ပုံရိပ်စစ် တို့ရဲ့ သင်္ကေတ

၁။
တဂျုတ်ဂျုတ်နဲ့ သံစုံ မြည်နေတဲ့ ရထားကြီးက တအိအိနဲ့ ပဲခူး ဘူတာကို ဆိုက်ရောက်လာတယ်။

မန္တလေး ကနေ ရန်ကုန်ကို တစ်ညလုံး ခုတ်မောင်း လာရတဲ့ အတွက် ရထားကြီးက တာဝေး အပြေးသမား ပန်းဝင်ခါနီးလို ဖုတ်လှိုက် ဖုတ်လှိုက်နဲ့ နွမ်းရိနေပြီ။ ရေသန့် ဘူးထဲက ရေကိုယူရင်း ရထားကြီးရဲ့ တံခါးပေါက်ဝ ကနေ ခေါင်းပြူပြီး ကိုထူးအောင် မျက်နှာ သစ်လိုက်တယ်။ နာရီကို ကြည့်တော့ ရှစ်နာရီခွဲ တိတိ။ ဒီပုံစံ အတိုင်းဆိုရင် ရထားက ရန်ကုန်ရောက်ရင် လွန်ရောကျွံရော ၁၀ နာရီပေါ့။

အချိန်တွေ အများကြီး ရနေသေး တာပဲလို့ ကိုထူးအောင် တွေးပြီး ပြုံးလိုက်တယ်။ သူသွားရမယ့် မင်္ဂလာဆောင်က နေ့လယ် ၁ နာရီက ၃ နာရီ ဆိုတော့သူ့မှာ အချိန်တွေ အများကြီး ရနေသေးတယ်။ ရထားက ည ၈နာရီမှ မန္တလေးကို ပြန်သွား ရမှာလေ။ အချိန်တွေ အများကြီး ရနေသေးရင် ကန်တော်လေးက သူငယ်ချင်း တစ်ယောက် အိမ်ကို ၀င်လိုက်ဦးမယ်။ ပြီးရင် မဖူးရတာ ကြာပြီဖြစ်တဲ့ ရွှေတိဂုံ ဘုရားကြီး ကိုလည်း အားရပါးရ ဖူးမြော် လိုက်ဦးမယ်။ ရထားပြန်မယ့် ည ၈ နာရီ အချိန်အတွင်း အချိန်တွေ အတော် ရနေသေး တယ်လေ။ တစ်နေ့တာ လှုပ်ရှားမှုတွေ အတွက် စိတ်ကူးထဲမှာ အစီ အစဉ်တွေ ရေးဆွဲပြီး ကိုထူးအောင် ပြုံးလိုက်ပေမယ့် အပြုံးတွေ ကတော့ နွမ်းနေတယ်။ တစ်ညလုံး အိပ်ခဲ့ရတယ် မရှိ။

မန္တလေးမှာ တုန်းက တစ်ညလုံး ရထားပေါ်မှာ အိပ်သွားမယ် ဆိုတဲ့ အတွေးတွေလည်း ရထားပေါ် ရောက်ရောက်ချင်း မှာပင် ပျက်ခဲ့ရပြီ။ ပျက်ဆိုလည်းကြည့်။ ကိုထူးအောင် လိုက်ပါလာတဲ့ တွဲတစ်တွဲလုံး မှာက ဆယ်ကျော်သက်၊ နှစ်ဆယ်ကျော်သက် လူငယ်တွေ ချည်းသာ။

သူတို့ကျတော့ ကိုထူးအောင်လို “အရေးကြုံလို့ လှေကြုံလိုက်” လာတာတွေ မဟုတ်ဘဲ ဒီနေ့ညနေ ရန်ကုန်မှာ ကန်မယ့် ဘောလုံးပွဲ အတွက် သီးသန့် လိုက်လာကြသူ တွေသာလေ။

