ဒုတိယမြောက် မြစ်ခွဲတစ်စင်း


(၁)
ဟိုး .. အဝေးကြီးကနေ လှမ်းကြည့်လိုက်မယ်ဆိုရင် ကျောက်သင်ပုန်းတွေအစီအရီထပ်ထားသလို မြင့်မားမတ်စောက်နေတဲ့ သင်ပုန်းကျောက်တောင်ကြီးရှိနေတာကို မြင်ရလိမ့်မယ်။ ပြီးတော့ . . . ။
သင်ပုန်းကျောက်တောင်ကြီးပေါ်မှာ အလွမ်းတွေကို အစီအရီထပ်ထားတဲ့ အလွမ်းပြတိုက်ကြီးတစ်ခုကို မြင်ရမယ်။ ပြီးရင် . .အဲ့ဒီအလွမ်းပြတိုက်ထဲကိုဝင်ကြည့်ဖို့ ကြိုးစားနေတဲ့ ကျွန်တော်ရဲ့ချစ်သူ “မွန်” နဲ့ ချစ်သူကို ပြတိုက်ထဲခေါ်သွားဖို့ မ၀ံ့မရဲခြေလှမ်းတွေနဲ့ ပြတိုက်ရှေ့မှာ သက်ပြင်းတွေအခါခါချရင်း ခြေစုံရပ်နေတဲ့ ကျွန်တော့် ကို မြင်ရမယ်။ ပြီးတော့ . . .။
အလွမ်းပြတိုက်ဆီကနေ လှမ်းကြည့်မယ်ဆိုရင် နောက်ထပ် ဟိုး . .အဝေးကြီးဆီမှာ ကျွန်တော့်ချစ်သူ “မွန်” သိပ်မြတ်နိုးတဲ့ အပြာရောင်ကောင်းကင်ပြင်ကြီးနဲ့ ကျွန်တော်သိပ်ချစ်တဲ့ မြစိမ်းရောင် မြေကဗ်္ဗလာတို့ ထိစပ်နေသလို ထင်ရတဲ့မြင်ကွင်းတွေကို မြင်ရလိမ့်မယ်။ နောက်ဆုံးမှာ . . . ။
အဲ့ဒီမြင်ကွင်းတွေနောက်ခံနဲ့ ရုပ်လုံးကြွနေမယ့် ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူတို့ရဲ့ ခပ်အက်အက်စကားသံ တွေကိုကြားရလိမ့်မယ်။


(၂)
မုဒွန်းတောင်ပေါ်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့လေဟာ ကျွန်တော့်ရဲ့ နှာသီးဝအထိတော့ အေးစက်နေ တာက သေချာတယ်။ ဒါပေမယ့် ကျွန်တော့် နှာသီးဝကနေ ပြန်ထွက်လာတဲ့ လေတွေကျတော့ အေးစက်ခြင်းတွေ ကင်းရုံမက ပူနွေးမှုတွေပါစွက်လို့။ “မွန့်” ကိုလှမ်းကြည့်တော့ ဟိုး .. အဝေးက သံလွင်မြစ်ကြီးစီးဆင်းသွားပုံကို တမေ့တမောငေးနေတယ်။ ဘာမှမရှိတဲ့ ခံတွင်းထဲကအရာတစ်ခုကို မျိုချသလိုလုပ်ရင်း ကျွန်တော်က စကားကို အဆုံးသတ်ဖို့ ကြိုးစားလိုက်တယ်။
“ငါ . .ရွေးစရာလမ်းမရှိလို့ လုပ်တာမဟုတ်ဘူး မွန်၊ ဒီရွေးချယ်မှုဟာ ငါ့ဘ၀ပဲ။ ငါအသက်ရှင်နေသရွေ့ ဒီသင်ပုန်းကျောက်တောင်ကြီးဟာ ငါ့ဘ၀ပါဘဲ”
