မိုးကောင်းကင် ကြီးကတော့ တစ်ခုတည်း


”ဟေ့…သူငယ်ချင်း ဒီတစ်ပတ် မင်း အွန်လိုင်းက ဖုန်းခေါ်တာ နောက်ကျနေပြီ။ ဒီမှာ ည ၇ နာရီ တောင်ကျော်ပြီ”
”ငါ…. Pfingo ဖွင့်တာ လိုင်းမကောင်းလို့ပါကွာ။ အခု မြန်မာပြည်မှာ ညနေ ငါးနာရီ ခွဲပဲ ရှိသေးတယ်။ ဒါနဲ့ မင်း ငါ့ အသံကို ကြားလား….။ ငါ့ အသံကြားလားလို့ မေးတာ”
”အေး….ကြားတယ်။ တိုးတိုး ပြောပါကွ။ ငါဒီဘက်က နားကွဲတော့မယ်…အေ့”
”ဟမ်…ဟေ့ကောင် …မင်း မူးနေတာလား။ မင်းအသံကြီးက”
”ဒီနေ့ ငါတို့ စင်ကာပူမှာ အလုပ်ပိတ်ရက်၊ တနင်္ဂနွေနေ့ ဆိုတော့ မြန်မာသူငယ်ချင်းတွေ ဆုံကြတယ်လေကွာ။ နည်းနည်းပါးပါး ဒီနေ့ ငါပြုစုလိုက် ရတာလေ။ ပြီးတော့ မင်းကို ပြောစရာရှိတယ် ကိုမင်း”
”အေးပြော….ထွန်းကြီး”
”မပြောသေးဘူးကွာ…ပြီးမှ ပြောမယ်။ ငါအခု နည်းနည်းညစ် နေလို့ကွာ”
”ညစ်ပြန်ပြီလားကွာ။ ဘာလဲ မင်းချစ်ချစ် ချယ်ချယ်နဲ့ အဆင်မပြေ ပြန်ဘူးလား”
”မဟုတ်ပါဘူးကွာ။ ငါ့ချစ်ချစ် နဲ့က Peace ပဲ ဘာမှမဖြစ်ဘူး”
”ဒါဆို မင်းက ဘာဖြစ်တာတုံး ထွန်းကြီးရဲ့”
”နောက်မှ ပြောမယ်ဆိုကွာ။ မင်းကလည်း ဂျာနယ်လစ်ပီပီ အမေးအမြန်း ထူတယ်။ ဒါနဲ့ ဟိုကောင်ရော အဆင်ပြေလား”
”ဘယ်ကောင်တုံးကွ”
”ဟိုကောင်လေကွာ….ပြောင်ကြီး။ ငါတို့ တက္ကသိုလ် တက်တုန်းက တစ်အုပ်လုံးမှာ စာအညံ့ဆုံး၊ အခု ဆယ်တန်းတွေ ကျူရှင်ပြစား နေတယ်ဆိုတဲ့ ကောင်လေ”
”သြော်…အေး။ ဒီကောင် M.Sc ပြီးကတည်းက Ph.D ဆက်မတက်ဘဲ စာသင်နေတာ၊ စားလောက်၊ သောက်လောက်ရုံ တော့ရတယ် ကြားတယ်။ ငါနဲ့လည်း မတွေ့ဖြစ်ဘူး”
”ဟာကွာ…မင်းတို့ကလည်း ရန်ကုန်မှာ ရှိနေကြတာချင်း အတူတူ ဘာလို့ မတွေ့ကြရတာလဲ”
”ဟ…ထွန်းကြီးရ၊ ခေတ်ရဲ့ ဘယ်ရေသေရက်မှာ မင်းအိပ်ပျော် သွားတာတုံး။ ဒီကကောင်တွေ ဘာလုပ်နေကြတယ် ဆိုတာ မင်းမသိဘူးလား။ လူတစ်ယောက်မှာ ရှိတာ က လက်နှစ်ဖက်၊ လုပ်ရတဲ့ အလုပ်တွေက များလွန်းလို့ လက်တွေ အများကြီးရှိတဲ့ ကာလီမန် မယ်တော်တောင် ပင့်ပြီး လုပ်ချင်သေးတယ်။ ဒါတောင် တစ်ယောက်တည်း ဟိုဘက်နည်းနည်း တိုးပါဦး ဆိုသလို ဖြစ်နေတာ မင်းမသိဘူးလား”
