သွာနုတ္တသားများ


 (၁)
ကျုပ်ရဲ့ယောက္ခမကြီးမှာ သားသမီးသုံးယောက်ရှိတယ်။ ပဒုမ္မာတဲ့။ မှုန်နံ့သာတဲ့။ ယမုန်နာတဲ့။ ဒီသုံးယောက်ထဲမှာ ကျုပ်ရဲ့မိန်းမက အလယ်လူ မှုန်နံ့သာ။ သမီးတစ်ကောင် နွားတစ်ထောင်နှုန်းနဲ့ တွက်မယ်ဆိုရင်တော့ ကျုပ်ယောက္ခမကြီးမှာ နွားအကောင်သုံးထောင် ပိုင်တာပေါ့။ ဒီစကားက သာမန်လူတွေပြောတဲ့စကား။ ကျုပ်ယောက္ခမကျတော့ အဲလိုမျိုးမဟုတ်ဘူး။ `သမက်တစ်ကောင် နွားတစ်ထောင်´ ဆိုပဲ။
ဒါက ကျုပ်တို့နောက်ကွယ်မှာ ပြောတဲ့စကား မဟုတ်ဘူးနော်။ ကျုပ်တို့ကြားလောက်တဲ့ နေရာကကို ပြောနေတာ။ ဒါပေမယ့် ဒီစကားက လောလောဆယ်မှာ ပြောနေတဲ့စကားမဟုတ်ဘူး။ လောလောဆယ်မှာ မပြောဆိုရင်လည်း ကျုပ်အပါအ၀င် သမက်သုံးယောက်ထဲ မကြာခင်ရက်ပိုင်းအတွင်း အိမ်ပေါ်ရောက်တော့မယ့် လောလောလတ်လတ် ပူပူနွေးနွေး သမက်ကလေးကျတော့ သူက နွားတစ်ထောင်ရယ်လို့ သတ်မှတ်ထားတာမှ မဟုတ်တာကလား။ သူ့စိတ်ထဲမှာ သတ်မှတ်ထားတာက ကျုပ်တို့သမက်အကြီးနှစ်ယောက်အတွက် နွားနှစ်ထောင်ရယ်လေ။
ခက်တော့လည်း ခက်သား။
တစ်အိမ်တည်းနေ တစ်အိုးတည်းစားတဲ့ အနန္တဂိုဏ်းဝင်ကြီးအကြောင်း ကျုပ်ပြောနေရင်လည်း ဘယ်ရှုထောင့်ကကြည့်ကြည့် ကျုပ်အလွန်ပေါ့။ ယောက္ခမနဲ့သမက် ရာဇ၀င်အစုံအလင်ကြား ထော်လော်ကန့်လန့်ကိစ္စတွေ အပုံအပင်ကြား၊ ကျုပ်က ယောက္ခမကြီးအကြောင်း ဋီကာချဲ့နေရင်လည်း မဟုတ်သေးပြန်ဘူး။
ဒါပေမယ့်ကား…။
ကျုပ်ယောက္ခမကြီး သမက်တွေကို အကောင်းမမြင်တာကျတော့ ပေါက္ခရ၀ဿမိုး ရွာတယ်ခေါ်မလား။ ကွက်ကြားမိုးရွာတယ်ပြောမလား။ အဲဒီလိုမျိုးကြီး။ ကျုပ်တို့သမက်အကြီးနှစ်ယောက်နေရာက ၀င်ကြည့်။ ဘယ်လိုမှကို အဆင်မပြေတာ။
ကျုပ်တို့ကို ခေါ်ပုံကြည့်။ ငထူးတဲ့။ ငလင်းတဲ့။ အံမယ် သူ့သမက်ဖြစ်ဖို့  ပါမစ်အပြည့်အ၀မရသေးတဲ့ ငတိကိုကျတော့ ခေါ်နေလိုက်တာ `ထွန်း´ဆိုပဲ။
ကြည့်ဦးလေ။ လုပ်ပုံကို။
(၂)
သမီးသုံးယောက်နဲ့ သမက်သုံးယောက်တိတိကို ပိုင်ဆိုင်ထားတဲ့ ကျုပ်ရဲ့ယောက္ခမကြီးနာမည်က ဗိုလ်ကြည်တဲ့။
ဦးဗိုကြည်က အခုတော့လည်း အငြိမ်းစားကြီး။ အရင်တုန်းကတော့ အစိုးရဌာနတစ်ခုရဲ့ ရုံးအုပ်ပေါ့။ သူ့ရဲ့မိန်းမ၊ ကျုပ်ရဲ့ ယောက္ခမကြီးကတော့ ဆုံးတာကြာပေါ့။ ကျုပ်နဲ့ မှုန်နံ့သာ မယူခင်ကတည်းက ဆိုပါတော့။ အဲဒီအချိန်ကတည်းက သူ့မိန်းမရဲ့ ပါးစပ်တစ်ပေါက် ကိုယ်စားပါ သူ့မှာ အလုပ်လုပ်ခဲ့ရတယ် ထင်ပါ့။ မိုးလင်းမိုးချုပ်ပြောလည်း ပြောနိုင်လွန်းတဲ့ အဘိုးကြီး။ သူ့ပါးစပ်က ရုံးမှာ ပင်စင်ယူလိုက်ရပေမယ့် အိမ်မှာကျ ပင်စင်မယူ။ ယူဖို့လည်း ဘယ်တော့မှစဉ်းစားတော့မှာ မဟုတ်တဲ့ ပါးစပ်ပေါက်ကြီးတစ်ပေါက်နဲ့ မျက်စိကတွေ့တာကို ဦးနှောက်က ချက်ချင်းအလုပ်လုပ်လို့ လော်စပီကာ မလိုက်တဲ့ အသံကြီးနဲ့အော်ပြီး ပြောနေတာ။