ကျွန်တော်ပြောနေရင်း နင်းထားတဲ့ သင်ပုန်းကျောက်တောင်ရဲ့ သင်ပုန်းကျောက်သားအစအနလေးကို ကောက်ကိုင်လိုက်တယ်။ အဝေးဘက်ဆီမှာတော့ မှိုင်းညို့ညို့တောင်ခြေအောက်က မုဒွန်းရွာကလေးကပြားပြား ၀ပ်လို့။
“ငါနားလည်ချင်ပါတယ် ဗညား၊ ငါနားလည်ချင်သလို အားလုံးက နားလည်ပေးချင်ကြရင်လည်း အကောင်းသားနော်”
“နင်စဉ်းစားကြည့်လေ မွန်ရဲ့ . .ဒီဘီလူးကျွန်းပေါ်မှာ ငါမွေးတယ်။ ကျောက်သင်ပုန်းတွေ
အစီအရီထပ် ထားသလိုရှိတဲ့ ဒီတောင်ခြေမှာ ငါနဲ့ငါ့အမေနေတယ်။ ပြီးတော့ ဒီသင်ပုန်းကျောက်တွင်းထဲမှ အဖေသေတယ်။ ငါဘာကိုလုပ်ရဦးမှာလဲ မွန်”
“နင့်ရဲ့အဖေကြောင့်ဆိုတာ ငါလက်ခံနိုင်ပေမယ့်၊ နားတော့မလည်ချင်ဘူး ဗညားရယ်”
“ငါလည်းရှင်းမပြတတ်ဘူး မွန်၊ အဖေ့ရဲ့ပုံရိပ်တွေ ဒီသင်ပုန်းကျောက်တောင်ပေါ်မှာ အမြဲတမ်းထင်ဟပ်နေတယ်။ ဒါကြောင့် ဒီသင်ပုန်းကျောက်တောင်ကြီးဟာ ငါ့ဘ၀ပဲလို့ ပြောတာပေါ့”
ကျွန်တော့်စကားဆုံးတော့ မွန်က ဘာမှဆက်မပြောပဲ ကျွန်တော့်ကို ရီဝေစွာကြည့်နေတယ်။ မွန့်မျက်ဝန်း ထဲမှာ ဂရုဏာဒေါသရိပ်ကလေးတွေကို တွေ့နေရတယ်။ ပြီးတော့ နက်ရှိုင်းတဲ့ အရိပ်တစ်ခု . .။
ဒီအရိပ်တွေကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော့်လုပ်ရပ်က မွန့်ကိုလျစ်လျူရှုတာမဟုတ်ပါဘူး။ ခဏတာ မျက်နှာလွှဲလိုက်တာပါ။ လောလောဆယ်မှာ ကျွန်တော်ဘာမှမတက်နိုင်ခဲ့ဘူး။


(၃)
မြန်မာလိုအတိအကျပြောရရင်တော့ “အလုပ်ရုံ”လို့ပြောရပါလိမ့်မယ်။ တောင်ပေါ်က သယ်ယူလာတဲ့ သင်ပုန်းကျောက်တုံးတွေကို ကျောက်သင်ပုန်းပြားလေးတွေဖြစ်ဖို့ အချောသပ်ပြုလုပ်ရာဌာနပါ။ ကျောက်သင်ပုန်း ဘောင်ကိုလည်း အဲ့ဒီဌာနမှာပဲ လုပ်ပါတယ်။ အဲ့ဒီလို ရုံမျိုးသုံးရုံတိတိကို မွန်ရဲ့မိဘတွေက ပိုင်ပါတယ်။
မွန်ပြည်နယ် ဘီလူးကျွန်းပေါ်က ဒီမုဒွန်းရွာကလေးဟာ လက်မှုအတော်ထွန်းကားတဲ့ ရွာလေးပါ။ တကယ်တော့ ကျောက်သင်ပုန်းတစ်ချပ်ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ အားလုံးဟာ လက်နဲ့လုပ်တဲ့ လက်မှုပညာ ချည်းပါဘဲ။ ကျောက်သင်ပုန်းလုပ်ဖို့ အကြမ်းထည်သင်ပုန်းကျောက်တုံးတစ်တုံးရဖို့ကိုပဲ အတော်မလွယ်လှတဲ့ ကိစ်္စပါ။ အကြမ်းထည်တုံးတွေကို သင်ပုန်းကျောက်တွင်းထဲကနေ ခက်ခက်ခဲခဲပေါက်ထွင်းယူရတာပါ။