“တစ်ညလုံး မအိပ်ဘဲ သောက်လိုက်ကြ၊ စားလိုက်ကြ၊ အော်လိုက်၊ ဟစ်လိုက်ကြ လုပ်လာတဲ့ သေနာလေးတွေ။ အခုတော့ ဒင်းတို့ ဘာခံနိုင် သေးလဲ။ ညနေ ဘောလုံးပွဲ ကြည့်ချိန်ကျရင် ဒင်းတို့တွေ မကြည့်နိုင်ဘဲ မှောက်နေပါ စေဗျာ” စိတ်ထဲကနေ ကိုထူးအောင် ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲလိုက်တယ်။ ကြည့်လေ။ ဒင်းတို့ရဲ့ တစ်ညလုံး သောက်လာတဲ့ အယ်လ်ကိုဟော အရှိန်က အခုလို နေကြီးထွက် ပြူလာတဲ့ အချိန်ကျမှ ခေါင်းမထောင် နိုင်တော့အောင် အစွမ်းပြ နေပြီလေ။ တစ်ကောင်ဆို ဟောက်များတောင် ဟောက်နေလိုက်သေး။ ကောင်းရော။ ရထားပေါ်မှာ ပါလာတဲ့ တစ်ညလုံး မှာလည်း အတီးတွေ၊ အဆိုတွေ၊ အကတွေနဲ့ အားမရဘဲ ဒီနေ့ညနေ ဘောလုံးကွင်းထဲ ရောက်ရင် သံပြိုင် အော်ရမယ့် စကားလုံး တွေကိုလည်း အော်ဟစ်လေ့ကျင့် လာကြ သေးတယ်လေ။ တချို့ညနေ စကားလုံး တွေက ကိုထူးအောင် မကြားဖူးတဲ့ အထူးအဆန်း ခပ်ကြမ်းကြမ်း စကားတွေမို့ ဘေးက ကိုထူးအောင် က “ဒီစကားတွေတော့ မင်းတို့ ကွင်းထဲ ရောက်မှပဲ အော်ကြပါကွာ”လို့ တားခဲ့ ရသေးတာ။

“ဟ- ဦးလေးကြီးက ဘာသိလို့လဲ။ ဘောလုံးကွင်း ထဲမှာ လာကြည့်တယ် ဆိုကတည်းက အော်ချင်၊ ဟစ်ချင်၊ ခုန်ချင်၊ ပေါက်ချင်လို့ ပေါ့ဗျာ။ နို့မို့ဆိုရင် မန်းလေး ကနေ ရန်ကုန်ထိတောင် လိုက်လာ စရာလား။ မန်းလေးက တီဗွီ တစ်လုံးရှေ့ ထိုင်လိုက် ရုံပဲပေါ့”

ရထား တွဲပေါ်က လူငယ် တစ်ယောက်က ပြောလာတော့လည်း ကိုထူးအောင် ပါးစပ်ပဲ ပိတ်လိုက်ရတယ်။ ရထားတွဲက ကိုထူးအောင်တို့ တွဲအပါ အ၀င် စုစုပေါင်း ၁၆ တွဲတောင်လေ။ တွဲတိုင်း တွဲတိုင်းမှာတော့ အသက် ၂၀ အရွယ် လူငယ်တွေသာ အများစု ဖြစ်ပြီး ကိုထူးအောင် တို့လို အသက် ၄၀ ရွယ်တွေနဲ့ အခြား အရွယ်တွေ။ နောက်မိန်းမ တချို့လည်း ပါတော့ပါတယ်။ ဒါပေမဲ့ အရေ အတွက်က အတော် နည်းနည်းရယ်သာလေ။ သူတို့တွေ ကျတော့လည်း ကိုထူးအောင်လို ကိစ္စ တစ်ခုခုနဲ့ မသိမသာ လိုက်လာကြတဲ့ သူတွေများလား။ သေတော့ မသေချာ။

ကိုထူးအောင်တောင် မင်္ဂလာပွဲ တစ်ခုရှိလို့ လိုက်လာ ခဲ့ပေမယ့် တစ်ညလုံး အိပ်မရအောင် ဖြစ်နေတဲ့ အဖြစ် အပျက်တွေကြောင့် ခေါင်းလည်း မထူချင် တော့သလို နောင်တလည်း ရချင် နေပါပြီ။
“ကိုထူးရယ်၊ ရန်ကုန် မင်္ဂလာဆောင် သွားတာများ။ ဘောလုံးပွဲ အတွက် သီးသန့် စီစဉ်ထားတဲ့ ရထားနဲ့ မသိမသာ ကပ်ပြီး လိုက်သွားမယ်လို့။ လူကြားလို့ မကောင်းလိုက်တာ။ ရန်ကုန်က တော့်အမျိုးတွေ ကြားကုန်လို့မှ မကောင်း။ ကိုယ့်ဘာသာ အေးအေးဆေးဆေး ကားနဲ့ပဲ သွားပါလား”

