရှိနေတဲ့ နေရာက တောင်ဥက္ကလာဘက်ကလာရင် သင်္ဃန်းကျွန်းကို ၀င်တယ်ဆိုရုံလေး။ သင်္ဃန်းကျွန်းကိုဝင်ဖို့ ငမိုးရိပ်ရပ်ကွက်ဆိုတာ ကိုရောက်ဖို့ နှစ်ဖာလုံလောက်အလိုမှာတည်ရှိနေတာလေ။ ဟိုး . .ခပ်လှမ်းလှမ်းမှာလည်း ညဘက်အထိ ဂက်(စ်) စောင့်ပြီးဖြည့်နေကြတဲ့ ကားတန်းကြီးက တစ်သီတစ်တန်းကြီး။ ကားတန်းကြီးနားမှာလည်း ညပိုင်းဆိုရောင်စုံ မျက်နှာပိုင်ရှင်လေးတွေက ရှုပ်ယှက်ခတ်နေကြတာ အသည်းယားမျက်စေ့နောက်ချင်စရာ။ ပြီးတော့ ကျုပ်ဆီကဆက်ပြီးသွားရင် ဘာဝေးလို့တုန်း။ ရန်ကုန်အခေါ် တစ်ဘလောက်၊ ပုသိမ်အခေါ် တစ်တိုင်၊ မန္တလေးအခေါ်ဆို တစ်ပြပေါ့။ အဲ့ဒီမှာစံပြဈေးဆိုတာကြီးက ဟည်းလို့။ ဆိုတော့ မုတ်ဆိတ်ဖြူ ဘိုး တော်ကြီးလို့ ကျုပ်နာမည်ပေးထားတဲ့ ဒီပုဂ္ဂိုလ်ကြီးက ကျုပ်ဆီမှာတည်းလို့၊ ခိုလို့ စံပြဈေးဘက်မှာ စီးပွားရှာပေ မပေါ့။ ခြုံငုံခန့်မှန်းပြီးလို့ ကျုပ်ပြုံးစိစိဖြစ်နေတာဘာကြာသေးတုန်း။ အသံထွက်ရယ်ချင်လောက်အောင် မုတ်ဆိတ် ဖြူကြီးတို့လုပ်ချလိုက်ပုံလေ။ ကြည့်ပါလား။ အိမ်ထဲရောက်လို့မှ မိနစ်ပိုင်းမကြာသေးဘူး။ ၀င်လာတဲ့တံခါးရွက်ကနေ ကုန်းကုန်းကွကွနဲ့အပြင်ကိုချောင်း လို့၊ စိတ်ချရပြီဆိုတဲ့ အနေအထားရောက်လို့ထင်ပါရဲ့။ အတွင်းဘက်ကိုပြန်ဝင်၊ တစ်လမ်းလုံးအားပြုလာတဲ့ တောင်ဝှေးကို ခေါင်းရင်းဘက်အခန်းဆီ စွေ့ကနဲပစ်လိုက်ပြီး ခါးဆန့်၊ ခြေဆန့်လုပ်လိုက်တော့မှ။ လား . .။ လား . .။ နည်းတဲ့အရပ်အမောင်းမဟုတ်ပါလား။ ကျုပ်အဲ့ဒီလို အံ့သြမှုတွေနဲ့ မှတ်ချက်ချနေတုန်း မုတ်ဆိတ်ဖြူ ဘိုးတော်ကြီးက နှုတ်ကနေတိုးတိုးလေးရေရွတ်လိုက်သံကို ကျုပ်က ကြားလိုက်တာ။ ဘာတဲ့။ 'အာပါး . . အခုမှပဲ တစ်နေကုန်ညောင်းလာတာ ပြေရတော့တယ်။ အမလေး . .ကျွတ်ကျွတ်' တဲ့။ (၃) ဒုတိယမြောက်ရောက်လာတဲ့ ဧည့်သည်အကြောင်းပြောရရင်တော့ ကျုပ်ပါစိတ်ဖောက်ပြန်သွားချင်တယ်။ တကယ်။ သူမကတော့ သွက်သွက်ခါတဲ့အဆင့်ကိုမရောက်ပေမဲ့ စိတ်တော့လုံးဝမနှံ့နေတဲ့ အမျိုးသမီးတစ်ယောက် လေ။ ရောက်လာစကတော့ မချောကို ကျုပ်ကတစ်ကိုယ်တည်းလို့ထင်တာ။ အခုတော့ ဘယ်လာဟုတ်လိမ့်မလဲ။ ဘယ်အချိန်ကများ ဘယ်လိုသကောင့်သားနဲ့အကြောင်းပါလာတယ်မသိပါဘူး။ ရှေ့ကိုပြူစစကိုယ်ဝန်တစ်ခုဟာ စူတူတူနဲ့ပါလာလေရဲ့။ ကျုပ်နေတဲ့ ပတ်ဝန်းကျင်ရယ်၊ လူနေမှုစရိုက်ရယ်ဆိုတာကလည်း စိတ်မနှံ့နေတဲ့အမျိုးသမီး တစ်ယောက်ရဲ့ လုံခြုံမှုအတွက်တောင် စိုးရိမ်ရေမှတ်က ပြချင်နေတာလေ။ ဒီအမျိုးသမီးရောက်လာပုံကလည်း ခပ်ဆန်းဆန်းရယ်။ ဆန်းဆိုလည်းကြည့်။ ကျုပ်ဆီကိုမုတ်ဆိတ်ဖြူ ကြီးဝင်လာသလို အိမ်ရှေ့ဆီက၀င်လာတာမဟုတ်ပဲ လူတစ်ရပ်လောက်နီးပါးမြင့်တဲ့ စည်းရိုးကိုကျော်လို့၊ ခွလို့ နောက်ဖေးအပေါက်ကနေ တိတ်တိတ်လေးဝင်လာတာ။ ဒါကို မုတ်ဆိတ်ဖြူကြီးက မြင်ဖြစ်အောင်မြင်သွားလိုက် သေးလေ။ တစ်နေကုန်အလင်းရောင်ခိျု့တဲ့တဲ့ သူလိုသရုပ်ဆောင်ထားရတဲ့ သူမို့လားမသိပါဘူး။ ညပိုင်းဆိုရင် မုတ်ဆိတ်ဖြူကြီးရဲ့မျက်လုံးတွေဆိုတာများတယ်ပြီးအားကောင်းပေါ့။ 'ဟိတ် . .ဘယ်သူတုန်း' ဒါကတော့ 'ဘယ်သူ ဘယ်ဝါပါလိမ့်' ဆိုတဲ့အတွေးနဲ့မင်တက်နေတဲ့ မုတ်ဆိတ်ဖြူကြီးကို မေးလိုက်တဲ့ မေးခွန်းပါပဲ။ မုတ်ဆိတ်ဖြူကြီးလည်း တန်ပြန်မေးဖို့ စဉ်းစားလိုက်တယ်ဆိုရင်ပဲ သူ့မျက်လုံးအကြည့်တွေက တစ်နေရာမှာ ရပ်တန့်သွားပြီး ဘာပြောရမှန်းမသိဖြစ်သွားတယ်။ ဟိုအမျိုးသမီးပေါ့။ စူတူတူနဲ့ရှေ့ကိုအနည်းငယ်ပူထွက်နေတဲ့ ၀မ်းဗိုက်ကိုကော့လို့ 'စမ်းရဲရင်လာစမ်းလေ' ဆိုတဲ့ အချိုးမျိုးနဲ့ ဟောင်ကောင်ဂျက်မ ဒီဇိုင်းဖမ်းထားလိုက်တာ။ ဒီပုံစံမြင်ကတည်းက ဒီအမျိုးသမီးရဲ့အခြေအနေကို မုတ်ဆိတ်ဖြူ ကြီးက ခန့်မှန်းမိလောက်ရောပေါ့။ မုတ်ဆိတ်ဖြူကြီးက ဘာမှမပြောတော့မှပဲ အမျိုးသမီးလည်းပါလာတဲ့ အထုပ်ကို ဖြေ၊ စောင်စုတ်၊ ခြင်ထောင်စုတ်၊ အစုတ်ပေါင်းများစွာကိုဆွဲထုတ်လို့ နေရာချနေလိုက်တာများ အနှစ်နှစ်အလလက နေလာတဲ့ သူ့အိမ်သူ့ယာအတိုင်း။ မုတ်ဆိတ်ဖြူကြီးကလည်း ဟိုချောင်း၊ သည်ချောင်းတချောင်းချောင်းနဲ့ အမျိုးသမီးရဲ့လှုပ်ရှားမှုကို အကဲခတ် နေတယ်ထင်ပါ့။ ဒါကိုဗိုက်ပူမအမျိုးသမီးက