သင်ပုန်းကျောက်တွင်းဆိုတာကလည်း မြင့်မားမတ်စောက်တဲ့ သင်ပုန်းကျောက်တောင်ရဲ့ တောင်ထိပ်တွေ မှာပဲရှိပါတယ်။ အဲ့ဒီတွင်းတစ်တွင်းရဲ့ အနက်ဟာလည်း ဆယ်ပေ၊ ဆယ့်ငါးပေကနေ ပေ ၅၀ အထိနက်ပါတယ်။ အဲ့ဒီလိုနက်မှလည်း သင်ပုန်းကျောက်သားကောင်းကောင်းကိုရတာပါ။
ကျွန်တော့်အဖေက မွန့်ရဲ့အဖေပိုင်သင်ပုန်းကျောက်တွင်းတစ်ခုမှာ အလုပ်လုပ်တာ ကျွန်တော်မမွေးခင် ကတည်းကပါ။ လုပ်သားဆိုတာထက် နည်းနည်းမြှင့်ပြီးပြောလို့ရမယ့် လူယုံလို့ပြောရင်ရမလားပဲ။ အဖေက လုပ်သားခေါင်းဆောင်ဆိုပေမယ့် လုပ်သားတွေနဲ့အမြဲတမ်း အလုပ်တာဝန်ကို အတူတူထမ်းဆောင်တတ်သူပါ။ အလုပ်အပေါ်မှာလည်း အမြဲတမ်းသစ်္စာရှိ၊ ဂုဏ်ယူတတ်သူတစ်ယောက်ပါ။
အဖေတို့များကြံဖန်ဂုဏ်ယူတတ်တဲ့ နေရာမှာနှစ်ယောက်မရှိဘူး။ အဖေ့ရဲ့ဂုဏ်ယူမှုက ရိုးသားမှုတွေပေါင်း စပ်ထားတဲ့ ပကာသနမဲ့တဲ့ ဂုဏ်ယူမှုလေးပါဘဲ။ ဘီလူးကျွန်းသားဖြစ်ပြီး မွန်အမျိုးသားဖြစ်ရတာကိုတောင် ဂုဏ်ယူ ပါသတဲ့။ အဖေက သူဂုဏ်ယူတဲ့ အလုပ်ဆိုတော့ သူ့ရဲ့တစ်ဦးတည်းသော သားကြီးဖြစ်တဲ့ ကျွန်တော့်ကို အမွေပေးချင်တဲ့ ပုံလည်း တစ်ခါတလေတော့ပေါ်တယ်ထင်ပါတယ်။ ကျွန်တော့်ကို ပင်ပန်းမှာလည်း အဖေက စိုးရိမ်နေသေးတယ်လေ။
“ငါ့သား . .ဒီသံလွင်မြစ်ကြီးစီးဆင်းနေသရွေ့၊ ဒီသင်ပုန်းကျောက်တောင်ကြီး တည်ရှိနေသရွေ့ အဖေတို့ အလုပ်က တိမ်ကောမှာမဟုတ်ဘူး။ ဒီအလုပ်က သမာအာဇီဝစစ်စစ်ဖြစ်သလို တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား ငယ်လေးတွေအတွက် ရည်ရွယ်တဲ့လုပ်ငန်းဆိုတော့ ကုသိုလ်လည်းရတယ်။ ဒါပေမယ့် ပင်ပန်းတာတစ်ခုတော့ရှိ တယ် ငါ့သားရေ . . ။ ငါ့သားတို့လက်ထက်ရောက်ရင်တော့ သင်ပုန်းကျောက်ကိုခွဲဖို့ ယန်္တရားတွေရှိလာမှာပါ”