မနက် ၇နာရီထိုးလို့မှ မနိုးမရှိလိုက်နဲ့။ သမီးနဲ့သမက် အခန်းဆိုတာတွေလည်း ထည့်မစဉ်းစား၊ သင့်တော်၏။ မသင့်တော်၏တွေလည်း ထည့်မတွက်။ ကျုပ်တို့အခန်းရှေ့ကိုလာ၊ မွေးရာပါအသံကြီးနဲ့…
`ဟေ့.. အခုအချိန်ထိ ထရကောင်းမှန်းမသိကြသေးဘူးလား။ တော်တော်တိုးတက်ကြီးပွားကြဦးမယ့်ဟာတွေ။ လူဆိုတာ တစ်ခါစားရုံနဲ့ တစ်လလောက် ဗိုက်မှောက်နေလို့ရတဲ့ မြွေမဟုတ်ဘူး။ နေ့တိုင်းစားဖို့ နေတိုင်းအလုပ်လုပ်နိုင်မှ တန်ကာကျမှာ…´
အဲဒီလောက်နဲ့ သူ့စကားက ဆုံးသေးတာမဟုတ်ဘူး။ ကြားချင်စွမ်းမရှိတဲ့ ကျုပ်ရဲ့အာရုံက နှိုးဆော်လို့ နားနှစ်ဖက်ကို လက်ညှိုးနှစ်ဖက်နဲ့ထိုးပိတ်။ ခေါင်းအုံးတွေ၊ စောင်တွေကြား၊ ခေါင်းထိုးလို့ ဖင်ဘူးတောင်း ထောင်နေလိုက်တာတောင် သူ့အသံကက ပအဲ့၊ ပအဲ့နဲ့ ခပ်ယဲ့ယဲ့ ကြားနေရသေးတာ။
သူ့ရဲ့ပြောပုံ၊ ဆိုပုံတွေကိုကြည့်ဦး။ ကျုပ်ကပဲ အလုပ်မရှိ။ သူ့လုပ်စာကို နိစ္စဓူဝ ထိုင်ခုံခြေကန် ပြဲလန်အောင် စားနေတဲ့ပုံ။ ကျုပ်အလုပ်ကျုပ်သိသပေါ့။ ကျုပ်သွားရမယ့်အချိန် ကျုပ်သိသပေါ့။ ကျုပ်အလုပ်က ကားပွဲစားပဲ၊ ကားဝယ်ရောင်းပဲ။ ကျုပ်လူတွေ ရှိတဲ့အချိန်၊ အရောင်းအ၀ယ်ရှိတဲ့အချိန်၊ ကျုပ်သွားရမယ့်နေရာ မသိဘဲ နေမလား။
ဝယ်သူမရှိ၊ ရောင်းသူမရှိတဲ့အချိန် ကျုပ်က ကားကို ဟင်းရွက်၊ ကန်စွန်းဝယ်ရောင်းလုပ်သလို `ဒီအပိုင်းက ကားယူကြဦးမလား´ ဆိုလို့ရမလား။ ဒါကို နေရာတကာ ပါတာလေ သူက။ ကျုပ်ရဲ့မိန်းမကတော့ သူ့အဖေကြီးကို ကြောက်ရတယ်ခေါ်မလား။ စကားနည်းရန်စဲလို့ပဲ ခေါ်မလား။ ခေါင်းကုတ်၊ လက်ကုတ်၊ ကုတ်စရာရှိတာ အကုန်ကုတ်လို့ အိပ်မှုန်စုံမွှားနဲ့ ထသွားရော။ ပြောသာပြောတာ။ သူ့အသံပြဲကြီးကြောင့် နိုးသွားတဲ့ ကျုပ်ကျတော့ရော ဘယ်လိုဆက်ပြီး အိပ်လို့ရပါတော့မလဲ။ အဲဒီလို အဘိုးကြီး။
(၃)
ဦးဗိုကြည်ရဲ့သမီးအကြီးဆုံး ပဒုမ္မာကြည်ရဲ့ အမျိုးသားနာမည်က ထူးအောင်တဲ့။ ကျုပ်ရဲ့စီနီယာမယား ညီအစ်ကိုပေါ့။ ဦးဗိုကြည်ချစ်စနိုးလေးနဲ့ခေးတော့ ငထူးတဲ့။ ကိုထူးက ရူပဗေဒနဲ့ သိပ္ပံဘွဲ့တစ်ခု ရပြီးသား။ ကျုပ်ထက် ဒီအိမ်ကြီးဆီ နှစ်နှစ်နီးပါး စောစီးစွာ ရောက်လာတဲ့သူပေါ့။ တကယ်တော့ ကိုထူးက လူအေး၊ စိတ်အေး။ အတွင်းသဘောလေးက တကယ်ကို ကောင်းရှာတာ။ ကျုပ်ယောက္ခမကြီးနဲ့တော့ ပြောင်းပြန်ပေါ့။ ပဒုမ္မာနဲ့မယူခင်က ကိုထူးက ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ လုပ်တယ်။