ဘယ်လိုအထာတွေနဲ့ သဘောပေါက်သွားတယ်မသိပါဘူး။ အခန်း ပျက်တစ်ခုထဲကိုလှမ်းဝင်လို့ တံခါးကို 'ဂျိမ်း'ကနဲဆွဲပိတ်လိုက်တာ ကျုပ်ဆိုတာများ သိမ့်သိမ့်ကိုတုန်သွားတာပဲ။ ဒါတောင် အမျိုးသမီးက ထောင်ထောင်မောင်းမောင်း၊ ဗလကောင်းကောင်းဆိုတဲ့အစားထဲက မဟုတ်လို့။ လူက သေးသေးသွယ်သွယ်နိုင်လှတဲ့အပြင် အရပ်ကလည်း ငါးပေမပြည့်တဲ့အရပ်ဆိုတော့ ဒီအမျိုးသမီးနဲ့သူ့ကိုယ်ဝန်က ဘယ်လိုမှ သဟဇာတမဖြစ်လှပါဘူး။ ခပ်လှမ်းလှမ်းကများ အမှတ်မထင်ကြည့်လိုက်မယ်ဆိုရင် လက်မမှာဝက်ခြံ ကြီးကြီးပေါက်နေတဲ့ ပုံစံလောက်ရှိတာကိုး။ ခဏကြာတော့ အမျိုးသမီးကဘာဖြစ်တယ်မသိပါဘူး။ ပြေလျော့နေတဲ့ သူမရဲ့ထမီကိုမနိုင်မနင်းပြင်ဝတ်လို့ ဒရောသောပါးပြေးထွက်လာပြန်တယ်။ ပြီးတော့ အိမ်အောက်ဘက်က ခဲလုံးတစ်လုံးကိုသွားကောက်လို့ သူမရဲ့ အခန်းရှေ့မှာ စည်းသုံးကြောင်းကိုတားနေလေရဲ့။ စည်းတွေလည်းတားပြီးရော သူမရဲ့မျက်နှာက ချက်ချင်းဆိုသလို အရောင်ပြောင်းသွားတယ်။ တစ်ခုခုကိုကျေနပ်စိတ်ချသွားတဲ့ မျက်နှာမျိုးနဲ့ မုတ်ဆိတ်ဖြူကြီးကို သူမက လှမ်းအော် ပြောလိုက်သေးတယ်။ 'စည်းချလို့ပြီးသွားပြီ အဘိုးကြီး၊ ရှင်ဝင်လာလို့မရတော့ဘူး' ပြောပြီးပြီးချင်း အမျိုးသမီးက အခန်းထဲကိုပြန်ဝင်သွားပြန်တယ်။ ဖြေးညင်းနွဲ့နှောင်းတဲ့ ခြေလှမ်းတွေနဲ့ လေ။ ဒီတစ်ကြိမ်တော့ အခန်းတံခါးကိုတောင် ခပ်ကြမ်းကြမ်းဆောင့်မပိတ်တော့ပါဘူး။ သူ့စည်းသူယုံကြည်သွား ပြီကိုး။ မိန်းမတို့ရဲ့သိက္ခာနဲ့ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ရမယ့်အသိဟာ စိတ်မနှံ့နေတဲ့ မိန်းမတစ်ယောက် ဆီမှာတောင် အနည်းနဲ့အများဆိုသလို ရှိနေသေးတာဖြင့် ချီးကျူးချင်စရာ။ မုတ်ဆိတ်ဖြူကြီးကတော့ ပြုံးစိစိမျက်နှာပေးနဲ့ အိမ်ရှေ့ခန်းဘက်မှာပဲ ရှိနေလေရဲ့။ ဘာပဲပြောပြော သူ့ကြည့်ရတာလည်း အဖော်တစ်ယောက်တိုးလာလို့ အားတက်သွားတဲ့ ပုံစံနဲ့လေ။ သူလည်း ကျုပ်ဆီမှာ တစ်ယောက်တည်းနေလာတာကြာပြီပဲလေ။ ပျင်းရှာမှာပေါ့။ (၄) ဗိုက်ပူမ အမျိုးသမီးရောက်လာတာ ဘာကြာသေးလဲ။ သူမနဲ့မုတ်ဆိတ်ဖြူကြီးတောင် ရင်းနှီးမှုဆိုတာ သိပ်ပြီးမရကြသေးပါဘူး။ ကျုပ်ပြဿနာတက်တာလေ။ အဲ့ဒီညက ညဥ့်အတော်နက်နေတဲ့ အချိန်မှာ ဗိုက်ပူမအမျိုးသမီးပေါ့။ သူ့ဗိုက်ထဲက သန္ဓေသားဟာ လူ့လောကထဲရောက်ဖို့ အချိန်တန်လာပြီထင်ပါရဲ့။ ဗိုက်ကိုလက်နှစ်ဘက်နဲ့နှိပ်လို့ ပါးစပ်က သံစုံမြည်နေလေရဲ့။ လူးလှိမ့်နေတာကလည်း တီကောင်ကို ဆားနဲ့တို့ထားသလိုမျိုးပေါ့။ တဒုန်းဒုန်း၊ တဒိုင်းဒိုင်းနဲ့အခန်းတစ်ခုလုံးလည်း သိမ့်သိမ့်တုန်နေလေရဲ့။ အံမယ်။ ဒီတစ်ခါတော့ မုတ်ဆိတ်ဖြူကြီးက အားကိုးရသားလေ။ ဘုရားစင်ရှေ့မှာ ရေတစ်ခွက်ကိုချလို့ ပွစိ၊ ပွစိနဲ့ငါးမိနစ်လောက် ရွတ်ပြီးသကာလ ဗိုက်ပူမအမျိုးသမီးကို 'ဒါလေးသောက်လိုက်'ဆိုပြီး ပေးလိုက်ပါလေ ရော။ အကူအညီတောင်းခံလိုသူ ဘ၀တူအချင်းချင်း စာနာရိုင်းပင်းစိတ်လေး မုတ်ဆိတ်ဖြူကြီး ရင်မှာရှိနေတာဖြင့် ချီးကျူးချင်စရာ။ မုတ်ဆိတ်ဖြူကြီးကိုပဲ ရင်းနှီးမှုအချိန်တောအတွင်းမှာ ယုံကြည်သွားခဲ့လို့လား။ ဒါမှမဟုတ် ဝေဒနာပဲ အလူးအလဲခံစားနေရလို့လားမသိပါဘူး။ ဗိုက်ပူမအမျိုးသမီးက မုတ်ဆိတ်ဖြူကြီးပေးတဲ့ ရေမန်းကိုမော့ သောက်လိုက်တာ ဂလု ကနဲတောင်မြည်တယ်။ ဒါလည်းသိပ်တော့ မကြာလိုက်ပါဘူး။ ဗိုက်ပူမအမျိုးသမီးကတော့ အော်မြဲတိုင်းဆက်ပြီး အော်နေပြန် တယ်။ ကျုပ်လည်းမုတ်ဆိတ်ဖြူကြီးနည်းတူ စိတ်ပူလာတာပေါ့။ လက်မက ၀က်ခြံပေါက်ထွက်ဖို့က အတော်လေး ခက်ခဲဦးမှာဆိုတော့လေ။ ဒီအခြေအနေကို မုတ်ဆိတ်ဖြူကြီးကလည်း ရိပ်စားမိပုံရတယ်ထင်ရဲ့။ 'ကလေးမ . . .