အဖေပြောတဲ့ ယန်္တရားဆိုတာကို အဲ့ဒီအချိန်တုန်းက ကျွန်တော့်အတွေးလေးနဲ့တွေးကြည့်ဖူးတယ်။ အခု ခေတ်မှာ ဂ၀ံကျောက်တောင်တွေကိုတောင် ခွဲနေတဲ့ ယန်္တရားတွေရှိနေပြီပဲ။ ဒီသင်ပုန်းကျောက်လောက်ကို ဘာလို့ ခွဲမရတာလဲလို့ စောဒကတက်ပြီးတွေးနေသေးတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့အတွေးကို အဖေ့ရဲ့ အရိုးရှင်းဆုံး အဖြေက ရှင်းပစ်လိုက်တယ်။
“သင်ပုန်းကျောက်သားကနုတော့ စက်နဲ့ကော်ဖို့ကျတော့ မဖြစ်ဘူးငါ့သား။ စက်နဲ့ခွဲပစ်လိုက်ရင်လည်း အစအနတွေဖြစ်ကုန်လို့ တစ်ချပ်တစ်လေတောင် ကျန်မှာမဟုတ်ဘူး။ ဒါကြောင့် ဒီလုပ်ငန်းဟာ ဒီနေ့အထိ လက်မှုလုပ်ငန်းအဖြစ်နဲ့ပဲ ရှိနေသေးတာ”
ကျွန်တော်အလယ်တန်းကျောင်းသားဘ၀ကတည်းက အဖေနဲ့ သင်ပုန်းကျောက်တွင်းဆီကို လိုက်တယ်။ ဒါပေမယ့် တွင်းထဲကိုတော့ အဖေက တစ်ခါမှဆင်းမခိုင်းဘူး။ တွင်းထဲမှာ အောက်ဆီဂျင်ဓာတ်ကပြတ်၊ အလင်း ရောင်ကမှိန်တော့ သာမန်လူတစ်ယောက်ဝင်ကြည့်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ အဲ့ဒီတုန်းက သိပ်္ပံဘာသာရပ်မှာ အောက်ဆီဂျင်ဓာတ်ငွေ့အကြောင်းသင်ဖူးတဲ့ ကျွန်တော်က စိတ်ကူးနဲ့အဖေတို့ရဲ့ သင်ပုန်းကျောက်တွင်းကြီးတစ်ခု လုံးကိုတောင် အောက်ဆီဂျင်ဓာတ်ငွေ့တွေလွှတ်လို့။ ရီမုကွန်ထရိုးတွေဘာတွေတောင် သုံးလို့လေ။


(၄)
ကျွန်တော့်ဘ၀မှာ အဖေ့စကားကို နားမထောင်တာဆိုလို့ တစ်ကြိမ်ပဲရှိခဲ့ဖူးတယ်။ မှတ်မှတ်ရရ အဲ့ဒီတစ် ကြိမ်ကြောင့်ပဲ ကျွန်တော်ဟာ သင်ပုန်းကျောက်တွင်းတူး လုပ်သားဘ၀ကို ရောက်သွားခဲ့တာ။ အဖေ့ရဲ့အမွေကို လက်ခံရယူဖို့ဆိုတဲ့ ကျွန်တော့်မှာ မွေးကတည်းက တံဆိပ်နှိပ်ပါလာခဲ့ပြီးသား ဖြစ်နေသလားတော့မသိဘူး။ အဖေ ကျွန်တော့်ကိုအမြဲတမ်းဆုံးမတဲ့ “ရည်းစားမထားနဲ့ စာကြိုးစား” ဆိုတဲ့စကားကို ကျွန်တော်က ပြောင်းပြန် မှတ်သားလိုက်တော့ ကျွန်တော်လည်း သင်ပုန်းကျောက်တွင်းတူးလုပ်သားဖြစ်ရပြီပေါ့။