ပဒုမ္မာနဲ့ကိုထူး ယူပြီးတော့ ကိုထူးအလုပ်ထွက်လိုက်တယ်။ ဘာကြောင့်လဲဆိုတဲ့အဖြေကို ဒီနေ့အထိ ကျုပ်ရေရေရာရာ မသိပေမယ့် ဦးဗိုကြည်နဲ့ တိုက်ရိုက်ပတ်သက်မယ်လို့တော့ ကျုပ်က တွက်ပြီးသား။ သမီးတွေကို မျက်စိအောက်က အပျောက်မခံနိုင်တာနဲ့ သမက်တွေကိုပါ အောင့်ကာနမ်းလိုက်ရတဲ့ပုံ။ မည်သို့ဆိုစေပေါ့။ နောက်ဆုံးမှာတော့ ကိုထူးကြီးလည်း ဒရိုင်ဘာသာသာရာထူးကို ပိုက်လို့ ဦးဗိုကြည်ရဲ့အိမ်မှာ အမှုတော်ထမ်းနေတာ ဒီနေ့အထိပဲ ဆိုပါတော့။
ကိုထူးက တကယ်ကို လူအေး။ ကျုပ်နဲ့ပြောင်းပြန်လို့တောင် ပြောလို့ရတယ်။ ယောက္ခမကြီးရဲ့ ပွစိပွစိတိုက်ပွဲတွေကြားထဲမှာလည်း နားကင်းပိတ်နေတဲ့ မြွေတစ်ကောင်လိုပဲ။ ဘာမှမကြားဟန်နဲ့ သူ့အလုပ်သူ လျှောခနဲ၊ လျှောခနဲ ဆက်လုပ်နေတာ။
`ငါ့စကားကို မကြားချင်ယောင်ဆောင်တဲ့သူတွေ အခုချက်ချင်း ထိုင်ရာမထ ကြီးပွားကြပါစေ၊ ချမ်းသာကြပါစေ´
ဟော… ကိုထူးတို့လို လူအေးမျိုးကိုတောင် သူက အလွှတ်ပေးတာ မဟုတ်ဘူးလေ။ အချိန်အခါမဟုတ် ဘာကောင်းမှုကုသိုလ်မှလည်း မလုပ်ဘဲနဲ့ မေတ္တာပို့နေတတ်တာမျိုး။ `သတ္တ၀ါတွေအားလုံး ကျန်းမာချမ်းသာ ကြပါစေ။ မှတ်ချက်- ငါ့သမက်များမပါ´ ဆိုသလိမျိုးတောင် ဖြစ်နိုင်ရင် သူက မေတ္တာပို့နေချင်သေးတာ။
ခက်လည်းခက်တဲ့ အဘိုးကြီး။
သူပွစိပွစိပြောတာကို ကိုထူးလို မကြားချင်ယောင်မဆောင်ဘဲ ကျုပ်လို ရောက်တတ်ရာရာ သီချင်းအပိုင်းအစတစ်ခုခု၊ ဥပမာ… `ကြာပါတယ်ကွာ… မြန်မြန်လာ သိပ်စိတ်ညစ်တယ်။ ကြာပါတယ်ကွာ… တော်တော်ကြာ မုန်းမိလိမ့်မယ်´ ဆိုတာမျိုးကို သူ့အသံထက် သိပ်ပြီးမတိုးလှတဲ့အသံနဲ့ ရွတ်ကြည့်တဲ့အခါကျ…
`အလဲ့ … တယ်လည်း အသံကောင်းတဲ့ ငါ့သမက်ပဲ။ မင်းက ငါ့သမီးနဲ့ မညားသင့်ဘူး။ အဆိုတော်လုပ်ပြီး အဆိုတော်မတစ်ယောက်နဲ့ ညားသင့်တာ´ တဲ့။
အဲသလို ရွဲ့စောင်းတဲ့နေရာမှာလည်း မိန်းမကြီးတစ်ယောက်က အရှုံးပေးရလောက်အောင် ပြောင်မြောက်တာ။
`ငါလည်း… လူပျိုလိုမနေမိလို့ သမီးလေးတွေ မွေးထားမိပါတယ်။ ဘယ်လိုသမက်တွေနဲ့ ရေစက်ဆုံရမှန်းကို မသိဘူး။ တစ်ယောက်ကလည်း မိုးလင်းငုတ်တုတ်၊ မိုးချုပ်ငုတ်တုတ်။ တုံဏှိဘာဝေ။ တေမိမင်း လေမိထားသလို။ နောက်တစ်ယောက်ကျတော့လည်း လတ်လျား လတ်လျား။ လူပေါ်ကြော့။ လူ့ငဖျင်း။ ကိုယ်စားမယ့် ထမင်းလုတ် မရမှာတောင် လက်ကြောတင်းမှာစိုးလို့ ပါးစပ်နဲ့ လိုက်ဟပ်တယ်ဆိုတဲ့လူစားမျိုး။ ဒီလိုသမက်တွေကို ထိန်းရမယ့်အစား နွားအကောင်နှစ်ထောင်လောက်ကို ထိန်းပစ်လိုက်ချင်တော့တယ်´