အခြေအနေကောင်းရဲ့လား' လို့ ခဏခဏမေးနေရှာတယ်။ ခဏကြာတော့ အိမ်ရှေ့ကို မုတ်ဆိတ်ဖြူကြီးပြေးထွက်သွားတယ်။ ပြေးထွက်သွားတယ်ဆိုပေမယ့်လည်း အိမ်တံခါးကိုကျော်ရုံနဲ့တင် တောင်ဝှေးကိုထောက်လို့ မုတ်ဆိတ်ဖြူကြီးတို့က မူလပုံစံပြန်ရောက်သွားတယ်လေ။ 'သတိဆိုတာ ပိုသည်မရှိမဟုတ်လား'။ တစ်ဆက်တည်းဆိုသလိုပါပဲ။ မုတ်ဆိတ်ဖြူကြီးနဲ့အတူ ဆိုက်ကားသမားတစ်ယောက်နဲ့ဆိုက်ကားတစ်စီးပါ လာတယ်။ လျှပ်တစ်ပြက်အတွင်းမှာပဲ ဗိုက်ပူမအမျိုးသမီးကို ဆိုက်ကားပေါ်တင်လို့ ဆေးရုံလို့ ကျုပ်ထင်ရတဲ့ နေရာတစ်ခုဆီ ခရီးဆက်သွားကြတယ်။ ကျုပ်လည်း ဗိုက်ပူမအမျိုးသမီးအတွက် တောင်းဆုမျိုးစုံချွေလို့ ကျန်ခဲ့ရ တယ်လေ။ အဲ့ဒီမှာတင် ပြဿနာတွေက ကျုပ်ဆီကို အလုံးအရင်းနဲ့ ၀င်လာတော့တာလေ။ မုတ်ဆိတ်ဖြူကြီးတို့ ထွက်သွားတာ ဘာကြာသေးတုန်း။ တောင်းဆုချွေနေတဲ့ ကျုပ်တစ်ချက်လေးငိုက် မြည်းသွားတဲ့ မျက်စိတစ်မှတ်အချိန်ပိုင်းခြားလေးအတွင်းမှာပဲ ဖြစ်ရပ်ဆန်းတစ်ပုဒ်ဟာ ကျုပ်ဆီကိုဆိုက်ဆိုက်မြိုက် မြိုက်ရောက်လာခဲ့တာ။ တစ်နည်းအားဖြင့် ကျုပ်ဆီကိုတတိယမြောက်ရောက်လာတဲ့ နောက်ဆုံးဧည့်သည် အဖွဲ့လို့ပြောရမှာ။ ကျုပ်ရဲ့တတိယမြောက်ဧည့်သည်တွေရယ်လေ။ ကျုပ်ဖြင့်အံ့သြမှုတွေ၊ မယုံကြည်နိုင်မှုတွေနဲ့အကြိမ်ကြိမ်ကို မင်တက်နေမိတာ။ ခေတ်ပေါ်အပြင်အဆင် တွေအပြည့်၊ မျက်နှာမှာလည်း သက်တန့်ထက်ပိုစုံတဲ့ အရောင်မျိုးစုံနဲ့သွက်ချင်တိုင်းသွက်နေတဲ့ အမျိုးသမီးက တစ်ယောက်။ ကြေးနီရောင်သွားတွေကို ကိုယ်စီပိုင်ဆိုင်ထားကြတဲ့ အဆီပြန်မျက်နှာများနဲ့၊ အသားမည်းမည်း ဗိုက်ရွှဲရွှဲကားသမားပုံပေါက်နေတဲ့ အသက်ငါးဆယ်အရွယ်လူကြီးက နှစ်ယောက်။ ကျုပ်စောစောက ပြောခဲ့ပါရောလား။ ညပိုင်းဆို ဂက်(စ်)စောင့်ဖြည့်နေကြတဲ့ ကားတန်းကြီးနားမှာရောင်စုံ မျက်နှာလေးတွေ ရှုပ်ယှက်ခတ်နေကြတယ်ဆိုတာ။ ခပ်ညံ့ညံ့မဟုတ်တဲ့ ကျုပ်ကတော့ ဒီကောင်မလေးဟာ စောစောက ကျုပ်ပြောခဲ့တဲ့ကောင်မလေးတွေထဲက တစ်ယောက်ဆိုတာ သဘောပေါက်လိုက်ပြီ။ 'ဟ . .ဘာတွေလဲဟ' ဆိုတဲ့အကြည့်နဲ့ ကျုပ်က အကဲခတ်နေတုန်းမှာ ဧည့်သည်အဖွဲ့က ကျုပ်ဆီကို တန်းတန်းမတ်မတ်လာလို့ မကြာလိုက်ပါဘူး။ ဗိုက်ပူမအမျိုးသမီးနေတဲ့ အခန်းထဲကိုဝင်သွားကြပါလေရော။ 'ဘာလုပ်ရမလဲ' ဆိုတဲ့အတွေးတွေ ကျုပ်ခေါင်းထဲကို တရစပ်ဆိုသလိုရောက်လာပေမယ့် အဖြေတွေ လည်းမရေရာလှပါဘူး။ အဖြစ်အပျက်တွေက အံ့သြစရာ။ ဗိုက်ပူမအမျိုးသမီးအတွက် ဆုတောင်းပေးနေတဲ့ ကျုပ်ရဲ့ဆုတောင်းတွေတောင်မူ မမှန်တော့ပဲ အိုးနင်း၊ ခွက်နင်း ကသောင်းကနင်းကိုဖြစ်လို့။ ဘာကြာလိုက်မတုန်း။ ဖြစ်ပြီးရင် ပျက်တတ်တာ ဓမ္မတာပဲဥစ္စာ။ ရပ်ကွက်လူကြီးလို့ထင်ရတဲ့ ပုဂ္ဂိုလ်တွေရယ်။ ရဲဝတ်စုံအပြည်နဲ့ပုဂ္ဂိုလ်တွေရယ်။ စုစုပေါင်းလူခြောက်ယောက် ဟာ ဘယ်ကဘယ်လိုရောက်ချလာတယ်မသိပါဘူး။ တိတ်ဆိတ်နေတဲ့ ညဥ့်ကာလမှာဒုန်းဒုန်း၊ ဒိုင်းဒိုင်းအသံတွေနဲ့ အတူ အဆီပြန်နေတဲ့ လူနှစ်ယောက်နဲ့ကောင်မလေးကို အထက်ပါပုဂ္ဂိုလ်တွေက ရုတ်ချည်းဆိုသလိုခေါ်ဆောင်သွား ကြရောလေ။ ဟော . . ။ နောက်နေ့ မနက်မိုးလင်းပြီးဘာကြာသေးတုန်း။ ဗိုက်ပူမ အမျိုးသမီးနဲ့ မုတ်ဆိတ်ဖြူကြီးတို့ရဲ့သတင်းစောင့် မျှော်နေတဲ့ ကျုပ်ဆီကိုတန်းတန်းမတ်မတ်ဝင်လာတာက ပြဿနာတွေလေ။ အဲ့ဒီပြဿနာတွေရဲ့ နောက်ဆက်တွဲ မှာ ကျုပ်၇ဲ့ဘ၀လည်း ပြီးဆုံးသွားရတယ်လို့ပဲ ဆိုပါတော့။ ဘာကြောင့်ဆိုတဲ့ရေရာတိကျတဲ့ အဖြေကို ကျုပ်မရလိုက်ပေမဲ့ ညက ဖြစ်ပျက်ခဲ့တဲ့ကိစ္စရဲ့နောက်ဆက်တွဲဆို တာကို ကျုပ်သဘောပေါက်လိုက်ပြီ။ မုတ်ဆိတ်ဖြူကြီးနဲ့ဗိုက်ပူမ အမျိုးသမီးတို့ရဲ့ခိုလှုံရာကျုပ်ရဲ့ဘ၀ကြီး ဆုံးရှုံးသွား တော့ သူတို့နှစ်ယောက်ရဲ့နောင်ရေးအတွက်တော့ ကျုပ်စိတ်မကောင်းဘူး။ သူတို့နှစ်ယောက်နဲ့ ကျုပ်နေခဲ့တဲ့ အချိန်က နည်းမှမနည်းတာ။ ဒါပေမယ့်လဲ . . ။ ကျုပ်ရဲ့ပိုင်ရှင်က ကျုပ်ကိုအခုလိုဖျက်ဆီးပစ်လိုက်လို့ ဒီနေရာမှာ ကျုပ်မရှိတော့တာပဲကောင်းပါတယ်။ ကျုပ်ကဆက်ပြီးရှိနေဦးမယ်ဆိုရင် တတိယဧည့်သည်တွေလို လူမျိုးတွေရဲ့ ခိုလှုံရာအဖြစ်နဲ့တော့ ကျုပ်ကကျုပ်ရဲ့ ဘ၀ကိုနစ်မွန်းမခံနိုင်ဘူး။ ကျုပ်ဘ၀ကို အရောင်ဆိုးမခံနိုင်ဘူး။ ကျုပ်ဘ၀ရဲ့နောက်ဆုံးနေ၀င်ချိန်မှာ ကျုပ်ဝမ်းနည်းစိတ်အပြည့်နဲ့ မချိပြုံးပြုံးလိုက်တယ်။ ပြီးတော့မုတ်ဆိတ် ဖြူကြီးနဲ့ ဗိုက်ပူမအမျိုးသမီးတို့ကို လမ်းခွဲစကားပြောရတော့မယ့် စိတ်မကောင်းစရာတွေကို အသာထား။ လောလော ဆယ် အချိန်လေးအတွင်းမှာတော့ ဗိုက်ပူမအမျိုးသမီးအခြေအနေကောင်းပါစေလို့ပဲ ကျုပ်ကထပ်တလဲလဲ ဆုတောင်းနေလိုက်တယ်လေ။ ရနံ့သစ်မဂ္ဂဇင်း

