နှလုံးသားပြိုင်ဘက်





ရွှေမြင့်မိုရ် တောင်ခြေအောက်မှာ

ဖေဖေ ဩစတြေးလျကို သွားတဲ့အချိန်က ချစ်စုမ အသက် ၆ နှစ်။ တစ်တန်းမှာ ချစ်စုမ တက်နေတုန်း။
ဒီတုန်းက ချစ်စုမ မှတ်မိနေတာ ဖေဖေသွားတဲ့ နေ့က ချစ်စုမ ကျောင်းမတက်ရဘူး ဆိုတာနဲ့ ဖေဖေ့ကို လေယာဉ်ကွင်း လိုက်မပို့ရဘူး ဆိုတာပဲ။ အိတ်အကြီးကြီး တစ်လုံးကို ကားပေါ် ၀ုန်းခနဲ ပစ်တင်ပြီးတဲ့ အချိန်မှာ ဖေဖေက ချစ်စုမကို ပွေ့ချီလိုက်တယ်။ ပြီးတော့ “ဖေဖေ့ကို ဘာမှမလဲ” လို့ မေးတယ်။ “ဖေဖေ ဘယ်သွားမှာလဲ” လို့ ချစ်စုမ မေးမိတော့ ဩစတြေးလျလို့ ဖေဖေက ဖြေတယ်။ ဖေဖေပြောတဲ့ ဩစတြေးလျ ဆိုတာကို ချစ်စုမ မသိပေမယ့် ကားပေါ် ပစ်တင်လိုက်တဲ့ ဖေဖေ့ရဲ့အ၀တ်အစားအိတ် ကြီးကို ကြည့်ပြီး ဖေဖေ ခရီး ရှည်ထွက်ပြီ ဆိုတာကိုတော့ ချစ်စုမ သိနေခဲ့ပြီ။

ပြီးတော့“ချောကလက် ၀ယ်ခဲ့” လို့ ဖေဖေ အပြင်ထွက်တိုင်း မှာနေကျကို ချစ်စုမ မှာတော့“လူကြုံရှိရင် ဖေဖေ ထည့်ပေး လိုက်မယ်”ဆိုတဲ့ ဖေဖေ့စကား ကို ဘယ်လို ပြန်ပြောရမှန်း ချစ်စုမ စဉ်းစားလို့ မရပေမယ့် သြစတြေးလျ ဆိုတာ ခဏလေးနဲ့ ပြန်လာလို့ မရတဲ့ နေရာလို့ ချစ်စုမ တွေးမိလိုက်တယ်။

“ၾသစေၾတးလ် ၾသစ ေၾတးလ်”

ဖေဖေ့ရဲ့ကားက ခြံထဲက ထွက်သွားလို့ ဟိုးအဝေးကြီးကို ရောက်တဲ့ အချိန်ထိ ချစ်စုမ နှုတ်က“သြစတြေးလျ” ဆိုတာကို ရွတ်ကြည့်နေတုန်းပဲ။ ချစ်စုမတို့ အိမ်က ချစ်စုမကို ငယ်ငယ်ကတည်းက ထိန်းကျောင်းခဲ့တဲ့ အဒေါ်ကြီးက ချစ်စုမကို ပွေ့ချီသွားတယ်။ အဲဒီအချိန်မှာ ချစ်စုမက အဒေါ်ကြီးကို မေးကြည့်ခဲ့တာ။

“ဒေါ်ကြီး သြစတြေး လျဆိုတာ ဘယ်နားမှာလဲ ဟင်”

“သြစတြေးလျ ဆိုတာ နိုင်ငံခြားမှာ ချစ်စုမရဲ့” လို့ အဒေါ်ကြီးက ပြန်ပြောတာကို ချစ်စုမ မှတ်မိတယ်။ နိုင်ငံခြားဆိုတဲ့ စကား အသစ်ကို တိုးပြီး သိလာတာက လွဲလို့“သြစတြေးလျ ဘယ်နားမှာ” ဆိုတဲ့ အဖြေ အတိအကျကို ချစ်စုမ မသိခဲ့ရပါဘူး။ ဒီကတည်းက သြစတြေးလျ ဆိုတာကြီးကို ချစ်စုမ မုန်းသွားတာ။ ဖေဖေ့ ကို ချစ်စုမ မမေးလိုက်ရတဲ့“ဖေဖေ ဘယ်တော့ ပြန်လာမှာ လဲ” ဆိုတဲ့ မေးခွန်းကို ဒေါ်ကြီးကို မေးကြည့်တော့ ဒေါ်ကြီးဆီက ဘာသံမှ မကြားရဘူး။ ဒါပေမယ့် ဒေါ်ကြီးရဲ့မျက်နှာမှာ မျက်ရည်တွေကို ချစ်စုမ တွေ့နေရတယ်။ ဒီတုန်းက ဒေါ်ကြီးဘာကြောင့် ငိုသလဲ ဆိုတာ ချစ်စုမ မတွေးတတ် သလို ဧည့်ခန်း ဆိုဖာပေါ်မှာ ထိုင်နေတဲ့ မေမေဟာလည်း စားပွဲပေါ်မှာ တင်ထားတဲ့ ပန်းအိုးထဲက ပန်းပွင့်တွေကို တစ်ပွင့်ပြီး တစ်ပွင့် ဘာကြောင့် ခြွေပစ် နေရတာလဲ ဆိုတာ ကိုလည်း ချစ်စုမ မသိဘူး။

အဲဒီနောက်ပိုင်း ချစ်စုမ တို့နေတဲ့ အိမ်ကြီးကို ကွေ့ပတ်ပြီး နောက်ဖေး တန်းလျားဘက်မှာ ချစ်စုမ ပျင်းရင်သွား နေတတ်တယ်။ အဲဒီ တန်းလျားမှာ ချစ်စုမတို့ အိမ်မှာ ကားမောင်းတဲ့ ဦးထွန်းနဲ့ ထမင်းချက်တဲ့ အန်တီခိုင်တို့ မိသားစု ရှိတယ်။ အန်တီခိုင့်မှာ ချစ်စရာ ကောင်းတဲ့ ကလေးလေး တစ်ယောက် ရှိတယ်။
ချစ်စုမ မှတ်မိနေတာက အဲဒီ ကလေးလေးကို အန်တီခိုင် ပွေ့ချီထားတိုင်း အန်တီခိုင်က ကလေးလေးကို သီချင်း ဆိုပြနေတာကိုပဲ။ အန်တီခိုင့် သီချင်းက နား ထောင်လို့ကောင်းတယ်။ ပျော်စရာလည်း ကောင်းတယ်။

“နင်အဖေ့ ရေနံချောင်းကို မုန့်ပေါင်း ၀ယ်ဖို့သွား”တဲ့။ တခြား စာသားတွေကို ချစ်စုမ မမှတ်မိပေမယ့် အဲဒီ တစ်ကြောင်းကိုတော့ ချစ်စုမ သေသေချာချာကို မှတ်မိနေတယ်။ အန်တီခိုင့်ကို ချစ်စုမ မေးမိတယ်။“ရေနံချောင်း ဆိုတာ ဘယ်နားမှာလဲဟင်” လို့။ အဲဒီတော့ အန်တီခိုင်က“ရေနံချောင်း ဆိုတာ လမ်း ထိပ်နားမှာ ချစ်စုမရဲ့”လို့ ဖြေ တယ်။

တကယ်လည်း ဦးထွန်းက မုန့်ပေါင်း ဆိုတာကို ၀ယ်လာတယ်။ လမ်းထိပ် ဆိုတာ ဝေးတာမှ မဟုတ်တာ။ အန်တီခိုင် သီချင်းတောင် မဆုံးသေးဘူး၊ မုန့်ပေါင်း ဆိုတာ ရောက်လာပြီ။ ချစ်စုမတောင် မုန့်ပေါင်း ဆိုတာကို စားကြည့်သေးတယ်။ ချိုမြမြလေးနဲ့ စားလို့ ကောင်းမှ ကောင်း။
“နင့်အဖေ ရေနံချောင်းကို မုန့်ပေါင်းဝယ်ဖို့သွား”

အန်တီခိုင့်သီချင်းလေး ကို ချစ်စုမ ဆိုကြည့်တယ်။ ပြီးတော့ ဖေဖေလည်း သြစတြေးလျကို ချောကလက် သွားမ၀ယ်ဘဲ ရေနံ ချောင်းကိုသာ မုန့်ပေါင်း သွားဝယ်ခဲ့တာဆိုရင် အခုချိန် လောက်ဆို ပြန်ရောက်ပြီလို့ တွေးမိတယ်။ ရေနံချောင်းဆိုတာ ခဏလေး သွားပြီး ပြန်ရောက်တာမို့ ချစ်စုမ ချစ် လိုက်တာ။ ဒါပေမယ့် ဖေဖေ ထွက်သွားတာ ကြာပြီ။ အခု အချိန်ထိ ပြန်မလာနိုင်သေးတဲ့ သြစတြေးလျ ဆိုတဲ့ နေရာကို ချစ်စုမ မုန်းလိုက်တာလေ။

၂။
ဖေဖေ သြစတြေးလျကို ထွက်သွားတာ ဘယ်နှရက် ရှိပြီမှန်းတော့ မသိဘူး။ ချစ်စုမ စိတ်ထဲတော့ အတော်ကြီးကို ကြာနေပြီ။ ခြံထဲကို ကားတစ်စီး ၀င်လာတဲ့ အသံ ကြားတိုင်း“ဖေဖေ ပြန်လာပြီလား”ဆိုပြီး ထွက်ထွက် ကြည့်မိတယ်။“ဖေဖေ ဘယ တော့ ပြန်လာမှာလဲ”ဆိုတာကို မေမေ့ကို မေးကြည့်တော့“ညည်းအဖေကို ညည်းပဲမျှော်”လို့ မေမေက ပြောတယ်။ ဒီလိုနဲ့ နွေရာသီ ကျောင်းပိတ်ရက် အထိ ဖေဖေက ချစ်စုမတို့ ဆီကို ပြန် မလာဘူး။
မေမေ့ကို မေးကြည့်လို့ မရတော့တဲ့ အခါ ဒေါ်ကြီးကို ချစ်စုမ မေးကြည့် မိပြန်တယ်။ ဒေါ်ကြီးက ပြောတယ်။ ချစ်စုမ ဖေဖေက လူပြန်မလာ ပေမယ့် ချစ်စုမဆီကို ဖုန်း တော့ ဆက်မှာပါတဲ့။ အဲဒီ တော့ ကားသံတွေအစား ဖုန်း မြည်တဲ့အသံတွေကို ချစ်စုမ စိတ်ဝင်စားလာပြန်တယ်။

ချစ်စုမ အားတိုင်း ဖုန်းမြည်သံကို စောင့်တယ်။ တစ် ရက်၊ နှစ်ရက်။ ဖုန်းက မြည်လာတယ်။ ဒါပေမယ့် ဖေဖေ့ဆီက မဟုတ်ဘူး။ ဘယ်က မှန်းမသိတဲ့ လူကြီးတစ်ယောက် ဆီက။“သမီးလေးလား၊ မေမေရှိလား”တဲ့။ ချစ်စုမက“ဟင့်အင်း”လို့ ပြောရင်း ဖုန်းကို မြန်မြန် ပြန်ချလိုက်တယ်။ မေမေ ရေချိုး နေတာကို ချစ်စုမ သိတော့သိသား။ ဒါပေမယ့် ဖေဖေ့ဆီက ဖုန်း မလာလို့ ချစ်စုမစိတ်တိုနေ တာ။ ပြီးတော့ ဘယ်ကမှန်း မသိတဲ့ လူကြီးက“သမီး လေး” လို့ ခေါ်တာကိုလည်း ချစ်စုမ မကြိုက်ပါဘူး။

နောက်တစ်ရက်၊ နှစ်ရက်။ ဖုန်းသံတွေကို ချစ်စုမ စောင့်တယ်။“မေမေရှိလား” ဆိုတဲ့ ဖုန်းတွေလာရင် ထုံးစံ အတိုင်း“ဟင့်အင်း”ဆိုပြီး ဖုန်းချ။ ပြီးတော့ မေမေဆူ မလား ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဆက်တီတွေ နောက်မှာ ချစ်စုမ ပုနေခဲ့ရတာက အကြိမ်ပေါင်းများစွာ။ တစ်ရက်မှာတော့ ဖေဖေ့ဆီက ဖုန်းလာတယ်။ ဒီတုန်းက အိမ်မှာ မေမေ ရှိမနေ ဘူး။ ဖေဖေ့ အသံက ကြည် လင်နေတယ်။ ဖေဖေ့ စကားသံကို ကြားယောင်ရင်း ဖေဖေနဲ့ ချစ်စုမ ကစားကွင်း အနှံ့ လျှောက်ကစားခဲ့တာတွေ၊ ချစ်စုမ အိပ်ရာဝင်တိုင်း ဖေဖေက ချစ်စုမကို ဗိုက်ပေါ် မှာတင်ပြီး ပုံပြင်တွေ တစ်ခုပြီး တစ်ခု ပြောပြခဲ့တာတွေကို သတိရတယ်။

“ဖေဖေ ဘယ်တော့ပြန် လာမှာလဲ”

မေးချင်တာကိုပဲ ချစ်စုမ မေးလိုက်တယ်။“သမီးကိုလည်း ဖေဖေသတိ ရပါတယ်”လို့ ဖေဖေက ပြောတယ်။ ပြီးတော့ ချစ်စုမ မေး တာကို ဖေဖေက မဖြေဘဲ“သမီး ဖေဖေ့ဆီကို လာချင်လား”လို့မေးတယ်။ ဟင့်အင်း ဖေဖေ။ ဖေဖေ မေးတာကို ချစ်စုမ မဖြေပါဘူး။ ဖေဖေ ရှိတဲ့ သြစတြေးလျဆိုတာကြီး ကို ချစ်စုမမှ မချစ်တဲ့ဟာကို။

“သမီးလေး ဖေဖေပြောတာ နားထောင်။ ဖေဖေ တစ် နေ့နေ့မှာ သမီးလေးကို လာခေါ်မယ်။ အခုတော့ သမီး လေးက သမီး မေမေရဲ့အုပ်ထိန်းမှု အောက်မှာပဲ ရှိနေရဦးမယ်။ သမီးလေးကို ဖေဖေ ခေါ်ခွင့် မရှိသေးဘူး။ တစ်ချိန်ချိန်ပေါ့ သမီးလေးရယ်။ ပြီး တော့ သမီးလေး မေမေနဲ့ ဖေဖေ ပြိုင်စရာ ပြိုင်ပွဲတစ်ခု ရှိသေးတယ် သမီး”

ဖေဖေ ပြောတာတွေကို ချစ်စုမ နားမလည်ပါဘူး။ မေမေနဲ့ ပြိုင်စရာ ပြိုင်ပွဲတစ်ခု ဆိုတာကို ချစ်စုမ ပိုပြီးတောင် နားမလည်သေးတယ်။ချစ်စုမ သိချင်တာက ဖေဖေ ဘယ်တော့ပြန်လာမှာလဲ ဆိုတာကိုပဲ။ ဒါကို ဖေဖေက ချစ်စုမ သိအောင် မဖြေဘူး။ ချစ်စုမ ဖေဖေ့ကို မုန်းလိုက်တာ။ နောက်နေ့တွေမှာ ကားသံ ကြားလည်း ချစ်စုမ ထွက် မကြည့်ဘူး။ ဖုန်းသံကြားလည်း ချစ်စုမ မကိုင်ဘူး။ ဖေဖေသာ ဖုန်း ခဏခဏ ဆက်ရင် ဖေဖေ မဟုတ်တဲ့ လူကြီးတွေ မေမေ့ဆီကို ဖုန်းဆက်လို့ ဘယ်ရပါ့မလဲ။

အန်တီခိုင်တို့ အခန်းဘက်ကို ချစ်စုမ ထွက်ခဲ့တော့ အန်တီခိုင်ရဲ့ချစ်စရာ ကောင်းတဲ့ ကလေးလေးကို ဦးထွန်းက ချီထားတယ်။ ကလေးလေးက ဦးထွန်းရဲ့ လက်ထဲမှာ ခစ်ခစ်တက်အောင် ရယ်လို့။
“ဦးထွန်း ဒီနေ့ရေနံ ချောင်းကို မသွားဘူးလား”

“ပြန်လာတာ ချစ်စုမရဲ့၊ ချစ်စုမ မေမေကို အပြင်လိုက် ပို့ပြီး ပြန်လာကတည်းက ဦးထွန်းက ရေနံချောင်းကို ၀င်ခဲ့တာ။ ချစ်စုမ အတွက် မုန့်ပေါင်းပါတယ်။ ချစ်စုမရဲ့ အန်တီခိုင် ကျွေးလိမ့်မယ်”

ဦးထွန်းတို့က သိပ်ဟန် ကျတာပဲ။ ရေနံချောင်းကို နေ့တိုင်းမုန့်ပေါင်း သွားဝယ်တယ်။ ချစ်စုမတို့ ဖေဖေကျတော့ ချောကလက်လေး တစ်ခါ စားရဖို့ အရေး ချစ်စုမ စောင့်လိုက်ရတာ။ စိတ်တောင် မရှည်ချင်တော့ဘူး။ ထွက်သွားပြီးကတည်းက ချစ်စုမဆီကို ပြန်ကိုမလာ တော့ဘူး။ တွေးရင်း ဖေဖေ့ကို ချစ်စုမ မုန်းလိုက်တာ လေ။

၃။
ချစ်စုမ မသိတဲ့ လူကြီး တစ်ယောက်ကို တစ်နေ့မှာ မေမေက အိမ်ကို ခေါ်လာတယ်။ လူကြီး တစ်ယောက် တည်းသာမက ချစ်စုမ မသိ တဲ့ အခြား သူတွေလည်းပါ တယ်။ အိမ်မှာ အလှူတစ်ခု လုပ်တယ်လို့တော့ ချစ်စုမ ထင်တာပဲ။ ညနေပိုင်းမှာ လာသမျှ လူတွေအားလုံး ပြန်သွားပေမယ့် လူကြီးက ပြန် သွားတော့ဘူး။

ညစာ ထမင်းဝိုင်းမှာ မေမေရယ်၊ ချစ်စုမရယ်၊ လူ ကြီးရယ် သုံးယောက် စားရတယ်။ ဟိုတုန်းက ဖေဖေ ထိုင်ခဲ့တဲ့ ခုံမှာ အခု လူကြီးက ထိုင်တယ်။ ပြီးတော့ မေမေက...
“ချစ်စုမ ဒီနေ့ကစပြီး ဒီဦးဦးကို ဖေဖေလို့ ခေါ်ရမယ်နော်။ ကြားလား။ ဒီဦးဦးက နောက်နေ့ကစပြီး ချစ်စုမ သွားချင်တဲ့ နေရာတွေအားလုံး ကို လိုက်ပို့ပေးလိမ့်မယ်။ ချစ်စုမ လိုချင်တဲ့ အရုပ်တွေ အားလုံးကိုလည်း ၀ယ်ပေး လိမ့်မယ်”

ဖေဖေ မဟုတ်တဲ့ ဘယ်ကမှန်း မသိတဲ့ လူကြီးကို ချစ်စုမကတော့ ဖေဖေလို့ မခေါ်နိုင်ပါဘူး။ ချစ်စုမက ထမင်း မစားသေးဘဲ လူကြီးကို စိုက်ကြည့်လိုက်တော့ လူကြီးက တဟားဟားနဲ့ ရယ်တယ်။ ဘာရယ်စရာမှ မပါဘဲနဲ့လေ။ ပြီးတော့ ချစ်စုမကိုလည်း“သမီးလေး သမီးလေး”နဲ့။ အိုး ဒီလူကြီးကို ချစ်စုမ သိပ်စိတ်ညစ်တာပဲ။

မေမေ ပြောတော့သာ ဒီလူကြီးက ချစ်စုမ သွားချင်တဲ့ နေရာတွေကို လိုက်ပို့ပေး မယ်ပြောတာ။ တကယ်တမ်း ကျတော့ လူကြီးက ချစ်စုမ ကို ခေါ်မသွားဘဲ မေမေ့ကို ချည်းပဲ ခေါ်သွားနေတော့ တာပဲ။
“မေမေ ဖေဖေက မေမေနဲ့ပြိုင်ပွဲ တစ်ခု လုပ်မယ်လို့ ပြောတယ်။ ပြီးတော့ ဖေဖေက ဘယ်တော့ ပြန်လာမှာလဲ။ ဒီလူကြီးကရော အိမ်ကနေ ဘယ်တော့ ပြန်မှာလဲ”

မေမေ့ကို ချစ်စုမ မေးတော့ မေမေ အကျယ်ကြီး အော်ရယ်တယ်။ မေမေအဲဒီ လိုကြီးရယ်တာ ချစ်စုမ တစ်ခါမှ မမြင်ဖူးဘူး။ ပြီး တော့“ချစ်စုမ သမီးက ငယ် သေးတယ်။ ဘာမှ မသိဘူး” လို့ပြောတယ်။
“သမီးဖေဖေနဲ့ ပြိုင်ပွဲမှာ မေမေ အနိုင်ရလိုက်ပြီ ချစ်စုမရေ”လို့ မေမေက ရယ်ရင်း ပြောတယ်။ မျက်ရည်ကျအောင် မေမေ ရယ်တာကို ချစ်စုမက တအံ့တသြ ကြည့်နေဖြစ်တယ်။

“သမီးရဲ့ဖေဖေ အသစ်ကို ဒီအိမ်ပေါ် ရောက်အောင် မေမေ ခေါ်တင် လိုက်နိုင်တာဟာ သမီးဖေဖေနဲ့ မေမေတို့ရဲ့ ပြိုင်ပွဲမှာ မေမေ အနိုင်ရလိုက် တာပေါ့ သမီးရယ်”

မေမေက ပြောရင်း ချစ်စုမကို ဖက်ထားတယ်။ မေမေ ဘာတွေ ပြောနေတယ် ဆိုတာ ချစ်စုမ နားမလည်ဘူး။ မေမေက ဒီလူကြီးကို အိမ် ပေါ်ခေါ်တင်လိုက်တာက ပြိုင် ပွဲမှာ အနိုင်ရတာတဲ့။ ဖေဖေ လည်း မေမေ့လို အနိုင် ရချင်ရင် အခု အချိန်လောက်ဆို မေမေ့လို နောက်တစ်ယောက်ကို အိမ်ပေါ် ခေါ်တင်နေမှာလား။ တွေးရင်း ချစ်စုမ စိတ်ညစ်လာတယ်။ မေမေ့ လက်ထဲက ချစ်စုမ လျှောဆင်းလိုက်တယ်။ ဘာလို့လဲ မသိဘူး။ မေမေ ဖက်ထားတာကို ချစ်စုမ စိတ်ညစ်လာတယ်။

နောက်ဖေးကို ချစ်စုမ ပြေးထွက်ခဲ့တယ်။ မေမေကတော့ ရယ်လိုက်၊ ငိုလိုက်နဲ့ ဧည့်ခန်းထဲမှာ ကျန်ခဲ့တယ်။ အန်တီခိုင်က ချစ်စုမကို မြင် တော့ ပွေ့ချီလိုက်တယ်။ ပြီး တော့“ချစ်စုမရဲ့ ဦးထွန်းတောင် ရေနံချောင်းက ပြန်ရောက်နေပြီ”လို့ ပြောတယ်။“ရေနံချောင်းက အပြန် မိတ္ထီ လာကန်မှာတောင် ဖားဝင်ပြီး ကောက်ခဲ့သေးတယ် ချစ်စုမ ရဲ့”လို့ ဦးထွန်းက ရယ်ရင်း ပြောနေပြန်တယ်။

အခုတလော ဦးထွန်းနဲ့ အန်တီခိုင်က ချစ်စုမကို သိပ်အလို လိုက်ကြတာပဲဆိုတာ ချစ်စုမ သိနေတယ်။“ဒီတစ်ခေါက် ရေနံချောင်းသွားရင် ချစ်စုမကို ဦးထွန်း ခေါ်သွား မယ်”လို့လည်းပြောတယ်။
“ချစ်စုမကို ရေနံချောင်း လိုက်ပို့ပြီးရင် သြစတြေးလျကို လိုက်ပို့ပါလား ဦးထွန်း ရဲ့”လို့ ချစ်စုမ ပြောကြည့်ချင် ပေမယ့် သြစတြေးလျဆိုတာ အဝေးကြီးဥစ္စာ။ ချစ်စုမ မသွားချင်တော့ပါဘူး။ ပြီးတော့ အခု အချိန်လောက်ဆို ရင် ဖေဖေက ပြိုင်ပွဲတစ်ခုကို လုပ်နေလောက်ပြီ။ အဲဒီပြိုင်ပွဲ အပြီးမှာ မေမေ့လို မိန်းမတစ် ယောက် ဖေဖေ့အနားမှာ ရှိနေ လောက်ပြီ။

ချစ်စုမဆီကို ဖေဖေ ဖုန်းမဆက်တော့ဘူး။ မေမေသာ ဖေဖေ့ကို မပြိုင်ရင် ဟိုလူကြီးက ဘယ်ရောက်နေပါ့မလဲ။ အခုတော့ ဖေဖေ့ကို အနိုင်ရ အောင်ပြိုင်တဲ့ မေမေ့ကို ချစ်စုမ မုန်းလိုက်တာ။ ပြီးတော့ ချစ်စုမ မချစ်တဲ့ ဟိုလူကြီးကို အိမ်ပေါ်ခေါ်လာတဲ့ မေမေ့ကို ချစ်စုမ မုန်းလိုက်တာ လေ။

၎။
ဒီနေ့ကျောင်းမှာ ဆရာမ က ဖေဖေ၊ မေမေတွေ အကြောင်း ချစ်စုမတို့ကို ပြောတယ်။ ချစ်စုမ သူငယ်ချင်း တွေက နားမထောင်ကြဘူး။ တချို့က အိပ်ငိုက်နေတယ်။ တချို့က သူတို့ စာအုပ်ထဲမှာ ပန်းပွင့်ပုံတွေ၊ ခွေးရုပ်ပုံတွေ ဆွဲနေကြတယ်။ ချစ်စုမ ကတော့ ဆရာမ ပြောတာကို သေချာ နားထောင်နေတယ်။ဖေဖေ၊ မေမေ ဆိုတာတွေပါ လို့ ချစ်စုမ စိတ်ဝင်စားတယ်။ ဆရာမကပြောတယ်။ ဖေဖေ နဲ့ မေမေဆိုတာ မြင့်မိုရ်တောင် ကြီးနဲ့တူတယ်တဲ့။

ဆရာမ ပြောတော့ ဖေဖေရှိတုန်းက မော်လမြိုင် က အဘွားတွေဆီ ချစ်စုမတို့ သွားလည်တော့ လမ်းမှာ မြင်ရတဲ့ တောင်တွေကို ချစ်စုမ သွားမြင်ယောင်တယ်။ ဆရာမပြောတဲ့ မြင့်မိုရ်တောင် ဆိုတာ အဲဒီ တောင်တွေလောက် ရှိမှာပဲလို့ ချစ်စုမ တွေးကြည့် နေတယ်။
“အဲဒီမြင့်မိုရ်တောင်ဆိုတာ နေပေါက်မထိုး၊ မိုးပေါက် မယိုနိုင်တဲ့ တောင်လို့ မှတ်ထားရမယ်။ အဲဒါကြောင့် ဖေဖေ၊ မေမေတို့နဲ့ အတူနေရ တယ်ဆိုတာ မြင့်မိုရ်တောင် ခြေမှာ နေရသလို အရမ်းအေး မြတာကွဲ့”

ဆရာမ ပြောတာကို ချစ်စုမ နားမလည်တော့ဘူး။ ချစ်စုမတို့က မြင့်မိုရ်တောင် ဆိုတာကြီးရဲ့ တောင်ခြေမှာ နေတာဆိုတော့...
“ဆရာမ အဲဒီမြင့်မိုရ် တောင်ကြီး ပြိုကျရင် တောင် ခြေမှာနေတဲ့ ချစ်စုမတို့ကို ပိကုန်မှာပေါ့ ဆရာမရဲ့”

