ပျိုတို့လင် ရှင်မချစ်ရင် ပစ်ခဲ့တော့ကွယ်

၁။
သူလား။ ထုံးစံအတိုင်းပေါ့။ အလုပ်ကနေ ညနေ ၆နာရီလောက် ပြန်ရောက်။ အိမ်မှာ ရေချိုး၊ အ၀တ်လဲ ပြီးရင် ဘယ်မှာ ရှိတော့လို့တုံး။
အိမ်မှာ ဖင်ပူအောင် မထိုင်တတ်တော့တာ အတော်ကို ကြာပြီ။ ဒါတောင် သူရေချိုးခန်း ၀င်နေတုန်း သူ့ဟမ်ဖုန်းက တဂွမ်ဂွမ် မြည်နေတာ။ သူ့ရဲ့ သူငယ်ချင်းတွေလား။ အီစီကလီတွေလား။ ပြီတီတီတွေလား။ ကျွန်မကတော့ သူ့ဖုန်းမြည်သံကို နားက ကြားနေပေမယ့် စိတ်မ၀င်စားပေါင်။ အဲ နားက စိတ်မ၀င်စားပေမယ့် ရင်ဘတ်ထဲကတော့ အတော်လေး အလုပ်ရှုပ်သား။ ညဘက်ဆို သူအခုလို အိမ်က ထွက်သွား တတ်ခဲ့တာ ကြာပြီ။ မနှစ်က
ဒီလို အချိန်လောက်ကတည်းက ဆိုပါတော့။ ကျွန်မကလည်း ခပ်တုံးတုံးလေ။ သူ ဘယ်သွား၊ ဘာလုပ်ဆိုတာ တွေလည်း မမေးတတ်ခဲ့ပါ ဘူး။ ပြီးခဲ့တဲ့ နှစ်ပတ်လောက် ကမှ ကျွန်မရဲ့ သူငယ်ချင်း တစ်ယောက်က ကျွန်မကို အကြောင်းကြားလာတာ။ သူကလည်း သူ့ယောက်ျား ပြောလို့ သိတာတဲ့။ ညည်း ယောက်ျားကို ကြည့်ထိန်းဦး ဆိုပဲ။ အခုတစ်လော ဘီယာ ဆိုင်ကြီး တစ်ဆိုင်မှာ ညညဆို သီချင်းဆိုတဲ့ ကောင်မလေး တစ်ယောက်ကို ပန်းကုံးသွားသွား စွပ်နေတယ် ဆိုလား။

အဲ့ဒီတုန်းကတော့ ကျွန်မက“ပန်းကုံးမကလို့ စွပ်ချင်တာ စွပ်ပစေဟေ့”လို့ ကျွန်မ သူငယ်ချင်းကို ပြန်ပြော နိုင်ခဲ့ပေမယ့် တစ်ယောက်တည်း ပြန်စဉ်းစားတဲ့ အခါ ကျတော့ စွပ်ချင်တာ စွပ်နေလို့လည်း ဘယ်ဖြစ်ဦးမလဲ။ အဲ့ဒီ့ အချိန်က စလို့ ကျွန်မလည်း အခြေအနေကို စောင့်ကြည့်တာပေါ့။ ခါတိုင်း သူ ပြန်လာတာ နောက်ကျ တတ်တယ်လို့ ထင်ပေမယ့် ပြန်လာတဲ့ အချိန် ဘယ်အချိန်လဲ ဆိုတာကိုလည်း ကျွန်မက နာရီ ကြည့်နေတတ်တဲ့သူ မဟုတ်ဘူး။ အခု တစ်လော ကိုယ်တော်ချောက ညတိုင်း မဟုတ်ပေမယ့် နောက်နေ့ အလုပ်ပိတ်တဲ့ ညတွေဆိုရင် ပဲပြုတ်သည်တွေ ထွက်ချိန်မှ ပဲပြုတ်သည်တွေနဲ့အတူ အိမ် ပြန်တတ်လာသလိုမျိုး ဖြစ်နေတော့ အခြေအနေက အတော်လေးတော့ ဆိုးလာပြီ။