“ဟ- မိန်းမရ၊ မင်းဘာ သိလို့လဲ။ စရိတ် မရှိလို့ မသွား နိုင်တာတော့ ဟုတ်မလား။ မင်းစဉ်းစား ကြည့်ဦး။ ကားနဲ့သွားရင် ကားခက အသွားအပြန် နှစ်သောင်းကျော်။ ပြီးတော့ လမ်းမှာ စရိတ် စကနဲ့။ ရန်ကုန်ရောက်ရင် လက်ဖွဲ့ ရဦးမှာလည်း ရှိသေး။ ဒါက အသွားအပြန် စရိတ်အပြင် လမ်းတစ်လျှောက် စားဖို့ ကိစ္စပါ စီစဉ် ပေးဦးမှာ တဲ့ကွ။ ရန်ကုန်က အမျိုးတွေ သိတာ မှတ်လို့ကွာ”

မန္တလေးမှာ တုန်းက ဇနီးသည် ကြေးမုံနှင့် ပြောခဲ့တဲ့ စကားတွေကို ပြန်ကြားယောင်တော့ ကိုထူးအောင် ပြုံးချင်ချင်တောင် ဖြစ်သွားသေးတယ်။ မန္တလေးမှာ တုန်းကတော့ တွက်ရေးနဲ့ စက်သူဌေးပေါ့။ ရထားပေါ် ရောက်မှသာ အမျိုးကောင်း သားတွေနဲ့ တွေ့ပြီး တစ်ညလုံးလည်း အိပ်မရ။ အိပ်မရလို့ အေးအေးဆေးဆေး လိုက်ရပြန်လား ဆိုတော့လည်း မဟုတ်။ နှစ်သောင်းကျော်ကို တွက်မိပြီး လိုက်လာ ခဲ့သမျှ အခုတော့ မိုးလည်း လင်းပြီမို့ နောင်တ ရချိန်လည်း မရှိတော့ပြီ။ မန္တလေးမှာ ကတည်းက ရထား မထွက်မီ ဒီခရီးရဲ့ တာဝန် ရှိသူတွေ ပေးဝတ် ထားခဲ့တဲ့ အားကစား ၀တ်စုံလေး ကိုတော့ ကိုထူးအောင် အားနာမိသား။ မင်္ဂလာပွဲက အပြန် ရထားပေါ် ပြန်ရောက်ရင်တော့ ဒီဝတ်စုံလေး ပြန်ဝတ်ရ ဦးမှာ ပေါ့လေ။

“ဟေး”
ကိုထူးအောင် စဉ်းစားနေတုန်း ထွက်လာတဲ့ အသံကြောင့် လန့်သွားတယ်။ လူငယ် တစ်ယောက်ရဲ့ “ဟေး” ဆိုတဲ့ အသံနောက်က “ဘော်ဒါတို့ရေ အားလုံး ထကြတော့။ ရန်ကုန်ကို ရထား ၀င်တော့မယ်”တဲ့။ ဘာဖြစ်တာ ပါလိမ့်လို့ တွေးလိုက်မိတဲ့ ကိုထူးအောင် မျက်မှောင်တောင် ကြုတ်သွား မိသေးတယ်။
“သြော်- ဒုက္ခ၊ ဒုက္ခ”

၂။
ဒီဘောလုံး ကွင်းထဲကို ရောက်ကတည်းက ဒေါ်စန္ဒာ မိုးမြင့် မျက်လုံးတွေ ဂနာ မငြိမ် ဖြစ်နေတယ်။ လူထူထူ အသံဆူဆူ ကြားမှာ နားတွေရော၊ မျက်စိတွေပါ ရှုပ်ယှက်ခတ် နေပါပြီ။ ဒါပေမဲ့ ဒေါ်စန္ဒာမိုးမြင့် မျက်လုံးတွေကို အနားမပေး ထားသလို မျက်လုံးတွေ ရွေ့လျား နိုင်ဖို့အတွက် ဆုံလည်ဘော တပ်ထားသလား ထင်မှတ် ရအောင်ပင် လည်ပင်းကိုလည်း ဟိုဘက်ဒီဘက် ၃၆၀ ဒီဂရီ ပြည့်အောင် လှည့်နေ ရသေးတယ်။ ဒါပေမဲ့ ဒီအခြေ အနေကို သူမဘေးမှာ ထိုင်နေတဲ့ ချစ်ခင်ပွန်း ဦးထွန်းသက်ညို သိသွားလို့လည်း မဖြစ်ရအောင် သူမ မျက်နှာရဲ့ ငါးဆယ် ရာခိုင်နှုန်း လောက်ကို ကွယ်ထားနိုင်တဲ့ နေကာ မျက်မှန်အမည်း အကြီးကြီးကို တပ်ထားလိုက်သေး တယ်လေ။