ချစ်စုမ မတ်တတ်ရပ် ပြီး ဆရာမကို ပြောလိုက်တယ်။ ချစ်စုမ တကယ်ပြောတာ။ စောစောက ချစ်စုမ တွေးကြည့်တဲ့ မော်လမြိုင်ဘက်က တောင်တွေက ဟိုးတလော တုန်းက မိုးကြီးလို့ ပြိုကျတာ ရထားလမ်းတွေ ပျက်ကုန် တယ်တဲ့။ မေမေတို့ပြောတာ ချစ်စုမ ကြားဖူးတယ်။ ဆရာမ ပြောသလို ဆိုရင် အခု လည်းချစ်စုမတို့က မြင့်မိုရ် တောင်အောက်မှာနေရတာ ဆိုတော့မြင့်မိုရ်တောင်ကြီးပြို ကျရင် ချစ်စုမတို့ ဘယ်ကို ပြေးရပါ့မလဲ။ ချစ်စုမတို့ကို ပိကုန်မှာပေါ့။

“အို ချစ်စုမရယ် ပြောတတ်လိုက်တာ။ ဆရာမစိတ် မကောင်းလိုက်တာကွယ်။ ဆရာမ ပြောတဲ့ မြင့်မိုရ်တောင် ခြေအောက်မှာ ပိနေကြတဲ့ ချစ်စုမတို့လို ကလေးတွေ ဘယ်လောက်တောင် များနေ သလဲကွယ်”

ဆရာမက ချစ်စုမကို ဖက်ပြီး ပြောနေတယ်။ ချစ်စုမ ပြောလိုက်တာကို ဘာလို့ စိတ်မကောင်း သွားတာလဲ မသိလို့ ချစ်စုမ တွေးတယ်။ ချစ်စုမ ပြောတာ မှားသွားပြီလား။ ဆရာမက အိမ်ကို ခဏ ခဏ လာပြီး ဖေဖေ၊ မေမေတို့နဲ့လည်း ခင်နေတဲ့ ဆရာမမို့ ချစ်စုမ ပြောကြည့်လိုက်တာ မှားသွားပြီလား။
“စိတ်မကောင်းမဖြစ် ပါနဲ့ ချစ်စုမရယ်။ ချစ်စုမကို ဆရာမ ချောကလက် ကျွေး မယ်”ဆိုပြီး ဆရာမက ဆွဲခေါ်တယ်။ ချစ်စုမက ဆရာမလက်ကို မသိမသာဆွဲ ပြီး ရုန်းလိုက်တယ်။ ချစ်စုမ ရဲ့ လက်သေးသေးလေးတွေ ဆရာမရဲ့လက်အကြီးကြီးထဲက လွတ်ထွက်လာတဲ့အထိ ချစ်စုမ အားကုန်ထည့်ပြီး ရုန်းလိုက်တယ်။
ဟင့်အင်း။ ဆရာမ ကျွေးမယ့် ချောကလက်တွေ ချစ်စုမ မစားချင်ဘူး။ ချစ်စုမ မကြိုက်ဘူး။ ချစ်စုမ ဖေဖေ ပြန်လာတော့မှာ။ ချစ်စုမ ဖေဖေသြစတြေးလျက ပါလာတဲ့ ချောကလက်ကိုမှ ချစ်စုမ စားမှာ။

ဒီကြားထဲမှာတော့ ရေနံချောင်းက မုန့်ပေါင်းကိုပဲ အန်တီခိုင်တို့ ဆီမှာ ချစ်စုမ သွားစား နေဖြစ်ဦးမှာ။ ဖေဖေ ချောကလက်တွေ ပိုက်ပြီး ချစ်စုမဆီ ပြန်လာမယ့်နေ့ အထိ ချစ်စုမ စောင့်နေရင်း ပေါ့။ ချစ်စုမ သိနေပါတယ်။ ဖေဖေပြန်လာမယ့် နေ့ဟာ မကြာတော့ပါဘူး။

၅။
ဒီနေ့ ကျောင်းဆင်း တော့လည်း ထုံးစံအတိုင်း ဦးထွန်းက ချစ်စုမကို ကားနဲ့ လာကြိုတယ်။ ဦးထွန်းနဲ့ အတူ မေမေ ပါမလာခဲ့တာတော့ ကြာနေခဲ့ပါပြီ။“ဟိုလူ ကြီးနဲ့မေမေ အတူရှိနေမှာပဲ” ဆိုတဲ့ အတွေးက ချစ်စုမရဲ့ အိမ်အပြန်လမ်းကို ညှိုးရော် စေပါတယ်။ ပြီးတော့ ချစ်စုမ အပြင်းအထန် စဉ်းစားနေတာ က ဦးထွန်းနဲ့ အန်တီခိုင်တို့ရဲ့ စကားပဲ။ ဟုတ်တယ်။ မနေ့ ညနေက ဦးထွန်းပြောလိုက် တဲ့ စကားကို ချစ်စုမ သေသေ ချာချာကို ကြားလိုက်တာ။ ဦးထွန်းပြောလိုက်တာက ဖေဖေဟာ...
“ဟာ ဖေဖေ”

မီးပွိုင့်တစ်ခုကို ရောက် တော့ ဦးထွန်းက ကားအရပ်၊ ဟိုဘက်ကားနှစ်စီး၊ သုံးစီး အကျော်မှာ ဖေဖေ့ကားကို ချစ်စုမ တွေ့လိုက်တယ်။ “ဖေဖေ”
ချစ်စုမ နောက်တစ် ခေါက်ထပ်ခေါ်တယ်။ ဘယ် ကမှန်းမသိတဲ့ ဘေးနားက မိန်းမနဲ့ စကားတွေ ရယ်မော ပြောနေတဲ့ ဖေဖေကတော့ ချစ်စုမကို မမြင်သလို၊ ချစ်စုမ ခေါ်လိုက်တဲ့ အသံကိုလည်း မကြားပါဘူး။ ချစ်စုမ ကား တံခါးကို ဆွဲဖွင့်လိုက်တယ်။

“ချစ်စုမ ကားပေါ်က မဆင်းနဲ့။ အဲဒါ ချစ်စုမရဲ့ ဖေဖေ မဟုတ်ဘူး”

ရှေ့ခန်းက ဦးထွန်းအော် လိုက်တဲ့အချိန်မှာ ချစ်စုမက ကားအောက်ကိုတောင်ရောက် နေပြီ။ မဟုတ်ဘူး။ ဦးထွန်း လည်းညာတယ်။ မနေ့ညနေ က ချစ်စုမ သေသေချာချာ ကို ကြားခဲ့တာ။ ဦးထွန်းက အန်တီခိုင့်ကို ပြောနေတဲ့ စကားသံတွေလေ။
“တကယ်ဆိုရင် ချစ်စု မလေးက သနားပါတယ်။ သူ့အဖေနဲ့ အမေနဲ့ကွဲလို့ သူ့အဖေက အိမ်ပေါ်က ဆင်းသွားတာကို သြစတြေးလျ သွားနေတယ်လို့ ထင်နေတာ။ မြင့်မိုရ် အက်ကြောင်း ဆိုတာ ဒါပဲခိုင်။ မအေရော၊ ဖအေပါ နောက်အိမ်ထောင် ပြုကုန်ကြတော့ ဖြစ်လာမယ့် နောက် ဆက်တွဲဟာ ချစ်စုမလေး အတွက် မစဉ်းစားစရာပဲ”

“ဖေဖေ...ဖေဖေ”

ဖေဖေ့ကားက မှန်တွေ ချထားတာမို့ ချစ်စုမ ဘယ်လောက် အော်ခေါ်ပေမယ့် ဖေဖေက ကြားတဲ့ပုံမပေါ် ဘူး။ ဖေဖေရဲ့ကားနားရောက် အောင် ချစ်စုမ ပြေးလိုက် တယ်။ ကားတွေက တရွေ့ ရွေ့ထွက်ကုန်ကြပြီ။ ကား တွေကြားထဲကနေ ဖေဖေရဲ့ ကားရှိရာကို ချစ်စုမ ဖြတ်ပြီး ပြေးတယ်။ ဖေဖေလည်း ချစ်စုမကို မြင်သွားပြီ။ ကား တစ်စီးရှေ့က ဖြတ်အပြေးမှာ နောက်ကကားကြီး တစ်စီးက ချစ်စုမဆီကို ပြေးလာနေ တယ်။ ပြီးတော့ ချစ်စုမ အဝေးကြီးကို လွင့်ထွက်သွား တယ်လို့ ထင်လိုက်တယ်။ နောက်က ဦးထွန်းရဲ့အသံကိုတော့ ကြားလိုက်ရသေး တယ်။

ချစ်စုမဆီကို ဖေဖေ ဆင်းလာသလား။“ဖြစ်မှ ဖြစ်ရလေ သမီးလေးရယ်”လို့ ပြောနေတဲ့ အသံဟာ ဖေဖေ့ အသံလား။ ဖေဖေ့ လက်ထဲ မှာ ကိုင်ထားတာကရော ချောကလက်တွေလား။ ဟုတ်တယ်။ ချစ်စုမအတွက် ချောကလက်တွေ ဖေဖေယူ လာတယ်။ ဦးထွန်းတို့ ပြောသလို ဖေဖေ နောက်အိမ်ထောင်ပြု သွားတယ်ဆိုတာ မဟုတ်ဘူး မို့လား ဖေဖေ။ ဖေဖေ သြစတြေးလျမှာ ချစ်စုမအတွက် ချောကလက်တွေ သွားဝယ် နေတာ မဟုတ်လား ဖေဖေ။ ဦးထွန်းတို့ ကျွေးတဲ့ မုန့်ပေါင်းက စားရတာ ရိုးနေပြီ ဖေဖေ ရဲ့။ အဲဒါကြောင့် ဖေဖေ၀ယ် လာမယ့် ချောကလက်ကို ချစ်စုမက နေ့တိုင်း မျှော်နေ တာ။
ဖေဖေ သြစတြေးလျက ပြန်လာမယ့် အချိန်ကို ဆရာမပြောတဲ့ မြင့်မိုရ်တောင် အောက်ခြေကနေ ချစ်စုမ စောင့်နေတယ် ဖေဖေ။ ချစ်စုမ ဆီကို ဖေဖေရောက်အောင် ပြန်လာခဲ့မယ် မဟုတ်လား။



မင်းဝေဟင်
(ရွှေအမြုတေ မဂ္ဂဇင်း၊ စက်တင်ဘာ ၂၀၁၀)

ဝပ်ကျင်း





ပြေးလမ်းပေါ်မှာ အက်ကြောင်းတွေနဲ့

“သေသေချာချာများလည်း စဉ်းစား ကြပါဦးအေ။ ညည်းတို့ဟာက ဆင့်ဟိုဒင်းကို ခွေးမျှော်သလို ဖြစ်နေပြီ။ မဖြစ်နိုင်တာတွေ။ ဟိုကောင်မ ညည်းလည်း ကြည့်လုပ်ဦး။ ဘာ ၀လုံးလေးတွေ ဒီအတိုင်းနေလို့ ၀ိ ဖြစ်မလာဘူး။ အေး၊ လုပ် လုပ်။ ရွာမှာနေရင် အကောင်းသား။ ရန်ကုန်တက် အလုပ်လုပ်မှ ၀လုံးကတော့ ၀ိဖြစ်မဖြစ် မသိဘူး။ ရွာတောင်ပိုင်းက အေးကြည်မ သမီးလို ဗိုက်ကြီးလာတာပဲ အဖတ်တင်မယ်”

သူမ ရန်ကုန်တက်ပြီး အထည်ချုပ် တစ်ခု အလုပ်လုပ်မယ်လို့ စဉ်းစား ဆုံးဖြတ်ပြီးတဲ့ အချိန်မှာ ရင်ဆိုင်ရတဲ့ စကားတွေပါပဲ။ ဒီစကားတွေကို ပြောတဲ့သူ ကလည်း အခြားသူရယ် မဟုတ်ဘူး။ အဖေ့ရဲ့ အစ်မ ကြီးကြီးညွှန့်ရယ်ပေါ့။ ပြောပုံ ဆိုပုံ တွေကိုပဲကြည့်။ ဘယ်ဘက်က ကြည့်ကြည့် သက်သောင့်သက်သာရယ်လို့ မရှိ။ အဲဒီ့လို ပြောနိုင်ဆိုနိုင်တာလည်း မပြောနဲ့လေ။ သူမဘ၀ ဖြစ်တည်မှု မစခင်ကတည်းက ဒီကြီးကြီးညွှန့်ကိုပဲ အဖေနဲ့ အမေက မှီခိုခဲ့ ရတာကိုး။

အမေ ပြောပြတဲ့ ဒီအကြောင်းတွေက တစ်ထောင့်တစ်ည ပုံပြင်တွေလို မရှည်လျား ပေမယ့်လည်း ပြောပြီးတိုင်း အမေဟာ မောဟိုက် နေခဲ့ တယ်။
တကယ်တမ်း တွေးကြည့်တော့ သူမ အခုလို ဆယ်တန်းလေးကို ပိန်တိန် လိမ်တိန်နဲ့ အောင်မြင်လာခဲ့ ရတဲ့ သမိုင်း ကျဉ်းကျဉ်းလေး မှာတောင် ကြီးကြီးညွန့်က မာတိကာ လောက်မှာ ရှိနေခဲ့တာ။ ကြီးကြီးညွန့် သြဇာ၊ ကြီးကြီးညွန့် အမိန့်တွေ အောက်မှာပဲ သူမတို့ မိသားစုလေးရဲ့အက်ကြောင်းလေးတွေ ကို ကျားကန် ဖာထေးပစ်ခဲ့ရ ပါသတဲ့။

အဖေ့ဘက်က ဆွေမျိုး ရင်းချာရယ်လို့လည်း ပြေး ကြည့်မှ ဒီကြီးကြီးညွန့် တစ်ယောက်ပဲရှိတာ။ အဖေ့ရဲ့ မိဘတွေဆုံးတော့ အဖေက လူမမည်သာသာလေးတဲ့။ အဲ့ဒီအချိန်မှာကတည်းက ကြီးကြီးညွန့်ရဲ့ လက်ပေါ်မှာ ပဲကြီးခဲ့ရတဲ့အဖေဟာ အရာရာမှာ ကိုယ်ပိုင်စွမ်းဆောင်နိုင်မှု ဆိုတာလည်း မရှိသလောက် ပါပဲတဲ့။ အဖေနဲ့ အမေရဲ့ မိသားစုအတွင်းရေးတော် တော်များများမှာတောင် ကြီး ကြီးညွန့်ရဲ့ ဆန္ဒသည်သာ အခရာကျပါသတဲ့။
ကြီးကြီးညွန့်က သူမတို့ မိသားစုနဲ့ အတူနေတာတော့ မဟုတ်ပါဘူး။ သူမတို့အိမ် နဲ့ မလှမ်းမကမ်းမှာ အိမ် တစ်လုံးနဲ့ သတ်သတ်နေတာ ရယ်ပါ။
သူမတို့ရဲ့အိမ်။

ပြောမယ်ဆို သူမတို့ မိသားစုကွန်းခိုရာဂေဟာ လေးဟာ အိမ်တော့အိမ်ပါပဲ။ အိမ်မှ ဟိုးစောစောက ကာလ တုန်းကဆို တကယ့်ကိုအိမ် ကြီးအိမ်ကောင်းတစ်လုံးပါ ပဲ။ အခုများတော့...
သူမ ဆက်မတွေးကြည့် ချင်တော့ဘူး။ ရွာထဲကလူ တွေပြောသလိုဆိုရင်တော့ ဒီအိမ်ကြီးဟာ သူမတို့အမေ ဘက်က ဘိုးဘွားပိုင်အိမ်ကြီး ပါပဲ။ အမေက တစ်ဦးတည်း သောသမီး။ အဘိုး၊ အဘွား တွေဆုံးတော့ အမေက အဖေ နဲ့ အိမ်ထောင်ပြုပါသတဲ့။ ကြီးကြီးညွန့်က အမေတို့နဲ့ အတူတူလိုက်နေတာ မဟုတ် ပေမယ့် အဖေ့ကိုနောက်ကွယ် ရာက သြဇာမျိုးစုံပေးလို့၊ အမေ့ကိုလည်း ခြယ်လှယ် ချင်သလို ခြယ်လှယ် ပစ်လိုက်တာ သူမတို့လက်ထက်လည်း ရောက်ရော ဘိုးဘွားပိုင် အိမ်ကြီးလည်း ချုံးချုံးကို ကျကရော ဆိုသလို ဖြစ်သွား ပါသတဲ့။

အမေကတော့ ခပ်ရိုးရိုး ခပ်နုံနုံအပြင် စိတ်သဘော ထားကလည်း ကောင်းသေး မဟုတ်လား။ အဖေ့ကို ယုံ လို့ ပုံအပ်ပစ်လိုက်တာလည်း ပါမှာပေါ့လေ။
“ညည်းအမေကို ယူ တော့ ညည်းအဖေဆီမှာ ဘာ အပ်တစ်ချောင်း ပါလာတာ ရယ်လို့၊ လူခန္ဓာကိုယ်အပြင် မညွန့်တင်ဆိုတဲ့ အစ်မအပျို ကြီးတစ်ယောက်သာ အဆစ် ပါလာတာရယ်။ ညည်းအမေ က နဂိုကတည်းက အူတူတူ၊ အတတ။ မညွန့်တင်က အတူ လာမနေပေမယ့် ညည်းအမေ ပိုင် လယ်ယာ၊ ကိုင်းကျွန်း ရယ်ကအစ ဟိုအချိန်ဟိုဟာ လုပ်၊ ဒီအချိန်ဒီဟာလုပ်နဲ့၊ မဟာသေချုပ်၊ မဟုတ် သေချာ ဆရာမကြီးလုပ်ပစ် လိုက်တာ ညည်းတို့လက် ထက်လည်းရောက်ရော စီးပွားရေးလည်းပြုတ်ပြုတ် ကိုပြုန်းပေါ့။ ဒီအိမ်ကြီးကျန် နေခဲ့တာတောင် ကံကောင်း၊ အိမ်ကလည်း အိမ်ဆိုလို့သာ ပြောရတာ။ ဘုရားစူး အခါ ခါ ကျိန်ပြောမှ ယုံလောက် တော့မယ့် အိမ်မဟုတ်လား။ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦး ထောင် ဖြစ်နေတာပဲကြည့်။ ကျုပ်တို့က ခင်သီနဲ့ အရင်း အချာကြီး မဟုတ်လို့။ ၀င် ပြောချင်နေတာမှ ပါးစပ်ကို ယားနေတာပဲ”
ရွာထဲက ခင်ရာမင်ရာ အိမ်တွေက သူမတို့ကို အခုလို ပြောလာတိုင်း သူမရင်မှာ လည်း အစိုင်အခဲတစ်ခုပြီး တစ်ခု တိုးလာခဲ့ရတယ်။

အိမ်။
ဟုတ်တယ်။ သူမရဲ့ ရင်ဘတ်ထဲမှာလည်း အိမ်တစ်လုံး ဆိုတာ ရှိနေခဲ့တာပါပဲ။ အိမ်အသစ်တစ်လုံး ပြန် ဆောက်ဖို့ဆိုတာ မလွယ်မှန်း သိတဲ့ သူမကတော့ ဒီအိမ်ကြီး ကိုပဲ ပြုပြင်မှုများစွာနဲ့ အသစ် ပြန်ဖြစ်လာအောင် စွမ်းဆောင် ချင်ခဲ့တာ အဲ့ဒီအချိန်ကတည်း ကဆိုပါတော့။ ဒါပေမယ့် အမေ့ကိုနိုင်စားလွန်းတဲ့ အဖေ့ ရှေ့မှာ သူမကရော ဘာများ ပြောထွက်နိုင်ပါမတဲ့လဲ။ အရက်မူးလာလို့ အမေ့ကို ပြောတဲ့ အဖေ့စကားတွေကိုပဲ ကြည့်။
“ဒီမှာမိန်းမ၊ မင်း ငါ့ကို စော်ကားရင် စော်ကား၊ မမ ညွန့်ကိုတော့ လုံးဝမထိနဲ့။ ငါတို့ဘ၀ ဒီလိုလေးနေနိုင် အောင် မမညွန့် ပံ့ပိုးခဲ့လို့ဆို တာ မင်းမသိလို့လား။ ရပ်ထဲ ရွာထဲက အတင်းအဖျင်း စကားတွေနားထောင်၊ ပြီးရင် မမညွန့်ကို ဘာဖြစ်ပါတယ်။ ညာဖြစ်ပါတယ်ပြောဖို့ စိတ်မကူးနဲ့။ အောင်ခင်တဲ့။ မင်း ဘာမှတ်နေလဲ”

အမေက အဲ့ဒီလိုပြန် ပြောပြပြီး ဆေးလိပ်တိုတိုကို တွင်တွင်ဖွာလို့ ငိုင်ငေးသွားပြီ ဆိုရင် သူမတို့မောင်နှမတစ် တွေလည်း ဆက်ပြီး သိချင်စိတ်ကို ရုပ်သိမ်းပစ်လိုက်ရ ပြီ။ ကြီးကြီးညွန့်က ဘာများ ဖြစ်ခဲ့ပါလိမ့်။ အဖေကရော ဘာကြောင့် ကြီးကြီးညွန့်ရဲ့ သြဇာကိုပဲ ဒီလောက်အလေး အနက်ထားနေရပါလိမ့်။ ဆက်ပြီးတွေးတဲ့ အကြောင်း အရာတွေ ဘယ်လောက်များ နေလဲ...
“ဘာပဲဖြစ်ဖြစ် ဇာတိဆို တာ ဖန်တီးယူလို့ မရသလို၊ ဖျောက်ဖျက်ပစ်လို့လည်း မရဘူး သမီး။ သူများတွေ ဘာပဲပြောပြော သမီးဟာ ဦးအောင်ခင်ရဲ့သမီးဖြစ်သလို ကြီးကြီးညွန့်ရဲ့ တူမအရင်းပဲ။ အမေကတော့ ဒီတစ်သက် ဒီအရိပ်တွေက လွတ်မယ် မထင်လောက်ဘူး။ သမီးပဲ ကြိုးစား။ သမီးက မောင်နှမ လေးယောက်ထဲမှာ အကြီးဆုံး ဖြစ်သလို၊ ဥာဏ်လည်း ဖွံ့ တယ်။ ဒီအရိပ်တွေက လွတ် အောင်ရုန်းဖို့ သမီးမှာတာဝန် ရှိတယ်“
ဆိုတဲ့ အမေ့စကားနဲ့ အမေ့ရဲ့ မျက်ရည်ကြည်ဝေ့ဝေ့ တွေတွေ့ရရင် သူမလည်း သိ ချင်တဲ့စိတ်ကို မျိုသိပ်ပစ်ရ တာချည်းပါပဲ။

“ယောက်ျားဖြစ်ပြီး အသုံးကိုမကျဘူး။ ဒီအသက် အရွယ်အထိ သောက်စရာမရှိ ရင် သူ့အစ်မဆီသွားပြီး လက်ဖြန့်တောင်းနေတုန်း။ ကလေးတွေကျတော့ မွေး ထားလိုက်တာ တပြွတ်ပြွတ်။ စက်နဲ့ဖောက်ထားသလား အောက်မေ့ရတယ်။ ပြီးလည်း ကလေးတွေ နောင်ရေးကို ဘာတစ်ခုမှ တွေးတတ်တာ မဟုတ်ဘူး။ အလကား လူနုံ၊ လူဖျင်း”

အမေ့ဘက်က ဆွေနီးချုပ်စပ် တော်သူတွေက အဲ့ဒီလို ပြောလာတော့လည်း သူမတို့က ဘယ်လို ခံနိုင်ရည်စွမ်း ရှိပါမလဲ။ အမေ ပြောသလို ကောင်းလည်း ဒီအဖေ၊ မကောင်းလည်း ဒီအဖေ။ မှတ်ပုံတင်မှာ နာမည်ရိုက်တာထက် ဘ၀မှာ ဒီအဖေဆိုတဲ့ နာမည်က တံဆိပ်ခတ်နှိပ်ခဲ့ ပြီးပြီပဲ။ သူမတို့က ဘာများ တတ်နိုင်ပါတော့မလဲ။

တစ်ခါတစ်ရံတော့ သူမ စဉ်းစားကြည့်ခဲ့ဖူးတယ်။ အဖေ မရှိ၊ အမေ မရှိတဲ့ အဖေတို့ မောင်နှမနှစ် ယောက်ကို ရွာထဲကလူတွေ က ဘာလို့များသနားကရုဏာ မဖြစ်ခဲ့ကြပါလိမ့်လို့လေ။ အဲ့ဒီအခါ ကျတော့လည်း သူမ ရှေ့မှာ မှန်တစ်ချပ် ထောင်ပြီး မေးရသလို ကိုယ်ကိုယ်တိုင် ကျတော့ရော...
သူမက အဖေ့သမီးပဲ။ တစ်ခါတစ်ရံတော့ အဖေ အသုံး မကျကြောင်း ကြားရရင် လူပီသစွာ ဘယ်ခံချင်လိမ့်မလဲ။ အဖေ့ကို မချစ်လို့လား။ အဲ့ဒီလိုလည်း မဟုတ်သေးပြန်ဘူး။ အမေ့ကို သနားတာရော အမေပြောသလို ကျန်တဲ့ မောင်နှမတွေရဲ့ နောင်ရေး အတွက် သူမ ဒီလမ်းကို မဖြစ် မနေရွေးချယ်ပစ်ခဲ့ရတာ။ သူမရဲ့ ပခုံးသေးသေးလေးကရော တကယ်တမ်း ကျတော့ ၀န်ဘယ်လောက်ကို ထမ်းနိုင် မှာတဲ့လဲ။
“ဒီအရိပ်က သမီးတို့ လွတ်အောင်ရုန်း”

အဖေတစ်ယောက်ရဲ့ အရိပ်ကနေ လွတ်ဖို့ အမေ ဘာကြောင့် ပြောရတာလဲဆိုတာကို အဲ့ဒီ အချိန်ကတော့ သူမ ဦးနှောက်သေးသေး လေးနဲ့ တွေးကြည့်မိသေး တယ်။ ဘာကြောင့်ဆိုတဲ့ ရေရာ တိကျတဲ့ အဖြေကို သူမ မရခဲ့ပေမယ့် ခါးသက်မှုတွေ များစွာ တစ်ဆို့နေတဲ့ အသံနဲ့ အမေ့ဆီက လျှံကျလာတဲ့ စကားသံတွေမှန်း သူမက တော့ သဘောပေါက်နေခဲ့တယ်။ သေချာတာက အဲ့ဒီ အချိန်မှာ အမေ့ကို သူမ အရမ်း သနားနေမိတယ်ဆိုတာပါပဲ။ အဖေ့ရဲ့တာဝန်မကျေမှုတွေ ဘာတွေအသာထား။ အမေ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အဲ့ဒီအချိန်ကတည်းက သူမ အပြင်းအထန်ကြိုးစားနေခဲ့ တာ။

၃။
ဟိုး မိုးကောင်းကင်က ပြည့်ပြည့်ဝိုင်းဝိုင်း လမင်း ကြီးကိုငေးရင်း သူမတို့တစ် နှစ်တိတိဆိုတဲ့ အတိုင်းအတာ ရန်ကုန်မြေမှာ ခြေချခဲ့ပြီးတာ ကို အမှတ်မထင်သတိရလိုက် တယ်။
“ရွှေလမှာ ယုန်ဝပ်၊ ဆန်ဖွပ်သည့်အဘိုးအို ဆိုတော့ အဘိုးအိုက တကယ် ဆန်ဖွပ် တာလားဟင် အမေ၊ ဆန်ဖွပ်တာဆိုရင် ဆန်ကွဲတွေလည်း ရမှာပေါ့၊ အဲ့ဒါဆို သားတို့ မနက်ဖြန် အဲ့ဒီ အဘိုးအိုဆီမှာ ဆန်ကွဲ သွားဝယ်ကြရအောင် လေ”