”မင်းပဲပြောတော့….ဒါနဲ့ ဟိုကောင် ဂုတ်တိုမရော … ငါ သတင်း မကြားမိပြန်ဘူး”
”ဂုတ်တိုမလည်း….သူ့ အလှပြင်ဆိုင် လုပ်ငန်းက အဆင် ပြေတယ်လို့ သတင်းကြားပါတယ်”
”ခွီး”
”ဘာဖြစ်ပြန်တာတုံး ထွန်းကြီး”
”သူလည်း လူပုံနဲ့ လုပ်နေရတဲ့ အလုပ်ကတော်တော်လေး သဟဇာတ ဖြစ်နေသလားလို့ တွေးမိသွားလို့ပါ။ ကျောင်းတုန်းက မင်းသိတဲ့အတိုင်းလေ။ ငါတို့အဖွဲ့က မိန်း ကလေးတွေ အားလုံးထဲမှာ ရုပ်ကလည်း အဆိုးဆုံး၊ ပြီးတော့ လူက ပုတုကွတနဲ့မို့ ဂုတ်တိုလို့ ငါတို့ နာမည်ပေး ထားတာပဲကြည့်။ သူက အခု အလှပြင်ဆိုင် ဖွင့်ပြီး အောင် မြင်နေတယ် ဆိုတော့ ငါရယ်ချင်တာပေါ့ကွ”
”ဒါနဲ့ စင်ကာပူက မင်းသတင်း လည်း ပြောဦးလေ”
”…..”
(၂)
”လိုင်းကျသွားလို့ ပြန်ခေါ်လိုက်တာ သူငယ်ချင်း… ငါတို့ပြောတာ ဘယ်ရောက် သွားပြီလဲ။ သြော် …ဟေ့ကောင် မင်းဟိုကောင် ကိုထူးကို မှတ်မိသေးတယ် မို့လား။ ပြေတီဦးလို သွားတက်ကလေး ပါလို့ သူ့သွားတက်ကလေးမှာ စိန်မြှုပ်ထားတဲ့ ကောင်လေ။ အေး…အဲ့ဒီကောင် အခု မိန်းမယူတော့မလို့”
”ဟမ်…ဟား ဟား … ကိုထူးက မိန်းမယူမလို့ ဟုတ်လား”
”အေးလေကွာ…ငါတို့ အသက်တွေလည်း ၃ဝ ပြည့်နေပြီပဲ။ ဒီကောင် မိန်းမယူတာ ဘာဆန်းလဲ”
”ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ မင်းသိတဲ့ အတိုင်း ဒီကောင်က ငါတို့သူငယ်ချင်း ယောက်ျားလေးတွေ အုပ်စုထဲမှာ ရုပ်ကလေး ကတော့ လှပါရဲ့။ အမြဲတမ်း နွဲ့နေလို့ ငါက ဒီကောင်ကို ယောက်ျား ယူမယ်ထင်တာ”
”အေး….ဟုတ်တယ် ဟေ့ကောင်ရေ သန်သန်မာမာ ကောင်တွေသာ လူပျိုကြီးဖြစ်ဖို့ အရိပ်အယောင် မြင်နေရတာ။ သြော် …သန်သန်မာမာဆိုလို့ ဟိုကောင် ညိုကြီး အကြောင်းကို အရင် အပတ် တွေကတည်းက မင်းကို ပြောမလို့ဟာ မေ့မေ့နေတာ”
”သြော် …ညိုကြီးလား.. ဒီကောင်က ဘာဖြစ်လို့တုံး”
”ဒီကောင်က အခုပွဲစား လုပ်နေတယ်ကွ…အိမ်ပွဲစား၊ ခြံပွဲ စား၊ နောက်…ကားပွဲစား။ ပွဲစား ဆိုတဲ့ ခေါင်းစဉ်အောက်က ဝန်ဆောင်မှု လုပ်ငန်း အားလုံးကို လုပ်နေတာ”