“ဒီကောင်ကွာ။ ဒီပွဲမှာ ဘာဖြစ် နေတာလဲ မသိဘူး။ အသုံးကို မကျဘူး။ ကြည့်ဦး။ သူ့ဘက်က ချည်းပဲ လွတ်နေတာ။ ငါပဲဝင်ကန် ပစ်လိုက်ချင် တော့တယ်။ ဟင်း”

ခင်ပွန်းသည် ဦးထွန်းထက်ညိုက ပါးစပ်က ပွစိ၊ ပွစိပြောကာ တော်ကြာဆောင့်ကြောင့် ထိုင်ကြည့်လိုက်၊ တော်ကြာ မတ်တတ် ထရပ်လိုက် နဲ့မို့ ခင်ပွန်းသည်ရဲ့ လက်ကို ချိတ်ထားရတဲ့ ဒေါ်စန္ဒာ မိုးမြင့်မှာ ရုပ်သေးမရုပ် ကြိုးဆွဲခံထား ရသလို ကုန်းကွကွနဲ့ အခက်တွေ ကြုံနေရတယ်။ ဒါပေမဲ့ ချိတ်ထားတဲ့ လက်တွဲက လွတ်ထွက်သွားလို့ မဖြစ်။ ဒီဘော လုံးပွဲက သူမအတွက် မဖြစ်မနေ အရေးကြီး တယ်လေ။ ဒီလိုဆိုတော့ လူအုပ်တောင့်တောင့်ထဲမှာ ခင်ပွန်းသည်နဲ့ လူစု ကွဲသွားမှာ ကြောက်နေလို့လား။ ဟင့်အင်း။ ဒီထက် အရေးကြီး ကိစ္စတွေ သူမဆီမှာ ရှိနေတယ်လေ။

“မနက်က ကိုညိုကြီးရဲ့ ဖုန်းကိုဆက်တဲ့ ကောင်မလေးက ဟိုကောင်မလေး များလား”
ဒေါ်စန္ဒာ မိုးမြင့်ဘေး မလှမ်း မကမ်းကနေ ဟန်းဖုန်းလေး ဟိုနှိပ် ဒီနှိပ်လုပ်ကာ လတ်လျား၊ လတ်လျား ကိုယ်ဟန် ပြနေတဲ့ ကောင်မလေးကို မျက်မှန် ထူထူအောက် ကနေ လိုက်ကြည့် နေမိတယ်။

“ဟုတ်မှာ ဟုတ်မှာ။ ကြည့်ပါလား ပုံကိုက။ သူများတကာ လင်မှန်းမသိ ဘာမသိ။ တွေ့ကရာ ယောက်ျား သူ့လင်လုပ်ချင် နေတဲ့ပုံ။ တော်သေးတယ်။ ရှေ့က ဘောလုံးပွဲကို မဲကြည့်နေတဲ့ ကိုညိုကြီးက ဒင်းကို လှမ်းမတွေ့လို့။ ဒီကောင်မလေး ၀တ်ထားတာ တွေကလည်း ကြည့်ဦး။ ယောက်ျားတွေ အများကြီး ရှိမယ့် ဘောလုံးပွဲ လာတာတောင် ပေါင်ရင်း ရောက်နေတဲ့ ဘောင်းဘီ တိုကျပ်ကျပ်နဲ့။ ဘောလုံးပွဲ လာကြည့်တဲ့ပုံ မဟုတ်ဘူး။ လင်လာ ရှာတဲ့ပုံ”

“ဂိုး”