ဒီတုန်းက ကျွန်တော်က ဆယ်တန်း။ ကျွန်တော်တို့ မုဒွန်းရွာ အ.ထ.ကမှာက စာစစ်ဌာနမရှိတော့ ဆေးတံလုပ်ငန်းနဲ့ထင်ရှားတဲ့ ရွာလွတ်ဆိုတဲ့ရွာမှာ စာမေးပွဲသွားဖြေရတယ်။ အဲ့ဒီမှာတင် ကျွန်တော့်ရောဂါက တက်လာခဲ့တာ။ စာမေးပွဲအတူသွားဖြေရတဲ့ ရက်ကလေးမှာ တစ်ရွာတည်းအတူနေ “မွန့်”ကို စာမေးပွဲပြီးအောင် တောင် မစောင့်ပဲ စာမေးပွဲရက်အတွင်း ကျွန်တော်က ရည်းစားစာတွေ ကြိုးစားရေးလို့ စာမေးပွဲနောက်ဆုံးနေ့မှာ မွန့်ကိုဖွင့်ပြောဖြစ်သွားတဲ့အဆင့်ရောက်ရော။ စာမေးပွဲရက်အတွင်းဝင်လာခဲ့တဲ့ စိတ်တွေကြောင့် စာမကျက်နိုင်ဘဲ ရည်းစားစာထိုင်ရေးဖြစ်နေတဲ့ အကျိုးဆက်တွေက ဆယ်တန်းကို ဗုန်းကနဲကျပါလေရော။
အဲ့ဒီအထဲက ရလဒ်ကောင်းတစ်ခုကတော့ မွန်နဲ့ချစ်သူတွေဖြစ်သွားခြင်းပါပဲ။ မွန့်ဆီက အဖြေကို ချက် ချင်းကြီးရခဲ့တာတော့ မဟုတ်ပါဘူး။ စာမေးပွဲတွေပြီး သင်္ကြန်လွန်တော့ ကျွန်တော်တို့ ဘီလူးကျွန်းပေါ်က ရွာ တွေမှာဘုရားပွဲတွေဆက်တိုက်ကျင်းပတယ်။ မွန်နဲ့တွေ့ဆုံသမျှ ဘုရားပွဲတိုင်းမှာ ကျွန်တော်က ဒီစာသားချည်းပဲ ရွတ်နေတော့ မွန်လည်းနားငြီးလာတယ်ထင်ပါရဲ့။ ညောင်လမ်းရွာဘုရားပွဲနေ့မှာပဲ မွန့်ဆီက အဖြေကို ကျွန်တော် ရခဲ့တယ်။
လိုချင်တာကိုရပြီးပြီဖြစ်တဲ့ ကျွန်တော်က အခြေအနေတစ်ခုကို ရင်ဆိုင်ဖို့ အင်အားတွေဆက်တိုက်မွေး ယူရပြီ။ အောင်စာရင်းတွေမထွက်ခင် အဖေနဲ့သင်ပုန်းကျောက်တွင်းကိုလိုက်။ ဘာသာရပ်တွေအားလုံးကိုလေ့လာ။ ဘ၀ကို လုံးလုံးလျားလျားစိတ်ဝင်စားသွားတဲ့ လူငယ်တစ်ယောက်ပုံစံ၊ ချက်ချင်းအသက်သွင်းယူပစ်ခဲ့ရတာ။ မယူလို့လည်း ဘယ်ရမလဲ။ စာမေးပွဲကကျတော့မှာ သေချာနေပြီကိုး။
ဒီလိုနဲ့အောင်စာရင်းတွေ ထွက်တဲ့အချိန်မှာ ကျွန်တော်က သင်ပုန်းကျောက်တွင်းတူးလုပ်သားအဖြစ် အတော်လေးကို နေသားကျနေပြီ။ အဖေတို့မှာ ဆူနိုင်ချိန်ဘယ်ရှိလိမ့်မတုန်း။ အဲ့ဒီအချိန်မှာ ကျွန်တော်က အိမ်ရဲ့ဝင်ငွေကို တတပ်တအားကူပြီး ရှာပေးနိုင်တဲ့ “မင်းဗညားထော” ဖြစ်နေပြီလေ။
အဖေကတော့ ကျွန်တော်စာမေးပွဲကျတာကို စိတ်ဓာတ်ကျတယ်လို့ မဆိုလောက်ပေမယ့် အတော်လေး တော့ စိတ်ညစ်သွားပုံရတယ်။ ကျောင်းပြန်တက်ဖို့ စိတ်မ၀င်စားတော့ထဲ ကျွန်တော့်ကိုလည်း ကျောင်းနဲ့ပတ်သက် တဲ့စကားတွေ ဘာမှမပြောတော့ပါဘူး။ ဒီလိုနဲ့ ကျွန်တော်လည်း သင်ပုန်းကျောက်တွင်းတူးလုပ်သားဘ၀မှာ ကျင်လည်လာရတော့တယ်။