”ဟား ဟား ဟား”
”ဟမ်…ဘာဖြစ်ပြန်တာတုံး စင်ကာပူသားရဲ့”
”သြော်….ညိုကြီးလို စကားပြောရင် နှစ်လုံးမကွဲ လူက အူကြောင်ကြောင် ရှုတည်တည် မျက်နှာပေးနဲ့ ကောင်က ပွဲစား လုပ်နေတယ်ဆိုလို့။ မင်းတို့ အားလုံးလည်း ဟုတ်နေတာပဲနော်”
”ဘာဟုတ်နေတာလဲကွ”
”အားလုံးက ဖြစ်နေတဲ့ပုံစံ၊ ရှိနေတဲ့ ကာရိုက်တာ၊ လုပ်နေတဲ့ အလုပ်တွေ အားလုံးက သဟဇာတ ဖြစ်မနေကြတာ ကိုပြောတာ။ ဟိုတုန်းကဆို ဒီကောင်တွေ ဒီလို ဖြစ် လာလိမ့်မယ်လို့ ကျိန်ပြောရင် တောင် ဘယ်သူ ယုံမှာတဲ့တုံး…”
”အေးလေ…နောက်ထပ် ရှိသေးတာတွေမှ အများကြီး …ငယ်ငယ်တုန်းက မိန်းကလေး ဆိုရင် စေ့စေ့တောင် မကြည့်ရဲဘဲ မိန်းကလေးတစ်ယောက်နဲ့ စကားပြော လိုက်တာနဲ့ မျက်နှာကြီး တစ်ခုလုံး နီရဲလာတဲ့ ပြေကြီးဆိုတဲ့ အကောင်လေ။ မင်းသိတဲ့အတိုင်း အခုတော့ ရုပ်ရှင်မင်းသား ဖြစ်ပြီး ချစ်ခန်း ကြိုက်ခန်းတွေ ရိုက်ရင်း မင်းသမီး တွေကို အကြိမ်များစွာ ရည်းစားစကား ပြောနေရလေရဲ့”
”အေးကွ…သနားစရာ.. ဒီကောင်လည်း ဝဋ်ဒုက္ခ တစ်မျိုးကြောင့် ရုပ်ရှင်မင်းသား ဖြစ်ရတယ် ထင်ပါရဲ့။ ဒါနဲ့မင်းတို့ အားလုံး မြန်မာပြည်မှာ အဆင်ပြေကြရဲ့လား”
”သြော်…ပြောပြီးပြီပဲ သာသာယာယာ ပါပဲဆို။ စားရင်း သောက်ရင်း၊ သွားရင်းလာရင်းပေါ့။ ဝုန်းခနဲထပြီး ချမ်းသာစရာကတော့ စိတ်ကူးယဉ် ချိန်တောင် မရှိလို့၊ နောက်မှ အေးအေးဆေးဆေး ယဉ်ကြည့်ရဦးမယ်။ ငါတို့က ဒီမှာ ပြေးလွှားနေရတာ ယားရင်တောင်ကုတ် အားတာ မဟုတ်ဘူး”
”မင်းပဲ ပြောတော့ မြန်မာပြည်သားရေ”
”အေးလေ…ငါပြောတာ မဟုတ်လို့လား။ ဒီမှာငါတို့ အားလုံး မင်းသိတဲ့ အတိုင်းလေ။ လူ့ဘဝကြီး ထဲကို ထမင်းစားဖို့ ပျော်ပျော်ကြီး ရောက်လာကြတာလေ ဟား ဟား။ ဒါနဲ့ မြန်မာပြည်က သူငယ်ချင်း တွေ အကြောင်းကတော့ စုံသလောက် ဖြစ်သွားပြီ။ စင်ကာပူက မင်းအကြောင်း လေးတွေလည်း ပြောဦးလေ။ ဟေ့ကောင် ထွန်းကြီး ငါပြောတာ ကြားလား”
”…..”