ပထမပိုင်းတော့ ကျွန်မ ဘာလုပ်ရင် ကောင်းမလဲ ပေါ့။“ရှင် ညဘက် ဘယ်ကိုမှ မထွက်ရ”ဆိုပြီး အမိန့်သံ အပြည့်နဲ့ ပြောကြည့်ရရင် ကောင်းမလား။ ဒီလောက် တော့ ဖြစ်နိုင်မယ်မထင်။ ကျွန်မရဲ့ သြဇာ အာဏာ သက်ရောက်မှု အကြောင်းကလည်း ကျွန်မအသိ။ ကျွန်မက ဘယ်တုန်းကမှ၊ ဘယ်သူ့ကိုမှ သြဇာအာဏာ ပေးတတ်တဲ့ သူလည်း မဟုတ်။ မိန်းမတို့ တတ်အပ်တဲ့ အနုအချွဲ၊ အယု အရွဲတွေလည်း ကျွန်မက မတတ်။ ကြာပါပါ ခရာတာ တာတွေလည်း မသိ။ ခက်ပြီ။
အပြင်ပိုင်းက ကြည့်ရင်တော့ ကျွန်မက တကယ့်ကို အေးတိ အေးစက်ပေါ့။ စိတ်ကောက်ဖို့လည်း ဘယ်တုန်းကမှ စိတ်မကူးသလို စိတ်ကို ဘယ်လို ကောက်ရမှန်းလည်း မသိ။ ဒါပေသိ ကျွန်မက မိန်းမသားလေ။ ကျွန်မက ကျွန်မ ယောက်ျား ဘာလုပ်လုပ် ခွင့်လွှတ်နိုင်ပါတယ်လို့ ဆိုရင် တစ်သက်လုံးလူတွေ လက်ခံလာတဲ့“လင်နဲ့မယား” ဇာတ်လမ်းတွေကြား ကျွန်မက ထော်လော် ကန့်လန့်ကြီး ဖြစ်နေမှာပေါ့။ စုန်းပြူးမကြီး ဖြစ်နေမှာပေါ့။ ဟုတ်ဘူး လား။
ကဲ အဲဒီတော့။

“ရှင့်အချိုးတွေတော့ ကျွန်မ သိပ်မကြိုက်တော့ဘူး။ ရှင်အချိုးတွေ ပြောင်းပြီး ချိုးဖို့ သင့်ပြီ” ဒီလောက်တော့ ကျွန်မ စာစီစရာ မလိုဘဲ ပြောတတ်တာပေါ့။ အဲ့ဒီတော့ သူလား။ ဘာပြောတယ် မှတ်လဲ။

“ငါက အချိုးပြောင်း ချိုးရအောင် မင်းက ဘူတွေ ချည်းပဲကျနေလို့လား”တဲ့။
ကဲ ကြည့်ဦး။ ကောင်း ရော။
၂။
ကျွန်မလား။
ကျွန်မ ဘယ်လောက်ပဲ ခပ်တုံးတုံး၊ ခပ်အအ ဖြစ်နေပါစေ။ ကျွန်မ ယောက်ျား ဒီလောက် ခြေလှမ်း ပျက်နေတာကို ဒီအတိုင်းပဲ ပစ်ထားမယ့် မိန်းမ အမျိုးအစားထဲမှာ လောက်တော့ မပါဘူးလေ။ ပွဲသိမ်း အထိလည်း အသည်းက မစိမ်းနိုင်ပါဘူး။ ကျွန်မ ယောက်ျားကို ပြောမရသလို၊ ကျွန်မက ဒီကိစ္စကို ဘယ်သူ့ ကိုရော ပြောလို့ရမှာတဲ့တုံး။

ဒီတော့ တစ်ယောက် တည်းရှိတဲ့အချိန် စဉ်းစား။ စဉ်းစား။
ကျွန်မယောက်ျားကို ဘယ်လို ထိန်းရင် ရမလဲပေါ့။ ကျွန်မကပဲ ဆွဲဆောင်မှုတွေ လျော့နေပြီလား။ ကညာပျို နဲ့ ဇရာအို ရုပ်ရှင် ဇာတ်ကားထဲက ဒေါ်စံရှားတင်လို ယောက်ျား ကြိုက်ဖို့အရေး ရှိတဲ့ ဆံပင် ဖြတ်ပစ်ရအောင်လည်း ကျွန်မအခုရှိတဲ့ ဆံပင်က ကုပ်ဝဲသာသာ။ ဒီဆံပင်ကို ညှပ်ပစ်ရင်လည်း ခေါင်း တုံးဆံတောက်လောက် ဖြစ်တော့မှာ။