(၅)
မိုးတွေအကြီးအကျယ်ရွာတဲ့ နှစ်တစ်နှစ်မှာ ကျွန်တော်အပြင်းဖျားတယ်။ ကျွန်တော်တို့ ဘီလူးကျွန်းက တောတွေ၊ တောင်တွေများတော့ ငှက်ဖျားဆိုတာလည်း ဧည့်သည်ရောဂါအနေနဲ့ အခိုက်အတန့်ရောက်လာတတ် တယ်။ အဲ့ဒီဧည့်သည်က ကျွန်တော့်ဆီမှာ ခိုနားသွားတယ်ဆိုပါတော့။
ကျွန်တော်အလုပ်မဆင်းနိုင်တဲ့ ရက်တွေမှာ အလုပ်အပေါ် အလေးအနက်ထားတဲ့အဖေက တောင်ပေါ် မှာအလုပ်သွားဆင်းတယ်။ တစ်ကယ်ဆို အလုပ်မှာ ကျွန်တော်နေသားကျကတည်းက အဖေက အလုပ်နားနေခဲ့ တာ။ အဖေအလုပ်မလုပ်တော့တာ နှစ်နဲ့ချီပြီးတော့တောင် ကြာနေပြီ။
ကြမ်္မာဆိုးဝင်တယ်ပဲခေါ်ရမလား။ အဖေ့ရဲ့ကံကုန်ပြီပဲ ပြောရမလား။
အဖေအလုပ်သွားဆင်းတဲ့ တစ်ရက်မှာကျွန်တော်တို့ သင်ပုန်းကျောက်တွင်းတူးရာဇ၀င်မှာ အင်မတန်မှ ဖြစ်ခဲတဲ့ ဖြစ်ရပ်တစ်ခုဟာ မထင်မှတ်ပဲဖြစ်လာတယ်။
အဖေအိမ်က ထွက်သွားတာဘာကြာလို့တုန်း တောင်ခြေမှာရှိတဲ့ကျွန်တော်တို့ အိမ်ကို သတင်းတစ်ခု ရောက်လာတယ်။ “သင်ပုန်းကျောက်တွင်းပြိုလို့” တဲ့။ အထဲမှာ အဖေပါသွားသတဲ့။ ငှက်ဖျားဖြစ်နေတဲ့ ကျွန်တော် ဘာကိုမှမမြင်နိုင်တော့ပါဘူး။ အမေ့ကိုတောင် မစောင့်ပဲ အိမ်ကနေပြေးထွက်လာတာ မုဒွန်းတောင်ပေါ်ကို အားတင်းတက်နိုင်ခဲ့ပေမယ့် သင်ပုန်းကျောက်တောင်ကိုဆက်ပြီးတက်တော့ ကျွန်တော်ဟပ်ထိုးနေပြီ။
တောင်ထိပ်ကိုရောက်တော့လည်း အမောဆို့စရာမြင်ကွင်းတွေက ကျွန်တော့်ကိုဆီးပြီး ကြိုနေပါတယ်။ ကျွန်တော်ရောက်တော့ တွင်းထဲမှာပိနေတဲ့ အဖေ့ကိုဆွဲမထုတ်နိုင်သေးပါဘူး။ ဆယ်ပေနက်တဲ့ တွင်းထဲမှာ အပေါ်က ပြိုကျထားလို့ ပိနေတဲ့ ကျောက်သားတွေကိုပဲ အခြားအလုပ်သမားတွေအတော်ရှင်းယူနေရတယ်။
“ဗညား၊ ဗညားမလာခဲ့နဲ့”
ဆိုတဲ့အသံတွေလည်း ကြားနေရတယ်။ ကျွန်တော့်ကိုလည်း တွင်းထဲ မဆင်းအောင် လူတစ်ယောက်က အတင်းချုပ်ကိုင်ထားသေးတယ်။ ဒါပေမယ့် ကျွန်တော်အတင်းအားယူပြီး ရုန်းထွက်တယ်။ ယိုင်နဲ့နေတဲ့ အင်အား နဲ့အဖေ့အပေါ်မှာပိနေတဲ့ ကျောက်တုံးကျောက်စိုင်တွေကို ဒရောသောပါး ဖယ်ထုတ်နေမိမယ်။ အာခေါင်တွေခြောက် ကပ်ပြီး လူတစ်ကိုယ်လုံး မောဟိုက်တုန်ယင်လာတဲ့အထိပဲ။