(၃)
”လိုင်းကျသွားလို့ သူငယ်ချင်း ရေ ပြန်ခေါ်လိုက်တာ…ဒါနဲ့မင်း ရဲ့နောက်က ကွိစိ၊ ကွစ အသံတွေ က ဘာတွေတုံး”
”ဘာတွေ ရှိရမှာတုံး… ငါ နဲ့မင်းနဲ့ ဖုန်းပြောရင်း လမ်းလျှောက် လာတာ ငါနေတဲ့ အဆောင်ကို ရောက်နေပြီလေ။ မင်းကြားတဲ့ ကွိစိ၊ ကွစ ဆိုတာက အင်ဒိုနီးရှားတွေ ပြောနေကြတဲ့ အသံကွ”
”မင်းပြောတဲ့ မင်းနဲ့တစ်ခန်း တည်းနေရတဲ့ ကောင်တွေ ဆိုတာလား။ ပြောစမ်းပါဦး အဲ့ဒီ အကောင်တွေ အကြောင်း”
”အေးကွ..ငါ့ကုတင်ဘေးက ဘင်္ဂလားသား အကြောင်း မင်းကို ငါပြောပြီးပြီ မို့လား။ ဟေ့ကောင် ရေ…အင်ဒိုက ပြောရင်း မျက်ရည်တွေ ဘာတွေ ကျလို့ကွ…ခဏနေ ဦး။ ငါ စပ်စုကြည့် လိုက်ဦးမယ်။ မင်း ဖုန်းကိုင်ထားဦး”
”အေး…မကြာစေနဲ့ လိုင်းကျသွားရင် ခေါ်ရခက်တယ်”
”………”
”………”
”ဒီလိုဟေ့ကောင်ရေ…အင်ဒိုသားက ဘာလို့ ငိုနေသလဲဆိုရင် အင်ဒိုက သူ့မိသားစုဝင် တစ်ယောက် ဆုံးလို့တဲ့။ ဘယ်သူလဲတော့ ငါလည်း မသိဘူး”
”ဟင်..မင်းကလည်း။ မင်းနဲ့ တစ်ခန်းတည်း နေပြီး အရင်ကတည်းက သူ့မိသားစု အကြောင်း မင်းမေးမထား ဖြစ်ဘူးလား”
”ဟ…ဒါမြန်မာနိုင်ငံ မဟုတ်ဘူး ဂျာနယ်လစ်ရဲ့။ တချို့ ကိစ္စတွေက စပ်စုလို့ ကောင်းတာ မဟုတ်ဘူး။ သူတို့ကိုယ်တိုင်က လည်း စပ်စုတာကို ကြိုက်ပုံမရဘူး”
”အဲဒါဆို….မင်းရဲ့ အင်ဒိုလေးက သူ့နိုင်ငံ ပြန်ဦးမှာပေါ့”
”ဘယ်ပြန်နိုင်မလဲကွာ..သူ ရတဲ့ လစာက စင်ကာပူဒေါ်လာ တစ်ထောင်တောင်ပြည့်တာမှ မဟုတ်တာ။ သူ့ပြည်ကို မပြန်နိုင် လို့ ကောင်းကောင်းကြီး ပုလဲခနေတာပေါ့။ ဒါနဲ့ ငါ့မိဘတွေရော နေကောင်းကြတယ် သတင်းကြားလား သူငယ်ချင်း”
”မင်းမိဘတွေက ကျန်းမာပါတယ်ကွာ။ ငါလည်း အလုပ်တွေနဲ့မို့ မရောက်ပေမယ့် ဖုန်းတော့ ခဏခဏ ဆက်ဖြစ်ပါတယ်”
”အေးကွာ…ငါပြန်မရောက်ခင် မင်းလည်း ငါ့အိမ်ဘက်ကို သွားပေးပါဦး။ ငါ ပြန်မရောက်ခင် ဆိုလို့ ငါ့ အကြောင်းတွေတောင် မင်းကို ပြောဖို့ မေ့နေတယ်”
”အေးလေ။ မင်းပဲ ပြီးမှပြောမယ်ဆိုလို့ ငါစောင့်နေတာ။ ပြီး တော့ မင်းဒီနေ့ ဘာကြောင့် အရက်သောက်ရတာပဲ။ ဟေ့ကောင် ငါမေးတာ ကြားလား”