ပြောရမယ်ဆို အခု ခေတ်ကောင်မလေးတွေ ၀တ်တဲ့ အ၀တ်အစား ဒီဇိုင်းမျိုးကို ကျွန်မက ၀တ်နေတာပဲ၊ ၀တ်ထားတာပဲ။ အ၀တ် အစားနဲ့ ပတ်သက်လို့ ဒီထက် ပိုပြီး ခေတ်မီ ဟော့ရှော့ပစ်ရ အောင်လည်း အခုခေတ်မှာ ခေတ်စားနေတဲ့“ကြာဗလော၊ ဗာဗလိုက်၊ ရိုက်ဟင်”ဆိုတဲ့“ကျောဗလာ၊ ဗိုက်ဗလာ၊ ရင် ဟိုက်” အ၀တ်အစားမျိုးသာ ၀တ်စရာ ကျန်တော့တာ။ ကျွန်မ အသက်က ၄၀ လေ။ ဒီလောက်အထိလည်း လန်ထွက်နေလို့ မဖြစ်သေး။ စဉ်း စား၊ စဉ်းစား။

သူထွက်သွားတာ ကြာလို့ တစ်နေရာရာများ ရောက်နေမလား ဆိုပြီး ဖုန်းဆက်ရင်လည်း သူက နုံတယ်။ တစ်ခါတစ်ရံ ဖုန်းက ပိတ်ထား တတ်သေးတာ။ မပိတ်ထား ပြန်ရင်လည်း ဖုန်းလိုင်း မမိတဲ့ နေရာကို ရောက်နေသေးတာ မျိုး။ သူ့ဖုန်းကနေ“ဆက်သွယ်မှု ဧရိယာပြင်ပကို ရောက်နေပါသဖြင့် ခေါ်ဆို ၍မရနိုင်ပါရှင်” ဆိုတာမျိုး။

ဒီလောက် တိုးတက်နေ တဲ့ခေတ်ကြီးမှာ ဟမ်းဖုန်း တွေလည်း“ဆက်သွယ်မှု ဧရိယာပြင်ပ”ဆိုတာထက် ရောက်တဲ့နေရာ အတိအကျ ကို ပြောပြနိုင်ရင် ကောင်းသား။ ဥပမာ“လူကြီးမင်း ခေါ်ဆိုသော ဖုန်းပိုင်ရှင်မှာKTV (သို့မဟုတ်) နိုက်ကလပ်သို့ ရောက်နေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်” ဆိုသလိုမျိုးလေး ပြန်ကြားပေးရင် မကောင်းဘူးလား။ ဒီထက်မကဆိုရင် ဖုန်းရဲ့ Voice Messageတင် သာမက ရောက်နေရာ အရပ်ရဲ့ မြင်ကွင်းမျိုးကိုပါ ဖုန်းက တစ်ဆင့် Video Message မြင်လို့ရရင် မကောင်းဘူးလား။ သူ ဘယ်သွားတယ်၊ ဘာ လုပ်တယ်ဆိုတာကိုလည်း အတိအကျသိ။ စိတ်လည်း မပူရ။
“ဟမ်”

ဟုတ်သေးပေါင်။ Video Message ပို့လို့ ရတယ်ထား ဦး။ စောစောက ကျွန်မတွေး သလို နေရာမျိုးကိုရောက်နေ လို့ Video Message ထဲမှာ သူနဲ့ပတ်သက်ပြီး အဲသလို ပုံတွေ ပေါ်လာရင်။ အမလေး၊ မဖြစ်သေး၊ မဖြစ်သေး ကျွန်မနှယ် ဘာတွေ တွေးနေမိပါ လိမ့်။

ကဲ ကြည့်ဦး။ ဒီတစ်ည ထွက်သွားတာလည်း ၁၂ နာရီ ဒင်ပြီ။ ကိုယ်တော်ချောက အရိပ်အယောင် မမြင်သေး။ ဖုန်းဆက်မရလည်းMessage လေးတော့ ပို့ကြည့် ဦးမှ။ အမလေးဟဲ့။ ဖြစ်ရ ပြန်ပြီ။“စိတ်ပူမနေနဲ့၊ ပြန်လာ ခဲ့မယ်”တဲ့။ သူ့ရဲ့ ပြန်ကြားတဲ့ Message လေးက စိတ်ချမ်းမြေ့စရာ။ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိ။ တကယ်ဆို“ကိုယ်ဘယ် နေရာကို ရောက်နေတယ်ဟေ့” ဆိုတာလေးလောက် ပြောထွက်ဖို့တော့ စိတ်ရှည် သင့်တာပေါ့။