သူမတို့ ခပ်ငယ်ငယ် တုန်းကပေါ့။ အမေရယ်၊ သူမရယ်၊ မောင်လေးရယ် အမူးသမားအဖေ ပျောက်လို့ လိုက်ရှာရင်း ရွာဘေးက တလင်းပြောင်ပြောင်ရဲ့ ကောက်လှိုင်းပုံလေးဘေးမှာ မောလျစွာထိုင်ချလို့ မောင်လေး က ပြောလာတဲ့စကား။ အဲ့ဒီတုန်းက အမေရယ်လေ ဘာစကားမှ မပြောဘဲ မောင်လေးကိုတင်းတင်းကြီး ဖက်ထားလိုက်တာ မောင်လေး က “အား” ခနဲ အော်ယူရတဲ့ အဆင့်အထိ။ အတော်ကြီး ကြာမှ။

“၀ဋ်၊ ၀ဋ်။ ခင်သီရေ ညည်းရဲ့ဝဋ်တွေက ညည်း တင်မက သားသမီးတွေ အထိ တောင် ကူးစက်နေပါရော လား”

ဆိုတဲ့ အသံ ခပ်အက် အက်ကြီးနဲ့ အမေကတစ်ဆို့ စွာပြောလာပါတယ်။ ဒီတုန်း က အမေ့ရဲ့အသံမှာ အနည်း ငယ်တုန်နေတာကလွဲလို့ ငို သံစွက်မနေခဲ့ပေမယ့်၊ အမေ့ရဲ့ ပါးပြင်နှစ်ဖက်က မျက်ရည် စီးကြောင်းတွေကို လရောင် ၀င်းဝင်းအောက်မှာ သူမက အတိုင်းသားကြီးမြင်နေခဲ့တာ။
ကြာတော့ ကြာခဲ့ပါပြီ။ အဲ့ဒီတုန်းက အမေ့ရင်ခွင်မှာ “အား”ခနဲ အော်တဲ့ မောင် လေးတောင်အခုဆိုရင်...
“မမရယ်၊ ငါ ဒီအလုပ် ရုံမှာ နေရ၊ ထိုင်ရ၊ စားရ၊ သောက်ရတာတော့ အဆင် ပြေပါတယ်။ နင်ပြောသလို အငယ်လေး သင်္ကန်းဆီးဖို့နဲ့ ရွာက ငါတို့အိမ်ပြင်ဖို့ လုပ်နေ ရတာပဲဆိုတဲ့ စိတ်ကိုလည်း ငါ အမြဲတမ်း မွေးထားပါ တယ်။ ပြီးတော့ ဒီကားဘော် ဒီရုံမှာ ငါ့အတွက်ပညာတွေ အများကြီးရတယ်ဆိုတာ လည်း ငါသိပါတယ်။ ဒါပေမယ့် ငါ ရန်ကုန်မှာ မပျော် ဘူးဟာ။ ပြီးတော့ အမေ့ကို ငါ သတိရတယ်။ ဖြစ်နိုင်ရင် ငါပြန်ချင်ပြီ။ စပါးရိတ်၊ ပဲခူး အလုပ်တွေပဲ ငါလုပ်ချင် တယ်။ အမေ့ကို ငါ စိတ်မချ ဘူးဟာ”

ဖျတ်ခနဲ ၀င်လာတဲ့ အသံတွေနဲ့အတူ၊ အာရုံဟာ လမင်းကြီးဆီက ဖယ်ခွာ လိုက်တယ်ဆိုရုံနဲ့တင် ပြေးနေ တဲ့ကားပေါ်မှာ အမြင်အာရုံ တွေက ရိုးတိုးရိပ်တိတ်။ မသဲ ကွဲတော့။ ဒီအချိန်လောက်ဆို ကားဘော်ဒီရုံက အငယ်ကောင် အလုပ်သိမ်းလောက်ပေါ့။ အငယ်ကောင်ဆီရောက်ပြီးမှ အငယ်ကောင်နဲ့အတူ အငယ် လေးဆီကို သွားရဦးမှာ။ အခုတောင် ည ၈ နာရီထိုးနေပြီ။ ဘာပဲပြောပြော အငယ်ကောင်နဲ့ အငယ်လေးက နီးနီး လေးမို့ တော်ပေတော့သည်။ အငယ်ကောင်က သင်္ဃန်းကျွန်း စံပြဈေးနားက ကားဘော်ဒီရုံ မှာ၊ အငယ်လေးက ဘ၀မြင့် က လက်ဖက်ရည်ဆိုင်မှာ။

တောင်ဒဂုံ အထည်ချုပ် စက်ရုံကနေလာရတဲ့ သူမ စံပြဈေး ရောက်ကတည်းက ဟပ် ထိုးနေပြီ။ ဘာပဲပြောပြော အခုလို လပြည့်ညတိုင်းမှာ မောင်လေးနှစ်ယောက်နဲ့ သူမ အမြဲတစေ တွေ့နေရတာကပဲ သူမအတွက် ကျေနပ်စရာ တစ်ခုပဲလေ။
“ငါ စိတ်ညစ်တယ်မမ ရယ်။ လက်ဖက်ရည်ဆိုင်မှာ အရမ်းလည်း ပင်ပန်းတာပဲ။ အမေနဲ့ အငယ်ဆုံးကို သတိရ လို့ ငိုရတာလည်း ခဏ ခဏ ပဲ။ နင်တို့ပြောသလို ငါ ရှင် လည်းမပြုချင်တော့ဘူး။ ငါ ရွာကိုပြန်ပါရစေလို့ ဘုရားမှာ ငိုရင်း ဆုတောင်းရတာလည်း ညတိုင်းပဲ။ ငါတို့မရှိတုန်း အမေ့ကို အဖေရိုက်နေမလား လည်း စိုးရိမ်တယ်။ မမ ငါ ရွာကိုပြန်ချင်ပြီဟာ”

အငယ်လေးရဲ့ စကား ကို ပြန်ကြားရင်း ရင်ထဲလှိုက် ခနဲ ဖြစ်သွားတာကို သူမ ထိန်းလိုက်ရတယ်။ ဒီလို စကားတွေကြားရတိုင်း မရိုး နိုင်တဲ့နှစ်သိမ့်မှုတွေ သူမပေး တတ်ခဲ့တာကြာခဲ့ပါပြီပဲ။
နေရောင်လေး ခပ်မှိန် မှိန်၊ မီးထွန်းချိန် ရောက်ပြန်တော့ စံပြဈေးဝန်းကျင်မှာက လူစုံ၊ တက်စုံ၊ စရိုက်စုံ။ မနက်ပိုင်းက လိမ်းခြယ်ပြင် ဆင်ပြီး၊ အလုပ်သွားပုံ ရတဲ့ အလုပ်သမ ၀န်ထမ်းအချို့ရဲ့ မိတ်ကပ်ပြောင်၊ နှုတ်ခမ်းနီပျက်၊ ဆံပင် ဖွာလန်ကြဲ၊ ၀တ်စုံ တွန့်ကြေနေတဲ့ အိပ်တန်းပြန်ပုံစံမျိုးစုံနှင့်အတူ အခု မှပြင်ဆင် ခြယ်သထားပုံရတဲ့ မိတ်ကပ်ဖွေးဖွေး၊ နှုတ်ခမ်းနီ တောက်တောက်၊ မျက်ဝန်း အရောင် စူးနက်နက်တွေနဲ့ အခုမှ အလုပ်သွားမယ့် ပုံရတဲ့ မိန်းကလေး တချို့။
အိပ်တန်းဝင်ချိန်၊ အိပ်တန်းထချိန် ဆန့်ကျင်ဘက် နှစ်ခုဟာ တစ်ပြိုင်တည်းမှာ လှပစွာ အသက်ဝင်နေပါလား လို့လည်း သူမက မဆီမဆိုင် တွေးမိနေသေးရဲ့။

၎။
“အေး၊ နင်တို့ခြေ ထောက်ပေါ် နင်တို့ရပ်ချင်ကြ လို့ ထွက်သွားကြတာကို ငါ ဘာမှမပြောဘူး။ လုပ်ချင်တဲ့ အလုပ်သာသွားလုပ်ကြ။ ငါ မတားဘူး။ ဒါပေမယ့် တစ်ခု တော့ ပြောမယ်။ ဒီအိမ်ကြီး ကို ပြုပြင်ဖို့တွေ၊ အငယ်လေး ရှင်ပြုဖို့ ဘာညာတွေ ကြီးကြီး ကျယ်ကျယ်တွေတော့ လုပ် မလာကြနဲ့ဟေ့။ ငါနားကြား ပြင်းကတ်တယ်။ အိညောင်ညက် စကားတွေ ပြောပြီး အရပ်ထဲက သနားတာကို ခံချင်သပဆိုရင်တော့ ပြန်မလာကြနဲ့တော့။ ဒီမှာ အောင် ခင်တဲ့ဟေ့။ ငါ့အစ်မကလွဲပြီး တစ်လောကလုံးမှာ ဘယ်သူကိုမှ ဂရုမစိုက်ဘူး။ တောက်”

သူမတို့ မောင်နှမသုံး ယောက် ရန်ကုန်တက်ကြမယ် ဆိုတော့ ဗီဒီယိုတွေထဲ ကြည့် ဖူးတာတွေ၊ ကြားဖူး နားဝ လေးတွေ ပေါင်းစပ်လို့ အဖေ့ ကိုသူမတို့ ကုန်းကန်တော့ ကြတဲ့အချိန်မှာ အဖေ ပေးခဲ့တဲ့ ဆုတွေပါပဲ။ စစ်မှန်တဲ့ လုပ်ဆောင်မှုတိုင်းမှာ ထိုက်သင့်တဲ့ တုံ့ပြန်မှုတော့ ရှိနေမှာ ပါပဲလို့ စိတ်ကိုဒုန်းဒုန်းချပြီး၊ မောင်လေးနှစ်ယောက်ရဲ့လက် ကိုဆွဲလို့ ဦးလေးဝမ်းကွဲ ရှိတဲ့ ဒီရန်ကုန်မြို့ကြီးကို သူမ အရဲ စွန့်ထွက်ခွာခဲ့ရတာ။

အမေ့ရဲ့ ရှိုက်သံကိုတောင် မကြားချင်ဟန်ဆောင် နိုင်ခဲ့သေးတာပဲ။ ဂေါ်ရခါး သီးလိုတွန့်ရွ၊ မဲ့ရွဲ့နေတဲ့ ကြီးကြီးညွန့်ရဲ့ မျက်နှာကြီး ကိုလည်း မမြင်ချင်ဟန် မဆောင်ဘဲ နေနိုင်ပါ့မတဲ့လား။ ညဦးကတည်းက မူး ပြီးအိပ်နေတဲ့ အဖေကတော့ သူမတို့ ဝေလီဝေလင်းမှာ သင်္ဘောဆိပ် ဆင်းခဲ့တာ ဘယ်လာသိလိမ့်မလဲ။
တကယ်တမ်းမှာ ဒီ အငယ်လေးတွေက သူမ လောက်တော့ ကံမကောင်းခဲ့ ကြပါဘူး။ သူမကမှ ဘာပဲ ဖြစ်ဖြစ် ဆယ်တန်းဆိုတာ လေးကိုအောင်မြင်အောင်ဖြေ ဖို့အခွင့်အရေး ရခဲ့သေးတယ်။ အငယ်တွေ အလှည့်လည်း ရောက်ရော၊ အဖေအမေတို့ရဲ့ မရှိမဖြစ်အားကိုးရာ ကြီးကြီး ညွန့်ကိုယ်တိုင် နာလန်မထူနိုင် အောင်ချုချာသွားတဲ့ အချိန်မှာ အငယ်တွေလည်း ရောက်တဲ့ အတန်းမှာပဲ ပညာကို အဆုံး သတ်ပစ်ခဲ့ရတာ။

တကယ်တော့ ဘ၀ဆို တာ ပြေးလမ်းတစ်ခုပါပဲ။ အဲ့ဒီပြေးလမ်းမှာ အက် ကြောင်းတွေ ဘယ်လောက်ပဲ ထနေပါစေ။ အက်ကြောင်း ထဲခြေချော်မကျသွားအောင် ထိန်းလို့ သူမတို့အဲ့ဒီပြေးလမ်း ကိုရအောင်လျှောက်ရမှာ၊ မဖြစ်မနေကို ရအောင်လျှောက် ရမှာ။ ဘာလို့လဲဆိုတော့ သူမ တို့က အဲ့ဒီပြေးလမ်းပေါ်ကို ရောက်နေခဲ့ပြီးပြီလေ။ လျှောက်ခဲ့တဲ့ ပြေးလမ်းအဆုံး မှာ ပန်းတိုင်ဆိုတာ ရှိနေမှာပါ ပဲ။ တစ်နေ့မှာ အဲ့ဒီပန်းတိုင်ကို သူမတို့ မဖြစ်မနေကို ရောက် ကြရမှာပါပဲ။ အဲ့ဒီအတွက် တူတန်မျှတဲ့ အချိန်ကာလ တစ်ခုကိုတော့ စိတ်ရှည် သည်းခံစွာ သူမတို့မလွဲမသွေ စောင့်ဆိုင်းရပေမပေါ့။

၅။
လပြည့်ညတိုင်း သူမတို့ မောင်နှမသုံးယောက် ဆုံ နေကျဖြစ်တဲ့ ကျိုက္ကဆံဘုရား ရဲ့ရင်ပြင်ဟာ ၀ါလကင်း လွတ်ချိန်ရောက်လို့ပဲ ထင်ပါ ရဲ့။ ခါတိုင်းလများနှင့် မတူ တစ်မူ ထူးခြားစွာ စည်ကားနေတယ်။ ရင်ပြင်ကို ရောက်တော့ သူမတို့ သုံးယောက် ကသုတ်ကရက်ပဲ ဘုရားကိုလက်ယာ ရစ် ပတ်လိုက်ကြတယ်။ထောင့်တစ်ထောင့်မှာ ဒူးတုပ် ထိုင်ရင်း “ရွာက အမေနဲ့ အငယ်ဆုံးလေးနေကောင်းပါ စေ”လို့လည်း ပြိုင်တူဆုတောင်း လိုက်ကြတယ်။ အဖေ့ကို ရော သတိမရလို့လား။ဟင့်အင်း။

မောင်လေးနှစ်ယောက် ကတော့မသိပေမယ့် သူမက တော့ အဖေကိုပါသတိတရရှိ နေတာပါပဲ။ အဖေဆိုးသွမ်းခဲ့ တာတွေ၊ အမေ့အပေါ်ရက် စက်ခဲ့တာတွေ၊ သူမတို့မောင် နှမတစ်တွေအပေါ် တာဝန် မကျေခဲ့တာတွေ အားလုံးဟာ အခုလိုအဝေးကြီးကို ရောက် နေတဲ့အချိန်မှာ သူမရင်ထဲမေ့ ပျောက်ချင်နေပါပြီ။
အခုလို ဝေးမြေရပ်ခြား မှာ သူများတွေရဲ့ အဖေတွေ ကို တွေ့နေရတဲ့အခါနဲ့၊ သူ များတွေရဲ့ အိမ်လှလှလေး တွေကို မြင်တဲ့အခါမှာလည်း “အဖေဟာ သူများအဖေတွေ လိုဖြစ်လာပါစေ” ဆိုတဲ့ ဆုတောင်းကို သူမကျိတ်ပြီးဆု တောင်းနေတတ်ပြီ။ အမေ ပြောခဲ့ဖူးတယ်လေ။ “ဇာတိ ဆိုတာ ဖန်တီးယူလို့မရသလို၊ ဖျောက်ဖျက်ပစ်လို့လည်း မရ ဘူး”တဲ့။ သူမတို့ဟာ အဖေ ရဲ့ သားသမီးတွေ အဖြစ် ဘ၀ ဇာတ်ဆရာက တံဆိပ်ခတ်နှိပ် ပေးလိုက်ပြီးပြီပဲ။ အဖေ့ရဲ့ သားသမီးတွေ အဖြစ်နဲ့ပဲ သူမတို့ဆက်ပြီး ခရီးဆက် ဦးမှာလေ။

ဘုရားရဲ့ ရင်ပြင်ပေါ်မှာ ထုံးစံအတိုင်း အခင်း မလိုဘဲ သူမတို့ သုံးယောက်ထိုင် လိုက်ကြတယ်။ ပြီးတော့ စောစောက စံပြဈေးနားက ၀ယ်လာတဲ့ ဘူးသီးကြော် ထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်ကို ပြိုင်တူ ဖြေလိုက်ကြတယ်။သူတစ်ချောင်း၊ ငါတစ်ချောင်း နှိုက်လိုက်ကြပြီးတော့ မကြာခင်မှာပဲ အိတ်ထဲမှာ သုံးချောင်းသာ ကျန်တော့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ တယ်။ ပြီးတော့ အငယ်လေး က ပြောတယ်။
“ဒါက အဖေ့အတွက်၊ ဒါက အမေ့အတွက်၊ ဒါက တော့ အငယ်ဆုံးအတွက်” တဲ့။ ပြီးတော့ ဘူးသီးကြော် သုံး ချောင်းပါတဲ့ ကြွပ်ကြွပ် အိတ်လေးကို သေသေသပ် သပ် ပြန်ချည်လို့ လစဉ်လုပ် နေကျအတိုင်းပဲ အမှိုက်ပုံထဲ မှာ သွားထည့်လိုက်တယ်။

ဒီလမှာလည်း သူမတို့ သုံးယောက် အရင်လများ နည်းတူ အဖေ့အကြောင်း၊ အမေ့ အကြောင်း၊ ရွာထဲက မဟာသေချုပ် အမတ်ကြီးလို့ ခေါ်တဲ့ ကြီးကြီးညွန့် အကြောင်းတွေ ပြောမိတာပါပဲ။ ဒါပေမယ့် ထူးခြားတာက ဒီတစ်လမှာ အဖေကတော့ ကြီးကြီးညွန့် သြဇာကို ကြောက်ရတဲ့ အကြောင်းနဲ့၊ ကြီးကြီးညွန့် ကတော့ ရွာထဲက လူတွေ ပြောသလို ဘာဖြစ်ပါတယ်၊ ညာဖြစ်ပါတယ် ဆိုတာတွေကိုတော့ မပြောဖြစ်တော့ဘူး။ အမေပြောတဲ့ “ဇာတိ”ဆိုတာ က သူမနားထဲမှာစွဲနေခဲ့ပြီလေ။

မကြာခင်မှာပဲ သူမတို့ သုံးယောက် ဒီတစ်လအတွက် လမ်းခွဲကြဖို့ ဆုံးဖြတ်လိုက်ကြ တယ်။ သူမကတော့ တောင် ဒဂုံက အဆောင်ကိုပြန်ရဦး မှာလေ။ ဒီညအဆောင်ပြန် ရောက်လို့ သူမအမေဆီကို စာရေးရင်တော့...
“ရင်ဘတ်ထဲက အိမ်ကလေး ပြုပြင်ဖို့ အတွက်နဲ့ ရေခြားမြေခြားမှာ ၀လုံးလေး တွေ ၀ိဖြစ်ဖို့ အပြင်းအထန် ကြိုးစား အားထုတ်နေကြဆဲ ပဲ” ဆိုတာကို အမေသိအောင် ထည့်ပြီး ရေးပြရဦးမယ်။


မင်းဝေဟင်
ရွှေအမြုတေမဂ္ဂဇင်း(ဧပြီလ၊၂၀၁၀)

ပျိုတို့လင် ရှင်မချစ်ရင် ပစ်ခဲ့တော့ကွယ်

၁။
သူလား။ ထုံးစံအတိုင်းပေါ့။ အလုပ်ကနေ ညနေ ၆နာရီလောက် ပြန်ရောက်။ အိမ်မှာ ရေချိုး၊ အ၀တ်လဲ ပြီးရင် ဘယ်မှာ ရှိတော့လို့တုံး။
အိမ်မှာ ဖင်ပူအောင် မထိုင်တတ်တော့တာ အတော်ကို ကြာပြီ။ ဒါတောင် သူရေချိုးခန်း ၀င်နေတုန်း သူ့ဟမ်ဖုန်းက တဂွမ်ဂွမ် မြည်နေတာ။ သူ့ရဲ့ သူငယ်ချင်းတွေလား။ အီစီကလီတွေလား။ ပြီတီတီတွေလား။ ကျွန်မကတော့ သူ့ဖုန်းမြည်သံကို နားက ကြားနေပေမယ့် စိတ်မ၀င်စားပေါင်။ အဲ နားက စိတ်မ၀င်စားပေမယ့် ရင်ဘတ်ထဲကတော့ အတော်လေး အလုပ်ရှုပ်သား။ ညဘက်ဆို သူအခုလို အိမ်က ထွက်သွား တတ်ခဲ့တာ ကြာပြီ။ မနှစ်က
ဒီလို အချိန်လောက်ကတည်းက ဆိုပါတော့။ ကျွန်မကလည်း ခပ်တုံးတုံးလေ။ သူ ဘယ်သွား၊ ဘာလုပ်ဆိုတာ တွေလည်း မမေးတတ်ခဲ့ပါ ဘူး။ ပြီးခဲ့တဲ့ နှစ်ပတ်လောက် ကမှ ကျွန်မရဲ့ သူငယ်ချင်း တစ်ယောက်က ကျွန်မကို အကြောင်းကြားလာတာ။ သူကလည်း သူ့ယောက်ျား ပြောလို့ သိတာတဲ့။ ညည်း ယောက်ျားကို ကြည့်ထိန်းဦး ဆိုပဲ။ အခုတစ်လော ဘီယာ ဆိုင်ကြီး တစ်ဆိုင်မှာ ညညဆို သီချင်းဆိုတဲ့ ကောင်မလေး တစ်ယောက်ကို ပန်းကုံးသွားသွား စွပ်နေတယ် ဆိုလား။

အဲ့ဒီတုန်းကတော့ ကျွန်မက“ပန်းကုံးမကလို့ စွပ်ချင်တာ စွပ်ပစေဟေ့”လို့ ကျွန်မ သူငယ်ချင်းကို ပြန်ပြော နိုင်ခဲ့ပေမယ့် တစ်ယောက်တည်း ပြန်စဉ်းစားတဲ့ အခါ ကျတော့ စွပ်ချင်တာ စွပ်နေလို့လည်း ဘယ်ဖြစ်ဦးမလဲ။ အဲ့ဒီ့ အချိန်က စလို့ ကျွန်မလည်း အခြေအနေကို စောင့်ကြည့်တာပေါ့။ ခါတိုင်း သူ ပြန်လာတာ နောက်ကျ တတ်တယ်လို့ ထင်ပေမယ့် ပြန်လာတဲ့ အချိန် ဘယ်အချိန်လဲ ဆိုတာကိုလည်း ကျွန်မက နာရီ ကြည့်နေတတ်တဲ့သူ မဟုတ်ဘူး။ အခု တစ်လော ကိုယ်တော်ချောက ညတိုင်း မဟုတ်ပေမယ့် နောက်နေ့ အလုပ်ပိတ်တဲ့ ညတွေဆိုရင် ပဲပြုတ်သည်တွေ ထွက်ချိန်မှ ပဲပြုတ်သည်တွေနဲ့အတူ အိမ် ပြန်တတ်လာသလိုမျိုး ဖြစ်နေတော့ အခြေအနေက အတော်လေးတော့ ဆိုးလာပြီ။

ပထမပိုင်းတော့ ကျွန်မ ဘာလုပ်ရင် ကောင်းမလဲ ပေါ့။“ရှင် ညဘက် ဘယ်ကိုမှ မထွက်ရ”ဆိုပြီး အမိန့်သံ အပြည့်နဲ့ ပြောကြည့်ရရင် ကောင်းမလား။ ဒီလောက် တော့ ဖြစ်နိုင်မယ်မထင်။ ကျွန်မရဲ့ သြဇာ အာဏာ သက်ရောက်မှု အကြောင်းကလည်း ကျွန်မအသိ။ ကျွန်မက ဘယ်တုန်းကမှ၊ ဘယ်သူ့ကိုမှ သြဇာအာဏာ ပေးတတ်တဲ့ သူလည်း မဟုတ်။ မိန်းမတို့ တတ်အပ်တဲ့ အနုအချွဲ၊ အယု အရွဲတွေလည်း ကျွန်မက မတတ်။ ကြာပါပါ ခရာတာ တာတွေလည်း မသိ။ ခက်ပြီ။
အပြင်ပိုင်းက ကြည့်ရင်တော့ ကျွန်မက တကယ့်ကို အေးတိ အေးစက်ပေါ့။ စိတ်ကောက်ဖို့လည်း ဘယ်တုန်းကမှ စိတ်မကူးသလို စိတ်ကို ဘယ်လို ကောက်ရမှန်းလည်း မသိ။ ဒါပေသိ ကျွန်မက မိန်းမသားလေ။ ကျွန်မက ကျွန်မ ယောက်ျား ဘာလုပ်လုပ် ခွင့်လွှတ်နိုင်ပါတယ်လို့ ဆိုရင် တစ်သက်လုံးလူတွေ လက်ခံလာတဲ့“လင်နဲ့မယား” ဇာတ်လမ်းတွေကြား ကျွန်မက ထော်လော် ကန့်လန့်ကြီး ဖြစ်နေမှာပေါ့။ စုန်းပြူးမကြီး ဖြစ်နေမှာပေါ့။ ဟုတ်ဘူး လား။
ကဲ အဲဒီတော့။

“ရှင့်အချိုးတွေတော့ ကျွန်မ သိပ်မကြိုက်တော့ဘူး။ ရှင်အချိုးတွေ ပြောင်းပြီး ချိုးဖို့ သင့်ပြီ” ဒီလောက်တော့ ကျွန်မ စာစီစရာ မလိုဘဲ ပြောတတ်တာပေါ့။ အဲ့ဒီတော့ သူလား။ ဘာပြောတယ် မှတ်လဲ။

“ငါက အချိုးပြောင်း ချိုးရအောင် မင်းက ဘူတွေ ချည်းပဲကျနေလို့လား”တဲ့။
ကဲ ကြည့်ဦး။ ကောင်း ရော။
၂။
ကျွန်မလား။
ကျွန်မ ဘယ်လောက်ပဲ ခပ်တုံးတုံး၊ ခပ်အအ ဖြစ်နေပါစေ။ ကျွန်မ ယောက်ျား ဒီလောက် ခြေလှမ်း ပျက်နေတာကို ဒီအတိုင်းပဲ ပစ်ထားမယ့် မိန်းမ အမျိုးအစားထဲမှာ လောက်တော့ မပါဘူးလေ။ ပွဲသိမ်း အထိလည်း အသည်းက မစိမ်းနိုင်ပါဘူး။ ကျွန်မ ယောက်ျားကို ပြောမရသလို၊ ကျွန်မက ဒီကိစ္စကို ဘယ်သူ့ ကိုရော ပြောလို့ရမှာတဲ့တုံး။

ဒီတော့ တစ်ယောက် တည်းရှိတဲ့အချိန် စဉ်းစား။ စဉ်းစား။
ကျွန်မယောက်ျားကို ဘယ်လို ထိန်းရင် ရမလဲပေါ့။ ကျွန်မကပဲ ဆွဲဆောင်မှုတွေ လျော့နေပြီလား။ ကညာပျို နဲ့ ဇရာအို ရုပ်ရှင် ဇာတ်ကားထဲက ဒေါ်စံရှားတင်လို ယောက်ျား ကြိုက်ဖို့အရေး ရှိတဲ့ ဆံပင် ဖြတ်ပစ်ရအောင်လည်း ကျွန်မအခုရှိတဲ့ ဆံပင်က ကုပ်ဝဲသာသာ။ ဒီဆံပင်ကို ညှပ်ပစ်ရင်လည်း ခေါင်း တုံးဆံတောက်လောက် ဖြစ်တော့မှာ။