အဘိုးကြီး ဒီလိုစကားတွေပြောတဲ့အခါကျ ကိုထူးရဲ့စိတ်ထဲ ဘယ်လိုရှိမယ်မသိပေမယ့် ကျုပ်စိတ်ထဲ ဒေါသမထွက်ဘဲ နေမလား။ အဘိုးကြီးနဲ့ ထိပ်တိုက်တွေ့ဖို့ လက်သီးလက်မောင်း တန်းမိတာ အကြိမ်ကြိမ်လေ။ ဒီအိမ်မှာမနေဘူး။ အိမ်ခွဲမယ်ပေါ့။ ဒီလောက်တောင် စဉ်းစားမိတာ။
နောက်ဆုံးတော့… ကျုပ်ရဲ့မဟေသီ မှုန်နံ့သာကြည်ရယ်က စကားလုံးပေါင်းမြောက်မြားစွာနဲ့ ကျုပ်ကိုဖျောင်းဖျ။ သီချင်းထဲကလို `ခဏလေးတော့စောင့်ပါဦး´ ဆိုတာမျိုးတွေနဲ့ နှစ်သိမ့်။ တကယ်တမ်းကျ သူ့ရဲ့သမီးသုံးယောက်ဆိုတာက အဘိုးကြီးနဲ့ နည်းနည်းမှ တူကြတာတွေမဟုတ်။ ဒါပေမယ့် သူတို့အဖေ အဘိုးကြီးကိုတော့ သူတို့က ချစ်ရှာသား။ ဘယ်သမီးကမှ ပစ်ပြီး မသွားချင်ကြ။ အဘိုးကြီးကလည်း ကျုပ်တို့ကိုသာ ကြည့်လို့မရတာပါ။ သူ့သမီးတွေနဲ့ကျတော့ ဟုတ်လို့။
(၄)
ကျုပ်တို့သမက်အကြီးနှစ်ယောက်ကို ဘယ်လိုမှ အမြင်မကြည်နိုင်တဲ့အဘိုးကြီး။ သူ့သမီးအငယ်လေးကျရင်တော့ ယောက်ျားပေးစားတော့မှာ မဟုတ်ဘူးလို့ ကျုပ်တို့တွက်ထားတာ… ဘာကြာတုန်း။ သူ့သမီးအငယ် ယမုန်နာကြည်ရဲ့ မင်္ဂလာကိစ္စက ၀ုန်းဆို ပေါ်လာတာ။
တကယ်ဆိုရင် ကျုပ်တို့အကြီးနှစ်ယောက်တုန်းက သူက သဘောမတူခဲ့တဲ့အပြင် ငါးရံ့ကို ပြာလူးပြီး ဆားပက်ထားသလို ဆွေ့ဆွေ့ခုန်နေသေးတာမဟုတ်လား။ သူ့သမီးတွေက ကျုပ်တို့ကို ကြိုက်လွန်းလို့သာ ကျုပ်တို့မှာ သူ့သမက်ဖြစ်ခွင့်ရခဲ့တာ။ ခက်တော့လည်း ခက်သား။ မျက်စိအောက်ကလည်း အပျောက်မခံနိုင်။ အကောင်းကျတော့လည်း တစ်စက်ကလေးမှ မမြင်။ အဆိုးဆုံးကတော့ `ငါ့နှယ်ကွာ.. ဘယ်လိုသမက်တွေ ရထားလဲ မသိဘူး´ ဆိုတဲ့ နှုတ်ထွက်စကားပဲ။
ဒီလောက်ကြီးသမက်တွေနဲ့ အဆင်မပြေနိုင်တဲ့ အဘိုးကြီးက သူ့သမီးအငယ်လေးကို ယောက်ျားပေးစားပြီး သမက်နောက်တစ်ယောက်ကို အိမ်ပေါ်တင်လက်ခံဦးမယ်ဆိုတော့ ကိုထူးနဲ့ကျုပ် အံ့သြမှုတွေနဲ့အတူ မတိုင်ပင်ဘဲ ပြုံးမိတယ်။ ဒီအတော်အတွင်းတုန်းက အဘိုးကြီးရဲ့ မျက်နှာဆိုတာများ အီတလီပေါ်လစ်တိုက်ထားသလို လက်လို့။ ပြောင်လို့။ သူ့မျက်နှာပေါ်ကို လာနားတဲ့ ခြင်တွေတောင် တဗုန်းဗုန်းနဲ့ ချော်လဲချင်စရာ။ ကျုပ်တို့နှစ်ယောက်ရှေ့ကို ရောက်ရင်တောင် အသံကျယ်ကျယ်နဲ့…