ကျွန်မကလည်း ကျွန်မရဲ့သူငယ်ချင်းသာ ပြောမထားလို့ကတော့ ရောက်ချင်တဲ့ နေရာရောက်။ အရေးလား။ လူ့စိတ်များလည်း ခက်သား။ ဘာမှမသိတဲ့ အခြေအနေ တစ်ခုမှာတုန်းက ညစဉ်ရက်ဆက် ဆိုတာတောင် နည်းနည်းလေးမှ တွေးမပူခဲ့ ရပေမယ့် အခု ဒီတစ်ညကျမှ အပူလုံးတွေလည်း ရင်ဘတ် ထဲဆို့။ ရောက်တတ်ရာရာ တွေတွေးရင်း အူတွေလည်း တိုရလွန်းလို့ တဖြည်းဖြည်းနဲ့ အစာအိမ်နဲ့ စအိုဝတောင် ဆက်နေလောက်သင့်ပြီ။ မဖြစ်သေး။ ဘာလုပ်ရမလဲ။ စဉ်းစား၊ စဉ်းစား။

သြော် ဟုတ်ပြီ။ ကျွန်မ သူငယ်ချင်း ကျွန်မဆီဖုန်း ဆက်တုန်းက ကျွန်မစိတ်ထဲ ပူပူနေတာနဲ့ ကျွန်မယောက်ျား ဘယ်ဆိုင်သွားတတ်တယ် ဆို တာကို မေးမကြည့်ခဲ့ရဘူး။ အခု သူငယ်ချင်းဆီ ဖုန်းလှမ်း ဆက်ကြည့်မှ။
“သူငယ်ချင်းရေ...ဒီ လို”
“........”
“အေး...အေး သူငယ် ချင်း”
“.........”
“အေး...အေး ဒါပဲ သူငယ်ချင်း”

သူငယ်ချင်းကို ဖုန်း ဆက်ကြည့်တော့ ကျွန်မ ယောက်ျားသွားတတ်တဲ့ ဆိုင်ကိုတော့ သိခဲ့ရပါရဲ့။ အရေးထဲ အပိုစကားတွေကကြားရ သေး။ အခြေအနေ အချိန် အခါလေး။ ကာလံဒေသံ လေးများ မစဉ်းစားမိဘူးလား မသိ။
ကျွန်မသူငယ်ချင်း ပြောတာကြည့်ဦး။ သူ့ယောက်ျား ကတော့ ဘယ်မှ မထွက်လို့ စိတ်အေးရတဲ့ အကြောင်း။ အခုတစ်လော အတော်လေးကို ငြိမ်နေတဲ့ အကြောင်း။ အခုလည်း သူတို့ အိပ်နေကြပြီ ဆိုတဲ့ အကြောင်း။ မိန်းမဆိုတာ ဒီကိစ္စနဲ့ ပတ်သက်ရင် အတော်လေး ပူရတဲ့ အကြောင်းတွေ စုံလို့။ ညည်းသလိုလိုနဲ့ ကြွားပြ နေလိုက်တာများလေ။ ဟင်း။

ကျွန်မလည်း စကားကို သံပြတ်နဲ့ ခပ်သွက်သွက် ပြောလို့ ဖုန်းပိတ်။ ကဲ သူသွားတဲ့ နေရာလည်း သိပြီ။ ထိုင်စောင့်လို့လည်း မထူးတော့ မယ့်နည်းတူ သူ့နောက်ကို လိုက်သွားဖို့ဆုံးဖြတ်။ ဟင် အဲဒါမှ ပြဿနာ။ ဒီအချိန်ကြီး ကျမှ နောက်ဖေးတန်းလျားက ကားဒရိုင်ဘာကို သွားနှိုး လို့လည်း မဖြစ်သေး။ ကိုယ့် ဘာသာကိုယ် မောင်းသွား ရအောင်လည်း ညကြီးအချိန် မတော်ဆိုတော့ အဆင်မပြေ။ ကဲ မထူးဘူး။ တက္ကစီပဲငှား သွားတော့မယ်။ ကိုယ်တော် ချောကတော့ သူ့ကားသူ မောင်းသွားတာဆိုတော့ ဟုတ်လို့။