ပြောရမယ်ဆို အခု ခေတ်ကောင်မလေးတွေ ၀တ်တဲ့ အ၀တ်အစား ဒီဇိုင်းမျိုးကို ကျွန်မက ၀တ်နေတာပဲ၊ ၀တ်ထားတာပဲ။ အ၀တ် အစားနဲ့ ပတ်သက်လို့ ဒီထက် ပိုပြီး ခေတ်မီ ဟော့ရှော့ပစ်ရ အောင်လည်း အခုခေတ်မှာ ခေတ်စားနေတဲ့“ကြာဗလော၊ ဗာဗလိုက်၊ ရိုက်ဟင်”ဆိုတဲ့“ကျောဗလာ၊ ဗိုက်ဗလာ၊ ရင် ဟိုက်” အ၀တ်အစားမျိုးသာ ၀တ်စရာ ကျန်တော့တာ။ ကျွန်မ အသက်က ၄၀ လေ။ ဒီလောက်အထိလည်း လန်ထွက်နေလို့ မဖြစ်သေး။ စဉ်း စား၊ စဉ်းစား။

သူထွက်သွားတာ ကြာလို့ တစ်နေရာရာများ ရောက်နေမလား ဆိုပြီး ဖုန်းဆက်ရင်လည်း သူက နုံတယ်။ တစ်ခါတစ်ရံ ဖုန်းက ပိတ်ထား တတ်သေးတာ။ မပိတ်ထား ပြန်ရင်လည်း ဖုန်းလိုင်း မမိတဲ့ နေရာကို ရောက်နေသေးတာ မျိုး။ သူ့ဖုန်းကနေ“ဆက်သွယ်မှု ဧရိယာပြင်ပကို ရောက်နေပါသဖြင့် ခေါ်ဆို ၍မရနိုင်ပါရှင်” ဆိုတာမျိုး။

ဒီလောက် တိုးတက်နေ တဲ့ခေတ်ကြီးမှာ ဟမ်းဖုန်း တွေလည်း“ဆက်သွယ်မှု ဧရိယာပြင်ပ”ဆိုတာထက် ရောက်တဲ့နေရာ အတိအကျ ကို ပြောပြနိုင်ရင် ကောင်းသား။ ဥပမာ“လူကြီးမင်း ခေါ်ဆိုသော ဖုန်းပိုင်ရှင်မှာKTV (သို့မဟုတ်) နိုက်ကလပ်သို့ ရောက်နေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်” ဆိုသလိုမျိုးလေး ပြန်ကြားပေးရင် မကောင်းဘူးလား။ ဒီထက်မကဆိုရင် ဖုန်းရဲ့ Voice Messageတင် သာမက ရောက်နေရာ အရပ်ရဲ့ မြင်ကွင်းမျိုးကိုပါ ဖုန်းက တစ်ဆင့် Video Message မြင်လို့ရရင် မကောင်းဘူးလား။ သူ ဘယ်သွားတယ်၊ ဘာ လုပ်တယ်ဆိုတာကိုလည်း အတိအကျသိ။ စိတ်လည်း မပူရ။
“ဟမ်”

ဟုတ်သေးပေါင်။ Video Message ပို့လို့ ရတယ်ထား ဦး။ စောစောက ကျွန်မတွေး သလို နေရာမျိုးကိုရောက်နေ လို့ Video Message ထဲမှာ သူနဲ့ပတ်သက်ပြီး အဲသလို ပုံတွေ ပေါ်လာရင်။ အမလေး၊ မဖြစ်သေး၊ မဖြစ်သေး ကျွန်မနှယ် ဘာတွေ တွေးနေမိပါ လိမ့်။

ကဲ ကြည့်ဦး။ ဒီတစ်ည ထွက်သွားတာလည်း ၁၂ နာရီ ဒင်ပြီ။ ကိုယ်တော်ချောက အရိပ်အယောင် မမြင်သေး။ ဖုန်းဆက်မရလည်းMessage လေးတော့ ပို့ကြည့် ဦးမှ။ အမလေးဟဲ့။ ဖြစ်ရ ပြန်ပြီ။“စိတ်ပူမနေနဲ့၊ ပြန်လာ ခဲ့မယ်”တဲ့။ သူ့ရဲ့ ပြန်ကြားတဲ့ Message လေးက စိတ်ချမ်းမြေ့စရာ။ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိ။ တကယ်ဆို“ကိုယ်ဘယ် နေရာကို ရောက်နေတယ်ဟေ့” ဆိုတာလေးလောက် ပြောထွက်ဖို့တော့ စိတ်ရှည် သင့်တာပေါ့။

ကျွန်မကလည်း ကျွန်မရဲ့သူငယ်ချင်းသာ ပြောမထားလို့ကတော့ ရောက်ချင်တဲ့ နေရာရောက်။ အရေးလား။ လူ့စိတ်များလည်း ခက်သား။ ဘာမှမသိတဲ့ အခြေအနေ တစ်ခုမှာတုန်းက ညစဉ်ရက်ဆက် ဆိုတာတောင် နည်းနည်းလေးမှ တွေးမပူခဲ့ ရပေမယ့် အခု ဒီတစ်ညကျမှ အပူလုံးတွေလည်း ရင်ဘတ် ထဲဆို့။ ရောက်တတ်ရာရာ တွေတွေးရင်း အူတွေလည်း တိုရလွန်းလို့ တဖြည်းဖြည်းနဲ့ အစာအိမ်နဲ့ စအိုဝတောင် ဆက်နေလောက်သင့်ပြီ။ မဖြစ်သေး။ ဘာလုပ်ရမလဲ။ စဉ်းစား၊ စဉ်းစား။

သြော် ဟုတ်ပြီ။ ကျွန်မ သူငယ်ချင်း ကျွန်မဆီဖုန်း ဆက်တုန်းက ကျွန်မစိတ်ထဲ ပူပူနေတာနဲ့ ကျွန်မယောက်ျား ဘယ်ဆိုင်သွားတတ်တယ် ဆို တာကို မေးမကြည့်ခဲ့ရဘူး။ အခု သူငယ်ချင်းဆီ ဖုန်းလှမ်း ဆက်ကြည့်မှ။
“သူငယ်ချင်းရေ...ဒီ လို”
“........”
“အေး...အေး သူငယ် ချင်း”
“.........”
“အေး...အေး ဒါပဲ သူငယ်ချင်း”

သူငယ်ချင်းကို ဖုန်း ဆက်ကြည့်တော့ ကျွန်မ ယောက်ျားသွားတတ်တဲ့ ဆိုင်ကိုတော့ သိခဲ့ရပါရဲ့။ အရေးထဲ အပိုစကားတွေကကြားရ သေး။ အခြေအနေ အချိန် အခါလေး။ ကာလံဒေသံ လေးများ မစဉ်းစားမိဘူးလား မသိ။
ကျွန်မသူငယ်ချင်း ပြောတာကြည့်ဦး။ သူ့ယောက်ျား ကတော့ ဘယ်မှ မထွက်လို့ စိတ်အေးရတဲ့ အကြောင်း။ အခုတစ်လော အတော်လေးကို ငြိမ်နေတဲ့ အကြောင်း။ အခုလည်း သူတို့ အိပ်နေကြပြီ ဆိုတဲ့ အကြောင်း။ မိန်းမဆိုတာ ဒီကိစ္စနဲ့ ပတ်သက်ရင် အတော်လေး ပူရတဲ့ အကြောင်းတွေ စုံလို့။ ညည်းသလိုလိုနဲ့ ကြွားပြ နေလိုက်တာများလေ။ ဟင်း။

ကျွန်မလည်း စကားကို သံပြတ်နဲ့ ခပ်သွက်သွက် ပြောလို့ ဖုန်းပိတ်။ ကဲ သူသွားတဲ့ နေရာလည်း သိပြီ။ ထိုင်စောင့်လို့လည်း မထူးတော့ မယ့်နည်းတူ သူ့နောက်ကို လိုက်သွားဖို့ဆုံးဖြတ်။ ဟင် အဲဒါမှ ပြဿနာ။ ဒီအချိန်ကြီး ကျမှ နောက်ဖေးတန်းလျားက ကားဒရိုင်ဘာကို သွားနှိုး လို့လည်း မဖြစ်သေး။ ကိုယ့် ဘာသာကိုယ် မောင်းသွား ရအောင်လည်း ညကြီးအချိန် မတော်ဆိုတော့ အဆင်မပြေ။ ကဲ မထူးဘူး။ တက္ကစီပဲငှား သွားတော့မယ်။ ကိုယ်တော် ချောကတော့ သူ့ကားသူ မောင်းသွားတာဆိုတော့ ဟုတ်လို့။

ဘောင်းဘီဝတ်၊ ဂျာကင်ထပ်၊ ဦးထုပ်ဆောင်း။ ရုပ်ဖျက်တာရယ်လို့တော့ မဟုတ်ပါဘူး။ ညဘက်ကြီး မိန်းမတစ်ယောက် အပြင် ထွက်ဖို့ ရုပ်ရှင်တွေ၊ ၀တ္ထုတွေ ထဲကလို ကိုယ့်စိတ်ကို ရဲဆေးတင် အားမွေးလိုက်ခြင်းပဲ ဆို ပါစို့။
၃။
သူလား။
ကျွန်မ တွေ့တွေ့ချင်း သူလို့ကို မထင်ရတာ။ နီကျင်ကျင်၊ ပြာတာတာ မီးရောင် မှိန်ဖျော့ဖျော့အောက်မှာ သူ့ခေါင်းက ရှေ့က စားပွဲနဲ့ သုံးလက်မလောက်ပဲကွာ တဲ့ အနေအထား ရောက်အောင် ငိုက်စိုက်ကျလို့။ သူ့ ဘေးမှာတော့ ရောင်စုံမျက်နှာနဲ့ ကောင်မလေးတစ်ယောက်။ ဘာတွေပြောနေမှန်း မသိ။ ပါးစပ်က ပွစိ၊ ပွစိ။ ခန္ဓာ ကိုယ်ကလည်း လှုပ်စိ၊ လှုပ် စိ။ ကျွန်မက ဒီဆိုင်ရောက်တော့ သူ့ကို ရှာဖွေရတာလည်း မှုန်ပျပျမီးရောင်အောက်မှာ အလွယ်တကူတော့ မဟုတ်လှဘူး။ ဒါပေမယ့် အခက် ကြီးလည်း မဟုတ်ဘူး။

ဆိုင်က ည ၁ နာရီမှာ ပိတ်တာလေ။ ကျွန်မရောက်တဲ့ အချိန် ၁၂ နာရီခွဲမှာ ဆိုင်မှာ လူကအတော် ရှင်းနေပြီ။ ဒါပေမယ့်Stage စင်ပေါ်မှာတော့ ပန်းကုံးကိုယ်စီနဲ့ ကောင်မလေးတွေ သီချင်းဆို နေကြဆဲ။ စားပွဲဝိုင်းတွေက လူကြီးလူငယ်။ အထူးသဖြင့်လူကြီးတွေကလည်း Stage ပေါ်က သံစဉ်တွေနဲ့ စည်းချက် လိုက်နေကြဆဲ။ ကျွန်မ ဖတ်ဖူးတာလေးတွေကို သွားတွေးမိတယ်။ ငြိမ့်ညောင်း သာယာတဲ့ ဂီတသံတွေဟာ လူတွေရဲ့ နှလုံး ရောဂါဖြစ်မှုကို သုံးဆယ့်ငါး ရာခိုင်နှုန်းထိ ကာကွယ် ပေးနိုင်တယ်တဲ့။ ဒီလိုဆို သေချာတာက ဒီလူကြီးတွေ နှလုံးရောဂါနဲ့တော့ လူ့လောကကနေ ထွက်ခွာ သွားရမှာ မဟုတ်။

ကျွန်မက ကျွန်မ ယောက်ျားကို သေချာမြင် တွေ့နိုင်တဲ့ စားပွဲဝိုင်း တစ်ခုမှာ ၀င်ထိုင်လိုက်တယ်။ ဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်းလို့ မသိမသာ အကဲခတ် နေလိုက်တယ်။ သူ့ဘေးမှာ ထိုင်နေတာ ဒီဆိုင်က အဆိုတော်မလေးမှန်း တပ်အပ်သိတဲ့ ကျွန်မက ၀ိတ်တာလေးကို ခေါ်ပြီး ကောင်မလေးရဲ့ နာမည်ကို မေးလိုက်တယ်။ ပြီးတော့ နောက်ထပ် ကျွန်မ ဘာဆက် လုပ်ရမယ်၊ ဘာဆက်လုပ် သင့်တယ်ဆိုတာကို စဉ်းစား နေလိုက်တယ်။

ခဏကြာတော့ သူ့ဘေး က ရောင်စုံမျက်နှာနဲ့ ကောင်မလေး ပျောက်သွားတယ်။ ဘယ်ကို ရောက်သွားပါလိမ့်။ ကျွန်မ စဉ်းစားလို့ မဆုံးခင်မှာ နာမည်လေးလုံးနဲ့ ရောင်စုံ မျက်နှာလေးကStage စင်ပေါ်ကို ရောက်သွားတယ်။ အာပါပါး။ တယ်လည်း ချောမောတဲ့ ရုပ်ရည်လေးပါ တကား။ မျက်လုံးလေးတွေ၊ နှုတ်ခမ်းလေးတွေ ဆိုတာများ စိုလက်နေတာ အရောင်တွေ ထွက်နေသလားထင်ရတယ်။ အံမယ် ဆိုတဲ့ သီချင်းကို ကြည့်ဦး။
“ချွဲချွဲနွဲ့နွဲ့ ခေါ်ချင်တယ် ___ကိုကြီး၊ ကိုကြီ”တဲ့။ ကြည့်ဦး။

အသက် ၄၅ စွန်းနေပြီ ဖြစ်တဲ့ ဒါကြီးကိုများ ကိုကြီး တဲ့။ ဝေါ့။ အန်ချင်လိုက်တာ။ ခေါ်ဟေ့ ခေါ်ခေါ်။ ကြိုက် သလိုသာ ခေါ်ကြ။ ကြိုက် သလောက်သာ ခေါ်ကြ၊ တကတဲမှပဲ။ တစ်ဦးဆိုင် နာမ်လို့ ကျွန်မ ထင်ထားခဲ့တဲ့ ကျွန်မ ယောက်ျား ကိုဝင်းထူးအောင်လည်း သူတို့နဲ့ တွေ့မှပဲ အများဆိုင်နာမ်မှန်း သိလိုက်ရတော့ တယ်။ ကျွန်မရှေ့မှာ ရှိနေတဲ့ အအေးခွက်ထဲက အအေးနဲ့ မျက်နှာကို ပက်ပစ်ချင်လိုက်တာ။ အဲ့ဒီ့မျက်နှာက“ကိုကြီး” လို့Stage ပေါ်က ကောင်မလေး ခေါ်တဲ့ ကျွန်မယောက်ျာ ကိုဝင်းထူးအောင်ရဲ့ မှုန်ကုပ်ကုပ် အဆီပြန်ပြန် မျက်နှာကြီး ကိုလား။ အဖေအရွယ် လောက်ကြီးကို ကိုကြီးတပ် ခေါ်တဲ့Stage ပေါ်က နာမည် လေးလုံးနဲ့ ကောင်မလေးရဲ့ နုနုထွတ်ထွတ် မျက်နှာလေး ကိုလား။ ဒါမှမဟုတ်။ ရွံ တတ်တဲ့ သူဆိုရင် ချက်ချင်း အန်ချင်သွားလောက်အောင် အော်ဂလီ ဆန်ချင်စရာကောင်း နေတဲ့ မဲ့ရွဲ့ချဉ်တူးနေတဲ့ ကျွန်မရဲ့ မျက်နှာကိုပဲလား။

ကျွန်မ တွေးနေတဲ့ အချိန်မှာပဲ ကျွန်မယောက်ျား ကိုဝင်းထူးအောင်ပေါ့။ လုပ်လီလုပ်လဲ့နဲ့ စင်ပေါ်ကို တအိအိတက်။ ကောင်မလေးကို ပန်းကုံး တစ်ခုတောင် ဆုချနေ လိုက်သေး။ ကောင်းရော။ ခဏကြာတော့ အစီအစဉ်တွေ ပြီးဆုံးသွားကြောင်းကို ကြေညာတယ်။ လာရောက် အားပေးကြတဲ့ စား သောက်သူတွေလည်း ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုတောင် မနိုင်ချင်၊ နိုင်ချင်သယ်လို့ လမ်းလျှောက် တတ်ခါစ ကလေးငယ်တွေလို ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့ ဆိုင်ပြင်ကို လှမ်းထွက်ကုန်ပြီ။

“အလို ကျွန်မ ယောက်ျား”

သူများတွေကို ငေးကောင်းနေတဲ့ ကျွန်မရဲ့နားကို ဖြတ်လို့ ကျွန်မ ယောက်ျား ရယ်လေ။ စောစောက ကောင်မလေးကိုလည်း လက်တစ်ဖက်က ဖက်ထားလိုက် သေး။ ခါးကို၊ ခါးကို။

“ဘယ်တော့မှ ပြန်မဆုံ နိုင်တော့ရင်လည်း ကိုကြီးကို သတိရနေပါ”တဲ့။

ကျွန်မရဲ့နားနဲ့ ဆတ် ဆတ်ကို ကြားလိုက်တာ။ “ဘယ်တော့မှ ပြန်မဆုံနိုင်ဘူး”ဆိုတော့ သူတို့တွေက ဒီ ညနောက်ဆုံးတွေ့ခြင်းလား။ ဟုတ်မှာ။ ဟုတ်မှာ။ စောစောက စားပွဲဝိုင်းမှာ ထိုင်နေကတည်းက ကျွန်မ ယောက်ျား မျက်နှာက စားပွဲနဲ့ ထိကပ်လု နီးပါး ငိုက်စိုက်ကျနေတာ။ အဲဒါကို ကျွန်မက သူမူးနေ တယ်လို့ ထင်ခဲ့တာ။ တကယ်တော့ ဒင်းက ကြေကွဲနေတာကိုး။ ပြီးတော့ ဘာတွေတုံး။ ဒီည နောက်ဆုံး တွေ့ဆုံခြင်း ဆိုတာ။ ကျွန်မကတော့ သူတို့နောက်ကို တိတ်တ ဆိတ်လိုက်ရင်း ဘာလုပ်ရ မလဲ ဆိုတာကို အပြင်းအထန် စဉ်းစားနေတုန်းပဲ။

သိပ်မကြာပါဘူး။ သူ့ ကားရပ်ထားတဲ့ဆီကို သူတို့ နှစ်ယောက် ရောက်သွားကြ တယ်။ မီးအလင်းရောင် ထိန် ထိန်အောက် ကားပါကင်မှာ သူ့ရဲ့မျက်နှာကို ကားတစ်စီး အကွယ်ကနေ ထင်ထင်လင်းလင်း မြင်လိုက်ရပြီ။ သူ့ရဲ့ မျက်နှာကြီးက...
“ဗုဒ္ဓေါ”
တကယ့်ကို ဆို့ဆို့နင့်နင့် မျက်နှာကြီးပါလား။ မျက် လုံးကြီးတွေ မှေးစင်းထား လိုက်တာများလည်း ငါးခူက တောင် အဘိုးခေါ်ရမယ့်ပုံ။ ကျွန်မ ဘာလုပ်ရမလဲ။ စဉ်း စား၊ စဉ်းစား။
“ပွမ်...ပွမ်”

အဲ့ဒီ့အချိန်မှာ ကျွန်မ ကွယ်ဖို့ကြိုးစားနေတဲ့ ကားက ထွက်ဖို့ကြိုးစားနေဟန်နဲ့ “ပွမ်ပွမ်”အလုပ်။ ကျွန်မက လန့်ပြီး အခုန်။ ကျွန်မ ယောက်ျားကလည်း အသံ ကြားလို့ လှည့်အကြည့်။
“ဟင်”

ကျွန်မကို မြင်တော့ ကျွန်မယောက်ျား လန့်သွားလို့ ပဲလား။ အံ့သြစိတ်နဲ့ မှင်တက် သွားလို့ပဲလား။ သူဖက်ထားတဲ့ ကောင်မလေးရဲ့ခါးကို အလွှတ်။ ကျွန်မလည်း မထူး တော့ပြီမို့ သူတို့ဆီ ပြေးပြီး သူ့ ဘေးက တစ်စုံတစ်ခုကို တအုန်းအုန်းမြည်အောင် ထုပစ်။ သူ့ဘေးကဆိုတော့ ကောင်မလေးကိုလား။ ဟင့် အင်း...ကျွန်မတို့ အပိုင် ကားကြီးကိုပါ။ ကောင်မလေးကို သွားထုရင် ပြဿနာတွေ တက်ကုန်မှာပေါ့။
“ရှင့်ကို မပေါင်းတော့ဘူး။ ရှင့်ကို လုံးဝမပေါင်း တော့ဘူး”

ကျွန်မရဲ့အသံ ကြား တော့ ကောင်မလေးလည်း အတော် လန့်သွားတယ် ထင်ရဲ့။ ဆိုင်ဘက်ကို ပြေးထွက်သွားပြီ။
“ဒီကောင်မလေးက အိမ်ထောင်ပြုတော့မှာပါကွာ။ ကိုယ်တို့တွေ့ကြတာလည်း ဒီညနောက်ဆုံးပါပဲ။ မင်းသိပ်ပြီး အော်မနေနဲ့။ လူတွေနဲ့ ရှက်စရာကြီး”

အံမယ်။
ရှက်စရာကြီးဆိုပဲ။ ကျွန်မယောက်ျား မျက်နှာများ တကယ့်ကို ရှက်နေတဲ့ပုံ။ မူးနေတဲ့ပုံတောင် တစ်စက်ကလေးမှ မပေါက်။ ပြီးတော့ သူ့မျက်ဝန်းတွေမှာ တကယ့် ကို ကြေကွဲနေတဲ့ ပုံတွေ။ သူ ပြောသလို ကောင်မလေးက တကယ်ပဲ ယောက်ျား ယူတော့မှာလား။ ဟင့်အင်း။ သူပြောတာတွေ ကျွန်မ မယုံဘူး။
ကျွန်မကတော့ “ရှင့်ကို မပေါင်းနိုင်ဘူး။ ကွာမယ်” ဆိုတာကိုပဲ ထပ်တလဲလဲ အော်ပြောနေလိုက်တယ်။
၎။
သူလား။
စိတ်ရှုပ်၊ ခေါင်းကုတ် စွာနဲ့ ကားဘေးမှာ ငူငူကြီးရပ် လို့၊ ကျွန်မကို ပြောမရလို့ဘဲ စိတ်ညစ်ညူးနေတာလား။ ဒါမှမဟုတ်။
ကွက်ကြည့်၊ ကွက် ကြည့် လုပ်နေတဲ့ ပတ်ဝန်းကျင်ကိုပဲ ရှက်နေလို့လား။ ဒါ မှမဟုတ် ပြေးထွက်သွားတဲ့ ကောင်မလေး နောက်ကိုပဲ သူ့စိတ်က လိုက်သွားနေချင် လို့လား။ အဲဒီ့ အချိန်မှာ ကျွန်မလား။ စိတ်ကူးလိုက်တာတွေ မှ အများကြီးပဲ။ တက္ကစီ တစ်စင်း အမြန်ရှာပြီး အိမ်ပဲပြန်ရ ကောင်းမလား။ ဟင့် အင်း။ ခြေဦး တည့်ရာကိုပဲ အားသွန်ခွန်စိုက် ထွက်ပြေးသွားရ ကောင်းမလား။ ဟင့် အင်း။ ခပ်လှမ်းလှမ်းက ကန်တော်ကြီးရေပြင်ထဲ ၀ုန်း ခနဲခုန်ချပြီးဘ၀ကို အဆုံး သတ်လိုက်ရရင် ကောင်း မလား။ ဟင့်အင်း။ ဘယ်လို စဉ်းစားလို့မှ အဖြေမထွက် တော့တဲ့ အဆုံး။ သူ့ကားထဲကို ၀င်ထိုင်လို့ ကားတံခါး ကိုပဲ စိတ်ရှိလက်ရှိ ၀ုန်းခနဲ ပိတ်ပစ် လိုက်တော့တယ်။
၅။
ကျွန်မလား။
မိန်းမတစ်ယောက်ရဲ့ ဘ၀ကို ရလာခဲ့ပြီးမှတော့ အဲ့ဒီ့ဘ၀ တစ်ခု တည်မြဲဖို့ နေရာလေး တစ်ခုတော့ မလွဲ မသွေ ရှိနေရမယ်လေ။ ရွေး ချယ်ခဲ့ပြီးတဲ့ နေရာလေး တစ်ခုမှာလည်း ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လိုအပ်တာတွေ ဖြည့်စွက် ဖာထေးလို့ နေရာလေး တည်မြဲအောင် ထိန်းသိမ်း နေရဦးမှာပါပဲ။ မချစ်ဘဲနဲ့ အောင့်ပြီး နမ်းလိုက်ရတယ်ပဲ ဆိုဆိုပေါ့။ နေရာလေးတစ်ခု အတွက် အနမ်း တစ်ခုကတော့ မဖြစ်မနေ ရင်းနှီးရမှာပဲလေ။ ရင်းနှီးနေရဦးမှာပဲလေ။
သဘာဝကြီးက ကျွန်မကို မိန်းမ တစ်ယောက် အဖြစ် မွေးဖွားခဲ့ပြီးပြီပဲ မဟုတ်လား။


မင်းဝေဟင်
ရွှေအမြုတေမဂ္ဂဇင်း(ဒီဇင်ဘာ၊၂၀၀၉)

စောရနက္ခတ်များ

၁။
ဒီနေ့ တစ်နေ့လုံး မကြည်မလင် ဖြစ်လာပုံရတဲ့ သူ့စိတ်တွေကို အိမ်ရောက်ရောက်ချင်း “တောက်” ဆိုတဲ့ အသံနဲ့ အတူ မသက်မသာ ဖွင့်ထုတ်လိုက်တယ်ဆိုရုံနဲ့တင် သူ့ရဲ့  အခြေအနေကို ကျွန်မက ရိပ်စားမိပြီ။ သူ့ရဲ့  နဖူးကြောတွေ ရှုံ့ ထားတဲ့ အတိုင်းအတာ ပမာဏကိုကြည့်ပြီး သူဘယ်လောက် အထိ ဒေါသထွက်နေသလဲဆိုတာကိုတောင် ကျွန်မကတော့ ခန့်မှန်းမိလိုက်ပြီ။ အဲဒီလို သိတာလည်း မပြောနဲ့လေ။ ကျွန်မနဲ့ သူက စလယ်ဝင်အိုးများစွာ ဖင်မည်းအောင် ပေါင်းလာပြီးကြတဲ့ ငယ်ပေါင်းလင်မယားကိုး။

သူအဲဒီလို တစ်ခုခုနဲ့ အဆင်မပြေဖြစ်လာတဲ့ပုံ၊ ဒေါသထွက်လာတဲ့ပုံများ ဖြစ်လာလို့ကတော့ ကျွန်မက သူ့ကို ဘာမှ ၀င်ပြီး မေးမြန်းပြောကြားနေလိမ့်မှာ မဟုတ်ဘူး။ သူက လေပင့် ရင်မီးလောင်တတ်တဲ့ အမျိုးအစားထဲက မဟုတ်ပေမယ့် ဘယ်လိုပဲ ထွက်ထွက် ဒေါသတစ်ခု ထွက်လာရင် အစက ရှည်တတ်သူလေ။ ပြီးတော့ သူကစိတ်တို တတ်တဲ့ သူတစ်ယောက်တော့ လုံးလုံးလျားလျား မဟုတ်ပေမယ့် လူစိတ်ရှည်များ စာရင်းမှာတော့ နောက်ဆုံးလောက်မှာ ရပ်တည်နေသူကိုး။