`ဒီအိမ်မှာ နောက်တစ်ယောက် ထပ်ပြီးရောက်မှာဆိုတော့ အားလုံး ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေကြမယ်။ အုတ်အရောရော၊ ကျောက်အရောရောတွေ လုပ်မနေကြနဲ့။ အုတ်ကအုတ်၊ ကျောက်ကကျောက် တခြားစီပဲ။ ဒီလောက်ဆို သဘောပေါက်ကြလိမ့်မယ်ထင်တယ်´
အဘိုးကြီးရဲ့ ဒီစကားကို ကြားရတော့ မမြင်ဖူးသေးတဲ့ ကျုပ်တို့ရဲ့ မယားညီအစ်ကို လောင်းလျာလေးကိုတောင် မဆီမဆိုင် ယောက်ျားတန်မဲ့ အမြင်ကတ်သွားချင်သေး။ စိတ်မ၀င်စားပေမယ့် ကြားနေရတာတော့ စုံလို့။ ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ အလှကုန်ပစ္စည်းကုမ္ပဏီတစ်ခုမှာ ရှယ်ယာဝင်တဲ့။ ဘွဲ့ရပြီးကတည်းက ဘန်ကောက်မှာ အခြေချနေတာ ငါးနှစ်ရှိပြီတဲ့။ မိန်းမယူပြီး လောလောဆယ် မြန်မာပြည်မှာ နေမှာဆိုပေမယ့် နောက်ဆို ဘန်ကောက်မှာပဲ အခြေချမှာဆိုတာလည်း ပါရဲ့။ ယမုန်နာလေးပါ လိုက်သွားရမယ်ဆိုတာလည်း ပါရဲ့။ အဘိုးကြီး ဇာတ်ပို့ကောင်းလို့ အာရုံမပါဘဲ နားထဲဝင်နေတဲ့ မယားညီအစ်ကိုလေးအကြောင်းတွေလေ။
အဘိုးကြီးတစ်ထွန်းတည်း `ထွန်း´နေတဲ့ `ထင်အောင်ထွန်း´ဆိုတဲ့ မယားညီအစ်ကိုလောင်းလေးကို စပြီးမြင်ဖူးတဲ့နေ့က… လား… လား… အလှကုန်ကုမ္ပဏီပိုင်ရှင်ဆိုတာ ရုပ်ကြည့်ရင်သိလောက်အောင် ဖြူနုဝင်းဖန့်နေတဲ့ အသားအရေနဲ့။ မင်းသားရှုံးရလောက်အောင် ကြွရွလှပနေတဲ့ရုပ်နဲ့။ ထောင်ထောင်မောင်းမောင်း ဗလကောင်းကောင်းနဲ့။ ယောက်ျားချင်းတောင် ငေးချင်စရာ။
ကျုပ်လိုအသားအရေ မည်းပြောင်ပြောင်၊ နှုတ်ခမ်းမွှေးစစ၊ အရပ်ကလန်ကလားနဲ့ လူကတော့ ပြောမနေနဲ့။ ကိုထူးတို့လို ရူပဗေဒနဲ့ တက္ကသိုလ်တက်တုန်းက King ဖြစ်ခဲ့ဖူးတဲ့လူတောင် ထင်အောင်ထွန်းဆိုတဲ့ကောင်နဲ့ကျ အကွာကြီးကွာနေပါရောလား။ အပြုံးချိုချို၊ အပြောချိုချိုတွေနဲ့ ထင်အောင်ထွန်းကတော့ ယမုန်နာတင်မက ဦးဗိုကြည်ပါ ကြွေသွားလောက်ရဲ့။ ပြုံးနေလိုက်တာများ ပါးချိုင့်လေးများတောင် ခွက်လို့။ မျက်ဝန်းအိမ်ထဲက အရည်ကြည်လေးတွေတောင် လက်လို့။ စိုလို့။
(၅)
ဒါပေမယ့် မကြာပါဘူး။ မကြာဘူးဆိုတာက ထင်အောင်ထွန်းနဲ့ ယမုန်နာကြည်တို့ရဲ့ မင်္ဂလာဦးညမှာပဲ ပြဿနာတွေက စဖြစ်တာ။ ပြောရရင်တော့ အိမ်ပေါ်ကို ထင်အောင်ထွန်း စရောက်တဲ့ ပထမဆုံးနေ့ပေါ့။
အဲဒီညက ကျုပ်တို့လည်း အိပ်ရာစောစောဝင်တယ်။ ဘာရယ်လို့တော့ မဟုတ်ပါဘူး။ အိမ်မှာလည်း အိမ်သားတစ်ယောက်တိုးလာပေမယ့် လောလောဆယ်မှာ ပြောစရာစကားကလည်း ရှာကြံပြီးပြောနေရတာဆိုတော့ မထူးတဲ့အဆုံး အပေါ်ထပ်ကို တက်လို့ အိပ်ရာပဲ စောစောဝင်လိုက်တယ်။ ကျုပ်တို့စုံတွဲအိပ်ရာဝင်တော့ ကိုထူးတို့လင်မယားတော့ ကျန်သေးတယ်။ ဒါပေမယ့် သူတို့လည်း သိပ်မကြာဘူး ထင်ပါရဲ့။ အပေါ်ထပ်ကို တက်လာတဲ့အသံတွေ ကြားရတယ်။