ခပ်လှမ်းလှမ်းက ကောင်မလေးရဲ့ ဆီကို ရာနှုန်းပြည့် ရောက်နေတဲ့ ဒေါ်စန္ဒာမိုးမြင့်ရဲ့ စိတ်တွေ “ဂိုး” ဆိုတဲ့ အသံကြောင့် အတော်လန့် သွားတယ်။ ဘယ်အသင်းက သွင်းလိုက်တာ ပါလိမ့်။ သြော် အပြာရောင် ၀တ်ထားတဲ့ အသင်းက အစိမ်းနုရောင် ၀တ်ထားတဲ့ အသင်းကို သွင်းလိုက်တာပဲ။ အပြာအသင်း ဘက်က ဂိုးသွင်းသွားတဲ့ သူက အသင်းခေါင်းဆောင် ကျောနံပါတ် ခုနစ်ပဲ။ ရှေ့တူရူက သူတွေ “ဂိုး” ခနဲ ထအော်ကြတော့ ဒေါ်စန္ဒာ မိုးမြင့်တောင် အယောင်ယောင် အမှားမှားနဲ့ လိုက် အော်မိမလို ဖြစ်သွားသေးတယ်။ ပြီးမှ သတိကို ပြန်ထိန်း လိုက်ရတာ။ ဒေါ်စန္ဒာ မိုးမြင့်တို့ ထိုင်နေတဲ့ ဘက်က အစိမ်းနုရောင် အသင်းဘက် အခြမ်း။ ဦးထွန်းထက်ညို လက်ခုပ် လက်ဝါးတီးအား ပေးနေတဲ့ အသင်းက အစိမ်းနုရောင် အသင်း။

ဂိုးသံတွေ ဆူညံပြီး ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေ အနေကြောင့် ဒေါ်စန္ဒာမိုးမြင့် ကြည့်နေတဲ့ စောစောက ကောင်မလေးတောင် ဘယ်ရောက်သွားမှန်း မသိလိုက်။ ကောင်မလေးကို မြင်ကွင်းထဲမှာ မတွေ့ ရတော့မှ ဒေါ်စန္ဒာမိုးမြင့် ရင်ဘတ်ထဲက အလုံးကြီး ကျသွား ရတော့တယ်။ ဒါဆိုရင် ဒီကောင်မလေး မဖြစ် နိုင်တော့ဘူး လို့လည်း တွေးလိုက်တယ်။ ပြီးမှ ဦးထွန်းထက်ညိုရဲ့ လက်မောင်းကို ကိုင်ထားတဲ့ သူမရဲ့ လက်ကို ဖြုတ်ပြီး ပါလာတဲ့ လက်ပွေ့ အိတ်ထဲက မှန်သေးသေးလေး ကိုထောင်၊ ဘေးလူတွေလည်း မမြင်ရ လေအောင် မသိမသာ မှန်ကြည့်လိုက်တယ်။

“ငါအများကြီး လှပ နုနယ် နေသေးတာပဲ။ ဒါကိုဒင်းက နောက်ထပ် အီစီကလီ ပြီတီတီ တွေနဲ့ ဖုန်းဆက်လား ဘာလား လုပ်နေ ရတယ်လို့။ စိတ်ရှိ လက်ရှိသာ လုပ်လိုက်ရလို့ ကတော့ ဒင်းစိစိ ညက်ညက် ကြေပြီ”
တွေးရင်း ဦးထွန်းထက်ညိုကို လှမ်းကြည့်တော့ သူမကို စိတ်မ၀င်စား အားဘဲ ဘောလုံးပွဲထဲ မှာသာ စိတ်ကို အပြီးနှစ်မြှုပ် ထားသလို ပုံကို တွေ့ရတယ်။