'မောင်တို့မျိုးကား တန်ခိုးကြီးမား အားလည်းဖွံ.ချေ ၀တ္ထုတိုစု


ကျွန်တော့်ရဲ့ ဒုတိယမြောက် ၀တ္ထုတိုပေါင်းချုပ်စာအုပ်လေးပါ။
 ''မောင်တို့မျိုးကား တန်ခိုးကြီးမား အားလည်းဖွံ.ချေ ၀တ္ထုတိုစု လို့ အမည်ပေးထားပါတယ်။
မန္တလေး ပိတောက်ရနံ့ စာအုပ်တိုက်ကပဲ ထုတ်ဝေသွားမှာပါ။ 
မျက်နှာဖုံးပန်းချီကို ဆရာဇော်မောင် ရေးဆွဲပေးပါတယ်။
 ဒီစာအုပ်ထဲမှာ မဂ္ဂဇင်းစာမျက်နှာပေါ်မှာ ဖော်ပြခံရပြီးတဲ့ ၀တ္ထုတို ၁၉ ပုဒ်ကိုစုစည်းထားပါတယ်။

၁။မုန်တိုင်းထဲကမြို့.......................................................အလင်ကာဝတ်ရည်မဂ္ဂဇင်း

၂။သဟဇာတ.............................................................ပေဖူးလွှာ

၃။အဖြူရောင်ကြက်ခြေခတ်များ....................................ရွှေအမြုတေ

၎။မိုးခါးရေချိုပါနဲ့လား..................................................ရတီ

၅။သွာနုတ္တသားများ......................................................မဟေသီ

၆။ပြေလမ်းမှာအက်ကြောင်းတွေနဲ့...................................ရွှေအမြုတေ

၇။အပြာရောင်လမ်းကလေး............................................ရတီ

၈။ဝပ်ကျင်း...................................................................Faces

၉။ဂလိုဘယ်ခေတ်ရဲ့ပလုတ်တုတ်တုတ်ဗြုန်း........................ရွှေအမြုတေ

၁၀။မောင်တို့မျိုးကားတန်ခိုးကြီးမား အားလည်းဖွံ့ချေ............ပိတောက်ပွင့်သစ်

၁၁။အလဲအပြောင်းအက်ကြောင်းများစွာ............................Teen (ဖူးငုံ)

၁၂။အ၀ါရောင်ရင်ခွင်......................................................ရွှေအမြုတေ

၁၃။သံသရာမြစ်၏သည်မှာဘက်ကမ်း ဟိုမှာဘက်ကမ်း.........i.con

၁၄။တစ္ဆေတို့ရဲ့တစ်နေ့တာမှတ်တမ်း..................................Treasure Land

၁၅။ကိတ္တိမသား.............................................................ရွှေအမြုတေ

၁၆။ပန်းနုရောင်နေ့စွဲများ................................................ရနံ့သစ

၁၇။အဇ္ဈတ္တပြေးလမ်း......................................................ကလျာ

၁၈။အသဲနှလုံးလေးတွေရောင်းတဲ့ပွဲ..................................ရွှေအမြုတေ

၁၉။နှုတ်ဆက်ကျန်ရစ် လူကျောက်ဆစ်တွေ.......................ကလျာ

ဂလိုဘယ်ခေတ်ရဲ့ ပလုတ်တုတ်တုတ်ဗြုန်း



၁။

“ယောက္ခမ ကြီးဆူလို့ ဆဲxxxအိမ်ခွဲ ပါလို့ ဆောက် ရအောင်ဗျxxx မဲဇာဆို ရွှေလီထဲxxx မဲဇာဆို ရွှေလီ ထဲမှာxxx (၀ါးတွဲခဲ့ ပျိုတို့မောင်ရေxxx ၀ါးတွဲခဲ့ ပျိုတို့ မောင်ရေxxx တစ်ဆောင် နှစ်ဆောင် ကျယ်ကျယ် ဆောက်မှxxx သုံးဆောင် လေးဆောင် ကျယ်ကျယ် ဆောက်မှxxx နေလောက်မယ်xxx ပျို့သက် ထားရယ်xxx အလိုဗျာxxx သားတွေကများxxxသား xxxတွေကများxxxများ” 