ဘောင်းဘီဝတ်၊ ဂျာကင်ထပ်၊ ဦးထုပ်ဆောင်း။ ရုပ်ဖျက်တာရယ်လို့တော့ မဟုတ်ပါဘူး။ ညဘက်ကြီး မိန်းမတစ်ယောက် အပြင် ထွက်ဖို့ ရုပ်ရှင်တွေ၊ ၀တ္ထုတွေ ထဲကလို ကိုယ့်စိတ်ကို ရဲဆေးတင် အားမွေးလိုက်ခြင်းပဲ ဆို ပါစို့။
၃။
သူလား။
ကျွန်မ တွေ့တွေ့ချင်း သူလို့ကို မထင်ရတာ။ နီကျင်ကျင်၊ ပြာတာတာ မီးရောင် မှိန်ဖျော့ဖျော့အောက်မှာ သူ့ခေါင်းက ရှေ့က စားပွဲနဲ့ သုံးလက်မလောက်ပဲကွာ တဲ့ အနေအထား ရောက်အောင် ငိုက်စိုက်ကျလို့။ သူ့ ဘေးမှာတော့ ရောင်စုံမျက်နှာနဲ့ ကောင်မလေးတစ်ယောက်။ ဘာတွေပြောနေမှန်း မသိ။ ပါးစပ်က ပွစိ၊ ပွစိ။ ခန္ဓာ ကိုယ်ကလည်း လှုပ်စိ၊ လှုပ် စိ။ ကျွန်မက ဒီဆိုင်ရောက်တော့ သူ့ကို ရှာဖွေရတာလည်း မှုန်ပျပျမီးရောင်အောက်မှာ အလွယ်တကူတော့ မဟုတ်လှဘူး။ ဒါပေမယ့် အခက် ကြီးလည်း မဟုတ်ဘူး။

ဆိုင်က ည ၁ နာရီမှာ ပိတ်တာလေ။ ကျွန်မရောက်တဲ့ အချိန် ၁၂ နာရီခွဲမှာ ဆိုင်မှာ လူကအတော် ရှင်းနေပြီ။ ဒါပေမယ့်Stage စင်ပေါ်မှာတော့ ပန်းကုံးကိုယ်စီနဲ့ ကောင်မလေးတွေ သီချင်းဆို နေကြဆဲ။ စားပွဲဝိုင်းတွေက လူကြီးလူငယ်။ အထူးသဖြင့်လူကြီးတွေကလည်း Stage ပေါ်က သံစဉ်တွေနဲ့ စည်းချက် လိုက်နေကြဆဲ။ ကျွန်မ ဖတ်ဖူးတာလေးတွေကို သွားတွေးမိတယ်။ ငြိမ့်ညောင်း သာယာတဲ့ ဂီတသံတွေဟာ လူတွေရဲ့ နှလုံး ရောဂါဖြစ်မှုကို သုံးဆယ့်ငါး ရာခိုင်နှုန်းထိ ကာကွယ် ပေးနိုင်တယ်တဲ့။ ဒီလိုဆို သေချာတာက ဒီလူကြီးတွေ နှလုံးရောဂါနဲ့တော့ လူ့လောကကနေ ထွက်ခွာ သွားရမှာ မဟုတ်။

ကျွန်မက ကျွန်မ ယောက်ျားကို သေချာမြင် တွေ့နိုင်တဲ့ စားပွဲဝိုင်း တစ်ခုမှာ ၀င်ထိုင်လိုက်တယ်။ ဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်းလို့ မသိမသာ အကဲခတ် နေလိုက်တယ်။ သူ့ဘေးမှာ ထိုင်နေတာ ဒီဆိုင်က အဆိုတော်မလေးမှန်း တပ်အပ်သိတဲ့ ကျွန်မက ၀ိတ်တာလေးကို ခေါ်ပြီး ကောင်မလေးရဲ့ နာမည်ကို မေးလိုက်တယ်။ ပြီးတော့ နောက်ထပ် ကျွန်မ ဘာဆက် လုပ်ရမယ်၊ ဘာဆက်လုပ် သင့်တယ်ဆိုတာကို စဉ်းစား နေလိုက်တယ်။