တစ်ကယ်ဆို သင်ပုန်းကျောက်တွင်းတူးသမားဆိုတာ ဘယ်လောက်ပဲ ကျွမ်းကျင်ခဲ့၊ ကျွမ်းကျင်ခဲ့ ကိုယ် ထင်နေကျတွင်းမဟုတ်လို့ကတော့ ယောင်နနဖြစ်မှာ အသေအချာပါပဲ။ တွင်းကိုအထဲကနေ ထောက်ကန်ထားတဲ့ ဒေါက်တိုင်တွေကအစ၊ ဘယ်ဒေါက်က ဘယ်နံရံကို အားပြုထားတယ်ဆိုတာ တွင်းထဲဆင်းနေကျသူသာ သေချာ သိနိုင်မှာပါ။ ဒါကို အလုပ်ရှင်အပေါ်သစ်္စာရှိချင်တဲ့ အဖေက ကျွန်တော်နေမကောင်းနေတဲ့ ရက်အတွင်းမှာ ကျွန်တော့်ကိုယ်စားသွားရောက်ခဲ့တော့ ကျွန်တော့်လုပ်ကွက်မှာ အဖေယောင်နနဖြစ်ပြီပေါ့။
ကျွန်တော် အသက်မရှုမိလောက်အောင်ပဲ မြင်ကွင်းက ကျွန်တော့်ကို ချုပ်ကိုင်လိုက်တယ်။ အဖေရယ်လေ။
အသက်မဲ့ ခန်္ဓာကိုယ်နဲ့ သူသိပ်မြတ်နိုးတဲ့ သင်ပုန်းကျောက်တွင်းထဲကနေ ပြန်ထွက်လာရတယ်။ နှာ ခေါင်းပေါက်ဝမှာ သွေးအနည်းငယ်စို့နေတာကလွဲလို့ အဖေ့ကိုယ်မှာ ဒဏ်ရာဆိုလို့ ဘာမှမတွေ့ပါဘူး။ အတွင်း ကြေကြေတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့။
“အဖေ . .”
ကျွန်တော် ရှိသမျှအင်အားနဲ့ အသံကုန်ခြစ်ပြီး အော်လိုက်တယ်။ ဒီအသံကို အဖေသိပ်ချစ်တဲ့ သင်ပုန်း ကျောက်တောင်ကြီးနဲ့ ဟိုးအဝေးက စီးဆင်းနေတဲ့ သံလွင်မြစ်ကြီးက အကျယ်ကြီးကြားနိုင်ပေမယ့် ပြိုလဲနေတဲ့ တွင်းထဲကနေ အသည်းအသန်ဆွဲထုတ်ခြင်းခံလာရတဲ့ အဖေကတော့ ဘယ်လိုမှကြားနိုင်မှာမဟုတ်တော့ပါဘူး။


(၆)
အဖေဆုံးပြီး ကျွန်တော်လည်း နလန်ပြန်ထစမှာ အခွင့်အရေးလို့ ပြောရမလား။ ကံကောင်းခြင်းလို့ ဆိုရမလားမသိတဲ့ ဖြစ်ရပ်တွေက ကျွန်တော့်ဆီရောက်လာတယ်။ ခက်တာက ကျွန်တော်က အဲ့ဒီဖြစ်ရပ်တွေကို စိတ်မ၀င်စားခြင်းပါပဲ။ အဲဒါကတော့ ကျွန်တော့်ချစ်သူမွန်နဲ့ပတ်သက်ပြီးရောက်လာတဲ့ သတင်းပါ။
မွန်ရဲ့ အစ်ကိုက စင်ကာပူက ပြန်ရောက်လာပြီး မကြာခင်မှာ ကျွန်တော်နဲ့မွန်ရဲ့သတင်းကို ကြားတယ်။ မွန်ရဲ့မိဘတွေကတော့ ဟိုတုန်းကတည်းက ကျွန်တော်တို့အကြောင်းကို သိနေခဲ့ကြတာပါ။