 ဘွားရင်ငွေရဲ့ စိတ်ထဲမှာ ဒီစာသား တွေက တစ်မနက်လုံး ကိုစွဲနေတာ။ မနက်က ဘုရား ရှိခိုး တော့လည်း အဲဒီ စာသားတွေက အာရုံမှာ လာကပ်လို့ ခေါင်းလေး အသာယမ်း၊ မျက်လုံး လေးစုံမှိတ်၊ ဦးသုံး ကြိမ်ချပြီး ဘုရားစာကို အစက နေပြန်ပြီး ရှိခိုး ရသေးတာ။ အိမ်ကို ဆွမ်းခံ ကြွလာတဲ့ ကိုယ်တော် လေးတွေကို ကြည့်ပြီး တော့လည်း 
“ယောက္ခမ ကြီးဆူလို့ဆဲ xxxအိမ်ခွဲ ပါလို့ ဆောက်ရ အောင်ဗျ” 
က ပေါ်လာ ချင်သေးတာ။ တကယ် ဆိုရင် ဒီတစ် မနက်လုံး လို့ပြောရင်တောင် မလုံလောက် ချင်ပါဘူး။ 
မနေ့ ကတည်းက။ ဟုတ်တယ်။ ရွာကနေ အလှူဖိတ် လိုက်တဲ့ ဖိတ်စာ အိမ်ကို ရောက်လာတဲ့ မနေ့ ကတည်းက အဲဒီစာသား တွေက အလိုလို ကို ဘွားရင်ငွေရဲ့ စိတ်ထဲကို အစီအရီ ရောက်လာ တော့တာ။ အံ့လည်း အံ့သြပါတယ်။ မေ့ထား ခဲ့တာလည်း ကြာပါပြီ။ ဘွားရင်ငွေတို့ ခပ်ငယ်ငယ် အပျိုဘ၀က ရွာဘက်တွေမှာ အလှူပွဲတွေ ကျင်းပ လေတိုင်း ကြားနေရတဲ့ အသံတွေလေ။ အခု ဘွားရင်ငွေ အသက်တော် ၈၀ ကျော်ခဲ့ပြီဆိုတော့ ဒီအသံ တွေကြား ခဲ့ကြုံခဲ့ရတာ ကြာပဲ ကြာလှပေါ့။ ဘွားရင်ငွေ ရန်ကုန်ကို ရောက်ပြီး အိမ်ထောင် မကျခင် ကတည်းကလေ။ 
အဲလို ရင်းနှီး ဖူးတဲ့ အသံတွေကို ဘွားရင် ငွေပြန်ပြီး ကြားဖို့က အကြောင်းက ဖန်လာတာ။ ရွာက ဘွားရင်ငွေရဲ့ ညီမ အငယ်ဆုံးရဲ့မြေးတွေ ရှင်ပြုပွဲတဲ့။ ဘွားရင်ငွေကို မဖြစ် မနေလာခဲ့ပါတဲ့။ ရွာမှာ ဘွားရင်ငွေရဲ့ ညီမကတော့ မရှိတော့ ပါဘူး။ သူ့ရဲ့မျိုးဆက် တွေက လုပ်တဲ့ အလှူပွဲ ဆိုတော့ ဒီတစ်ပွဲ တော့ ဘွားရင်ငွေက မဖြစ်မနေကို သွားရတော့မှာ။ တကယ် ဆိုရင်တော့ ဘွားရင် ငွေလည်း ရွာကို ခဏ တစ်ဖြုတ် ဖြစ်ဖြစ် သွားချင် ခဲ့တာ ကြာပါပြီ။ ဘွားရင်ငွေက ရွာကလေးရဲ့အလယ်တန်း ကျောင်းမှာ ၇ တန်းအောင်၊ ရန်ကုန် ရောက် မူလတန်း ဆရာမ လုပ်ပြီး အိမ်ထောင် ကျသွားလိုက် တာလေ။ 
ဒီကြားထဲမှာ ရွာကို သုံးနှစ် တစ်ကြိမ်၊ ငါးနှစ် တစ်ကြိမ် ကြိုးကြား၊ ကြိုးကြား ဆိုသလို ရောက်ခဲ့ သေးပေမဲ့ အခုလို အလှူပွဲ ကတော့ တစ်ခါမှကို မကြုံ တော့တာ။ ဇာတိချက် မြှုပ်ကို ဒီတစ်ကြိမ် ပြန်ခြင်း ဟာ နောက်ဆုံး အကြိမ်လည်း ဖြစ်နေ နိုင်တာပဲ။ အဲဒီနောက်ဆုံး အကြိမ်ဟာ အလှူပွဲကြီး ဖြစ်နေတာမို့ အလှူပွဲ ထဲမှာ ဘွားရင် ငွေလည်း အလှူပါ အောင် လုပ်ရမယ်။ ပြီးတော့ ရွာကို တစ်ခါမှ မရောက်ဖူး တဲ့ ဘွားရင်ငွေရဲ့ မြေးတွေ၊ တောရွာတွေရဲ့ အလှူပွဲဆိုတာ ကို မကြုံဖူးတဲ့ ဘွားရင်ငွေရဲ့ မြေးတွေ အတွက်လည်း ဒီခရီး ဟာ ရင်ခုန် စရာ ဖြစ်နေမှာပဲ ပေါ့။

 ၂။ 

“ဘွား ဒီနေ့ ဘွား ကြည့်ရတာ ပေါ့ပါး လွတ်လပ် နေသလားလို့။ ပါးစပ်က လည်း တစ်ဆောင် နှစ်ဆောင် ကျယ်ကျယ် ဆောက်နေလိုက် တာ အဆောင် တွေတောင် ဘယ်နှဆောင် ရနေပြီလဲ ဘွားရဲ့” 
“ဟဲ့ အဲဒါက မြေးတို့ ရွာရောက်ရင် ကြုံရ၊ ကြား ရမဲ့ အသံတွေလေ။ ဘွားက အခု ကတည်းက ဆိုပြနေရ တာ။ နေဦး မြေးတို့ ရွာကို လိုက်မှာ စုစုပေါင်း ဘယ်နှယောက်လဲ” 
“သား စည်သူရယ်၊ ဆန်းထွဋ်၊ ဘိုဘို၊ ပြည့်ပြည့်၊ သိမ့်သိမ့်၊ ပုံ့ပုံ့ အင်း အနည်း ဆုံး ဘွားမြေး ခြောက်ယောက် တောင်ပါမှာနော်” 
“အေး ပါတာက အရေး မကြီးဘူး။ ဘွားကလည်း ဖြစ်နိုင်ရင် မြေးတွေ အားလုံး ကို ခေါ်သွား ချင်တာ။ စင်ကာပူကို ရောက်နေတဲ့ မြေး၊ ဂျပန်မှာ ရောက်နေတဲ့ မြေး၊ သင်္ဘောတက် နေတဲ့ မြေးတွေပါ ခေါ်ခဲ့ချင်တာ။ ဘွားနဲ့ နောက်တစ်ခေါက် ရွာကို သွားဖို့ဆိုတာ မလွယ် ဘူးလေ။ ငါ့မြေးတို့က ရွာကို ရောက်ဖူး တယ်ဆိုပေမဲ့ ရွာ အလှူပွဲ ဆိုတာကို ကြုံဖူးတာ မဟုတ်ဘူး။ မြေးတို့ အသက် တွေလည်း ၂၀ တောင်ကျော် တဲ့သူက ကျော်နေပြီ။ ပြီးတော့ ရွာရောက်ရင် ဘွား တို့မျိုးတွေ ဘယ်လောက်ထိ မြင့်မြတ် ကြတယ် စည်းလုံး ကြတယ် ဆိုတာလည်း ဘွား က သိစေချင် သေးတာ”
 “ဟား ဟား ငါတို့ မျိုးက ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ဇင်ယော် မျိုးနွယ် ဆိုတာ ကို ပြောဦး မလို့လား ဘွားရဲ့။ သားတော့ ဘွားနဲ့အတူ နေတာ မို့ ဘွားပြောပြ နေလို့ အလွတ် ရနေပြီ။ ရန်ကင်းက ဘွား မြေးတွေ လာမှ ဘွားဆက် ပြောတော့ ဟီးဟီး”
 မြေးဖြစ်သူ စည်သူက ပြောရင်း ဆိုရင်း ဘွားရင်ငွေ နားက ထွက်သွားတယ်။ 
သူ ပြောတာလည်း ဟုတ်တော့ ဟုတ်သား။ စည်သူက ဘွား ရင်ငွေနဲ့ အတူတူ နေတာမို့ ဘွားရင်ငွေ အကြောင်းက နောကျေ အောင်သိပြီးသား။ 
ဘွားရင်ငွေက သားချည်းပဲ ငါးယောက် တောင်ရှိတာ။ အဲဒီအထဲက အငယ်ဆုံးသား ရဲ့အိမ်မှာ နေတာ။ စည်သူ ဆိုတာက ဘွားရင်ငွေသား အငယ်ဆုံးက မွေးတာလေ။ အခြားသား တွေဆိုတာက လည်း ဘွားရင်ငွေနဲ့ အဝေး ကြီးမှာရှိ နေကြတာရယ် တော့ မဟုတ်ပါဘူး။ ဘွား ရင်ငွေက တာမွေမှာ။ သူတို့ ထဲက တာမွေမှာ နေတဲ့သူ ရှိသေးသလို ရန်ကင်း၊ ကျောက်မြောင်း ဒီလောက်ပါ ပဲ။ အဝေးဆုံး ဆိုလို့ တောင် ဥက္ကလာ ကတစ်ယောက် လို့ပဲ ပြောရမှာ။ အခုသွားမဲ့ အလှူ က ဗိုလ်ဇင်ယော် ညီမ အငယ် ဆုံးရဲ့မြေးတွေ အလှူ။ အခု သွားမှာက ရန်ကုန်တိုင်း၊ ခရမ်း မြို့နယ်ထဲက အေးရွာဆို တဲ့ ဗိုလ်ဇင်ယော်တို့ ဘွားရင် ငွေတို့ရဲ့ ဇာတိ ချက်မြှုပ်ရွာ။ ကဲ။ စဉ်းစားရင်း ပြုံးရင်းက ဘွားရင်ငွေ တစ်စုံတစ်ခုကို သတိရပြီး လှမ်းအော်ပြော လိုက်တယ်။ 
“မြေးစည်သူရေ ရွာ အလှူကို လိုက်ကြမဲ့ ပြည့် ပြည့်တို့ သိမ့်သိမ့် တို့ကိုလည်း ပြောထားဦးနော်။ ရွာရောက် ရင် ဘောင်းဘီ၊ စကတ်လုံးဝ မ၀တ်ရ။ တင်ပေါ် ရင်ဟိုက် အင်္ကျီတွေ လုံးဝ မ၀တ်ရ။ ဘွားအမိန့်လို့။ ဒီကောင်မ လေးတွေက ရွကရွနဲ့။ ဒီမှာပဲ ရွကြ။ ရွာမှာတော့ သွားမရွ ကြနဲ့လို့။ ဘွားတို့ အမျိုးတွေ ကြားမှာ ဘွား နာမည်ပျက် လို့ တော့ လုံးဝ မဖြစ်ဘူးလို့။ ဟုတ်ပြီလား”