ခဏကြာတော့ သူ့ဘေး က ရောင်စုံမျက်နှာနဲ့ ကောင်မလေး ပျောက်သွားတယ်။ ဘယ်ကို ရောက်သွားပါလိမ့်။ ကျွန်မ စဉ်းစားလို့ မဆုံးခင်မှာ နာမည်လေးလုံးနဲ့ ရောင်စုံ မျက်နှာလေးကStage စင်ပေါ်ကို ရောက်သွားတယ်။ အာပါပါး။ တယ်လည်း ချောမောတဲ့ ရုပ်ရည်လေးပါ တကား။ မျက်လုံးလေးတွေ၊ နှုတ်ခမ်းလေးတွေ ဆိုတာများ စိုလက်နေတာ အရောင်တွေ ထွက်နေသလားထင်ရတယ်။ အံမယ် ဆိုတဲ့ သီချင်းကို ကြည့်ဦး။
“ချွဲချွဲနွဲ့နွဲ့ ခေါ်ချင်တယ် ___ကိုကြီး၊ ကိုကြီ”တဲ့။ ကြည့်ဦး။

အသက် ၄၅ စွန်းနေပြီ ဖြစ်တဲ့ ဒါကြီးကိုများ ကိုကြီး တဲ့။ ဝေါ့။ အန်ချင်လိုက်တာ။ ခေါ်ဟေ့ ခေါ်ခေါ်။ ကြိုက် သလိုသာ ခေါ်ကြ။ ကြိုက် သလောက်သာ ခေါ်ကြ၊ တကတဲမှပဲ။ တစ်ဦးဆိုင် နာမ်လို့ ကျွန်မ ထင်ထားခဲ့တဲ့ ကျွန်မ ယောက်ျား ကိုဝင်းထူးအောင်လည်း သူတို့နဲ့ တွေ့မှပဲ အများဆိုင်နာမ်မှန်း သိလိုက်ရတော့ တယ်။ ကျွန်မရှေ့မှာ ရှိနေတဲ့ အအေးခွက်ထဲက အအေးနဲ့ မျက်နှာကို ပက်ပစ်ချင်လိုက်တာ။ အဲ့ဒီ့မျက်နှာက“ကိုကြီး” လို့Stage ပေါ်က ကောင်မလေး ခေါ်တဲ့ ကျွန်မယောက်ျာ ကိုဝင်းထူးအောင်ရဲ့ မှုန်ကုပ်ကုပ် အဆီပြန်ပြန် မျက်နှာကြီး ကိုလား။ အဖေအရွယ် လောက်ကြီးကို ကိုကြီးတပ် ခေါ်တဲ့Stage ပေါ်က နာမည် လေးလုံးနဲ့ ကောင်မလေးရဲ့ နုနုထွတ်ထွတ် မျက်နှာလေး ကိုလား။ ဒါမှမဟုတ်။ ရွံ တတ်တဲ့ သူဆိုရင် ချက်ချင်း အန်ချင်သွားလောက်အောင် အော်ဂလီ ဆန်ချင်စရာကောင်း နေတဲ့ မဲ့ရွဲ့ချဉ်တူးနေတဲ့ ကျွန်မရဲ့ မျက်နှာကိုပဲလား။

ကျွန်မ တွေးနေတဲ့ အချိန်မှာပဲ ကျွန်မယောက်ျား ကိုဝင်းထူးအောင်ပေါ့။ လုပ်လီလုပ်လဲ့နဲ့ စင်ပေါ်ကို တအိအိတက်။ ကောင်မလေးကို ပန်းကုံး တစ်ခုတောင် ဆုချနေ လိုက်သေး။ ကောင်းရော။ ခဏကြာတော့ အစီအစဉ်တွေ ပြီးဆုံးသွားကြောင်းကို ကြေညာတယ်။ လာရောက် အားပေးကြတဲ့ စား သောက်သူတွေလည်း ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုတောင် မနိုင်ချင်၊ နိုင်ချင်သယ်လို့ လမ်းလျှောက် တတ်ခါစ ကလေးငယ်တွေလို ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့ ဆိုင်ပြင်ကို လှမ်းထွက်ကုန်ပြီ။

“အလို ကျွန်မ ယောက်ျား”

သူများတွေကို ငေးကောင်းနေတဲ့ ကျွန်မရဲ့နားကို ဖြတ်လို့ ကျွန်မ ယောက်ျား ရယ်လေ။ စောစောက ကောင်မလေးကိုလည်း လက်တစ်ဖက်က ဖက်ထားလိုက် သေး။ ခါးကို၊ ခါးကို။