ဒီလိုနဲ့ အောက်ထပ်ဧည့်ခန်းဘက်က အသံတွေတိတ်သွားပြီး ဘာကြာတုန်း။ အောက်ထပ် ထင်အောင်ထွန်းနဲ့ ယမုန်နာတို့အခန်းဘက်က ဆူညံသံတွေ ရုတ်ခြည်းထွက်လာတာ။ အသံကြားကြားချင်း ကျုပ်လည်း `ဟ… ဘာလဲဟ´ ဆိုပြီး ခေါင်းထောင်မိရုံမက ခြေလှမ်းပါပြင်ဖို့ စဉ်းစားပြီ။ ဒါကို ကျုပ်ဇနီးက ကျုပ်လက်ကို ဆွဲတယ်။  ဘာဖြစ်တာလဲ။ အခြေအနေကို စောင့်ကြည့်ဦးဆိုတဲ့သဘောပေါ့။
ခဏကြာတော့ အသံတွေက ဧည့်ခန်းဘက်ကို ရောက်လာတယ်။ ယမုန်နာရဲ့အသံက အတော်ကျယ်ပေမယ့် ငိုသံတွေ စွက်နေတဲ့အတွက် ဘာမှမသဲကွဲဘူး။ အဲဒီအသံတွေနောက်မှာ တိုးတိုးအုပ်အုပ်နဲ့ အသံတစ်သံကို ကြားရတော့ အစပိုင်းမှာ ထင်အောင်ထွန်းရဲ့အသံပဲလို့ ကျုပ်ထင်ပေမယ့် သေချာနားထောင်ကြည့်တော့ ကျုပ်ယောက္ခမကြီးရဲ့ အသံဖြစ်နေတယ်။ ကျုပ်တို့လည်း တံခါးလော့ကို အသာဖွင့်လို့ အောက်ထပ်ဧည့်ခန်းဘက်ကို ချောင်းတော့ အောက်ထပ်ဧည့်ခန်းဆိုဖာပေါ်မှာ ထင်အောင်ထွန်းကို တွေ့ရတယ်။ မီးတွေဖွင့်ထားတာမို့ အားလုံးကို သဲကွဲစွာ မြင်နေရတယ်။ အဘိုးကြီးနဲ့ ယမုန်နာကတော့ မတ်တပ်။
`သမီး… ဒီလူ့ကို လုံးဝမပေါင်းနိုင်ဘူးဖေဖေ။ မိုးလင်းတာနဲ့ သမီးတို့ကို ကွာရှင်းဖို့ လုပ်ပေးပါ။ သမီး ဒီလူ့မျက်နှာကို မကြည့်ချင်ဘူး´
ယမုန်နာရဲ့စကားတွေထဲက နောက်ဆုံးစကားဖြစ်တဲ့ `မကြည့်ချင်ဘူး´ ဆိုတဲ့စကားက အကျယ်ကြီးကို ထွက်လာတာ။ ပြဿနာတော်တော်ကြီးပြီဆိုတာ သိပေမယ့် ကျုပ်တို့လည်း ထွက်ရအခက်၊ မထွက်ရအခက်နဲ့ အခန်းဝမှာ တစ်လစ်ကြီးတွေ ဖြစ်နေတယ်။ ကိုထူးတို့ အခန်းဘက်ကလည်း ကျွီဆိုတဲ့ အသံကို ကြားရတယ်။ ထူးဆန်းတာက ထင်အောင်ထွန်းပဲ။ တစ်ဖက်ကို မျက်နှာလှည့်လို့ အတော်စိတ်ရှုပ်နေတဲ့ ပုံစံရှိနေပေမယ့် ဘာစကားမှမပြောဘူး။
အဘိုးကြီးက တိုးတိုးကျိတ်ကျိတ်နဲ့ ယမုန်နာလေးကို စကားတွေပြောနေပေမယ့် ကျုပ်တို့ကတော့ ဘာမှ သဲသဲကွဲကွဲမကြားရဘူး။ အပေါ်ထပ်က ကျုပ်တို့မကြားနိုင်လောက်တဲ့ လေသံနဲ့။ အဘိုးကြီးက ပြောနေတာလည်း ဖြစ်နိုင်တယ်။ ကျုပ်ကတော့ `ဘာဖြစ်တာလဲ´ဆိုပြီး ပြဿနာရဲ့အရင်းအမြစ်ကို စဉ်းစားကြည့်တယ်။
ဝတ္ထုတွေ ရုပ်ရှင်တွေထဲကလို ထင်အောင်ထွန်းဟာ ယောက်ျားစစ်စစ်မဟုတ်ဘဲ မိန်းမလျာ၊ အပုန်းမကြီးများ၊ ဖြစ်နေလို့လား။ ဒါကို ယမုန်နာကများ တစ်နည်းနည်းနဲ့ သိသွားသလား။ သိပ်တော့ မသေချာ။ အလှကုန်ကုမ္ပဏီရှယ်ယာဝင်ဆိုတော့ ဖြစ်နိုင်ခြေတော့ အများသား။