ဒါတွေ သိထားတဲ့ ကျွန်မက သူများဒေါသ တစ်ခုခု ထွက်လာတဲ့ ပုံပေါက်လို့ကတော့ အီရန် အီရတ် စစ်ပွဲ ကာလတုန်းက အိမ်နီးချင်း ကူဝိတ်လို “ငါနဲ့တော့ မဆိုင် ပေါင်” ဆိုပြီး ခပ်ရှင်းရှင်း ခပ်ခွာခွာ နေတတ်ခဲ့ သလိုမျိုး ဖြစ်နေတာ အသားတောင် ကျနေပြီ။ စတီရီယို တေးရေး ဆရာ သူ့ဘ၀နဲ့ ပတ်သက်ပြီး အပ်ကျတာက အစ လုံးစေ့ ပတ်စေ့ သိထားတဲ့ သူဆိုလို့လည်း ကျွန်မ တစ်ယောက်တည်း ရှိနေခဲ့တာလေ။ သူတို့ရဲ့ စတီရီယို တေးရေး လောကကလည်း“ရှင်းမယောင်နဲ့ရှုပ်၊ လင်းမယောင်နဲ့မှောင်” ဆိုတာ မျိုးကိုး။ ပြီးတော့ တစ်နေ့ တစ်မျိုး မရိုးရအောင် ပြဿနာ ပေါင်းစုံကလည်း တက်ပေါ့။ တော်ကြာ မူပိုင်ခွင့် ပြဿနာ။ တော်ကြာ ကော်ပီခွေ ကိစ္စ။ “အမျိုးရယ်မှ အဖုံဖုံ၊ ကမ်းကုန်အောင် အစုံစုံပေါ” ဆိုတာ မျိုးက ကျွန်မယောက်ျားရဲ့ လောကကို တစေ့တစောင်း များ စောင်းမြောင်းပြောထား သလားထင်ရလောက်အောင် အဖြစ်အပျက်တွေက စာဆို စိတ်ကူးနဲ့ ကွက်တိဖြစ်နေတာလေ။

အခုလည်း ဘာကိစ္စ တစ်ခုနဲ့ “တောက်” တွေ၊ “တက်” တွေ ဖြစ်လာသလဲ မသိပါဘူး။ “ကျွတ်” လို့ လည်း စုတ်က သပ်နေသေးရဲ့လေ။ ကရုဏာ သက်ဝင်ခြင်း ကြောင့်သပ်တဲ့ စုတ်တော့ မဖြစ်နိုင်ပါဘူး။ တစ်ခုခုကို မချင့်မရဲနဲ့ သက်ပြင်း အခါခါ ချခြင်းရဲ့ နောက်မှာ ခပ်ရို့ရို့လေး ပါလာတဲ့ စုတ်သပ်ချက် ဆိုတော့ ကရုဏာ သက်ခြင်းကြောင့် သပ်တဲ့ စုတ်နဲ့တော့ ဦးတည်ချက်ချင်းက ပြောင်းပြန်ဖြစ်နေမှာပေါ့လေ။

ကျွန်မကတော့ သူ ရေချိုး၊ ထမင်းစားပြီးလို့ သွေးအေးသွားတဲ့ အချိန်ရောက်ရင် ဒီနေ့ ဖြစ်လာတဲ့ သူ့ကိစ္စကို သူဖွင့်ပြောတော့မယ် ဆိုတာ သိနေတယ်။ စပ်စုချင်တဲ့ စိတ် ကျွန်မမှာ မရှိလည်း သူဒီလို ဖွင့်ပြောလာတဲ့ အချိန် ရောက်ရင်တော့ ထုံးစံအတိုင်း နားထောင်ရဦးမှာပေါ့။ သူ့ရဲ့ ဒေါသတို့၊ အခက်အခဲတို့ကို သူက ဒီလိုပဲ ဖွင့်အံဝေမျှ နေကျပဲ မဟုတ်လား။ အဲဒီ အချိန်ကျရင် ဘာသိဘာသာ နေတတ်တဲ့ ကျွန်မလည်း မျက်စိကိုဖွင့်၊ နားကိုစွင့်လို့ သူ့ရင်ထဲ ရှင်းလင်းသွားတဲ့ အချိန်ထိ သူ့ရဲ့ ပြဿနာတွေကို နားထောင်ပေးရတာက ထုံးစံပဲလေ။

သူ့ရဲ့ရင်ထဲ ရှင်းလင်း သွားမှလည်း ဖြစ်မှာလေ။ ကျွန်မ ယောက်ျားက စတီရီယို သီချင်းရေးဆရာ တစ်ယောက် မဟုတ်လား။ တော်ကြာ စိတ်တွေ ရှုပ်ပြီး နောက်ထပ် သီချင်းတွေ မဖန်တီးနိုင်တော့မှ ပြဿနာ။ စားဝတ်နေရေးက ရှိသေးတယ်လေ။ သိတယ် မဟုတ်လား။ တေးရေး ဆရာတွေ အကြောင်း။ သူတို့က သီချင်းရေးတာကလွဲလို့ ဘာတစ်ခုမှ တတ်တာမှ မဟုတ်တဲ့ဟာကို။
၂။
သူရေချိုး ထမင်းစားပြီး လို့ ဧည့်ခန်းမှာ စာတစ်စောင် လှန်လှော ဖတ်နေတဲ့ အချိန်ထိ သူ့ရဲ့ နဖူးကြောတွေ ရှုံ့တွနေရာက ပြန်ပြီး ပြေမလာသေးတာ ကို ကြည့်ရင်း ဒီနေ့ပြဿနာ မသေးလှမှန်း ကျွန်မကသိပြီ။
“ကောင်းတယ်ကွာ ဒီလို လုပ်တာ၊ ဒီလိုမှ မဟုတ်ရင် လူတွေများ စာရိတ္တက တယ်ပြီး ပျက်ချင်ကြတာ။ ကြည့်စမ်း ဒီပုံကို မြို့ထဲမှာ ဖြစ်ပျက်နေလိုက်ကြတာဟင်း”

ဟော အဆက်အစပ် မရှိတဲ့ စကားလုံးတွေ ပြောရင်း ပြတဲ့ ပုံကို ကျွန်မက ဘာမှန်း မသိကြည့်ရပြီ။ သူထွက်နေတဲ့ ဒေါသတွေရဲ့ နောက်ဆက်တွဲမှာ ဆက်ပြီးဖြစ်လာတဲ့ ဒေါသ အခန်းဆက်လို့ပဲ ဆိုပါစို့ရဲ့။ သူပြနေတဲ့ ပုံကို ကျွန်မ လှမ်းကြည့်တော့ ဂျာနယ်တစ်ခု ရဲ့ မျက်နှာဖုံးမှာ ကော်ပီခွေ ခိုးရောင်းနေကြတဲ့ လူတစ်စုရဲ့ ပုံနဲ့ ကော်ပီခွေတွေကို ဘယ်လို အရေးယူတော့မယ်ဆိုတဲ့ အကြောင်းလည်းပါရဲ့။ ဒီကတည်းက ဒီနေ့ပြဿနာ ကလည်း ဒီခေါင်းစဉ်အောက်က ပြဿနာပဲဆိုတာ ကျွန်မသိလိုက်ပြီ။

တစ်ခါ တစ်ရံတော့လည်း ကျွန်မက ရယ်ချင်သေးတယ်။ သီချင်းရေး ဆရာ တစ်ယောက်နဲ့ ကော်ပီခွေတွေ ခိုးရောင်းကြတဲ့ ကိစ္စက ဘာဆိုင်တာမှတ်လို့ သူ့ မှာဖြစ်ပျက်နေရတာလဲ။ တကယ်ဆို ဒီကိစ္စက ထုတ်လုပ်သူနဲ့သာ တိုက်ရိုက်ကြီး ပတ်သက်နေတာလေ။ အဆိုတော်နဲ့တောင် သေချာ ဆက်စပ် ကြည့်တော့မှ သွယ်ဝိုက် ပတ်သက်တဲ့ ကိစ္စ မဟုတ်လား။ ဒါကို ဖြစ်နေတာ၊ ဖြစ်နေတာ သူက။

သူထပ်ပြီးပြောတဲ့ နောက်ထပ် အခွေတွေကို ဘယ်လို စနစ်နဲ့ ဖြန့်ချိမယ့် အကြောင်း၊ ဘယ်လို ပရိုမိုးရှင်းတွေ လုပ်မယ့် အကြောင်း၊ ခိုးကူးခွေတွေကို ဘယ်လို နှိပ်ကွပ်တော့မယ့် အကြောင်းတွေကို ကျွန်မကတော့ နားထောင် နေပေမယ့် မကြားတစ်ချက် ကြားတစ်ချက် ဆိုသလိုပါပဲ။ ဟုတ်တယ်လေ။ ကျွန်မနဲ့မှ မဆိုင်တဲ့ ဟာကို။ သူပြောနေတဲ့ စကားတွေကို သူရေး လက်စ သီချင်းတစ်ပုဒ်လောက်တောင် ကျွန်မကတော့ စိတ်မ၀င်စားပေါင်။ ဟိုဟာက ချက်ချင်း ငွေဖြစ်နိုင်တဲ့ဟာ ကို။

“ဒီနေ့ ကိုယ်အရမ်း စိတ်တိုလာတယ် ခင်လေး”

သူ ဒီလောက် စကားစ လာပြီဆိုရင်တော့ သူ့ရဲ့ဒေါသကို စကားလုံး အဖြစ်ပုံဖော်ဖို့လောက် အထိ သူ့ဒေါသတွေ လျှောကျသွားပြီဆိုတာ သေ ချာသလောက် ရှိသွားပြီ။ ကျွန်မက “ပြောပါဦး” ဆိုတဲ့ မျက်လုံးမျိုးနဲ့ သူ့ကိုကြည့် တော့...။
“ကိုယ်ရေးတဲ့သီချင်း တစ်ပုဒ် ပစ်စလက်ခတ်ကြီးကို အခိုးခံရတယ် ခင်လေး”

သူပြောတဲ့ စကားက ကျွန်မအတွက်လည်း စိတ်ဝင်စားစရာ တစ်ရပ်ဖြစ်လာပြီမို့ ကျွန်မ နားစိုက်ထောင် နေလိုက်တယ်။
“လူတွေမှာ တစ်နေ့ တခြား စည်းမရှိ၊ ကမ်းမရှိ ကိုယ်ချင်းစာနာတဲ့ စိတ်ဆို တာကို နတ္ထိဆိုသလိုမျိုး ဖြစ် ဖြစ်လာပြီ။ အဲ့ဒီထက် ဆိုးတာက သူများရဲ့ အပိုင်ပစ္စည်းကို မေ့သွားသလိုလို၊ မသိ ဟန်ဆောင်တာ လိုလိုနဲ့ ပေါ်တင်ကြီးကို ခိုးလာကြပြီ။ ဒီပုံစံအတိုင်း သွားလို့ကတော့ မဖြစ်တော့ဘူး”

အခုအချိန်ထိ သူပြောတာကို ဘာမှ ရေရေရာရာ မသိသေးတဲ့ ကျွန်မ ဆိတ်ဆိတ်ပဲ နေပါသေးတယ်။
“ကိုယ့်ရဲ့ သီချင်း တစ်ပုဒ်လေ၊ ရုပ်ရှင် ဇာတ်ကားကြီး တစ်ကားမှာ နောက်ခံ သီချင်းအဖြစ်ကို သုံးထားတာ၊ ကိုယ်ဘယ်လောက်ထိ အူတူတူ ဖြစ်ရသလဲ ဆိုရင် ဒီနေ့ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်း အမှတ်မထင် ရုပ်ရှင်ဝင်ကြည့် တော့မှ ကိုယ့်ရဲ့သီချင်းကို ရုပ်ရှင်ထဲမှာ ထည့်ပြီးသုံး ထားတာသိရတယ်။ တကယ် ဆိုရင် ဒီကိစ္စ ကိုယ့်ကို အသိ ပေးဖို့တော့ ကောင်းတာပေါ့။ ဒီကောင်တွေကို တစ်ခုခု မလုပ်လို့ကတော့ မရတော့ဘူး”

သူကပြောရင်း ဖုန်း ခွက်ဆီကို လျှောက်သွားလို့ ဖုန်းနံပါတ်တစ်ခုကို နှိပ်နေတယ်။ ကျွန်မကတော့ အပိုင်း ငါးဆယ်လောက်ရှိတဲ့ ကိုရီးယားကား တစ်ကားကို တစ် ၀က်လောက်ကစပြီး ကြည့်ရ သလို ဘာမှ နားမလည်ပါဘူး။
“အနုပညာကြေး မရ တာက သက်သက်ပဲ။ တကယ်ဆို ဒီကိစ္စ အခိုးခံရတာ ကွ။ ခေါင်းငုံ့ခံရင် ရောင့် တက်တယ်။ ဇာတ်တူသား အချင်းချင်းတောင် စပြီးစား နေကြပြီ။ စားလို့ကောင်းမှန်း သိလို့ကတော့ အမြီးတောင် ကျန်မှာ မဟုတ်တော့ဘူးဆို တဲ့ အဖြစ်မျိုး။ သူခိုးတွေကွ၊ သူခိုးတွေ”

အော်ချင်ရာတွေ အော်ပြီးတော့ စကားဖြတ်၊ ဖုန်းခွက်ဆီကို ပြန်သွားလို့ ဖုန်းနံပါတ်တွေ နှိပ်နေပြန်ပြီ။ ဘယ်ကို ဆက်ချင်လို့ နှိပ်နေ မှန်းမသိတဲ့ ကျွန်မကတော့ သူစောစောက ပြောသလို အူတူတူနဲ့ပါပဲ။ အဆိုတော်ဆီကိုလား။ ဒါရိုက်တာဆီကိုလား။ ထုတ်လုပ်သူ ဆီကိုလား။ လား။ လား။ လား။ လား ပေါင်းများစွာ စဉ်းစားရင်းနဲ့ ကျွန်မရဲ့ အာရုံတွေလည်း ရှုပ်နေပြီလေ။

“ကလင် ကလင်”

ဟော သူဖုန်းဆက်မလို့ လုပ်နေမှ ဘယ်ကမှန်း မသိတဲ့ ဖုန်းက ၀င်လာပြန်ပြီ။ ဦးစိတ်တိုနဲ့ တွေ့တော့လေသတည်းတော့ ဖြစ်တော့ မယ်။
“ဟုတ်ပါတယ် ခင်ဗျာ”

“......”
“ကျွန်တော် ချမ်းမြေ့ ကျော်ရဲ့ အဖေ ဦးအောင်ကိုကို ပါ”

“......”
“သြော် ဟုတ်ကဲ့ ဟုတ် ကဲ့”

“......”
“သြော် ဟုတ်ကဲ့ ဟုတ် ကဲ့”

“......”
“ကောင်းပါပြီ ခင်ဗျာ”

ဖုန်းကိုချလိုက်တဲ့ အသံက ခပ်ပြင်းပြင်းမို့ “ဘာများ ဖြစ်ပြန်ပြီမသိ”လို့ ကျွန်မ တွေးတာ မဆုံးသေးခင်မှာပဲ...။
“မင်းရဲ့ သားကြီးရော ခင်လေး။ အခု သူ့ရဲ့ တက္ကသိုလ်က အကြောင်းကြား လာတယ်။ ပြီးခဲ့တဲ့ စာမေး ပွဲတုန်းကတဲ့။ မသမာမှုနဲ့ ခိုးချပြီး ဖြေလို့တဲ့။ အခု ကျောင်းက သင်တန်းနှစ် တစ်နှစ် ထုတ်လိုက်ပြီတဲ့။ ကောင်း ကောင်းသေးတော့ ကွာ။ ဟင်း”

ဟော ပြဿနာရဲ့ ထပ်ဆင့်တွေက ဖြစ်လာပြီ။ သူခိုးတွေ အကြောင်းပြောပြီး စိတ်တိုနေတဲ့ သူနဲ့မှ ဒီသတင်းက သွားပြီးတိုက်ဆိုင်ရတယ် လို့။ လောလောဆယ် သားကြီးက အိမ်မှာ မရှိ၍ တော်တော့တယ်။ နို့မို့ သာဆို ဒီပြဿနာစက်ကွင်းထဲမှာ သားကြီးလည်း လွယ်မှာ မဟုတ်။
“စာမေးပွဲကိုများ ခိုးချ ပြီးဖြေရတယ်လို့။ ရှက်စရာ ကောင်းလိုက်တဲ့ဖြစ်ခြင်း။ ဒီလိုကြီး အကြောင်းကြားလာတော့ ငါ အဖေ မျက်နှာ ဘယ်နား သွားထားရမလဲ။ ဒီမှာ ခင်လေး မင်းမှတ်ထား။ ကံငါးပါးထဲမှာ ဒီအပါးက ရှက်စရာ အကောင်းဆုံးပဲ။ ဒီ သိက္ခာပုဒ်ကျိုးတဲ့သူကတော့ ဘ၀ပါကျိုးသလိုပဲ။ ကိုယ်ကတော့ဟေ့ ငါးပါးထဲမှာ မဖြစ် မနေ ဒီတစ်ခုပဲကျန်ရမယ်ဆို ရင်တောင် ဒီသိက္ခာပုဒ်ပဲ ကျန်ရစေမယ်။ ငါ့နှယ်ကွာ ဘာလုပ်လုပ် သူခိုးတွေနဲ့ကို လွတ်တယ်မရှိဘူး။ ဟင်း တောက်”
၃။
တဒင်္ဂ၀င်လာတဲ့ သား ကြီးရဲ့ ကိစ္စကြောင့် ဘယ်ကိုမှန်း မသိ ဆက်သွယ်ဖို့ လုပ်နေတဲ့ သူ့ရဲ့စိတ်တွေ ခေတ္တတော့ လမ်းကြောင်း ပြောင်းသွားပုံ ရတယ်။ ဆိုဖာပေါ်မှာထိုင် မျက်နှာကို အမိုးမျက်နှာ ကြက်ဘက်ကို မော့လို့ မျက်လုံးကြီးတွေ မှေးစင်းထားတဲ့ သူ့ရဲ့ပုံကို ကြည့်ရတာ တကယ့်ကို စိတ်ပျက် လက်ပျက်ကြီးပါပဲ။

သြော် နာမည်တစ်လုံးနဲ့ လုပ်စားနေသူ တေးရေးဆရာ ဆိုတော့လည်း သူမသိအောင် ခိုးပြီး အသုံးခံရတာ အတော်လေးတော့ အခံရခက်ပေမ ပေါ့လို့ ကျွန်မတောင် ကြားကနေ ကရုဏာ သက်နေသေး တယ်။ တကယ်ဆို ဥာဏ်ပူ ဇော်ခလေးလောက်ပေးရတာ ဘာဖြစ်သွားမှာမို့လို့တဲ့တုံး။ အခိုးခံရတဲ့ ကျွန်မယောက်ျား ဘက်ကပြောတာ ရယ်လို့တော့ မဟုတ်ပါဘူး။ ဖြစ်သင့်တာကို ပြောတာပါ။

ခဏကြာတော့ သူက ဖုန်းခွက်ဆီပြန်သွားပြီး နှိပ်နေ ပြန်တာမို့ သူ့ကို လိုက်ကြည့်ရင်းနဲ့ ကျွန်မ စိတ်တွေကလည်း စောစောက ကိစ္စဆီ ကို ပြန်ရောက်သွားတယ်။
“ဟယ်လို ဘုန်းနိုင် လား၊ ငါကွ အောင်ကို”

ဟင် ဘုန်းနိုင်ဆိုပါလား။ ကိုဘုန်းနိုင်ဆီကို ဆက်တာဆိုတော့ ကျွန်မ ထင်ထားတာတွေ လွဲသွားပြီပေါ့။ ကိုဘုန်းနိုင် ဆိုတာက သူ့ရဲ့အရင်းနှီးဆုံး သူငယ်ချင်း။ တရားရုံးချုပ်ရှေ့နေ တစ်ယောက်။ ဘုရား။ ဘုရား။ ဒီကိစ္စကို ရှေ့နေတွေ ဘာတွေနဲ့ တိုင်ပင်ပြီဆိုတော့ ရှုပ်ကုန်တော့မယ်။ သူက အနုပညာလျော်ကြေး ဘယ်လောက်ရမှာမို့လို့ ဒီလို လုပ်ရတာတဲ့လဲ။ ကျွန်မထင်တာက သူ့သီချင်းကိုဆိုတဲ့ အဆိုတော်၊ ဒါမှမဟုတ် သက်ဆိုင်တဲ့သူ တစ်ယောက်ဆီကို ဆက်၊ လိုတာပြော။ အနုပညာကြေး ရတော့လည်း ပြီးပြီပေါ့လို့ အောက်မေ့တာ။ အခုတော့ အရှည်အရှည်နဲ့ ရုံးပြင်ကနား ရောက်ကုန်ကြရင် ဘယ်လို လုပ်မလဲ။ ထောင်မြင်လို့ရာ စွန့်တာ ဘာအရေးလဲ။ အခုဟာက ရာလောက်ရဖို့ထောင် ပေါင်းများစွာ စွန့်ရမယ့် အဖြစ်မျိုးကြီး။

“အဓိကကတော့ အဲဒါပဲကွာ။ အဲဒါ ဥပဒေအရ ငါ ဘယ်လောက်အထိ လုပ်ပိုင် ခွင့် ရှိမလဲဆိုတာ မင်းကိုတိုင် ပင်တာ။ ဒီလို မလုပ်လို့ကတော့ မရဘူး ဘုန်းနိုင်ရေ။ အနုပညာကြေး မရတာထက် အခိုးခံရတာက အဆပေါင်း များစွာသာတယ်ကွ”

ကျွန်မအတွေးနဲ့ ကျွန်မ နစ်နေတာနဲ့ ကျွန်မယောက်ျား ဘာတွေ စပြောမှန်းတောင် မသိလိုက်ပါဘူး။ ကျွန်မသိ သလောက်ကတော့ ကျွန်မ ထင်တဲ့အတိုင်းပါပဲ။ ဥပဒေ အရ လုပ်မယ် ဘာညာ ဖြစ်နေပြီ။ ကျွန်မဖြင့်မေးလို့ရရင် အော်ဟစ်မေးလိုက်ချင်သေး တယ်။
“ရှင်က ဘယ်လောက် ချမ်းသာနေလို့လဲ” ဆိုတဲ့ မေးခွန်းမျိုးပေါ့။ သူ့ရဲ့ ချမ်းသာနေတဲ့ မာနတွေနဲ့ ရုံးတက်လို့ မရနိုင်ဘူးဆိုတဲ့ ကိစ္စကို အသိခေါက်ခက် အ၀င်နက်နေတာကို တွေးပြီး ကျွန်မဖြင့် အံ့သြရော။

“ဒီလူတွေ ပေါင်းပြီး လုပ်လိုက်တာနေမှာ။ အဆိုတော်ရော၊ ဒါရိုက်တာရော ပေါ့ကွာ။ ငါလို တေးရေး ဆရာကို ခေါက်ထားခဲ့လို့ ရတယ်ဆိုတဲ့ ပုံစံမျိုး ချိုးသွား တာ ငါမခံချင်ဆုံးပဲ။ သူငယ် ချင်းစဉ်းစားကြည့်လေ။ ဒီသီချင်းရဲ့ ပိုင်ရှင်က ငါကွ။ အခုလို ဒီလူတွေလုပ်ကြတာ ခိုးနည်းတစ်မျိုးပဲ။ သူခိုးတွေ ကို ငါတော့ နည်းနည်းမှ အခွင့်အရေး မပေးနိုင်ဘူး။ ပြောရင်းနဲ့တောင် ငါတော်တော် ဒေါသထွက်လာပြီ။ ငါဘယ်လို လုပ်သင့်သလဲ ဆိုတာကိုသာ မြန်မြန်ပြောတော့ သူငယ်ချင်း”

တစ်ဖက်က ရှေ့နေပီပီ အမေးအမြန်းထူနေတာကို ဒီဘက်က ဦးစိတ်တိုတို့ စိတ် မရှည်တော့ဘူးထင်ပါ့။
“ဘာလုပ်သင့်သလဲ” ဆိုတဲ့မေးခွန်းကိုပဲ ထပ်ကျော့ ပြန်နေလေရဲ့။ ကျွန်မလည်း ဘာမှဝင်မပြောနိုင်။ သီချင်း တစ်ပုဒ်ရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေက ကျွန်မ ရဲ့နားကိုတော့ ပြင်းထန်စွာ ခါးသက်နေပြီ။

ဒီအချိန်မှာ အပြင်ကပြန် ရောက်ပြီး ဧည့်ခန်းထဲဝင်လာတဲ့ သားကြီးကြောင့် သူ့အဖေ ဒေါသကတော့ နှစ်ခုရောတော့မှာပဲလို့ တွေးပူနေတုန်း ဘာမှမသိတဲ့ သားကြီးက တော့ သူအဖေ ဖုန်းပြောနေတဲ့ ဘေးကနေ ကွေ့ပတ်လို့ ဗီစီဒီ အချပ်တွေ လှန်လှောရှာဖွေ ရင်း အခွေကြည့်ဖို့တောင် လုပ်နေသေး။

ဒုက္ခပါပဲ။ ကိုဒေါသအိုးက နောက်ကနေဆောင့်ပြီး ကန်လိုက်ရင်တော့ သားကြီး ပြဿနာပဲ။ အခြားအချိန်မှာ ပြဿနာသိပ်ပြီးမရှိနိုင်ပေမယ့် အခုလို သူခိုးတွေနဲ့ပတ်သက် ပြီး စိတ်တိုနေတဲ့အချိန်မှာ စာခိုးချလို့ ကျောင်းပယ်ခံရတဲ့ သားကြီးနဲ့ ထိပ်တိုက်တွေ့ ကြရင်...။
အဲဒီလိုတွေးမိတဲ့ ကျွန်မ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေချိန်မှာ သူ့သူငယ်ချင်း ရှေ့နေကို သူခိုး
ကိစ္စနဲ့ တိုင်ပင် နေတဲ့သူ့အသံ ချက်ချင်း ပြောင်းလဲ တိုးညင်းသွားတာ ကို ကျွန်မ သတိထားမိလိုက် တယ်။
“ဘယ်လို ဖြစ်တာပါ လိမ့်” လို့တွေးရင်း ကျွန်မ လည်း သူစိုက်ကြည့်နေတဲ့တူ ရူဘက်ကို အသည်းအသန် လိုက်ကြည့်တော့။ ကျွန်မ ယောက်ျားရယ်လေ...။

ကြက်ကြီး လည်လိမ် ခံထားရသလို ပုံစံနဲ့သားကြီး ဖွင့်ထားတဲ့ တီဗီဖန်သားပြင်ကို မျက်တောင်မခတ်ပဲ ငေး မောကြည့်နေလိုက်တာ။ အ သက်ရှူဖို့တောင် မေ့နေတဲ့ အတိုင်း။ ပြီးတော့ “နောက်မှ ငါပြန်ဆက်လိုက်မယ် သူငယ် ချင်း” ဆိုတဲ့စကားကို သံ ပြတ်နဲ့ပြောလို့ ဖုန်းကိုလည်း ခွပ်ခနဲ ချသွားလိုက်သေး တယ်။ အဲဒီအချိန်ထိလည်း သူ့ရဲ့ မျက်ဝန်းတွေက ဖန်သားပြင်ပေါ်မှာပဲလေ။

သားကြီး ဖွင့်ပြီးကြည့် နေတဲ့သီချင်းက ကမ္ဘာကျော် အဆိုတော် “၀ှစ်တနီဟူစ တန်” ရဲ့ နာမည်ကြီး သီချင်း တစ်ပုဒ်။ ဒီသီချင်းကို ကျွန်မ ယောက်ျား သူက သိပ်ပြီး ကြိုက်တာလည်း ကျွန်မ အသိ။ သူကြိုက်လွန်းလို့ သံစဉ်ရော အဓိပ္ပာယ်အချို့ပါ ယူပြီး သူဖန်တီးထားတဲ့ သူ့ရဲ့ကော်ပီ သီချင်းက...။
“ဘုရား” လို့ ကျွန်မ စိတ်ထဲရွတ်လိုက်တယ်။သူ့ ရဲ့စိတ်ကို အလုံးစုံသိနေတဲ့ ကျွန်မကတော့ ဒီနေ့ သားကြီးကိုသူ ဆူတော့မှာ မဟုတ် ဘူးဆိုတာ သိနေတယ်။ သူ့ သူငယ်ချင်း ရှေ့နေ ကိုဘုန်း နိုင်ဆီကို ဖုန်းပြန်ဆက်တော့ မှာ မဟုတ်ဘူး ဆိုတာလည်း သိနေတယ်။ ပြီးတော့ ဒီည သူ ဘုရားရှိခိုးရင် ငါးပါး သီလခံယူတဲ့အခါ ဒုတိယ သိက္ခာပုဒ်ကို အသံထွက်ပြီး ယူမှာ မဟုတ်တော့ဘူး ဆိုတာလည်း သိနေပြန်တယ်။
သူပဲ စောစောက ခဏ ခဏပြောနေခဲ့တာလေ။
“သူခိုးတွေ” လို့။ 