”အေး ကြားပါတယ်ကွ။ ငါ စဉ်းစားနေလို့ပါ။ ဒီလို ကိုမင်း…ငါဒီမှာ ရာထူးတက်တယ်။ မနေ့က ပဲ”
”ဟင်…ရာထူးတိုးတယ် ပြောတဲ့ မင်းအသံကြီးကလည်း အသက်မပါ လိုက်တာ”
”သြော် …မင်းကလည်း ကွာ …ငါ့အကြောင်းကို မင်းမသိတာမှ မဟုတ်တာ။ ငါရာထူးတိုး လို့ ပျော်မှာ မဟုတ်ဘူးဆိုတာ မင်း သိနေတာပဲ”
”ဟုတ်တော့ဟုတ်တယ်လေ ကွာ။ ဒါပေမဲ့…။ ဟေ့ကောင် မင်းရဲ့နောက်က အသံတွေ ဆူညံ နေတာပဲ။ ဘာလဲ ဟိုဘင်္ဂလားတွေ ပဲလား”
”မဟုတ်ဘူး ဟေ့ကောင်ရေ။ ဒီတစ်ခါ အိန္ဒိယတွေ။ မင်းကို ငါ ပြောဖူးတယ် မို့လား။ ငါတို့ အခန်း မှာ ငါရယ် ထက်အောင်ရယ် အပါအဝင် နိုင်ငံခြားသား ၆ ယောက်နဲ့ စုစုပေါင်း ၈ ယောက် နေတယ်ဆိုတာ။ အေးအခု အဲ့ဒီ ရှစ်ယောက် ထဲက အိန္ဒိယ နှစ်ယောက်က လိုင်းတစ်လိုင်းကွာ။ မင်းကို ငါပြောဖူးတဲ့ ဒီစင်ကာပူက ဂေလန်း ဆိုတဲ့ နေရာ ကို မင်းသိတယ်မလား။ အေး… ဒီနေ့ အလုပ်ပိတ်ရက် ဆိုတော့ အိန္ဒိယ နှစ်ယောက်က ဂေလန်း သွားတယ်။ ပြန်လာတော့ သူတို့အတွေ့အကြုံကို ကျန်တဲ့ကောင် တွေက ဝိုင်းပြီး စပ်စုနေတာ”
”သြော်..သဘောပေါက်ပြီ။ မင်းတော့ သူတို့လို ဂေလန်းတော့ မသွားပါနဲ့ သူငယ်ချင်းရာ… ဒါ ဆို မင်းပြောတဲ့ စင်ကာပူ ရောက်လာကြသူတွေရဲ့ ‘ပျင်း၊ ပျော်၊ ပျက်၊ ပြေး’ စာရင်းမှာ သူတို့က ပျော်နေကြတဲ့ အဆင့်ပေါ့ ဟုတ်လား”
”အေးပေါ့၊ ဒီကောင်တွေက ပျော်တဲ့ အဆင့်ကို ဖြတ်တာ အရမ်း ကြာတာကွ။ ထားလိုက်ပါကွာ။ ငါတို့ပြောနေတာ ဘယ်ရောက်ပြီလဲ။ သြော်…ငါရာထူး တက်တဲ့ကိစ္စ”
”အေး….ဆက်ပြော ထွန်းကြီး”
”အေးလေ..ငါတို့ မြန်မာပြည်မှာတုန်းက Auto CAD တက်ပြီး အွန်လိုင်း စာမေးပွဲဖြေတော့ ငါလည်းမင်းလို မအောင်ခဲ့ရင် ကောင်းမှာပဲလို့ တစ်ခါတလေမှာ တွေးမိ တယ်”
”အေး…ဆက်ပြော သူငယ်ချင်း”
”မင်းစဉ်းစား ကြည့်လေ။ ငါက Auto CAD အောင်တော့ ဒီကိုရောက်တယ်။ ဒီကိုရောက်တော့ အလုပ်တွေ တစ်ဆင့်ပြီး တစ်ဆင့် တိုးလုပ်ရင်း ငါမြန်မာပြည်ကို အလည်လာဖို့တောင် ခွင့်ရက်က ဘယ်မှာရလို့လဲ”
”ဒါကတော့ကွာ…ငါ ပြောနေကျ အတိုင်းပဲ ပြောရရင် မင်း စွန့်စားရတဲ့ အချိန် နဲ့ အခြေအနေကို ငွေကြေးနဲ့ တိုက်ရိုက် အချိုးချလေ။ အဲ့ဒီအခါ…”