ကျွန်တော်တို့ ဘီလူးကျွန်းရွာတွေမှာ ဒီတစ်နှစ်၊ နှစ်နှစ်အတွင်း ခေတ်စားလာတဲ့အလုပ်က မလေးတို့၊ စင်ကာပူတို့မှာ အလုပ်သွားလုပ်ကြခြင်းပါပဲ။ မွန်ရဲ့အစ်ကိုကလည်းအဲ့ဒီလိုပါပဲ။ ဒီတစ်ခေါက်မွန့်အစ်ကို ပြန်ရင် ကျွန်တော့်ကို လိုက်သွားဖို့ မွန်ရဲ့မိဘတွေက ငွေထုတ်ပေးမယ့်သဘောပါ။ ကျွန်တော်နည်းနည်းတောင် စဉ်းစား မနေပဲ ပြတ်သားစွာငြင်းဆန်လိုက်တယ်။ ဒါကို မွန်အပါအ၀င် မွန်ရဲ့ အသိုင်းအ၀ိုင်းက နားမလည်မှာတော့ သေချာတယ်။
မွန်နဲ့လက်ထပ်ဖို့ ထိုက်တန်တဲ့ငွေကို နိုင်ငံခြားသွားပြီးမှ ရှာလို့ရမယ်ဆိုရင်လည်း။ နေပါစေတော့။ ကျွန်တော်အသဲကွဲဖို့အသင့်ပြင်ဆင်ပြီး စောင့်နေလိုက်ပါ့မယ်။ ကျွန်တော် မချမ်းသာချင်တာမဟုတ်ပါဘူး။ မွန့် ကို မချစ်တာလည်းမဟုတ်ပါဘူး။ အဖေသိပ်ချစ်တဲ့မြေ၊ အဖေသိပ်မြတ်နိုးခဲ့တဲ့ ဒေသကခွာပြီး မသွားရက်တာပါ။
ကျွန်တော်သွားခဲ့ရင်လည်း သင်ပုန်းကျောက်မြေမှာ အဖေ့ကိုတစ်ယောက်တည်းပစ်ထားခဲ့ရာရောက်မှာပေါ့။
အဖေသိပ်ပြီး ပေးချင်တဲ့ အမွေကို ကျွန်တော်က ကျောခိုင်းပစ်ရာရောက်မှာပေါ့။
အဖေ မြတ်နိုးခဲ့တဲ့၊ သစ္စာရှိခဲ့တဲ့ သင်ပုန်းကျောက်တွင်း တူးလုပ်သားဘ၀မှာ ကျွန်တော်နေသားကျမှ လည်း အဖေ့အပေါ် ကျွန်တော်တရားရာရောက်မှာပေါ့။
အဖေစီးဆင်းခဲ့တဲ့ ဘ၀မြစ်ထဲက ဒုတိယမြောက်မြစ်ခွဲတစ်စင်းအနေနဲ့ အဖေ့ကိုယ်စား၊ ခရီးရှည်ဆက်ဖို့ ကျွန်တော်စီးဆင်းရဦးမှာပေါ့။
ကျွန်တော်ဆုံးဖြတ်ချက်ကို အပြီးတိုင်ချရင်း ဟိုး . .အဝေးကိုလှမ်းကြည့်လိုက်တယ်။ အဝေးဆီမှာ မွန်သိပ်ချစ်တဲ့ ကောင်းကင်ပြာနဲ့ ကျွန်တော်မြတ်နိုးတဲ့ မြစိမ်းရောင် မြေကဗ်္ဗလာတို့ကတော့ ထိစပ်နေသလိုထင်ရ တာပဲလေ။


အောက်တိုဘာ ၂၀၁၁
Faces Magazine

2 comments:

  1. ဆရာရေ ဆက်လက်ထုဆစ်နိုင်ပါစေ

    ReplyDelete
  2. သင်ပုန်းမြေအကြောင်း ဗဟုသုတလည်း ရသလို ဖတ်ပြီးတော့လည်း စိတ်မကောင်းဖြစ်ရတယ်။

    ReplyDelete

back to top