မင်းဝေဟင်
ရွှေအမြုတေမဂ္ဂဇင်း (စက်တင်ဘာ၊ ၂၀၀၉)

သဟဇာတ

တစ်
ရွာအနောက်ဘက် ဆီက အင်းရေပြင် တလှပ်လှပ် အောက်မှာ နေလုံးကြီးက အသက် ထွက်ခါနီး လူမမာ တစ်ဦးလို မှေးမှိန် ဖျော့တော့လို့။ အလင်းရောင် အကြွင်းအကျန်လေး အောက်မှာ မှိန်ဖျော့ဖျော့ အဆင်း သဏ္ဍာန်နဲ့ ရွာကလေးဟာ ပြားပြား ၀ပ်နေတယ်။ မကြာခင် မိုးစုန်းစုန်း ချုပ်တော့မယ်လေ။

“ဟဲ့ ကိုမင်း ဒီည မန်ယူနဲ့ ချယ်ဆီး ဘောလုံးပွဲ ရှိတယ် မလား။ နင် သွားကြည့်ချင်ရင် ရွာလည်က ထက်အောင်တို့ အိမ်ကိုသွား။ အဲဒီမှာ စလောင်း တပ်ထားပြီးပြီ”

“ဟမ်”

ကျွန်တော့် အစ်မရဲ့ စကား အောက်မှာ ကျွန်တော် အံ့သြသွားတယ်။ စလောင်းဆိုပဲ။ ပြီးတော့ ဒီည ဘောလုံးပွဲ ရှိတဲ့ အကြောင်းကိုတောင် အသက် လေးဆယ်ရွယ် ကျွန်တော့် အစ်မ အပျိုကြီးက သိနေလိုက်သေး။ ဟုတ်လို့။ နောက်တစ်ခါ ကျွန်တော့် ပါးစပ်က “ဟမ်”လို့ ထွက်မသွားအောင်ဘဲ ကျွန်တော် ထိန်းလိုက်ရတယ်။ ရန်ကုန်မှာ အလုပ်လုပ်ရင်း အိမ်ထောင် ကျနေတဲ့ ကျွန်တော် နှစ်နှစ်လောက် ရွာမပြန် ဖြစ်တာနဲ့ ရွာက အမြင်အာရုံတွေ၊ အကြား အာရုံတွေကို ကျွန်တော် လိုက်လို့ မမီနိုင်တော့။ မျက်ဝါးထင်ထင် မြင်နေရတဲ့ အခြေအနေတွေကို မဖြစ်မနေ လက်သင့် ခံနေရပေမယ့် ကျွန်တော့် အာရုံတွေက တအံ့တသြ။

ကြည့်ဦးလေ။ နေ၀င်ပြီးလို့ မှောင်စ ပျိုးလိုက်တာနဲ့ ရွာလည်ပိုင်းက “ဘုတ်ဘုတ်” အသံတွေနဲ့ အတူ ရွာကလေးဟာ မီးရောင်ထိန်ထိန် အောက်မှာ ရုပ်လုံးကြွလို့။ မီးစက်နဲ့ တစ်ရွာလုံးကို မီးပေးထားတယ် ဆိုပဲ။ ရွာကလူတွေ အနေနဲ့ ကျွန်တော်တို့ မြို့နေလူတန်း စားတွေလို မီးပျက်ခြင်း ဆိုတဲ့ အတွေ့အကြုံကို မခံစားရ။ တီဗီက ကိုရီးယားကား စောင့်ကြည့်တဲ့ သူတွေလည်း လွတ်သွားတဲ့ အပိုင်းဆိုတာ မရှိ။ ရွာလည် လမ်းမ ဆိုတာက မီးရောင်ထိန်ထိန် အောက်မှာ ဖြူးလို့။ ခေတ်ရဲ့ အပြင်အဆင်တွေနဲ့ ရေစီးကြောင်း တစ်ခုထဲမှာ ရွာကလေးဟာ အလိုက်သင့်၊ အလျားသင့် ကြည်ကြည်နူးနူး ကူးခတ်လို့။ ကာလာတီဗီ၊ ဗီစီဒီ စက်ကနေ စလောင်းတောင် ရှိနေပြီ ဆိုတော့ ဂလိုဘယ် လိုက်ဇေးရှင်း ခေတ်ထဲမှာ ရွာကလေးဟာ ခေတ်နောက် ကျန်ခဲ့တယ်လို့ ဘယ်လိုများ ပြောလို့ ရပါ့မလဲ။ဒီတစ်နှစ်၊ နှစ်နှစ်မှာ ခေတ်စားလာတဲ့“ဂလိုဘယ်”ဆိုတဲ့ စကားဟာ ရွာကလေးနဲ့ သဟဇာတကို ဖြစ်လို့။
_ _ _
နှစ်
ကြာတော့ မကြာသေးပါဘူး။ ကျွန်တော့် အသက်တောင် ၂၈ပဲ ရှိသေးတာ ဆိုတော့ လွန်ခဲ့တဲ့ ၁၈ နှစ်လောက် ကလို့ ပြောရမှာပေါ့။ အဲဒီ အချိန်တုန်းက အခု “စလောင်း”ဟဲ့၊ “အင်တာနက်”ဟဲ့။“ဂလိုဘယ်”ဟဲ့ ပြောနေတဲ့ ရွာကလေးမှာ တီဗွီဆိုလို့ တစ်ရွာလုံးမှ တစ်လုံးတည်း ရှိတာရယ်။ ဒါတောင် အခြားရွာနီး ချုပ်စပ်တွေမှာ တီဗွီဆိုတာ မရှိလို့ ၁၈လက်မ အရွယ် တိုရှီဘာ တံဆိပ် အဖြူအမည်း တီဗွီလေးဟာ ရွာတွေ တော်တော်များများရဲ့ တစ်ပင် တိုင်မင်းသားပေါ့။
ဒီတုန်းက တီဗွီက ပြတဲ့ လိုင်းဆိုတာကလည်း မြန်မာ့ အသံ တစ်လိုင်းတည်းရယ်။ စနေညပိုင်းနဲ့ တနင်္ဂနွေ နေ့လယ်တွေမှာဆိုရင် TV ရုပ်ရှင်ကားကြီးတွေ လွှင့်တယ်။

“အရပ် ရှစ်မျက်နှာမှာ ရှိကြကုန်သော မိဘ ပြည်သူများ ခင်ဗျား။ နေထိပန်းလို မညှိုးနွမ်းဘဲ မိုးဆန်းပန်းလို လန်းဆန်း ပါစေလို့ ကျွန်တော်များ မိဘ မေတ္တာ TV အိမ်မှ ဆုတောင်း အပ်ပါတယ်”

TV အိမ်ကနေ လော်စပီကာ ဖွင့်ပြီး အထက်ပါ အတိုင်း အစချီ လိုက်ပြီ ဆိုရင် ရွာထဲမှာ ထမင်းဟင်း ချက်ပြုတ်နေတဲ့ အိမ်ရှင်မတွေ၊ ရွာပြင် လယ်ကွင်းတွေထဲ အလုပ် ဆင်းနေ ကြတဲ့ လယ်သမားတွေ သာမက ရှိရှိသမျှ ကလေး လူကြီးတွေဟာ လုပ်နေတဲ့ အလုပ်တွေ ဖုတ်ကနဲ ပစ်ချလို့ လော်စပီကာသံကို နားစွင့်ကြပြီ။

“ဟုတ်ကဲ့ မျှော်ကာ တနေတဲ့ စနေညကိုတော့ ရောက်လာပါပြီ။ ဒီနေ့ည ပြသမယ့် ရုပ်ရှင် ကားကတော့ “ဗန်တို လူလေးနှင့် သူဇာ”ပါတဲ့ ခင်ဗျား။ ဒီကားမှာ ဆိုရင် မိဘ ပြည်သူတွေရဲ့ အကြိုက်တိုက်မယ်၊ ခိုက်မယ်၊ ဖိုက်မယ်ဆိုတဲ့ မင်းသားက ညွန့်ဝင်း ဖြစ်ပြီး သူနဲ့အပြိုင် ပွဲသွက်ဖို့ တွဲဖက်ထားတဲ့ မင်းသမီးက ညုမယ်၊ ဂလုမယ်ဆိုတဲ့ မင်းသမီးက ဒေစီကျော်ဝင်းပါ ခင်ဗျ။ အဲ အဲ ဂလုဆိုတဲ့ အသံကတော့ ဒေစီကျော်ဝင်းကို မြင်ယောင်ပြီး တံတွေး မျိုချလိုက်တဲ့ ကျွန်တော့်ရဲ့ အသံ ဖြစ်ပါတယ် ခင်ဗျ”

ကြော်ငြာတဲ့ သူအသံကလည်း စွဲဆောင်မှု အပြည့်နဲ့ ဆိုတော TV ကြည့်ချင်တဲ့ စိတ်တွေ ကလိ၊ ကလိ ဖြစ်ကုန်ကြတာ ကျွန်တော်တို့လို ကလေးတွေတင် ဘယ် ဟုတ်လိမ့်မလဲ။ တစ်ရပ်လုံး၊ တစ်ရွာလုံးပါပဲ။ တချို့ဆို ကြည့်စရာ ပိုက်ဆံ မရှိလို့ ဒန်အိုးဒန်ခွက် ပေါင်တဲ့သူ၊ ဆန်ပုံးထဲ ဆန် တစ်ပြည်လောက် ထုတ်ရောင်းတဲ့ သူတောင် ရှိတယ်။ ဒါတောင် TV ကြည့်ခက လူကြီး တစ်ကျပ်၊ ကလေးပြား ငါးဆယ်သာရယ်။

လမိုက်ညတွေ ဆိုလို့ကတော့ တစ်ထောင်လောက် ရှိတဲ့ အခေါင်းပါ၊ တစ်ဘက်ပိတ် သံတုတ်တွေထဲ ရေနံဆီထည့်၊ မီးစာမှာ မီးရှို့ပြီး ထွန်းရတဲ့ မီးတုတ်တွေ ကိုယ်စီနဲ့ပေါ့။ မိုးရွာလည်း မိုးရွာတဲ့ အလျောက် ဗွက်ထသောသောထဲ တဗုန်း ဗုန်း၊ တဗိုင်းဗိုင်း ချော်လဲ ခံပြီးတော့ကိုTV အိမ်ကို ချီတက်ကြတာလေ။ အဲဒါ အခု တန်ခိုးရှင် ဖန်ဆင်းထားလို့ ထွန်းလင်း နေသလို ဖြစ်နေတဲ့ ရွာကလေးရဲ့ ဟိုစဉ်က သင်္ကေတတွေလေ။ ကြာခဲ့ပြီလို့ ပြောလို့ ရပေမယ့် တွေးကြည့်ရင် ဘာမှ မကြာ သေးပါဘူး။ ကဲ အခုကျတော့။
သုံး
“ဟေ့ကောင် ငမင်း၊ မင်း ဘယ်တုန်း က ရောက်လဲ။ မင်းကွာ မြို့ကို ရောက်တာ ၁၀နှစ် ၁၀မိုးလောက် ရှိပြီ။ မင်းရဲ့ ပုံစံကလည်း ဘာမှ မပြောင်းလဲပါလား။ ငယ်ငယ်တုန်းက အတိုင်း မင်းရဲ့ အသားအရေက ဆွမ်းစား သပိတ်ကို ကတ္တရာစေး သုတ်ထားသလို မည်းပြောင်ပြောင်ပါပဲလားကွ။ မင်းရွာကို မရောက်တာ ၂နှစ်တောင် ရှိပြီမို့လား”

ကျွန်တော့်ရဲ့ ငယ်နာမည်ကို ငယ်မူ ငယ်သွေး ပြည့်နေတဲ့ ညံစာစာအသံနဲ့ လှမ်းပြောလိုက်သူက တုတ်ပုဆိုတဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်းလေ။ ဒီကောင့် နာမည်ရင်း ကတော့ စွမ်းဆောင်ပါ။ ဒါပေမယ့် လူက ၀တုတ်တုတ်၊ ပုကွကွမို့ ဘယ်အချိန် ကတည်းက ဘယ်သူတွေရဲ့ ကင်ပွန်းတပ် ခြင်းကို ခံထားရမှန်း မသိတဲ့ နာမည်ကတော့ တုတ်ပုတဲ့။ ထူးဆန်းတာက တစ်သက်လုံး ၀တုတ်တုတ်နဲ့ ဗိုက်ပူနံကား တုတ်ပုက အခုကျတော့ ကိုယ်ရည် စစ်တယ်ပဲ ခေါ်မလား။ ပိန်ညောင်ညောင်လေး ဖြစ်နေလိုက်တာ။ အရပ်ကလေးတောင် ရှည်ထွက် လာသယောင်။

“မင်းမလည်းကွာ။ ရန်ကုန်နဲ့ ရွာ မြင်းတပြေးလောက်ကိုများ တစ်နှစ်တစ် ခေါက်လေးတောင် ပြန်လာဖော် မရဘူး။ မြို့မှာ ပျော်ပဲ ပျော်နိုင်လွန်း”

တုတ်ပုက စကားလည်း ပြောရင်း သူ စီးလာတဲ့ ဆိုင်ကယ်ကို စက်သတ်။ ခါးကြားမှာ ချိတ်ထားတဲ့ ဟမ်းဖုန်းကိုလည်း ဖြုတ်လို့ ဟိုနှိပ်၊ သည်နှိပ် လုပ်နေသေး တယ်။ ပြီးတော့ နောက်ထပ် စကားကို ပြောဖို့ အားယူဟန်နဲ့ ပါးစပ်ထဲမှာ ရှိတဲ့ ကွမ်းတံတွေးကို “ဗျစ်” ခနဲ ထွေးထုတ် လိုက်သေးတယ်။
“မင်းကို ဆက်သွယ်လို့ ရမယ့် ဖုန်းနံပါတ် တစ်ခု ပြောစမ်း။ရန်ကုန်ဘက် ရောက်ရင် ဆက်ကြည့် ရတာပေါ့။ ငါကတော့ ရန်ကုန်ဘက်တော့ ရောက်ခဲတယ်မောင်။ ဒါပေသိ ဒီဘက်တော့ ခဏခဏ ရောက် သကွ။ ဟာဟ”

တုတ်ပု ပြောလိုက်တဲ့ စကားတွေ အားလုံးကို နားလည်သော်လည်း နောက်ဆုံးက “ဟာဟ” ဆိုတာကို ကျွန်တော် နားမလည်။ ဒီကောင့်ကို လှမ်းကြည့်တော့လည်း သူ့မျက်လုံးတွေထဲမှာ လျှို့ဝှက်ချက် ပါသလိုလို ပြောင်သလိုလို အရိပ်လေးတွေကို တွေ့နေရသေးတယ်။
“ဟေ့ကောင် ဟာ ဟ က ဘာ တုန်း”

“သြော်ကွာ ရန်ကုန်မှာ နေပြီး တုံးပေစွ တကား။ မချွန်ပေ စွတကားဆိုတာ မင်းပဲ။ ခေတ်လူငယ် ယောက်ျားလေးတွေ ပဲကွာ။ သန်လျင်တက်တယ် ဆိုတာ တစ်ခါ တစ်ရံ ဘာညာ ကိစ္စပေါ့။ ဘာညာ ကိစ္စကို ထပ်မမေးနဲ့နော် ရှူးတိုးတိုး လူတွေကြား ကုန်မယ် ဆိုသလိုပေါ့”
ပြောဟန်က ခက်သွက်သွက်။ ပြောစကားက ခပ်ဆန်းဆန်း။ ဟိုတုန်းကနဲ့ မတူတဲ့ ထူးခြားမှုလေးတွေ တုတ်ပုဆီမှာ ကပ်ညိနေတယ် ဆိုတာ သိပေမယ့်လည်း ဘာလည်းဆိုတာ ကျွန်တော်မသိ။

ဒီကောင်က ကျွန်တော်နဲ့ အသက် ရွယ်တူ ဆိုပေမယ့် ကျွန်တော့်လို အိမ် ထောင်မရှိသေး။ လူလွတ်။ ကျွန်တော်တို့ ရွာဘက်တွေမှာ ၁၆၊ ၁၇ ဆိုရင် အိမ် ထောင်ကျကြတဲ့ သူတွေက ဒုနဲ့ဒေး။အလွန် ဆုံးနောက်ကျလှမှ ၂၁၊ ၂၂။ အဲဒီလို ရပ်ဝန်းမှာ ၂၈ အထိ အိမ်ထောင် မရှိသေးတဲ့ တုတ်ပုက ရွာမှာ ဆိုရင်တော့ ဂေါ်မစွံ တော့တဲ့ လူပျိုကြီး စာရင်းဝင်ပေါ့။ ဒီ ကောင်ရဲ့ “ဟာ ဟ”ဆိုတဲ့ စကားကို သဘောပေါက်အောင် တွေးရင်း ဒီကောင် လူရည် လည်နေပြီပဲ ဆိုတဲ့ အတွေးကိုဆက် တွေးကြည့်တော့ အတွေးရဲ့ နောက်မှာ ကပ်လာတာက ဒီကောင် ငယ်ငယ်တုန်းက အကြောင်း။

ဒီကောင် ငယ်ငယ်တုန်းက ရိုးတာ၊ နုံတာတွေ ထက်သာတဲ့ အတယ်ဆိုတဲ့ ဘွဲ့ထူး ပါရထားတာ။ ငယ်ငယ်တုန်းက ကျွန်တော်တို့ သူငယ်ချင်း လေးယောက် ရေအိုင် အကြီးကြီး တစ်ခုမှာ ငါးမျှား နေကြတုန်း၊ ကျန်တဲ့ သုံးယောက် ငါးတွေ ကိုယ်စီ ရပေမယ့် တုတ်ပုက ငါးမရတော့တဲ့ အဆုံး ရွာဘက်ဆီ ပြန်ပြေး။ လေးထောင့် သံပုံး တစ်လုံး ယူလာလို့ အိုင်ထဲက ရေတွေကို တဗွမ်းဗွမ်း ပက်ထုတ်ပစ်တယ်။ ဒီလောက် ကြီးတဲ့ ရေအိုင်က ရေတွေကတော့ ဘယ် ကုန်လိမ့်မလဲ။ အိုင်ထဲမှာ ရှိတဲ့ ငါးတွေကသာ လန့်ပြေးလို့ ကျန်တဲ့ ကျွန်တော်တို့ သုံးယောက်တောင် ငါးဆက်မျှားလို့ မရတော့။

တစ်ခါကလည်း ကျွန်တော်တို့ သူငယ်ချင်း လေးယောက်နဲ့ အခြားသူငယ်ချင်း တစ်စုတို့ ရွာပြင်မှာ ရန်ဖြစ်နေတုန်း တုတ်ပုတစ်ယောက် ရွာဘက်ကို ပြေးပြီး ပျောက်သွားတယ်။ ကျွန်တော်တို့လည်း ကလေး သဘာဝ ရန်ဖြစ်လို့ ပြီးတော့ အုပ်စု နှစ်စုတည်း သွားတဲ့ အချိန်ကျမှ တုတ်ပု တစ်ယောက် ရွာထဲဘက်ကနေ ဓားတစ် ချောင်းဆွဲလို့ အပြေးတပိုင်းနဲ့ ပြန်ရောက် လာတယ်။ အခြား ကောင်တွေကို ခုတ်ဖို့ ရွာထဲမှာ ဓားပြန် သွေးနေတာတဲ့လေ။ တုတ်ပုက အဲဒီလိုမျိုး။
“ဟေ့ကောင် ဒီတစ်ခါ ငါ ဒီဘက် ရောက်ရင် မင်းကို ဆက်သွယ်မှာနော်။ ငါ အခု ချိုချိုအောင်နဲ့ ချိန်းထားလို့ကွ။ ချိုချိုအောင်ကို မင်းသိတယ်မလား။ သူနဲ့ ငါ့အကြောင်း ငါ နောက်မှ ပြောပြမယ်။ မင်းမပြန်သေးဘူး မဟုတ်လား။ ညနေကျ ရင် ငါလာခေါ်မယ်။ အခုတော့ ငါလစ်ပြီ”

တုတ်ပုက စကားတွေကို တရစပ် ပြော၊ ကျွန်တော့်ကိုလည်း မျက်စိတစ်ဖက် မှိတ်ပြပြီးတော့ ဆိုင်ကယ် စက်နိုးပြီး ၀ူးကနဲ ပြေးထွက်သွားတယ်။မမြင်တဲ့ နှစ်တွေ အတွင်းမှာ ရွာကလေးနဲ့ အတူ အပြောင်း လဲကြီး ပြောင်းလဲနေတဲ့ တုတ်ပုပါတကား။ကျွန်တော် လိုက်မမီ နိုင်တော့တဲ့ အထဲမှာ ရွာကလေးနဲ့အတူ တုတ်ပုပါ ပါလာခဲ့ပြီ။ ငယ်ငယ်တုန်းက ရှက်တတ်၊ ကြောက်တတ်၊ နုံလွန်း၊ အလွန်းတဲ့ တုတ်ပုက အခုကျတော့ ချိုချိုအောင်နဲ့ ချိန်းထားတယ်လို့တောင် ဆိုလိုက်သေး။ ဒါကလည်း“ဟာဟ” ကိစ္စပဲနဲ့တူ ပါတယ်လို့ နှလုံးသွင်းရင်း ရွာကလေးရဲ့ ကွန်ကရိ လမ်းပေး ကျွန်တော် လမ်းဆက် လျှောက်လိုက်တယ်။
_ _ _
လေး
“ကိုမင်းဗညား ဖုန်းလာနေတယ်”

ကျွန်တော် အလုပ်လုပ်ရာ ရုံးရဲ့ ဖုန်းအော်ပရေတာ ကောင်မလေးက ကျွန်တော့်ကို ဖုန်းလာတယ်လို့ ပြောတယ်။ “ဘယ်သူ့ဆီကလဲ”လို့ ကျွန်တော် ပြန်မေးတော့“စွမ်းဆောင်” တဲ။ သြော် တုတ်ပုဆီကပဲ။

“ဟေ့ကောင် ငမင်းလား။ ငါပါ တုတ်ပု၊ အခု ရွာက ဖုန်းဆက်တာ။ချိုချိုအောင် ဆုံးပြီ ဟေ့ကောင်”
အလောတကြီး ပြောလာတဲ့ တုတ်ပုရဲ့ စကားသံတွေ နောက်မှာ စိုးရိမ်မှုတွေ ကပ်ညိနေတယ်။ ထိတ်လန့်ခြင်းတွေ ရှိနေတယ်။ ငါ ဘာလုပ်ရမလဲ ဆိုတဲ့ မေးခွန်းတွေ ရှိနေတယ်။

“သြော်”ဆိုတဲ့ စကားက လွဲလို့ ကျွန်တော့် နှုတ်က ဘာမှမထွက်။ကျွန်တော် ရွာက ပြန်ရောက်တာ တစ်နှစ် တိတိလောက် ရှိပြီ။ ဒီကြားထဲ တုတ်ပုဆီက ဖုန်းသုံးလေးကြိမ် လောက်တော့ လာတယ်။ ပထမ အကြိမ်နဲ့ ဒုတိယ အကြိမ်က မထူးခြား။ မှတ်မှတ်ရရ တတိယ အကြိမ်မှာ ထူးခြားမှုတွေ ပါလာပြီ။လွန်ခဲ့တဲ့ ခြောက်လလောက်ကပေါ့။ အဲဒီတုန်းက သူအဓိက ပြောသွားတဲ့ အထဲမှာ ချိုချိုအောင်မှာHIV ပိုး ရှိနေပြီဆိုတဲ့ အကြောင်း
“ငါနဲ့ ချိုချိုအောင် ကိစ္စက ၃ နှစ် ကျော်ပြီ ဆိုတာ ရွာမှာကတည်းက မင်းကို ပြောပြီးပြီမို့လား။ အခုမှကွာ။ ကောက်ကာ ငင်ကာ ချိုချိုအောင်က ခဏခဏ ဖျားတာတို့၊ ချောင်းအဆက်မပြတ် ဆိုးတာတို့ ဖြစ်လာတယ်။ လူကလည်း ပိန်လာလိုက်တာ တုတ်ထိုးရုပ်ကို ထမိန် ပတ်ထားသလို ဖြစ်နေတယ်။ ငါလည်း ဘာကို လန့်မှန်းမသိ လန့်လာတယ်ကွာ။ ငါနဲ့ ချိုချိုအောင် လွန်ခဲ့တဲ့ ၂နှစ်ကျော်ကတည်းက လွန်လွန်ကြူးကြူး ဖြစ်ခဲ့တယ် ဆိုတာလည်း မင်းသိပြီးပြီပဲ။ အဲဒါကြောင့် ငါတို့နှစ်ယောက် သန်လျင်တက်ပြီး သူ့ကို ဆေးစစ်လိုက်တာ။ ချိုချို အောင်မှာ HIV ပိုးရှိနေပြီ ငမင်း”
တုတ်ပုရဲ့ ဟိုစဉ်က စကားတစ်ခွန်းကို ကျွန်တော်ပြေးပြီး ကြားယောင်တယ်။ မြန်လှချည်လား။ ချိုချိုအောင်မှာုံဠ ပိုးရှိမှန်းသိတာ လွန်ခဲ့တဲ့ ခြောက်လလောက်က မှလေ။ အင်းလေ။ ပိုးက ဘယ်ဆီကတည်းက အမြစ်တွယ်နေမှန်းမှမသိတာ။ ဆေးစစ် တဲ့အချိန်ကျတော့ လူတစ်ကိုယ်လုံး ပိုးပဒေသာပင် ဖြစ်နေလောက်ပြီပေါ့။

“အခု ချိုချိုအောင်ရဲ့ ရောဂါကတော့ မင်းကို ငါပြောခဲ့ ဖူးသလို တီဘီ ရောဂါလို့လဲ ရွာကလူတွေ သိထားကြတာ။ ဒါပေမယ့် ထမင်းစားပြီး ကြီးလာတဲ့ လူတွေပဲကွာ။ တစ်နည်းနည်းနဲ့တော့ သိကြမှာပေါ့။ အရေး ကြီးတာက ငါဘာလုပ်ရရင် ကောင်းမလဲ ဆိုတာပဲ”

ကျွန်တော် ထင်ထားသလို ချိုချိုအောင် သေတဲ့ ကိစ္စထက် အရေးကြီးတဲ့ ကိစ္စက တုတ်ပုဆီမှာ ရှိနေတာ အသေအချာလေ။ “မင်းဘာလုပ် ချင်လို့လဲ” ဆိုတဲ့ မေးခွန်းကို ငယ်သူငယ်ချင်း သံယောဇဉ် ငွေ့ငွေ့လေး စွက်လို့ စိတ်မပါတပါ ကျွန်တော် မေးလိုက်တော့ စကားတွေကို တရစပ် ကြားရပြန်တယ်။ ကျွန်တော် မသနားနိုင် ဘူး။ တကယ်တမ်း သနားရမှာကလည်း တုတ်ပုမှ မဟုတ်တာ။