`ဂွမ်း´
ယမုန်နာက လက်ထဲမှာရှိတဲ့ ဟမ်းဖုန်းနဲ့ နံရံကို ပစ်ပေါက်လိုက်တဲ့အသံကြောင့် ကျုပ်တို့လန့်ကုန်တယ်။ ယမုန်နာ ဒီလောက်ပေါက်ကွဲနေပေမယ့် အပေါ်ထပ်က သူ့အစ်မတွေကတော့ တုတ်တုတ်မျှ မလှုပ်ဘူး။ အပမှီသလို ကြောင်စီစီနဲ့ပါပဲ။
`ရှင် အခုအိမ်ထဲက ထွက်သွား… ထွက်သွား။ ဒီယောက်ျားကို ဖေဖေပေးစားတာ။ အခု သမီးဘယ်လိုလုပ်ရမလဲ´
ယမုန်နာရဲ့ အဲဒီအသံအောက်မှာ ထင်အောင်ထွန်းက တုတ်တုတ်မျှမလှုပ်ပေမယ့် တုတ်တုတ်လှုပ်သွားတာက အဘိုးကြီး။ အဘိုးကြီးက အုတ်နံရံကို လက်သီးနဲ့ထိုးတယ်။ ခေါင်းနဲ့ဆောင့်တယ်။ ပြီးတော့ သော့ဖွင့်ပြီး မိုးချုပ်ချုပ်မှာ အိမ်အပြင်ဘက်ကို ပြေးထွက်သွားတယ်။ ဒီတစ်ကြိမ်တော့ အပေါ်ထပ်က ကျုပ်တို့လေးယောက်လည်း မနေသာတော့ဘူး။ မတိုင်ပင်ဘဲ အပြေးပြိုင်သလို အောက်ထပ်ကို ဗရုန်းသုန်းကား ရောက်လာတယ်။ ဘာပြဿနာဖြစ်လဲဆိုတာ အသာထား။ အဓိကက အဘိုးကြီးရဲ့နောက်ကို လိုက်ဖို့ စဉ်းစားပြီးခြံထဲကို ပြေးထွက်တော့ အဘိုးကြီးက အပြင်တောင်ရောက်ပြီ။ ကိုထူးကလည်း ကျုပ်ရဲ့နောက်က လိုက်လာတယ်။
ကျုပ်တို့ခြံဝကိုရောက်တော့ လမ်းထဲကိုဝင်လာတဲ့ တက္ကစီပေါ် အဘိုးကြီးက တက်သွားပြီ။ ကျုပ်နဲ့ကိုထူးလည်း ကားတစ်စီးနဲ့ အဘိုးကြီးရဲ့ တက္ကစီနောက်ကို လိုက်တယ်။ ကျုပ်တို့နေတဲ့ ခုနစ်မိုင်ကနေ တက္ကစီကားက ပြည်လမ်းအတိုင်းတည့်တည့်သွားပြီး အင်းယားကန်ဘေးမှာ ထိုးရပ်သွားတော့ ကျုပ်တို့ကားလည်း ထိုးရပ်လိုက်တယ်။ အဲဒီအချိန်မှာ အဘိုးကြီးက မီးရောင်မှုန်ပျပျအောက်က အင်းယားကန်ပေါင်ပေါ်တက်သွားပြီ။
`ဘုရား ဘုရား´
ကျုပ်နဲ့ကိုထူးလည်း လှေကားထစ်တွေအတိုင်း ကန်ပေါင်ပေါ်ကို အပြေးလိုက်တယ်။ အဲဒီမှာ ခက်ပြီ။ အဘိုးကြီးကို နောက်ကလှမ်းပြီးခေါ်ဖို့ ကျုပ်နာမ်စားရှာမရဘူးဖြစ်နေတယ်။ `ဟေ့… ဟေ့´ လို့ လှမ်းခေါ်ရအောင်လည်း မဖြစ်သေး။ စဉ်းစား။ စဉ်းစား။
ဟိုစဉ်က `အဖေ´ လို့ မခေါ်ခဲ့တာတောင် `ဦးလေး အန်ကယ်လ်´ စသည်ဖြင့်ပေါ့။ ကျုပ်တို့ တစ်ခုခုခေါ်ခဲ့ရင်ကောင်းသား။ သူ့သမက်ဖြစ်ခဲ့တဲ့ တစ်လျှောက်လုံး ဘာနာမ်စားမှမသုံးဘဲ တိုက်ရိုက်ပြောဆိုခဲ့တဲ့ ကျုပ်တို့ အခုမှ နာမ်စားလည်း ရှာလို့မရတော့ပြီ။ အဲဒီတော့ အားကိုသာမီးကုန်ယမ်းကုန် သုံးပြီး အဘိုးကြီးရဲ့ နောက်ကို လိုက်တယ်။
အဘိုးကြီးက ရေထဲကို ခုန်ချဖို့ ပြင်လိုက်ပေမယ့် နောက်ကလိုက်လာတဲ့ ကျုပ်တို့နှစ်ယောက် အချိန်မီ ဖမ်းဆွဲထားနိုင်ခဲ့တယ်။ ကျုပ်တို့နှစ်ယောက်ရဲ့ လက်ထဲမှာ အဘိုးကြီးမောနေပုံများ… ဟောဟဲ၊ ဟောဟဲမြည်နေတာ ရင်ခေါင်းသံကြီးတောင်ပါတယ်။ ကျုပ်တို့က အဘိုးကြီးကို တစ်ဘက်စီကိုင်ထားပေမယ့် ဘာစကားမှ မပြောဖြစ်ဘူး။