”တော်ပြီ ကိုမင်းရေ…မင်း ဆက်ပြောမှာ ငါသိတယ်။ ငါတို့ မြန်မာတွေကွာ၊ စင်ကာပူ ကို လာတာငွေကြေး လာရှာဖို့ သက်သက် တစ်ခုတည်းလား။ အဲ့ဒါ ငါ့ကိုယ်ငါ မေးလို့ မရလို့ မြန်မာပြည်က မင်း ကို မေးကြည့်တာ မင်းဖြေ”
”ဒါကတော့ကွာ…ဘယ်အရာမဆို စွန့်လွှတ်ရမှု တစ်ခုအတွက် တူတန်မျှတဲ့ လျော်ကြေး ဆိုတာ ရှိတာပဲ။ မင်းအဲ့ဒါကို သဘောမပေါက် လို့ပါ”
”ဒီက လူတွေကို ငါကြည့်တယ်ကွာ။ ငွေက ကိုယ့် ပြန်လိုက်ဖို့ ကြိုးစားနေကြရင်း၊ တော်တော် များများကတော့ ငွေနောက်ကို ဝရုန်းသုန်းကား လိုက်နေကြတုန်းပဲ”
”အဲ့ဒါ ဘဝပဲ ထွန်းကြီးရဲ့”
”အဲ့ဒါဘဝ ဆိုရင်…အဲ့ဒီ ဘဝကို ငါမလိုချင်ဘူးကွာ။ ငါ မနေ့က ရာထူးတက်တယ်။ အဲ့ဒီရာထူး အတွက် ငါရုန်းရဦးမယ်။ ရာထူး ဆိုတာ ငါ့အတွက်တော့ ပခုံးပေါ်တင် ပေးလိုက်တဲ့ ထမ်းပိုး တစ်ချောင်းနဲ့ တူနေမလားပဲ”
”မင်းထမ်းထားတဲ့ ထမ်းပိုးပေါ် မှာ ပိုက်ဆံတွေ ရှိနေတယ်လေ”
”လာပြန်ပြီ ဒီပိုက်ဆံ…. ငါတို့ ဒီ ပိုက်ဆံနောက်ကို ဘယ်အချိန်ထိ လိုက်နေကြ ရဦးမှာလဲ။ ဒီကိုရောက်နေတဲ့ မြန်မာတွေ ပို တော်လာ လေလေ ငါဝမ်းနည်း လေလေပဲ။ ငါတို့က သူတို့ဆီက တစ်စုံတစ်ခု မျှော်လင့်ချက်အတွက် ငါတို့ဘက်က ပေးဆပ်လိုက် ရတဲ့ပညာတွေက နည်းနည်းနောနောမှ မဟုတ်တာ။ အဲ့ဒီ ပညာတွေရဲ့ အသီး အပွင့်တွေကို ပြန်မြင်ရင် ငါပိုပြီး ဝမ်းနည်းတယ်။ ငါအခု ရပ်နေတဲ့ မြေဟာ ငါတို့မြေ မဟုတ်ဘူး”
”မင်းပဲ စောစောက ပြောတယ်လေ..ငါတို့ ဒီက သူငယ်ချင်းတွေရဲ့ ဖြစ်နေတဲ့ ကာရိုက်တာ နဲ့ လုပ်နေတဲ့ အလုပ်တွေအကြောင်း ဒါကလည်း တစ်စုံတစ်ခု အတွက် ရင်းနှီးနေတာပဲ မဟုတ်လား”
”ငါအများကြီး မပြောတော့ဘူးကွာ..ခြုံပြီး ပြောရရင် မင်းတို့က တန်ပါတယ်”
”တန်ခြင်း၊ မတန်ခြင်းဆိုတာ ကိုမင်းက ဘယ်ပေတံနဲ့ တိုင်းနေပြန်တာလဲ စင်ကာပူသားရယ်။ လူ့ ဘဝကို ရောက်လာပြီးမှတော့ တန်တာ၊ မတန်တာတွေ အသာထား။ ရောက်တဲ့ နေရာ၊ ဖြစ်တဲ့ဘဝမှာ နေပျော်ဖို့၊ နေသားကျဖို့က ပိုအရေးကြီး မနေဘူးလား”