“အေး မင်းသဘောပဲလေ” ဆိုတဲ့ စကားနဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဖုန်းပြောခြင်း အဆုံး သတ်သွားပေမယ့် ကျွန်တော့် စိတ်တို့က ဝေေ၀၀ါးဝါး။ ဒီကောင် ပြောသလို ကျွန်တော့် အိမ်မှာ ခဏတည်း ပြီး သူ့အတွက် စမ်းသပ်မှုတွေ ရန်ကုန်မှာ လာလုပ်မယ်ဆိုသော်လည်း အချိန်တန် ထွက်မယ့်အသက်က ရာဘာကွင်းလို ဆွဲ ဆန့်ထားလို့ရတာမှ မဟုတ်တာ။ သိခြင်း၊ မသိခြင်း၊ မကျွမ်းကျင်ခြင်း ကိစ္စတွေရဲ့ နောက်မှာ တူတန်မျှတဲ့ လက်ဆောင်တွေ က အရိပ်ပမာ၊ ထပ်ကြပ်မကွာလေ။

လွန်ခဲ့တဲ့ တစ်နှစ်၊ ကျွန်တော် ရွာပြန်ရောက် ကတည်းက တစ်သက်လုံး ၀၀ ဖိုင့်ဖိုင့်နဲ့ တုတ်ပု၊ ပိန်ညောင်ညောင်လေး ဖြစ်နေတာတော့ သတိထားခဲ့မိသား။ လွန်ခဲ့တဲ့ ခြောက်လလောက်မှ သိတာက ချိုချိုအောင် HIV ပိုး ရှိနေပြီဆိုတဲ့ သတင်း။ အခုတော့ ချိုချိုအောင်က အရင်သွားနှင့် ပြီလေ။ မတန်ပါဘူး။ ကိုယ်တစ်ယောက်တည်းကြောင့် ဖြစ်လာတဲ့ပြဿနာတွေ နောက်မှာ ဘာမှ မဆိုင်တဲ့ လူတွေကို လက်ဆွဲ ခေါ်သွားတဲ့ ကိစ္စဟာ အတော် အကျည်းတန်ပါတယ်။ အဖြေရှိပြီးသား ပုစ္ဆာ တစ်ပုဒ်ကိုလည်း ကြိုးစား တွက်မနေချင်တော့ဘူး။ တုတ်ပု ကျွန်တော့်အိမ်ကို ခဏ ရောက်ရင်သာ ကျွန်တော့်သား ကျွန်တော့် မိန်းမနဲ့ မထိတွေ့ နိုင်အောင်လို့ သားနဲ့ မိန်းမကို ယောက္ခမအိမ် ခဏပို့ ထားရမယ်လေ။
_ _ _
ငါး
တုတ်ပုကို ပြန်လိုက်ပို့ရင်း ဒီတစ်ခေါက် ရွာပြန်ခြင်းမှာ ကျွန်တော့်စိတ်တွေ မွန်းကြပ်နေတယ်။ ရွာမှာ တုတ်ပုလို ကောင်တွေ ဘယ်နှစ်ယောက် ရှိနေပြီလဲ။ ချိုချိုအောင်လို ကောင်မလေးတွေကရော။ တကယ်တော့ တုတ်ပုဟာ တုတ်ပုပါပဲ။ ချိုချိုအောင်ကလည်း ချိုချိုအောင်ပါပဲ။
“ဟေ့ကောင်ရေ ရှစ်ပေစလောင်း ချန်နယ်မှာ ဟိုကားတွေ လာနေတာအဆက် မပြတ် ဟေ့ကောင်ရေ။ ငါတောင် ရွာလယ်က ထက်အောင်တို့ အိမ်မှာ ညဘက် ဆိုရင် သွားသွားကြည့်တာ”

မနှစ်က ကျွန်တော် ရွာကို ရောက်တုန်း တုတ်ပု ပြောခဲ့တာလေ။
“ပျင်းနေရင်တောင် ထိုင်းချန်နယ်က လာတဲ့ ဖက်ရှင်လိုင်းကို အပျင်းပြေ ကြည့်လို့ရသေး။ အဲဒီ ဖက်ရှင်လိုင်းမှာ လာတဲ့ မော်ဒယ်တွေက သူတို့ ခန္ဓာကိုယ်ကို ဖုံး ထားတာ လက်တစ်အုပ်စာလောက်ပဲ ရှိတာလေ။ ဟဲဟဲ။ ငါတို့ဆီမှာ မင်းတို့မြို့နဲ့ ခြားနားတာ ဘာမှ မရှိတော့ဘူး။ လိုတိုင်းတ၊ တတိုင်းရပဲ။ ဟိုကိစ္စလိုချင်ရင်လည်း ဆိုင်ကယ်မိနစ် သုံးဆယ်လောက် မောင်းလိုက်ရုံပဲနော် ဟား ဟား”

ခေတ်မီ တိုးတက်လာတဲ့ စနစ်ရဲ့အောက်၊ အပြင်အဆင် အဆောင်အယောင် တွေရဲ့ အောက်။ ဖြေဖျော်ရေး ပစ္စည်းတွေရဲ့ အောက်မှာ အလိုက်သင့် ကူးခတ်ခဲ့တဲ့ တုတ်ပုတစ်ယောက်၊ ခေတ် ဆိုတာကြီးနဲ့ အသားရော ကျခဲ့ပါရဲ့လား။ သဟဇာတရော ဖြစ်ခဲ့ပါရဲ့လား။ အခုတော့ ရွာကို ပြန်တဲ့ ပဲ့ကျိပ်ရဲ့ ဦးခေါင်းမှာ တုတ်ပုတစ်ယောက် ထိုင်ကာ အဆုံးအစ မရှိတဲ့ ကွင်းပြင်ကြီးကို ငေးလို့။ သေချာခြင်း တစ်ခုက သူလည်း မကြာခင်မှာ အရာအားလုံးကို နှုတ်ဆက်ရတော့ မယ်လေ။ မြို့နဲ့ ဘာမှ မခြားနားတော့ဘူး ဆိုတဲ့ ရွာကလေးရဲ့ ရင်ခွင်ထဲက တုတ်ပု။မြို့ကြီးပြကြီးကို မယှဉ်နိုင်တဲ့ ရွာကလေးရဲ့ အဓိက အားနည်းချက်က ဘာလဲ ဆိုတာရော မင်းတွေးခေါ် ဖြစ်ခဲ့ပါသလား။ မြို့နဲ့ရွာ ခြားနားခြင်းရဲ့နောက်က ကျွမ်းကျင်ခြင်း၊ လိမ္မာခြင်း၊ စောင့်ထိန်းခြင်း ဆိုတဲ့ အကြောင်းအချက်တွေကို မင်းမှ မလေ့လာခဲ့တာ။ တတ်အောင် မသင် ခဲ့တာ။ မြင်အောင် မကြည့်ခဲ့တာ။

တကယ်တော့ ကျွန်တော် ပြောခဲ့ဖူး သလို တုတ်ပုက တုတ်ပုပါပဲ။ချိုချိုအောင် ကလည်း ချိုချိုအောင်ပါပဲ။ အခြား တစ်နေရာက တစ်စုံတစ်ယောက် အနေနဲ့ ဟန်ဆောင်ပစ်လို့ မရနိုင်ပါဘူး။

“ငမင်း ငါ မင်းကို တစ်ခု ပြောချင်တယ်။ ချိုချိုအောင် သေတုန်းက သူ့ ရောဂါကို ညာခဲ့သလို ငါမညာချင်တော့ဘူး။ ရွာကလေးမှာ ငါ့လိုလူတွေ မရှိအောင် ငါတတ်နိုင်သမျှ စောင့်ရှောက်ရလိမ့်မယ်။ အဲဒီလို စောင့်ရှောက်ဖို့ အတွက် ငါ့ရောဂါနဲ့ ငါ့အကြောင်းကို ပွင့်လင်းရ လိမ့်မယ်။ အဲဒီလို နေရင်းနဲ့ ငါရွာကလေးမှာပဲ အရိုး ကျသွားတော့မယ် သူငယ်ချင်း”

တုတ်ပုက ဟိုး လှမ်းလှမ်းမှာ မြင်နေရတဲ့ ရွာကလေးကို ငေးကြည့်ရင်း ကျွန်တော့်ကို မကြည့်ဘဲ စကားတွေ ပြောနေတယ်။ ဒီစကားဟာ သူ့ဘ၀ အတွက် ကျွန်တော့်ကို ပြောတဲ့ နောက်ဆုံး စကားတွေလား။ သူ့စကားနဲ့ ပတ်သက်ပြီး တုန့်ပြန် ပြောစရာ ကျွန်တော့်မှာ စကား မရှိဘူး။ ဒါပေမယ့် တုတ်ပုစကားတွေ အတွက် ကျွန်တော့် ရင်ထဲမှာ သာဓု ခေါ်မိတယ်။ သူပြောချင်တဲ့ စကားတွေရဲ့ အဓိပ္ပာယ်ကို ရွာကလေးလည်း နားလည် နိုင်ပါစေလို့ပဲ ကျွန်တော် ဆုတောင်း နေလိုက်တော့တယ်။
_ _ _
ခြောက်
ရွာကလေးရဲ့ အပြန် ခပ်လှမ်းလှမ်းမှာ မှိုင်းပျပျလေး ကျန်ခဲ့တဲ့ ရွာကလေးကို ကြည့်ရင်း ကျွန်တော့် ရင်ထဲ မေးခွန်းတွေ အတွေးတွေက တရစပ် ၀င်ရောက် လာပြန်တယ်။ ခေတ်ဆိုတဲ့ ရေစီးကပဲ ရွာကလေးထဲကို စီးဝင်လိုက်သလား။ ခေတ်မီချင်ဟန် ဆောင်ထားတဲ့ ရွာကလေးကပဲ ခေတ်ရေစီးထဲ ၀ုန်းကနဲ ခုန်ချလိုက်သလား။

ပြီးတော့ . . .
ဘယ်သူက ဘယ်သူ့ကို ပြုစား လိုက်တာလဲ။
အဖြေဟာ အဝေးကြီးမှာ ရှိမနေပေမယ့်
လက်တစ်ကမ်း အလိုကိုလည်း ရောက်မလာဘူး။
ရွာကလေးက “ခေတ်”ကို အပြစ်တင်
ခေတ်က ရွာကလေးကို အပြစ်တင်။

အတုံးအရုံး စကားလုံးတွေကြား၊ မျက်စိမှိတ် ရုန်းထွက် လိုက်နိုင်ပေမယ့် တစ်ချက်ကလေး စောင်းငဲ့အကြည့်။
နောက်မှာ ကျန်ခဲ့တဲ့ ရွာကလေး ကတော့
ခေတ်ရေစီး ကြောင်းထဲ မရှုမလှ နစ်မွန်းနေဆဲ။

မင်းဝေဟင်
(ပေဖူးလွှာမဂ္ဂဇင်း)

အခွံကလေးတွေ


၁။
တစ်ညလုံး တဂျုန်းဂျုန်း ခုတ်မောင်းလာတဲ့ မော်လမြိုင် ရထားကြီးက အခုတော့ ခရီးတစ်ထောက် နားဖို့ မုတ္တမ ဘူတာကို ၀င်ပြီ။
အရှေ့ အရပ်ဆီမှာ ရောင်နီတို့ ပျို့နေပြီ ဖြစ်သော်လည်း ၀န်းကျင်မှာတော့ နေခြည်နုတို့က ကွက်ကျား မထင်သေး။ ရထားကြီးက ဒီဘူတာမှာ အနည်းဆုံး နာရီဝက်တော့ နားလိမ့်ဦးမယ် ထင်ရဲ့။  ပြီးရင် သံလွင် တံတားကြီးကို ဖြတ်လို့ မော်လမြိုင်ကို ၀င်ပြီး ခရီးစဉ် အဆုံးကို သတ်ပြီ။ အဲဒီအခါ သူတို့ မိသားစုရဲ့ ဇာတိမြေ မော်လမြိုင်ကို အလည်လာခြင်း ခရီးဆိုက် ရောက်ပြီပေါ့။ တကယ်တော့ သူ့ရဲ့ ဇာတိက မော်လမြိုင် တစ်ဖက်ကမ်း ချောင်းဆုံမြို့ပါလေ။
တံတားမဆောက်ခင် ကတော့ မော်လမြိုင် ရထား အတွက် ဒီမုတ္တမ ဘူတာဟာ အဆုံးသတ်လေ။

ဒီကနေဆင်း၊ ပြီးရင် မြစ်ဆိပ်ဘက် လျှောက်လို့ မော်လမြိုင်ဘက်ကို အချိန်နဲ့ ထွက်တဲ့ ဇက်နဲ့ ကူးချင်ကူး။ ဒါမှမဟုတ် အမြန် လိုချင်ရင် ခနော်နီ ခနော်နဲ့ ဖွတ်ချက်၊ ဖွတ်ချက် ပဲ့ချိတ် ကလေးတွေနဲ့ကူး။ ဒါကတော့ ဟိုစဉ် အချိန်ကပေါ့။ သူ ပြင်ဦးလွင်မှာ သင်တန်းတက်တဲ့ အချိန် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက် ကတော့ ဒီမုတ္တမကနေ မော်လမြိုင်ကို ကူးဖို့ ဇက်နဲ့ ပဲ့ချိတ်က လွဲလို့ ဘာမှမရှိ။ သံလွင်မြစ် ဆိုတာကလည်း မြန်မာပြည်ရဲ့ မြစ်တွေထဲမှာ ရေစီးက အကြမ်းဆုံးမို့လား။ ပြီးတော့ မြစ်ဝရဲ့ အဆုံးသတ်မှာ ဘီလူးကျွန်း ဆိုတာကြီးက ရှိတော့ သံလွင်မြစ်က မြစ်ခွဲနှစ်မြွှာ အနေနဲ့ ကပ္ပလီ ပင်လယ်ထဲကို ဖြတ်တဲ့အခါမှာ ရေကျချိန်ဆို ရေတွေက ၀ုန်းခနဲ ခုန်ဆင်း သွားသလိုမျိုး။ အဲဒီတုန်းကတော့ ရေစီးတွေရဲ့ ကျီစားခြင်း အောက်မှာ အစ ပျောက်သွားရတဲ့ ပဲ့ချိတ်တွေ ဆိုတာက ဟောတစ်စီး၊ ဟောတစ်စီး။ ဘာပဲပြောပြော အခုလို တံတားကြီး ပြီးသွားတာ တကယ်ကို မင်္ဂလာ တစ်ပါးပေါ့။

“မောင်ရေ၊ ဘယ်ဘူတာကို ရောက်တာလဲ။ မိုးတောင် လင်းတော့မှာပဲ”

“ဟုတ်တယ်မွန်။ မုတ္တမကို ရောက်ပြီ။ တံတား ဖြတ်ပြီးရင် မော်လမြိုင်ကို ရောက်တော့မှာ။ အား သမီးတောင် နိုးလာပြီပဲ”

ငါးနှစ်အရွယ် သူ့သမီးလေးက သူတို့ လိုက်ပါလာတဲ့ အထက်တန်း ရထားတွဲပေါ်ကို တက်ပြီး ဈေးရောင်းနေတဲ့ ဈေးသည်တွေရဲ့ ညံစာစာ အသံတွေကြောင့် လန့်နိုးလာတယ်။ ရထားအောက်မှ၊ ရထားပေါ်မှ ဈေး သည်တွေကတော့ ခရီးသည်တွေကို တက်မနင်းရုံ တမည် တိုးဝှေ့ ကျပ်သိပ်လို့။

“မေကြီး သမီး အရုပ်လေးရော”

“ရှိပါတယ် သမီးရဲ့။ ဒီမှာလေ ဖေကြီးဘေးမှာ။ သမီး အိပ်ပျော်နေလို့ ဖေကြီးက ယူထားပေးတာ”

သမီးလေး ရှင်းသန့်ဖြူက နိုးနိုးချင်း အမြဲတမ်းကိုင် ထားတတ်တဲ့ အရုပ်ကလေးကို မေးတယ်။ ဟုတ်ပါရဲ့။ သမီးလေးက ဒီအရုပ်ကို စွဲစွဲလမ်းလမ်းကို နှစ်သက်ရှာတာ။ ဒီအရုပ်လေးက တကယ်တော့ ဘာမှ မထူးဆန်းတဲ့ ဘာဘီမ ရုပ်လေးပါပဲ။ စင်ကာပူ ရောက်နေတဲ့ သူ့ရဲ့ သူငယ်ချင်းက သူ့သမီး လေးအတွက် ပို့ပေးလိုက်တဲ့ အရုပ်လေးပါ။ ဒီအရုပ်လေးကိုလည်း သမီးလေးက စွဲစွဲလမ်းလမ်း နှစ်သက်ရှာတာ။

သမီးလေးကတော့ မိန်းကလေး ပီပီ တိုက်ကား၊ လေယာဉ်ပျံ စတဲ့ အရုပ်တွေ၊ နောက် ပါဝါရိန်းဂျားရုပ်တွေ၊ စပိုက်ဒါမန်း ရုပ်တွေဆိုရင် လုံးဝ မကြိုက်။ နင်ဂျာလို တိုက်တဲ့ခိုက်တဲ့ ရုပ်တွေဆို ပို တောင်ဆိုးသေး။ သူ မှတ်မိသေးတယ်။ မနှစ်က ဒီလို အချိန်လောက်မှာ ရုရှားမှာ သင်တန်း သွားတက်နေတဲ့ သူ့ တပည့်လေးတစ်ယောက်က သမီးလေး အတွက် တစ်စီးမှာ စစ်သည် ငါးယောက်ပါတဲ့ တင့်ကားရုပ်လေး နှစ်စီးကို ပို့ပေးခဲ့ဖူးတယ်။ ဓာတ်ခဲထည့်ပြီး ခလုတ် နှိပ်လိုက်တာ နဲ့ ကားထဲကနေ စစ်သားရုပ် လေးတွေက သူ့အလိုလို ခေါင်းလေးတွေ ထွက်လာပြီး တစ်စီးနဲ့ တစ်စီး ကျည်ဆန် တွေနဲ့ ပစ်ခတ်ကြတာ။ တကယ့်ကို စိတ်ဝင်စားစရာ စစ်ကားလေးတွေပါ။ ဒါကို သူက ကားရုပ်လေးတွေ ရောက်ရောက်ချင်း ဓာတ်ခဲ ထည့်ပြီး သမီးကို စမ်းပြတာပေါ့။

ခဏတော့ သူ့သမီး လေးက စိတ်ဝင်စားတဲ့ပုံနဲ့ တအံ့တသြ ကြည့်နေသေး တယ်။ ဘာကြာလဲ
“ကြောက်တယ် ကြောက်တယ်”

ဆိုပြီး အော်ပြေးလိုက်တာ သူ့ဇနီးက မနည်းကို လိုက်ဖမ်းပြီး ချော့မော့ရတဲ့ အထိ။ မှတ်မှတ်ရရ အဲဒီည က သမီးရဲ့ အိပ်မက်ထဲမှာတောင် ဒီအကြောင်းတွေကို ထည့်မက်ပြီး သမီးက ယောင်နေသေးတယ်။ သမီး ကအဲဒီလို။ ဒီကိစ္စနဲ့ ပတ်သက် ပြီး သူ့ဇနီးကတောင်
“ဖအေမတူ သမီးလေး”    လို့ ရယ်သွမ်းသွေးရင်း ကင်ပွန် အကြိမ်ကြိမ် တပ်ခဲ့ ဖူးသည်ပဲ။

တကယ်တော့ သူ့သမီးလေး ရှင်းသန့်ဖြူက ကစားစရာ အရုပ်နဲ့ ပတ်သက်ရင် ချေးက ခပ်များများရယ်ပါ။ ဟိုဟာဆိုလည်း မကြိုက်၊ ဒီဟာဆိုလည်း ဟင့်အင်း။ သက်ရှိတွေ ဖြစ်တဲ့ ခွေးတို့၊ ကြောင်တို့ကို ချစ်လားဆို တော့လည်း မဟုတ်ပြန်။ နောက်ဆုံးတော့ သူ့သမီးလေး အကြောင်းကို စင်ကာပူ က သူငယ်ချင်း ထွန်းကြီးက တောင်သိသွားပြီး
“ဒီအရုပ်လေးက ချစ်စရာလေးမို့ မင်းရဲ့သမီးလေး အတွက် ငါပို့လိုက်တယ်”
ဆိုတဲ့ တိုနံ့နံ့ စာကြောင်းလေးနဲ့ အတူ ဒီ ဘာဘီ မရုပ်လေးက သမီးလေးဆီ ရောက်လာတာ။

ရောက်လာ ခါစတော့ သူ့သမီးလေးက ထုံးစံ အတိုင်း အင်တင်တင်ပါ။ နောက်တော့ ဘယ်ကဘယ်လို စိတ်ကူး ပေါက်သွားတယ် မသိပါဘူး။ ဘာဘီမ ရုပ်လေးကို သံယောဇဉ် တွယ်လာပုံက သူတောင် အံ့သြတယ်။ စားလည်း ဘာဘီမရုပ်က စားပွဲပေါ်မှာ။ အိပ်လည်း ခုတင် ပေါ်မှာ။ အဲသလို ဖြစ်လာတာ။

ဘာဘီမရုပ်လေးကို ဖက်ပြီး ရထားအပြင်ဘက်က ရိုးတိုးရိပ်တိတ် မြင်ကွင်းတွေကို ငေးနေတဲ့ သမီးလေးကို ကြည့်ရင်း သူ့အတွေးတွေက သမီးလေးနဲ့ ဘာဘီမရုပ်ဆီ ရောက်သွားတာပါ။ ဇနီး သည်ကတော့ ညကတည်း ကဖျော်ပြီး ဓာတ်ဘူးထဲ ထည့်လာခဲ့တဲ့ ကော်ဖီနဲ့ ကိတ် မုန့်အချို့ကို မနက်စာအတွက် ပြင်ဆင်နေတယ်။

“ဒီပုံစံအတိုင်းဆိုရင် ချောင်းဆုံကို နေ့လယ် လောက်မှရောက်မှာ။ ဇက်ချိန် မီအောင် ဆင်းရမှာဆိုတော့ မော်လမြိုင်မှာလည်း တစ်ခုခု စားချိန်က ရမှာ မဟုတ်ဘူး။ သမီးလေးကိုလည်း တစ်ခုခု ကျွေးထားဦးမှ။ သိပ်လည်း မအေးတော့ပါဘူး။ သမီးလေးရဲ့ အနွေးထည် ချွတ်ပေး လိုက်ပါဦး မောင်ရယ်။ ဒရိုင်ဘာ နေမကောင်း ဖြစ်နေတာနဲ့ ဒီတစ်ခေါက် အိမ်က ကားနဲ့ မလာရတာ ဒီခရီးလေး အတွက် တစ်ညလုံး အချိန်ကုန်ရော။ သမီးလေးလည်း အိပ်ရေးပျက်ပြီး ပင်ပန်းလိုက်တာ မောင်ရာ”

ဇနီးသည်ရဲ့ စကားကို နားထောင်ရင်း သမီးလေးကို သူကြည့်လိုက်တယ်။ သမီးလေးက ရထားပြတင်းကနေ အပြင်ဘက်ကို ငေးလို့။ အပြင်ဘက်မှာတော့ ရာသီပေါ် သီးနှံ့မျိုးစုံ ရောင်းသူ၊ ဘူးရောင်စုံလေးတွေနဲ့ ယိုမျိုး စုံရောင်းသူ၊ ကြည်ဥပြုတ်၊ ငုံး ဥပြုတ်ရောင်းသူတွေနဲ့ ကျပ်ညပ်နေတယ်။

သမီးလေးကလည်း ဈေးသည်မျိုးစုံရဲ့ ညံစာစာ အသံတွေကို စိတ်ဝင်တစား နားစွင့်လို့။ သမီးကြည့်တဲ့ ပြတင်းကနေ သူအောက်ကို ငုံ့ကြည့်တော့ ဈေးသည်လေး တွေက ရောင်းတဲ့ ပစ္စည်းမျိုး စုံဖြစ်သလို ရောင်းသူလေး တွေရဲ့ အရွယ်အစားကလည်း ဆိုဒ်စုံ။ ဈေးသည်တွေထဲမှာ မိန်းမငယ် တချို့ကို တွေ့ရ ပေမယ့် အရေအတွက်က ခပ် နည်းနည်း။ အများဆုံးကတော့ ရှစ်နှစ်၊ ကိုးနှစ်အရွယ် ကလေးတွေလေ။

“ဦးလေးကြီး၊ ကြက်မောက်သီး ယူပါဦးဗျာ။ ဈေးက အားကြီး ပေါတာနော်။ တစ်တွဲမှ ငါးရာတည်းရယ်။ ချိုတာလည်း ပြောမနေနဲ့။ ဒါ ဒီက ထွက်တာ မဟုတ်ဘူးနော်။ မော်လမြိုင် တစ်ဖက်ကမ်း ချောင်းဆုံကတောင် သွားယူရတာ။ လုပ်ပါဗျာ၊ တစ်တွဲလောက်။ ကျွန်တော် ဈေးဦး မပေါက်သေးလို့”

ကောင်လေးက ဈေး ခေါ်ကောင်းနေတာမို့ သူပြုံး လိုက်တယ်။ ကောင်လေးက အသက်ရှိလှ ကိုးနှစ်၊ ဆယ် နှစ်ပါ။ သူပြုံးလိုက်တာကလည်း ဒီလို၊ ချောင်းဆုံဘက် ကတောင် ကြက်မောက်သီးကို သွားယူပြီး ရောင်းတာတဲ့။ ဒီစကားက ချောင်းဆုံသား တစ်ယောက်အနေနဲ့ မပြုံးချင်ဘဲ နေမလား။ ချောင်းဆုံမှာက ကြက်မောက် သီး မထွက်တာတော့ မဟုတ်ဘူး။ ညောင်လမ်း၊ ရွာလွတ်၊ မုဒွန်းစတဲ့ ရွာတွေဘက်က ရော်ဘာခြံတွေထဲမှာ ကြက် မောက်ပင် ဆိုတာတော့ ရှိပါရဲ့။ ဒီကလေး ပြောသလို ချောင်းဆုံ ကြက်မောက်သီးက ဘယ်လာ ချိုလို့လဲ။ အရိုင်း သီးတွေမို့ ချဉ်စုတ်နေတာ။ စားမယ့်သူတောင် မရှိဘဲ ကလေးတွေ ကစားစရာ အဖြစ်ပဲ ရှိနေတာ။

“ယူပါဦး ဦးလေးကြီး ရဲ့”
သူက ပြုံးစိစိနဲ့ ကြည့်နေ ဖြစ်တာမို့ ဈေးသည်လေး က သူ့ကို စိတ်ဝင်စားသွားတယ်လို့ ထင်မှတ်ပုံရတယ် ထင်ပါရဲ့။ ကြက်မောက်သီး ခိုင်ကြီးကိုသာ ဆွဲလို့၊ မလို့ မလှုပ်တလှုပ် လုပ်နေတယ်။ ကလေးတွေရဲ့ လုပ်အား တန်ဖိုးကိုတော့ ဂုဏ်ပြုချင်သား။  ဒါပေမယ့် တစ်ဖက် ကလည်း လိမ်ညာပြောဆို ရောင်းချတဲ့အတွက် ကလေးတွေ စိတ်ထဲ လိမ်ရင်ရတယ် ဆိုတဲ့ အတွေးမျိုးလည်း ၀င်မသွားစေချင်တာနဲ့ သူက ကြက်မောက်သီးသည်လေးကို မ၀ယ်ဘဲ စိုက်ကြည့်နေဆဲ။

ဒီအချိန်မှာ ပြတင်း ပေါက် ခပ်ကျဉ်းကျဉ်းလေး ဆီကို ခေါင်းလေးတွေ အစွမ်း ကုန်မော့လို့ အခြားဈေးသည် လေးတွေကလည်း ဈေးခေါ် လာကြပြန်တယ်။ ငုံးဥပြုတ် သည်လေးကလည်း အလကား ပေးနေတာနဲ့ မခြား သမီးလေး ရှင်းသန့်ဖြူရဲ့ လက်ထဲရောက်အောင် လှမ်းပြီး ထည့်နေပေမယ့် ဒီအစားအစာတွေ စား လေ့စားထမရှိတဲ့ သမီးလေး ကတော့ တံခါးပေါင်ပေါ် တင်ထားတဲ့ သူ့လက်ကလေး တွေကို ပြန်ရုပ်သိမ်းလို့။