 ၃။ 

ဘွားရင်ငွေ အမြင်မှာ တော့ ရွာကလေးမှာ လွန်ခဲ့တဲ့ နောက်ဆုံး တစ်ခေါက် ရောက် စဉ်က ရှိခဲ့တဲ့ ခနော်နီ ခနော်နဲ့ အုတ်ခဲ လမ်းလေးတွေက ကွန်ကရိ လမ်းတွေဖြစ်၊ တချို့ တချို့သော အိမ်ကလေးတွေ က အုတ်စီ တိုက်ကလေးတွေ ဖြစ်၊ အဲဒီအိမ်တွေရဲ့အပေါ်မှာ စလောင်းလေး တစ်ခုနှစ်ခု ရှိတာကလွဲလို့ ရွာကလေး ဟာ မထူးခြားသွားပါဘူး။ ကျိုးတိုး ကျဲတဲနဲ့ ဟိုးနား တစ်အိမ်၊ ဒီနား တစ်အိမ်ဖြစ် နေတာက ဟိုအရင်က စည် ကားမှုကိုတောင် မီမနေတော့ ဘူးလို့ဆိုရမှာ။ ဟုတ်တယ်လေ။ တစ် ချိန်က အေးရွာဆိုတာ ခရမ်း မြို့နယ်ထဲမှာ လျှမ်းလျှမ်း တောက်ပဲဟာ။ 
ခုနစ်တန်း အောင်ရုံနဲ့ မူလတန်းပြဆရာ ဖြစ်ကြတဲ့ခေတ်မှာ အလယ် တန်းကျောင်းရှိတဲ့ ဒီအေးရွာ ကလေးကနေ ဆရာ၊ ဆရာမ တွေဖြစ်ခဲ့ကြတာလည်း လက်ချိုးရေလို့တောင် ရနိုင် မှာမဟုတ်။ ဘွားရင်ငွေ တောင် ဒီရွာရဲ့ အလယ်တန်း ကျောင်းကနေ ခုနစ်တန်း အောင်ခဲ့ပြီး ဆရာမဖြစ်ခဲ့တာ လေ။ ဘွားရင်ငွေရဲ့အစ်ကို ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇင် ယော်ဆိုရင်လည်း ဒီရွာကနေ ပဲ အလယ်တန်းအောင်ခဲ့ပြီး သမိုင်းမှာ လျှမ်းလျှမ်း တောက်ခဲ့တာ။ 
“အဘွားနဲ့ မြေးခြောက် ယောက်လုံးကို အိမ်မှာ ညစာ ထမင်း လာစားဖို့ အမေက ဖိတ်ခိုင်း လိုက်တယ်။ ညနေ ကျမှ တစ်ခေါက် လာကြို မယ်။ သွားပြီနော် အဘွား” 
 “ဟဲ့ ဒါက ဘယ်သူ့ သမီးတုံး” 
လို့ မေးအံ့ ဆဲဆဲ ဘွားရင်ငွေလည်း မေးချိန်မရ ဘဲ ပါးစပ်ပဲပိတ်လိုက်ရ တယ်။
 စောစောကစကားကို ပြောသွားတဲ့ ကောင်မလေး က အသက်က ရှိလှ ဆယ့်ငါး၊ ဆယ့်ခြောက်လို့ ထင်ရတာပဲ။ ပြောချင်တာကို ပြောပြီး ဆိုင်ကယ် ပေါ်တက်၊ စက်နှိုး ပြီး၊ ၀ူးခနဲ ထွက်သွား တာမို့ ဘွားရင်ငွေမှာ ဘယ်သူ့သမီး ဘယ်ဝါ့ သမီးဆိုတာကို တောင် မေးချိန်က မရလိုက်။ 
ဘယ်လို ကလေးမလေး ပါလိမ့်နော်။ ဘွားရင်ငွေတို့က မနက် ကရောက်ကတည်းက နောက်တစ်ရက် အလှူလုပ်မဲ့ အလှူ အိမ်ကိုပဲ တန်းပြီး လာခဲ့ တာ။ ဘွားရင်ငွေနဲ့ မြေး ခြောက်ယောက်ကို လိုက်ပို့တဲ့ ဒရိုင်ဘာ ကတော့ ကားယူပြီး ပြန်သွားပြီ။ 
ဘွားရင်ငွေတို့ ရန်ကုန်ကို ပြန်ကြမဲ့ နောက် ၅ ရက်နေမှ တစ်ခေါက် လာကြို မှာလေ။ 