“ဘယ်တော့မှ ပြန်မဆုံ နိုင်တော့ရင်လည်း ကိုကြီးကို သတိရနေပါ”တဲ့။

ကျွန်မရဲ့နားနဲ့ ဆတ် ဆတ်ကို ကြားလိုက်တာ။ “ဘယ်တော့မှ ပြန်မဆုံနိုင်ဘူး”ဆိုတော့ သူတို့တွေက ဒီ ညနောက်ဆုံးတွေ့ခြင်းလား။ ဟုတ်မှာ။ ဟုတ်မှာ။ စောစောက စားပွဲဝိုင်းမှာ ထိုင်နေကတည်းက ကျွန်မ ယောက်ျား မျက်နှာက စားပွဲနဲ့ ထိကပ်လု နီးပါး ငိုက်စိုက်ကျနေတာ။ အဲဒါကို ကျွန်မက သူမူးနေ တယ်လို့ ထင်ခဲ့တာ။ တကယ်တော့ ဒင်းက ကြေကွဲနေတာကိုး။ ပြီးတော့ ဘာတွေတုံး။ ဒီည နောက်ဆုံး တွေ့ဆုံခြင်း ဆိုတာ။ ကျွန်မကတော့ သူတို့နောက်ကို တိတ်တ ဆိတ်လိုက်ရင်း ဘာလုပ်ရ မလဲ ဆိုတာကို အပြင်းအထန် စဉ်းစားနေတုန်းပဲ။

သိပ်မကြာပါဘူး။ သူ့ ကားရပ်ထားတဲ့ဆီကို သူတို့ နှစ်ယောက် ရောက်သွားကြ တယ်။ မီးအလင်းရောင် ထိန် ထိန်အောက် ကားပါကင်မှာ သူ့ရဲ့မျက်နှာကို ကားတစ်စီး အကွယ်ကနေ ထင်ထင်လင်းလင်း မြင်လိုက်ရပြီ။ သူ့ရဲ့ မျက်နှာကြီးက...
“ဗုဒ္ဓေါ”
တကယ့်ကို ဆို့ဆို့နင့်နင့် မျက်နှာကြီးပါလား။ မျက် လုံးကြီးတွေ မှေးစင်းထား လိုက်တာများလည်း ငါးခူက တောင် အဘိုးခေါ်ရမယ့်ပုံ။ ကျွန်မ ဘာလုပ်ရမလဲ။ စဉ်း စား၊ စဉ်းစား။
“ပွမ်...ပွမ်”

အဲ့ဒီ့အချိန်မှာ ကျွန်မ ကွယ်ဖို့ကြိုးစားနေတဲ့ ကားက ထွက်ဖို့ကြိုးစားနေဟန်နဲ့ “ပွမ်ပွမ်”အလုပ်။ ကျွန်မက လန့်ပြီး အခုန်။ ကျွန်မ ယောက်ျားကလည်း အသံ ကြားလို့ လှည့်အကြည့်။
“ဟင်”

ကျွန်မကို မြင်တော့ ကျွန်မယောက်ျား လန့်သွားလို့ ပဲလား။ အံ့သြစိတ်နဲ့ မှင်တက် သွားလို့ပဲလား။ သူဖက်ထားတဲ့ ကောင်မလေးရဲ့ခါးကို အလွှတ်။ ကျွန်မလည်း မထူး တော့ပြီမို့ သူတို့ဆီ ပြေးပြီး သူ့ ဘေးက တစ်စုံတစ်ခုကို တအုန်းအုန်းမြည်အောင် ထုပစ်။ သူ့ဘေးကဆိုတော့ ကောင်မလေးကိုလား။ ဟင့် အင်း...ကျွန်မတို့ အပိုင် ကားကြီးကိုပါ။ ကောင်မလေးကို သွားထုရင် ပြဿနာတွေ တက်ကုန်မှာပေါ့။
“ရှင့်ကို မပေါင်းတော့ဘူး။ ရှင့်ကို လုံးဝမပေါင်း တော့ဘူး”

ကျွန်မရဲ့အသံ ကြား တော့ ကောင်မလေးလည်း အတော် လန့်သွားတယ် ထင်ရဲ့။ ဆိုင်ဘက်ကို ပြေးထွက်သွားပြီ။
“ဒီကောင်မလေးက အိမ်ထောင်ပြုတော့မှာပါကွာ။ ကိုယ်တို့တွေ့ကြတာလည်း ဒီညနောက်ဆုံးပါပဲ။ မင်းသိပ်ပြီး အော်မနေနဲ့။ လူတွေနဲ့ ရှက်စရာကြီး”