“ရေသန့်ဘူးခွံလေး ပစ်ချခဲ့ပါ”

“ဟဲ့ ဗြဲစိန်မရဲ့ ငါ့ကို မမြင်ဘူးလားဟဲ့။ ငါဒီမှာ ဈေးရောင်းနေတာ။ ရေသန့်ဘူးခွံ ဒီမှာ လာမတောင်းနဲ့ နင့် အမေ လင်ဆီမှာ သွားတောင်း”

ငုံးဥပြုတ်သည်လေး ဈေးခေါ်နေတုန်း ဗြဲစိန်မ ဆိုတဲ့ ကောင်မလေးက ၀င်တိုက်မိတယ်။ ငုံးဥပြုတ်သည်လေး က မှောက်လုမှောက်ခင် ဖြစ်သွားတဲ့ ဗန်းကို ပြန်တည့်ရင်း ဗြဲစိန်မကို တွန်းထုတ်လိုက်တယ်။ ဗြဲစိန်မ ဆိုတဲ့ ကောင်မလေးက အသက်ရှိလှ ခြောက်နှစ်ပေါ့။ သူ့သမီး ရှင်းသန့်ဖြူနဲ့တောင် မတိမ်း မယိမ်းလို့ ဆိုရမှာ။ ဗြဲစိန်မ လေးက ငိုမဲ့မဲ့နဲ့ နောက်ကို လန်ကျသွားတယ်။ ပြီးတော့ တွန်းထုတ်လိုက်တဲ့ ငုံးဥပြုတ် သည်လေးကို မျက်စောင်းထိုးလို့ ဗြဲစိန်မရဲ့ ပါးစပ်ကနေ ဆဲသံတစ်ခု ထွက်လာတယ်။

“အို”
သမီးလေးကို အမှတ် မထင် လှမ်းဖက်လိုက်ရင်း ဗြဲစိန်မ ဆိုသူလေးကို ကြည့် ကာ သူ့ရဲ့နှုတ်က အာမေဍိတ် ထွက်သွားတယ်။ ဖင်ထိုင်ရပ် လဲကျသွားတဲ့ နေရာကနေ လက်ကလေး နှစ်ဖက်ထောက် လို့ ဗြဲစိန်မလေးက သူတို့ သားအဖ နှစ်ယောက်ကို ကြည့်နေဆဲ။

“ဟဲ့ ဗြဲစိန်မရဲ့။ နင်က ဘယ်နားမှာမှ သုံးစားလို့ မရဘူး။ အသက်က ခြောက်နှစ် ပြည့်တော့မယ်။ နီတွတ်တို့လို ရေခဲရေ ရောင်းပါဆိုတော့လည်း ရေခဲရေပုံး မှောက်ကျလို့ အရင်းပြုတ်ပြီးပြီ။ အခုလည်း ရထားဆိုက်တော့ မယ်၊ ထပါဆို မထဘူး။ ငါ လုပ်ရရင် သေတော့မယ်”

အမေ့အသံကို ကြားတော့ ဗြဲစိန်မ အိပ်ရာက မထ ချင်ဘဲ ကုန်းထရပြီ။ မျက်စိ နှစ်ဖက်ကို လက်ခုံနှစ်ခုနဲ့ ပွတ်ရင်း မျက်နှာသစ်ပြီး ဘူတာဘက်ကို သွားဖို့ အထွက်မှာ
“ဟဲ့ ဘူတာဘက်ကို သွားရင် ဒေါ်တဆုတ်မတို့ အိမ်ကထွက်။ ဒီဘက်လမ်းက ထိပ်က မသွားနဲ့။ နင့်ပထွေးနဲ့ တိုးနေဦးမယ်။ ဟိုရောက်ရင် ဘူးခွံ အနည်းဆုံး နှစ်ဆယ်ရအောင် ကောက်ခဲ့နော်။ ဒါမှ တစ်ဘူးကို နှစ်ဆယ်နှုန်းနဲ့ လေးရာရမှာ။ မြန်မြန်လည်း ပြန်လာခဲ့ဦး။ ဘယ်သင်္ချိုင်းမှ ၀င်မနေနဲ့။ နင်ရောက်မှ ဆန်ဝယ်ရမှာ”

အမေက မောင်လေးကို နို့ထိုင်တိုက်ရင်း ဗြဲစိန်မကို နောက်က လှမ်းအော်တယ်။ အမေပြောတဲ့ နင့်ပထွေးဆို တာက ဗြဲစိန်မရဲ့ အဖေလေ။ ဒါကလည်း အမေပြောလို့ သိတာပါ။ ဆံပင်ကောက်ကောက်၊ နှုတ်ခမ်းမွေးကြမ်း ကြမ်း၊ ပါးစပ်ထဲက မညီမညာ သွားတွေ အမြဲတမ်း ရဲနေတဲ့ လမ်းထိပ်ကင်းတဲက လူကြီးက ဗြဲစိန်မရဲ့ အဖေတဲ့။ ဒီလူကြီးကို ဗြဲစိန်မကတော့ တစ်ခါမှ အဖေလို့ မခေါ်ဖူးပါဘူး။ ဒီလူကြီးကလည်း ဗြဲစိန်မကို သမီးလို့လည်း မခေါ်ပါဘူး။ တစ်ခါတစ်ရံ လမ်းမှာတွေ့ရင် ငါးဆယ် တန်သည်၊ တစ်ရာတန်သည် မုန့်ဖိုး ပေးသွားတတ်တာ။

ဒါကို အမေက မကြိုက်။ သိလို့ကတော့ ဗြဲစိန်မ ကျောကွဲ ပြီသာမှတ်။ ဟိုတစ်လော လေးတုန်းကတော့ ဗြဲစိန်မ အဖေလို့ ခေါ်လိုက်ရတဲ့ လူကြီးတစ်ယောက် အိမ်ကို ရောက်လာသေးတယ်။ ဒီတုန်းက အမေအခု နို့တိုက် နေတဲ့ မောင်ငယ်လေးက မရှိသေးပါဘူး။ ဗြဲစိန်မရယ်၊ ဗြဲစိန်မရဲ့ အောက်က သုံးနှစ် အရွယ် တာတီးမရယ်၊ အမေရယ် သုံးယောက်နေတဲ့ အိမ်ကို အဲဒီလူကြီး ရောက်လာတာ။

ဒီလူကြီးက ဘယ်က ဘယ်လိုရောက်လာမှန်းတော့ မသိပါဘူး။ အမေက သကြား မုန့်ဖက်ထုပ်ကို ည ဘက်မှာ အရပ်တကာ လှည့်ရောင်းတတ်တော့ တစ်ည ဗြဲစိန်မနဲ့ တာတီးမ အိမ်မှာ အိပ်နေတုန်း အမေက ဈေးရောင်းက ပြန်လာရင်း ဒီလူကြီးကို ခေါ်လာတာ။ ဗြဲစိန်မ မှတ်မိ နေတာက အိပ်နေတဲ့ တာတီးမလေးကို အမေက အိမ်ရှေ့ခန်းဘက် ပွေ့ချီရင်း
“ဗြဲစိန်မနဲ့ နှစ်ယောက် အတူတူ အိပ်ကြ”    လို့ ပြောတာကို မှတ်မိနေတာ။

ဗြဲစိန်မတို့က အဲဒီ လူကြီးကို အဖေလို့ ခေါ်လိုက်ရ တာလည်း သိပ်မကြာပါဘူး။ ရှိလှတစ်ပတ်၊ ဆယ်ရက်ပါ ပဲ။ လူကြီးလည်း အိမ်က ပျောက်သွားတာပါပဲ။

အမေက တစ်ခါတစ်ရံ တော့ ပြောနေတတ်သေးတယ်။ ဗြဲစိန်မ အဖေရယ်၊ တာတီးမ အဖေရယ်၊ မောင် ငယ်လေးရဲ့အဖေရယ်ဟာ အတူတူ မဟုတ်ဘူးတဲ့။ တာတီးမရဲ့ အဖေ ဆိုတာကိုတော့ ဗြဲစိန်မ မမြင်ဖူးပါဘူး။ ဗြဲစိန်မလေး တစ်နှစ်အရွယ် လမ်းထိပ်က ဗြဲစိန်မရဲ့အဖေ ဆိုတဲ့ လူကြီးနဲ့ အမေနဲ့ ကွဲတော့ အမေက ဗြဲစိန်မလေးကို ဒီမုတ္တမဘက်က အမျိုးအိမ်မှာ ထားခဲ့ပြီး မော်လမြိုင်ဘက် ကမ်းမှာ အိမ်ဖော် သွားလုပ်တယ်။ ဒီလိုနဲ့ တစ်နှစ် လောက်ကြာလို့ ပြန်လာပြီး ဘာကြာလဲ၊ တာတီးမကို မွေးတာပါပဲ။ အရပ်ထဲက လူတွေကတော့ တာတီးမရဲ့ အဖေ ဆိုတာကို မြင်တောင် မြင်ဖူးကြတာ မဟုတ်ပါဘူး။ အမေ့ အကြောင်းကိုလည်း စိတ်ဝင်စားစရာ တစ်ရပ် အဖြစ် သတ်မှတ်ကြတာရယ် မှ မဟုတ်တာ။ ဗြဲစိန်မကိုတောင် လူကြီး အမှတ်နဲ့ တစ် ခါတစ်ရံ အမေက စိတ်လိုလက်ရ ပြောပြလို့ မှတ်မိနေတာ။

“တာတီးမလေးက ကြီးရင် ကောင်းစားမယ့် ကလေးဟဲ့။ ရုပ်ကို ကြည့်ပါလား ဗြဲစိန်မရဲ့။ ညီအစ်မချင်းသာ ပြောတာ နင်နဲ့ နည်းနည်းမှ တူတာ မဟုတ်ဘူး။ အေးလေ၊ မတူ ဆိုရင်လည်း နင်တို့ အဖေတွေ ဆိုတာက ရုပ်ရည်တွေသာ မက သောက် ကျင့်တွေတောင် တူတာမှ မဟုတ်တာ။ တာတီးမ အဖေက အိမ်ကြီးရှင် ဆိုပေမယ့် ငါ့ကိုတော့ ချစ်ရှာပါတယ်။ ကံ ပေါ့အေ ကံ ကံ”

အမေက ဗြဲစိန်မ နားမလည်နိုင်တဲ့ စကားတွေနဲ့ စကား လမ်းကြောင်းကို ချက်ချင်း ပိတ်ပစ်လိုက်ရင် ဘာမှ နားမလည်တဲ့ ဗြဲစိန်မကတော့ အူလည်လည်နဲ့ပါပဲ။ အမေ ပြောတာ ဟုတ်တော့ဟုတ်တယ်။ ဗြဲစိန်မနဲ့ တာတီးမက နည်းနည်းမှ တူတာ မဟုတ်ဘူး။ ဗြဲစိန်မက အသားမည်းမည်း၊ ဆံပင်က ကောက်နေတဲ့ အပြင် မျက်စိကလည်း မှေးချင် နေသေးတာ။ တာတီး မလေးကျတော့ ဗြဲစိန်မနဲ့ တကယ့်ကို ဆန့်ကျင်ဘက်။ အသားက ဖြူဆွတ်နေတဲ့ အပြင် ဆံပင်လေးတွေ ဆိုတာက နက်မှောင် ဖြောင့်စင်းလို့။

တကယ်ဆိုရင် တာတီး မလေးက ချစ်စရာပါ။ ဒါပေမယ့် ဗြဲစိန်မကတော့ နည်းနည်းမှ မချစ်ပါဘူး။ မချစ်ရုံတင် မကဘူး။ အမေ လစ်တာနဲ့ တာတီးမကို ဆွဲလိမ်တာတို့၊ ဒေါက်ခနဲ ခေါက်ချတာတို့ လုပ်တာ။ ဗြဲစိန်မ မချစ်တာလည်း မပြောနဲ့လေ။ စားစရာ တစ်ခု ရှိရင်တောင်
“ဟဲ့ ဗြဲစိန်မရဲ့၊ ဒါ နင် မျိုဖို့ မဟုတ်ဘူးနော်။ တာတီးမ နိုးလာရင် ဂျီကျမှာ စိုးလို့” ဆိုတာတွေ။

“တာတီးမတို့များ ရေချိုး သန့်စင်ပေးလို့ကတော့ အသားအရေ ဆိုတာများ ၀င်းလက် စိုပြည်လို့။ ဗြဲစိန်မ တို့များကတော့ ရေချိုးပေးလို့ ကျီးမဖြူ ဆိုသလို ဆပ်ပြာသာ ကုန်မယ်။ ရုပ်က ကပ္ပလီ ရုပ်ပဲ”
ဆိုတာတွေ အမေပြောလေ တာတီးမလေးကို အမြင်ကတ်လေ။ ဒါပေမယ့် နို့စို့ အရွယ်မောင်ငယ်လေးကို ကျတော့ ဗြဲစိန်မ ချစ်တယ်။ သူကလည်း ဗြဲစိန်မလို အသား မည်းမည်း၊ သွားကျဲကျဲ ဆိုတဲ့ ထဲကပဲလေ။ ပြီးတော့ ဘာမှ မသိသေးတဲ့ မောင်ငယ်လေးကို အမေ ပြောနေတာ တွေကြောင့်လည်း ပါတယ်။

“ဒီဟာလေးကလည်း သူ့အဖေလိုပဲ လာမယ့် ကောင်ပါ။ ရုပ်က မလှသလို သောက်ကျင့်ကလည်း ကောင်းမယ့်ကောင် မဟုတ်ပါဘူး။ သူ့အဖေ ကျတော့ လည်းကြည့်ဦး၊ မုန့်ဖက်ထုပ်သည် ငါ့ကို မုန့်မှာထုပ်တဲ့ ဖက်လောက် သဘောထားချင်တာ။ အတွင်းက မုန့်လည်း ကုန်ရော ဖက်ကိုမြောင်းထဲ လွှင့်ပစ်ချင်တဲ့ အစားမျိုးထဲက။ ဒီဟာလေးလည်း ရုပ်ကို ကြည့်ပါလား။ သူ့အဖေလိုပဲ ဆံပင်ကောက်ကောက်၊ မျက် ပေါက်ကျဉ်းကျဉ်းနဲ့ဟာကို”

အမေတို့က အဲသလိုမျိုးလေ။ ဗြဲစိန်မတို့ကို ချစ်ခြင်း၊ မချစ်ခြင်းမှာတောင် သူ့ယောက်ျားတွေရဲ့ အကျိုး သက်ရောက်မှုက ရှိနေသေးတာ။
“ဟဲ့ ဗြဲစိန်မရဲ့၊ ခြေတစ်လှမ်း ကုဋေ တစ်သန်းနှုန်းနဲ့ လျှောက်နေရလား။ ညည်း ဘူတာကို ရောက်ရင် ရထားက ညည်းအမေလင်ရဲ့ ဖင်ခေါင်းထဲကို ရောက်လောက်ပြီ”

ဟိုရောက်၊ ဒီရောက် အတွေးတွေရယ်၊ အိပ်ချင်မူးတူး ခြေလှမ်းတွေရယ် ပေါင်း စပ်ထားတော့ ဗြဲစိန်မရဲ့ ခြေ လှမ်းတွေက အရမ်းကို နှေး ကွေးနေတယ်။ ဘေးက လှမ်းအော်လိုက်တဲ့ ညိုမရဲ့အသံ ကြောင့် ဘူတာကို အမြန် ရောက်ဖို့ ဗြဲစိန်မ ခြေလှမ်းတွေကို သုတ်ခြေတင်ပြီ။  “ဘူးနှစ်ဆယ်ရအောင် ကောက်ခဲ့”ဆိုတဲ့ အမေ့ အသံကလည်း ဗြဲစိန်မရဲ့ နောက်ကနေ ထက်ကြပ်မကွာ လိုက်နေသလို ခံစား နေရသေးတယ်လေ။

၃။
ရထားသံလမ်းနဲ့ မလှမ်းမကမ်းမှာ ပက်လက် လန်လဲနေတဲ့ ဗြဲစိန်မ ဆိုသူ လေးကို သူက စိုက်ကြည့်နေ မိသလို သမီးလေး ရှင်းသန့် ဖြူကလည်း အံ့သြတကြီး စိုက်ကြည့်ရင်းက “ကောင်မလေး သနားပါတယ်နော် ဖေကြီး” လို့ ပြောနေသေးတယ်။
ဗြဲစိန်မလေးက လက်တစ်ဖက်ကလည်း ရေသန့် ဘူးခွံတွေ ထည့်ထားတဲ့ မြွေရေခွံ အိတ်ကြီး တစ်အိတ် ကို ကိုင်ထားရတော့ အရှိန်နဲ့ လဲကျသွားတာ တော်တော်နဲ့ ပြန် ထမလာနိုင်ဘူး။ သူကတော့ ပုထုဇဉ်ပီပီ ကြီးနိုင် ငယ်ညှဉ်းဝါဒတွေ စိုးမိုးနေတဲ့ ဗြဲစိန်မတို့ အသိုင်းအ၀ိုင်းကို မနှစ်မြို့လှဘူး။ ဘယ့်နှယ်၊ ဈေးသည်လေးတွေ အားလုံးထက် ငယ်နေတဲ့ လူမမည် ဗြဲစိန်မလေးကို ဈေးသည်လေးတွေက ဘာလို့များ အနိုင်ကျင့်ချင်ကြပါ လိမ့်။

“ငုံးဥပြုတ်ရမယ်၊ ငုံးဥ ပြုတ်”

“ဦးလေးကြီး အားပေးပါဦးဗျာ။ ချောင်းဆုံ ကြက်မောက်သီးတွေကို”

ဈေးသည်လေးတွေက တော့ သူတို့ သားအဖကို ကြည့်ကာ အကြိတ်အနယ် ဈေးခေါ်လို့ ကောင်းနေကြတုန်း။ ဈေးသည်လေးတွေရဲ့ ဒီတစ်ကြိမ် ဈေးခေါ်နေခြင်းမှာ သူ့စိတ်တွေ စောစောကလို မ၀င်စားတော့ဘူး။
“ရေသန့်ဘူးခွံလေးတွေ ပစ်ချခဲ့ပါ”

ဟော ဗြဲစိန်မလေးက ထိုင်ရာမထ လှမ်းပြီး အော်နေပြီ။ ဗြဲစိန်မလေးရဲ့ အသံသေး သေးလေးက ဈေးသည်လေး တွေရဲ့ အသံတွေနဲ့ အပြိုင်ရုပ်လုံး ကြွနေတယ်။ အဲဒီအချိန်မှာ သမီးက အရုပ်လေးကို ပိုက်ရင်း တစ်စုံ တစ်ခုကို လိုက်ရှာနေတာ သူသတိထား မိလိုက်တယ်။ သူဘာမှ မပြောဘဲ သမီးလေးရဲ့ အခြေ အနေကို အကဲခတ်နေလိုက်တယ်။ ယောက်ယက်ခတ်အောင် ရှာနေပေမယ့် တွေ့ပုံ မရသေးတဲ့ သမီးလေးတော့ မနက်စာ ပြင်ဆင်နေတဲ့ သူမရဲ့ အမေဘက်ကို ရောက်သွားတယ်။

“ဘာလဲ သမီး၊ ကော်ဖီ သောက်မလို့လား။ ရထား ပေါ်မှာ ကော်ဖီနဲ့ ကိတ်မုန့်ပဲ ရမှာနော် သမီး။ အခြားမုန့် တွေတော့ မေမေလည်း ယူမလာဘူး”

“သမီး ရေသန့်ဘူး လိုချင်တယ် မေမေ”

“ရေသန့်ဘူးက မပါဘူး သမီးရဲ့။ ခရီးတစ်လျှောက် ဗိုက်မကောင်း ဖြစ်မှာစိုးလို့ ရေနွေးပဲ သောက်ရမယ်လို့ မေမေ မှာထားတယ်လေ။ ရေဆာရင် ရေနွေးဘူး ပါတယ်။ ။ ရေနွေးပဲ သောက်နော်သမီး”

“မဟုတ်ဘူးမေမေ ဟို”

သမီးလေးရဲ့ အကြံအစည်ကို သူကတော့ ရိပ်မိသွားပြီ။ ဘာမှ မသိတဲ့ သမီးလေးရဲ့ အမေကတော့ သမီး လေးအတွက် ရေနွေးဘူးကိုတောင် ပြင်နေသေးတယ်။ သမီးလေးကလည်း ဘာဆက် ပြောရမယ်မှန်း သိပုံ မရဘဲ ခေါင်းလေးကုတ်လို့ ပြတင်းဘက်ကိုပြန်ကြည့်တယ်။

“ရေသန့်ဘူးခွံလေးတွေ ပစ်ချခဲ့ပါ”

ဗြဲစိန်မလေးက သမီးလေးကို ကြည့်ကာ အောက်ကနေ အော်နေဆဲ။ သူကလည်း ကလေး နှစ်ယောက်ရဲ့ အခြေအနေကို ဝေဒနာ တစ်မျိုးနဲ့ စောင့်ကြည့် အကဲခတ် နေတယ်။ အခြားဈေးသည် လေးတွေကတော့ သူတို့ ပြတင်းမှာ ဈေးရောင်းရဖို့ မသေချာဘူး ဆိုတာ သိသွားပုံ ရတယ် ထင်ရဲ့။ သူတို့ရဲ့ ပြတင်းပေါက်ကနေ အခြား ဆီကို ခွာသွားကြပြီ။ ဗြဲစိန် မလေးတစ်ယောက်ကသာ သမီးလေး ရှင်းသန့်ဖြူကို ကြည့်လို့ မျှော်လင့်ချက်ကြီးစွာ အော်နေဆဲ။

“ရေသန့်ဘူး ခွံလေးတွေ ပစ်ချခဲ့ပါ”

“ဘော် ပူ”

ရထားက ဒီဘူတာက ခွာတော့မယ့် ဟန်နဲ့ အချက်ပြ လာတယ်။ စက်ခေါင်းဘက် က ဂျုန်းဂျုန်းဂျက်ဂျက် အသံ တွေလည်း စတင်ကြား လာရပြီ။ ရထား စက်ခေါင်းသံကြောင့် ဗြဲစိန်မလေးအသံ က အနည်းငယ် တိမ်ဝင်သွားတယ်။ ရထား ထွက်တော့မှာကို ဗြဲစိန်မလေးက သိသလို သမီးလေးကလည်း သိသွားပုံ ရတယ်။ သူ့ကို သမီးလေးက တစ်ချက်လှမ်းကြည့် တယ်။ သူကတော့ သမီးလေးရဲ့ အကြည့်ကို အဓိပ္ပာယ် ခွဲခြားကြည့်တယ်။

“ရေသန့်ဘူးခွံလေး တွေ ပစ်ချခဲ့ပါ”

စက်ခေါင်းရဲ့ ငယ်သံပါ အောင်အော်တဲ့ အသံနဲ့ အတူ၊ ပြီးတော့ ဘူတာတစ်ခုကနေ တစ်ခု စတင် ထွက်ခွာဖို့ ဥသြ ဆွဲလိုက်တဲ့ အသံနဲ့အတူ ရထားကြီးက တရွေ့ရွေ့ စတင် ထွက်ခွာလာပြီ။ ဗြဲစိန်မ လေးကလည်း သမီးလေး မျက်ဝန်းက တစ်စုံတစ်ခု အတွက် မျှော်လင့်ချက်နဲ့ အတူ မြွေရေခွံ အိတ်ကြီးကို မနိုင်မနင်း ကျောပိုးလို့ ရထားရဲ့ ထွက်ခွာလာစ အရှိန်ကို အန်တု ကာ ပြတင်းပေါက် ဘေးကနေ ကပ်လိုက်လာဆဲ။

“ရေသန့် ဘူးခွံလေးတွေ ပါရင် ပစ်ချပေးခဲ့ပါ”

ဗြဲစိန်မလေးရဲ့ အသံက ရထား ဥသြသံနဲ့ အတူ သံပြိုင် ထွက်နေဆဲ။ သမီးလေးက သူနားမလည်နိုင်သေးတဲ့ အကြည့်တစ်ချက်နဲ့ သူ့ကို အပြီးသတ် စိုက်ကြည့်လို့ ရထားပြတင်းကနေ ဗြဲစိန်မ လေးကို ကြည့်တယ်။ ပြီးတော့
“ဟေ့ ငါ့မှာ ရေသန့် ဘူးခွံ မရှိဘူး။ ဒီအရုပ်လေး ယူမလား”

သမီးလေးရဲ့ စကား အဆုံးမှာ သူအတော်လေး အံ့သြသွားတယ်။ ထိတ်လန့် သွားတယ်လို့တောင် ပြောလို့ ရမှာပါ။ အရုပ်ပေါင်း များစွာကို ငြင်းဆန်ပြီး ဒီဘာဘီမ ရုပ်လေးကိုမှ နှစ်နှစ်သက်သက် စွဲလမ်းတဲ့ သမီးလေး။ ဒီ အရုပ်လေးနဲ့ အတူစား၊ အတူ အိပ်တဲ့ သမီးလေး။

“ဟင့်အင်း ရေသန့်ဘူး ခွံ၊ ရေသန့်ဘူးခွံ”

ရထားဥသြသံကြောင့် သမီးလေး ပြောလိုက်တာကိုပဲ မကြားရလို့လား၊ ဗြဲစိန်မလေးက အရှိန် ရလာပြီ ဖြစ်တဲ့ ရထားနဲ့ အတူ ပြတင်းပေါက် ဘေးက အပြေးအလွှား ကပ်လိုက်လာဆဲ။
“ဟေ့ ဒီအရုပ်လေး ပစ်ချလိုက်မယ်”

“ဟင့်အင်း ရေသန့်ဘူးခွံပဲ ပစ်ချခဲ့ပါ”

သမီးလေး ပစ်ချလိုက်မယ် ဆိုတဲ့ သောင်းကျော်တန် ဘာဘီမရုပ်လေးကို ဗြဲစိန်မလေးက ခေါင်းတခါခါ၊ လည်တစ်ခါခါ ငြင်းဆန်ရင်း မနိုင်မနင်းနဲ့ အိတ်ကိုလည်း သယ်ရင်း လိုချင်တဲ့ ရေသန့် ဘူးခွံရဖို့ကိုသာ တွင်တွင် အော်ပြောနေတယ်။ သမီးလေး ပစ်ချမယ့် ဘာဘီမရုပ်ဟာ ဗြဲစိန်မအတွက် ရေသန့် ဘူးခွံ တစ်ခုလောက်တောင် အသုံး မ၀င်ဘူးလို့ ဗြဲစိန်မလေးက ထင်နေသလား။ ရေသန့်ဘူးခွံက လွဲလို့ ဗြဲစိန်မ လေးက ဘာတစ်ခုမှ လိုချင် ရကောင်းမှန်း မသိဘူးလား။ ရေသန့်ဘူး ခွံတွေဟာ ဗြဲစိန်မလေး အတွက် မရှိမဖြစ် လို အပ်ချက်တွေလား။

မေးခွန်းများစွာနဲ့ သူ့ အာရုံဟာ ရှုပ်ထွေးနေဆဲ။  ပြတင်းမှာ ရပ်နေတဲ့ သမီးလေး ရှင်းသန့်ဖြူက လည်း လက်ထဲက ဘာဘီမ ရုပ်လေးကို ပစ်ချခဲ့ရကောင်း နိုးနဲ့ ဗြဲစိန်မလေးကို လှမ်း ကြည့်ကာ တွေဝေနေဆဲ။ အရှိန် ရလာတဲ့ ရထားကြီးကို အမီ မလိုက်နိုင်တော့တဲ့ ဗြဲစိန်မလေးကလည်း မနိုင်မနင်း အထုပ်ကြီးကို ဒရွတ်တိုက် ဆွဲလို့ လိုချင်တဲ့ အရာတစ်ခု ရနိုးနဲ့ ပါးစပ်က တတွတ်တွတ် အော်ပြောနေဆဲပဲ။


မင်းဝေဟင်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၁)
back to top