“အဘွားရေ အဲဒါ ရွာ ထိပ်က အဘွား တူမရဲ့မြေး လေ။ အဘွားကို စကားအေး အေးဆေးဆေး ပြောမသွား နိုင်တာလည်း မပြောနဲ့လေ။ သူက မအား ဘူးလေ ဘွားရဲ့။ ဒိုင် ဒိုင်။ အဘွားရေ။ သူက ဘောလုံးပွဲဒိုင်”
 “ဟမ် ဘယ်လို” 
“ဟုတ်တယ် အဘွား ရဲ့။ လောလောဆယ် ညက မန်ယူပွဲမှာ တစ်ရွာ လုံးမောင်း အောင်လို့ ဒိုင်ညစ်နေတာ အဘွားရေ။ သမီးတို့တောင် မောင်းအောင် တဲ့ထဲမှာ ပါ လိုက်သေး” 
ရွာက မြေးဖြစ်သူတစ် ယောက်ရဲ့စကားကို ဘွားရင် ငွေ နားမလည် တော့တာနဲ့ ပါးစပ်ပဲ ပိတ်နေ လိုက်တော့ တယ်လေ။ ဘောလုံးပွဲတဲ့။ မောင်းအောင် တယ်တဲ့။ ဘာ တွေလဲ။ မိန်းကလေး တွေနဲ့ ဘာဆိုင်လို့လဲ။ ရန်ကုန်က ဘွားရင်ငွေ မြေးမလေးတွေ ဆီကတောင် မကြားဘူးခဲ့တဲ့ စကားမို့ ဘွားရင်ငွေစိတ်ထဲ တစ်မျိုးလေးတော့ ဖြစ်သွား သား။ 
အံမယ် ဒီလိုတော့ လည်း ရွာကလေးက တိုး တက်နေသား။ နေ့လယ်ကပဲ ကြည့်ဦး။ ဘွားရင်ငွေရဲ့ တူ တော်သူ နှစ်ယောက်က ဘွား ရင်ငွေ မသိနိုင်ဘူးအထင်နဲ့ မလှမ်းမကမ်း လေးမှာ ပြော နေကြတာ။ အဖော်(ကွန်ဒုံး)ကို တောင် ဆွေးလွယ်၊ ပျက် လွယ်တဲ့ ကာဗာနဲ့ လုပ်ရင် ကောင်းမယ်တဲ့။ အခုတော့ မနှစ်က နွေရာသီ ဘုရားပွဲခင်း လုပ်ခဲ့တဲ့ လယ်ထဲမှာ၊ မိုးတွင်း လည်း ရောက်ရော ကွန်ဒုံး အိတ် လေးတွေက ဟိုနားပေါ လောပေါ်၊ ဒီနား ပေါလော ပေါ်နဲ့လိုက်ပြီး ဆယ်နေရတာ အတော် ရုပ်ဆိုးသတဲ့။ 
အဲဒီစကားကို ကြားက တည်းက ဘွားရင်ငွေ စိတ်ထဲ ခုတုတုတော့ ဖြစ်သွားသား။ ဒီလောက်တောင် တိုးတက် နေသတဲ့လား။ ရွာကဖြင့်တိုး တက်မှုကို မျက်စိနဲ့ကြည့်လို့ မမြင်နိုင် သေးဘူး။ တိုးတက် မှုအရင်းခံ ပြယုဂ်တွေက ဟိုက ဒီက ကြားချင် နေတယ်။ ပြောမပြော ချင်တော့ပါဘူး။ 