အံမယ်။
ရှက်စရာကြီးဆိုပဲ။ ကျွန်မယောက်ျား မျက်နှာများ တကယ့်ကို ရှက်နေတဲ့ပုံ။ မူးနေတဲ့ပုံတောင် တစ်စက်ကလေးမှ မပေါက်။ ပြီးတော့ သူ့မျက်ဝန်းတွေမှာ တကယ့် ကို ကြေကွဲနေတဲ့ ပုံတွေ။ သူ ပြောသလို ကောင်မလေးက တကယ်ပဲ ယောက်ျား ယူတော့မှာလား။ ဟင့်အင်း။ သူပြောတာတွေ ကျွန်မ မယုံဘူး။
ကျွန်မကတော့ “ရှင့်ကို မပေါင်းနိုင်ဘူး။ ကွာမယ်” ဆိုတာကိုပဲ ထပ်တလဲလဲ အော်ပြောနေလိုက်တယ်။
၎။
သူလား။
စိတ်ရှုပ်၊ ခေါင်းကုတ် စွာနဲ့ ကားဘေးမှာ ငူငူကြီးရပ် လို့၊ ကျွန်မကို ပြောမရလို့ဘဲ စိတ်ညစ်ညူးနေတာလား။ ဒါမှမဟုတ်။
ကွက်ကြည့်၊ ကွက် ကြည့် လုပ်နေတဲ့ ပတ်ဝန်းကျင်ကိုပဲ ရှက်နေလို့လား။ ဒါ မှမဟုတ် ပြေးထွက်သွားတဲ့ ကောင်မလေး နောက်ကိုပဲ သူ့စိတ်က လိုက်သွားနေချင် လို့လား။ အဲဒီ့ အချိန်မှာ ကျွန်မလား။ စိတ်ကူးလိုက်တာတွေ မှ အများကြီးပဲ။ တက္ကစီ တစ်စင်း အမြန်ရှာပြီး အိမ်ပဲပြန်ရ ကောင်းမလား။ ဟင့် အင်း။ ခြေဦး တည့်ရာကိုပဲ အားသွန်ခွန်စိုက် ထွက်ပြေးသွားရ ကောင်းမလား။ ဟင့် အင်း။ ခပ်လှမ်းလှမ်းက ကန်တော်ကြီးရေပြင်ထဲ ၀ုန်း ခနဲခုန်ချပြီးဘ၀ကို အဆုံး သတ်လိုက်ရရင် ကောင်း မလား။ ဟင့်အင်း။ ဘယ်လို စဉ်းစားလို့မှ အဖြေမထွက် တော့တဲ့ အဆုံး။ သူ့ကားထဲကို ၀င်ထိုင်လို့ ကားတံခါး ကိုပဲ စိတ်ရှိလက်ရှိ ၀ုန်းခနဲ ပိတ်ပစ် လိုက်တော့တယ်။
၅။
ကျွန်မလား။
မိန်းမတစ်ယောက်ရဲ့ ဘ၀ကို ရလာခဲ့ပြီးမှတော့ အဲ့ဒီ့ဘ၀ တစ်ခု တည်မြဲဖို့ နေရာလေး တစ်ခုတော့ မလွဲ မသွေ ရှိနေရမယ်လေ။ ရွေး ချယ်ခဲ့ပြီးတဲ့ နေရာလေး တစ်ခုမှာလည်း ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လိုအပ်တာတွေ ဖြည့်စွက် ဖာထေးလို့ နေရာလေး တည်မြဲအောင် ထိန်းသိမ်း နေရဦးမှာပါပဲ။ မချစ်ဘဲနဲ့ အောင့်ပြီး နမ်းလိုက်ရတယ်ပဲ ဆိုဆိုပေါ့။ နေရာလေးတစ်ခု အတွက် အနမ်း တစ်ခုကတော့ မဖြစ်မနေ ရင်းနှီးရမှာပဲလေ။ ရင်းနှီးနေရဦးမှာပဲလေ။
သဘာဝကြီးက ကျွန်မကို မိန်းမ တစ်ယောက် အဖြစ် မွေးဖွားခဲ့ပြီးပြီပဲ မဟုတ်လား။


မင်းဝေဟင်
ရွှေအမြုတေမဂ္ဂဇင်း(ဒီဇင်ဘာ၊၂၀၀၉)

No comments:

Post a Comment

back to top