`ငထူးနဲ့ငလင်းရာ ငါမှားသွားပြီကွာ။ ငါသေချင်တယ်´
အစပိုင်း ကျုပ်တို့လက်ထဲမှာ အဘိုးကြီးက အားကုန်သုံးပြီး ရုန်းကန်ချင်နေသေးပေမယ့် အခုစကားကိုပြောပြီး အဘိုးကြီးဟာ ကိုထူးရဲ့ ရင်ခွင်ထဲမှာ အရုပ်ကြိုးပြတ်လဲကျသွားတယ်။
`အလို… အဘိုးကြီး ငိုနေပါလား´
ကန်ပေါင်ပေါ် မီးရောင်မှုန်ပျပျအောက် အဘိုးကြီးရဲ့ မျက်နှာပေါ်မှာ တွေ့ရတာက မျက်ရည်တွေပါလား။ ကျုပ်အံ့သြသွားတယ်။ တုန်လည်းတုန်လှုပ်သွားတယ်။ တကယ်ပါ။ ကျုပ်တစ်သက် ယောက်ျားကြီးတွေ မျက်ရည်ကျတာ မမြင်ဖူးတော့ ကျုပ်ရဲ့ရင်ထဲ ဘယ်လိုဖြစ်သွားမှန်းကို မသိဘူး။ မှတ်မှတ်ရရ ကျုပ်အမေသေးတုန်းကတောင် ကျုပ်အဖေက မျက်ရည်ကျတာမဟုတ်ဘူး။
`ယမုန်နာလေးရဲ့ ယောက်ျားမှာ အရင်အိမ်ထောင်ရှိသတဲ့ကွာ။ ဒီည ဘန်ကောက်မှာရှိတဲ့ သူ့ရဲ့အရင်အိမ်ထောင်က ဖုန်းဆက်လာလို့ ယမုန်နာလေးနဲ့တွေ့ပြီး အခုလိုဖြစ်ကြတာ။ အဲဒါ ငါရွေးချယ်ပေးခဲ့တဲ့ လမ်းကွ။ ငါသေချင်တယ်ကွာ´
သေချင်တယ် ဆိုတာကိုပဲ အဘိုးကြီးက  ထပ်ကာထပ်ကာ ပြောနေတယ်။ ထပ်ကာထပ်ကာ ငိုနေတယ်။ ကျုပ်တို့ကို တစ်သက်လုံး အကောင်းမမြင်ခဲ့တဲ့ အဘိုးကြီး… ဘယ်တုန်းကမှ ကြည့်လို့မရခဲ့တဲ့ အဘိုးကြီး… ဘယ်တုန်းကမှ အထင်မကြီးခဲ့တဲ့ အဘိုးကြီး… အခုတော့ ကျုပ်တို့လက်ထဲမှာ တကယ့်ကို အရုပ်ကြိုးပြတ်။
`အခုမှ နွားတစ်ထောင်စစ်စစ်ကို ငါတကယ်တွေ့ခဲ့ပြီကွာ´
ကိုထူးရဲ့စိတ်ထဲ ဘာရှိသလဲဆိုတာ မသိပေမယ့် ကျုပ်ရဲ့စိတ်ထဲမှာ အဘိုးကြီးကို နှစ်သိမ့်ဖို့ စကားလုံးတွေ ရွေးနေတယ်။ တကယ်ပါ။ ယမုန်နာရဲ့ကိစ္စကိုတောင် သတိမရနိုင်လောက်အောင် လတ်တလော အနေအထားမှာ အဘိုးကြီးကို ကျုပ်သနားနေတာ။ ခဏကြာတော့ အဘိုးကြီးရဲ့ ပျော့ဖပ်ဖပ် ခန္ဓကိုယ်ကို ကျုပ်တို့ကားပေါ်ပွေ့တင်လိုက်တယ်။
ကားပေါ်ရောက်တဲ့အထိ ကျုပ်တို့နှစ်ယောက် အဘိုးကြီးကို ဘာစကားမှ မပြောဖြစ်ကြသေးဘူး။ အဘိုးကြီးရဲ့ ခပ်အက်အက်စကားသံတွေနားထောင်ရင်း `နွားတစ်ထောင်´ဆိုတဲ့စကားကိုသာ အကြိမ်ကြိမ်ကြားယောင်လို့ အချိန်အတော်ကြီးကြာတဲ့အထိ အဘိုးကြီးကို နှစ်သိမ့်ဖို့ စိတ်ထဲမှာ စကားလုံးတွေကို ကျုပ်ပုံဖော်ကြည့်ဖြစ်နေတုန်းပဲ။ ဒါပေမယ့်….

မင်းဝေဟင်

1 comment:

  1. စာရေးကောင်းတယ်ဗျာ၊ အကြောင်းအရာက နောက်ဆုံးအထိ ဆွဲခေါ်သွားတယ်။

    ReplyDelete

back to top