 ၄။ 

အလှူပွဲမှာ မောင်ရင် လောင်း လှည့်တာကို အလှူ နေ့မနက်မှ ကျင်းပမယ် ဆိုတာ ကိုတော့ ဘွားရင်ငွေ သဘော မတွေ့ လှပါဘူး။ ဒါပေမဲ့ အလှူ့ရှင် ကိုလည်း ဘွားရင်ငွေ အနေနဲ့ ပြောမနေ ချင်တော့ပါဘူး။ ဟိုးအရင် တုန်းကဆိုရင် အလှူနေ့ အရင် နေ့ဖြစ်တဲ့ အလုပ်အကိုင်နေ့ ဆိုတာ ရယ်ကိုက သီးသန့်ရှိ နေတာ။ အဲဒီနေ့ ညနေပိုင်း မောင်ရင်လောင်း လှည့်တာ ကို အလှူပွဲ တစ်ခုမှာ အာရုံ အထား ရဆုံးပဲလေ။ မောင်ရင် လောင်းလှည့်ပွဲ အတွက် ကွမ်းတောင်၊ ပန်းတောင် ကိုင်ဖို့ အပျိုချော တွေဆိုတာ ကိုတောင် အမျိုးတော်တော်၊ မတော်တော် ဟိုဘက်ရွာ၊ ဒီ ဘက်ရွာ တွေကနေ တကန် တက ဖိတ်ထားရတာ။ 
“ဘွားပြောတော့ မောင်ရင်လောင်း လှည့်တယ် ဆိုတာကို ဒီနေ့ လုပ်မှာဆို၊ မီးက မြင်း တွေကြည့် ချင်လို့ ရှာနေတာ တွေ့လည်းတွေ့ ဘူး။ ဘွားက ရှင်လောင်း လှည့်ရင် ထဘီ ၀တ်ရမယ် ဆိုလို့ ချိတ်ထဘီ ကြီးကို မီး ၀တ်ထားရတာ၊ မီးလည်း တစ်ကိုယ်လုံး ယားနေပြီ” 
လို့ ပြောလာတဲ့ မြေး ဖြစ်သူ ပြည့်ပြည့်လေးကို တောင် 
“မောင်ရင်လောင်းကို မနက်မှပဲ လှည့်တော့မှာတဲ့။ မြေးနေရခက်ရင်လည်း အဲဒီ ၀တ်စုံကို မနက်ကျမှပဲ ၀တ် တော့။ သွား သွား သွားချွတ် ထားချည်” 
လို့ ဘွားရင်ငွေ ပြောခဲ့ရ သေးတာ။ ဒီကြားထဲ မြေးနောက် တစ်ယောက် ဖြစ်တဲ့ ဆန်းထွဋ် က 
“ဘွားရေ ရန်ကုန် မှာ ဘွားဆို ပြနေတဲ့ တစ်ဆောင် နှစ်ဆောင် ကျယ်ကျယ် ဆောက်မဲ့ ဒိုးဝိုင်း တွေဆိုတာ လည်း မလာသေး ပါလား” 
လို့ ဘွားရင်ငွေကို ကပ်ပြီး မေးလာတာကို 
“မောင်ရင် လောင်းက မနက်မှ လှည့်မှာ မို့ အဲဒါတွေက မနက်မှလာ လိမ့်မယ်” 
လို့ ဘွားရင်ငွေက တိုတိုတုတ်တုတ် ဖြေပစ်ခဲ့ရ သေးတာ။ မောင်ရင်လောင်းကို ရွာတော်ရှင်ဆိုတဲ့ နတ်ကွန်း မှာပြပြီးရင် ရွာထဲကို မောင်ရင်လောင်းလှည့်။ ပြီးရင် ဘုန်းကြီးကျောင်းကို သွားပြီး ဆံချလို့ မောင်ရင် လောင်းကို သင်္ကန်း ဆီးပြီး ကိုရင် ဖြစ်စေမယ်ပေါ့။ ဘုန်းတော်ကြီး ကျောင်းနဲ့ အိမ်နဲ့က သိပ်အဝေးကြီး မဟုတ်တာမို့ မောင်ရင် လောင်းတွေက မြင်းနဲ့ လှည့်။ လူတွေက နောက်က လိုက် လေမည်ပေါ့။ 
“ဟဲ့ မောင်ရင်လောင်း တွေတင်ဖို့ မြင်းတွေက မလာ သေးဘူးလား”
 မောင်ရင်လောင်း လှည့် တော့မယ်။ လူတွေပဲ ရွစိ၊ ရွစိ ဖြစ်နေပြီ။ မောင်ရင် လောင်း တင်ဖို့ မြင်းတွေက အခုအချိန် ထိ ဘွားရင်ငွေ မတွေ့ရသေး တာမို့ ဘယ်လိုမှ မနေနိုင် တော့ဘဲ အနားက တူမ တစ်ယောက်ကို မေးလိုက် တယ်။ 
“ဟာ ကြီးငွေက လည်း ဒီခေတ်ထဲမှာ ဘယ်မြင်းက ရှိတော့မှာလဲ။ မောင်ရင် လောင်းတင် ဖို့က ဟိုမှာ။ ကြီးငွေတို့ ဘုန်းကြီးကျောင်း သွားရင် စီးဖို့က ဟိုမှာ” 
တူမဖြစ်သူ ညွှန်ပြရာ ကို လှမ်းကြည့် မိတော့ မောင် ရင်လောင်း သုံးယောက်ကို တင်ဖို့လို့ ယူဆရတဲ့ ဆိုင် ကယ်သုံးစီးက စက်နှိုးပြီး လျက်သား တ၀ူးဝူးဖြစ်နေ သလို၊ ဘွားရင်ငွေ တို့ စီးဖို့ လို့ ယူဆရတဲ့ ထော်လာဂျီ သုံးလေးစီးက ဟိုမှာဘက်မှာ စက်သံလေး တွေ ဖွတ်ချက်၊ ဖွတ်ချက်။ ပြောပြော ဆိုဆိုနဲ့ တူနှစ် ယောက်က လာတွဲပြီးပွေ့ တင်လို့ ဘွားရင်ငွေလည်း ထော်လာဂျီ လေးအပေါ်ကို စွေ့ခနဲ ရောက်တယ်။
 မြင်း ကြည့်ချင်ပါ တယ်ဆိုတဲ့ မြေး တွေ၊ မောင်ရင်လောင်း လှည့် တာကို ကြည့်ချင်ပါ တယ်ဆို တဲ့ မြေးတွေလည်း ဘယ်ကို ရောက်နေ ကြပါလိမ့်။ ရွာက ကောင်မလေး တွေ တော်တော် များများက တော့ ရှော့ပင် ၀တ်သူတွေ၊ ဘောင်းဘီ ရှည်ဝတ်သူတွေ လည်း ရှိနေတာမို့ လူအရပ် တစ်ဝက် လောက်ရှိမဲ့ ထော် လာဂျီပေါ်ကို လွှားခနဲ လွှား ခနဲ သူ့ထက်ငါ အပြိုင်အဆိုင် ရောက်လာ ကြပေမဲ့၊ ချိတ် ထဘီဂျွတ်ဂျွတ် ဂေါက်ဂေါက် နဲ့ ဘွားရင်ငွေရဲ့မြေး ပြည့် ပြည့် လေးကတော့ ထော်လာ ဂျီအပေါ်ကို အတော်နဲ့ကို ရောက် မလာ နိုင်ရှာဘူး။
 ကောင်လေး နှစ်ယောက်က တစ်ယောက တစ်ဖက်စီတွဲပြီး တင်လိုက်တော့မှ ပြည့်ပြည့် လေးက ထော်လာဂျီပေါ် ရောက်လာတယ်။ 
 “လာမချုပ်နဲ့ လာမချုပ် နဲ့ ပြိုင်ကား လှလှလေးနဲ့ လာ မချုပ်နဲ့”အလို ဘာသံကြီးတုံး။ ထော်လာဂျီ တန်းကြီး ရဲ့ နောက်ဆုံး ထော်လာဂျီပေါ် ကနေ ကျယ်လောင်စွာ ထွက် လာတဲ့အသံကြောင့် ဘွားရင် ငွေလန့်သွားတယ်။
 အသံလာ ရင် ထော်လာဂျီကို လှမ်း ကြည့်မိတော့ နောက်ဆုံး ထော်လာဂျီ ပေါ်မှာ လူတစ် ရပ်လောက်ရှိတဲ့ ဘောက်ကြီး နှစ်ခုကို အပီအပြင် တင်လို့ ကောင်လေး တစ်အုပ်က လည်း ရှော့ပင်ကိုယ်စီနဲ့။ ခေါင်းမှာ ကျစ်ဆံမြီးကိုယ်စီ နဲ့။ လက်မောင်းမှာ တက်တူး ရုပ်တွေ ကိုယ်စီနဲ့။ 
“သြော် မောင်ရင် လောင်းတွေ လှည့်ကြတော့ မယ်ပေါ့” 
ဘွားရင်ငွေ စိတ်ထဲက တစ်စုံတစ်ခုကို ဖျတ်ခနဲ သတိရရင်း မြေးဖြစ် သူတွေ ဖြစ်တဲ့ ဆန်းထွဋ်နဲ့ ဘိုဘိုကို ပြေးပြီး သတိရတယ်။ မြေး ကလေးတွေ ဘယ်ထော်လာ ဂျီပေါ်ကို ရောက်နေကြပါ လိမ့်။ ထော်လာဂျီက တဖွတ် ဖွတ်အသံတွေပြုရင်း အလှူ အိမ်ကနေ ဘုန်းတော်ကြီး ကျောင်းဆီကို ဦးတည်ပြီး လေ။ 
လှည်းလမ်းမကို ဖြတ် ပြီး သွားရတဲ့ လမ်းမို့ ဖုန်တွေ ကလည်း တထောင်းထောင်း ထလာပြီလေ။ ဆိုင်ကယ်တွေ ရဲ့ ၀ူးဝူးသံ၊ ထော်လာဂျီတွေ ရဲ့ ဖွတ်ဖွတ်သံတွေ ကြားမှာ ဖုန်တထောင်း ထောင်းနဲ့ မောင်ရင်လောင်း စီတန်းလှည့် လည်ပွဲလည်း စတင်နေပြီ လေ။ ဖုန်တွေကြား မှာမို့ ဘွား ရင်ငွေလည်း ပါလာတဲ့ သဘက်လေးကို ခေါင်းမြီး ဆွဲခြုံထား လိုက်ရတယ်။
 “ယောက္ခမကြီးဆူလို့ ဆဲxxxအိမ်ခွဲပါ လို့ဆောက် ရအောင်ဗျxxxတစ်ဆောင် နှစ်ဆောင် ကျယ်ကျယ် ဆောက်မှ သုံးဆောင်လေး ဆောင် ကျယ်ကျယ်ဆောက် မှxxxနေလောက်မယ်xxx ပျို့သက်ထားရယ်xxxအလို ဗျာxxxသားတွေကများ xxxသားxxxတွေကများ xxxများ” ဟဲ့။ 
ဒါဘယ်က အသံ တုံး။ အသံလာရာဆီကို ဖုန် တလိမ်းလိမ်း ထနေတဲ့ ထော် လာဂျီရဲ့အပေါ်က သဘက် ကလေး အသာအယာ ဟလို့ ဘွားရင်ငွေ လှမ်းကြည့်တော့၊ ဘွားရင်ငွေတို့ ထော်လာဂျီကို ကျော်ဖြတ် တက်သွားတဲ့ ဘေးက ထော်လာဂျီ ပေါ်က အသံတွေပဲ။ ဒီအသံတွေ ဒီအသံ တွေ။
 “ဟဲ့ ဘိုဘိုတို့ ဆန်းထွဋ် တို့ မြေးတို့ ပါးစပ်တွေ ပိတ် ထားလိုက်စမ်း” ဘွားရင်ငွေ ဖုန်တွေ ကြားကနေပဲ၊ အခြား ထော် လာဂျီပေါ်ကို လှမ်းအော်ပြော လိုက်တယ်။ နောက်ဆုံး ထော်လာဂျီ ပေါ်က လာမချုပ်နဲ့ လာ မချုပ်နဲ့ ပြိုင်ကား လှလှလေး နဲ့ လာမချုပ်နဲ့ ဆိုတဲ့ စန်္ဒီမြင့် လွင်လေးရဲ့အသံကိုတော့ စက်သံတွေ တဘုန်းဘုန်း ကြား၊ ဖုန်လုံးတွေ တထောင်း ထောင်းကြားကနေ ဘွားရင် ငွေတစ်ယောက် ပအဲ့၊ ပအဲ့နဲ့ ခပ်ယဲ့ယဲ့ကြားနေရ ဆဲပဲ။
 မင်းဝေဟင် 
(ရွှေအမြုတေ မဂ္ဂဇင်း နိုဝင်ဘာလ ၂၀၁၂)
back to top