”ထားလိုက်ပါတော့ ..ငါအခု ဖုန်းပြောရင်း ငါတို့နေတဲ့ အဆောက်အအုံရဲ့ ငါးလွှာကို ရောက်နေတယ်။ ငါနေတာက စင်ကာပူနိုင်ငံ ရဲ့ ချန်ဂီလေဆိပ်နား မှာဆိုတော့ လေယာဉ်သံ တွေကိုလည်း ဖုန်းထဲမှာ မင်းကြားနေ ရမှာပဲ။ ငါအခု ချန်ဂီကနေ မျက်နှာမူထားတဲ့ နေရာ က အနောက်မြောက် ယွန်းယွန်းဆိုတော့ ငါတို့ မြန်မာပြည် ရှိတဲ့ နေရာပေါ့။ ငါတို့ မြန်မာပြည်ဘက်ကို ဦးတည် ပျံသန်းဖို့ ကြိုးစားနေတဲ့ လေယာဉ်တွေကိုလည်း ငါမြင်ယောင်နေတယ်။ အဲ့ဒီ လေယာဉ်တွေရဲ့ ပြေးလမ်း အဆုံးမှာ ငါတို့ မြန်မာနိုင်ငံ ရှိတယ်”
”မင်းပြောတာကို ငါနားထောင်နေတယ် သူငယ်ချင်း”
”အေး….အဲ့ဒီမှာ ငါ လက်ထပ်မယ့် ငါ့ချစ်သူ ရှိတယ်။ ငါ့ မိသားစုရှိတယ်။ ငါ့ရဲ့ အိမ်ရှိတယ်။ ငါကြားဖူးတာ တစ်ခုရှိတယ်။ အိမ်ဆိုတာ အဆောက်အအုံ မဟုတ်၊ အသိုက်အမြုံ တစ်ခုသာလျှင် ဖြစ်တယ်တဲ့။ မင်းတို့ နေထိုင်ရာက အသိုက်အမြုံ၊ ငါအခုနေတဲ့ ချန်ဂီ လေဆိပ်နားက ကွန်းခိုရာက အဆောက်အအုံ၊ အသုံးအနှုန်းရော၊ အဓိပ္ပာယ်ရော အများကြီး ကွာတယ် သူငယ်ချင်း”
”မင်းရဲ့ ခံစားချက်ကို ငါနားလည်ပါတယ်။ မင်းပြောသလို အဆောက်အအုံ ပဲဖြစ်ဖြစ်၊ အသိုက်အမြုံ ပဲဖြစ်ဖြစ်၊ မိုးကောင်းကင်ကြီး တစ်ခုတည်းရဲ့ အောက်မှာ ရှိနေကြ တဲ့ အရာအားလုံး သူ့ရနံ့နဲ့ သူ မွှေးပျံ့ နေစေဖို့ နွေးထွေးမှုတစ်ခု မဖြစ်မနေ လိုတယ်။ အဲ့ဒီ နွေးထွေးမှု ဆိုတာကိုသာ မင်းနားလည် သဘောပေါက်မယ် ဆိုရင် နီးခြင်း ဝေးခြင်း ဆိုတာဟာ ထည့် စဉ်းစားစရာ မလိုတော့ဘူးဆိုတာ မင်း သိလာပါလိမ့်မယ်။ ဒါပဲ သူငယ်ချင်း။ လိုင်းတွေ မကောင်းလို့ ငါဖုန်းချ လိုက်တော့မယ်။ ထုံးစံအတိုင်း ဆီးယူသယ် နိတ်စ်တိုင်းပေါ့ သူငယ်ချင်း”

မင်းဝေဟင်
( November, 2011- ရတီမဂ္ဂဇင်း )

1 comment:

  1. ကောင်းတယ်စာရေးဆရာ........သူငယ်ချင်းနှစ်ယောက် အပြန် အလှန် တယ်လီဖုန်းပြောတာကို ...ရသစာစု အနေနဲ့ရေးပြတာ.ကြိုက်တယ်ဗျာ.. ဟုတ်တယ်..နိုင်ငံရပ်ခြားမှာ....အလုပ်လုပ်နေတဲ့ မြန်မာပြည်သားတွေ...
    ငွေဆိုတဲ့ နောက်ကို လိုက်ရင်း ကမ်းနဲ့ ဝေးလာသလားလို့......ကျွန်တော်
    ကိုယ်တိုင်လည်း တစ်ခါတစ်လေ ခံစားရတယ်၊

    ReplyDelete

back to top