“အင်း- ငါလည်း ကလေးတစ်ယောက် အမြန် ယူမှပါပဲ။ လိုချင်တာတွေ မလိုချင် တာတွေ အသာထား။ ဒင်းကို သားသမီး သံယောဇဉ်လေး ဘာလေးနဲ့ တုပ်ကြည့် ရမှာပဲ။ တတ်နိုင်ဘူးလေ။ ငါအိမ်ထောင် ပြုတုန်းက သူငယ်ချင်းမ နှစ်ယောက် လက်ချာ အရိုက်ကောင်း လိုက်တာနဲ့ အခု အိမ်ထောင်သက် ၅ နှစ် ကျော်ပြီ သားသမီး မယူဖြစ် ခဲ့ဘူး။ ကဲကြည့်။ သူငယ်ချင်း တစ်ယောက်က မိန်းမဆိုတာ တစ်သားမွေး တစ်သွေး လှဆိုတာ အလကားတဲ့။ မိန်းမ မှန်သမျှ ကလေးအမေ ဖြစ်ပြီးမှတော့ အပျိုပုံစံ ပြန်နေချင်လို့ ဘယ်လိုမှ မဖြစ် နိုင်တော့ဘူးတဲ့။ ယောက်ျားဆိုတဲ့ သဘောကလည်း ပျိုနိုင်၊ နုနိုင်၊ ညုနိုင်၊ ဂလုနိုင်မှ တန်ကာ ကျတာတဲ့။ မအိုသေးတဲ့ သူမှ အပျိုလေးနဲ့ တူနိုင်မှာတဲ့။ နောက်တစ်ယောက် ကျတော့ တစ်မျိုး။ ယောက်ျားဆိုတာ နွားသတ္တ၀ါ မဟုတ်ပေမယ့် ချည်နိုင် တုပ်နိုင်မှ တန်ကာကျတဲ့ အမျိုး။ အဲ့ဒီလို ချည်ဖို့တုပ်ဖို့ ဆိုတာက ကိုယ်လို ဇနီးမယား သံယောဇဉ်နဲ့ ဘယ်လိုမှကို မဖြစ်ရေးချ မဖြစ်ပဲ။ ဝေးသေး ဟေးဟေးပဲ။ အဲ့ဒီတော့ သားသမီး ဆိုတဲ့ သံယောဇဉ် ကြိုးနဲ့ တုပ်နိုင်မှ တန်ကာကျမှာ။ လင်ယူ ပြီးတာနဲ့ သားသမီး ယူဖို့သာ အမြန် ပြင်ပေတော့” တဲ့။

သူငယ်ချင်း နှစ်ယောက်ရဲ့ အပြောတွေ လက်ရှိ ဖြစ်ပေါ်ခံစား နေရတဲ့ အတွေးတွေကြောင့် ဒေါ်စန္ဒာ မိုးမြင့် အာရုံတွေ ထွေပြားနေတယ်။ ဦးထွန်းထက်ညိုရဲ့ လက်မောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားရတဲ့ သူမရဲ့ လက်တွေလည်း အံသေချင် နေပြီ။ ဘောလုံးပွဲ ကိုလည်း အမြန်ပြီးချင် နေပြီ။ တကယ်တမ်းမှာ ဘောလုံးပွဲ ဆိုတာ သူမအတွက် ရင်းရင်းနှီးနှီး ကျွမ်းကျွမ်း ကျင်ကျင်ကြီး မဟုတ်ခဲ့ပါ။ တစ်ဖက်ကို ဘယ်နှယောက် ပါဝင် ကစားလို့ ဘယ်အချိန်မှာ ပြီးမယ်ကိုလည်း သူမမသိ။ ဘောလုံး တစ်လုံးတည်းကို လူအယောက် နှစ်ဆယ်လောက် အုံခဲပြီး ၀ိုင်းလု နေရတဲ့ အဖြစ်ကို ကြည့်ရင်းတောင် သူမက မောနေပြီ။ တကယ်ဆို တစ်ယောက်တစ်လုံး ကန်နေကြရင် လုစရာ မလိုတော့ဘူး လို့လည်း သူမတွေးမိ နေတယ်။

“ဟဲ့- နင့်ယောက်ျားက ဘောလုံးပွဲ သွားတယ်ဆိုပြီး သိပ်ပြီးလွှတ်ထား မနေနဲ့ဦး။ တော်ကြာ ဘောလုံးပွဲ မရောက်ဘဲ ရောက်ချင်တဲ့ဆီ ရောက်နေဦးမယ်။ အခုတလော နင့်ယောက်ျား ဗွေဖောက်ချင် နေတယ်လို့ ငါ့ယောက်ျား ဆီက သတင်း အတိအကျ သိရတယ်။ အကောင်းဆုံး ကတော့ ဒီရက်တွေ အတွင်း နင့်ယောက်ျား သွားသမျှကို ယိုးဒယား စူပါ ဂလူးနဲ့ ကပ်ပြီးသာ ထက်ကြပ်မကွာ လိုက်ပေတော့”

ဒေါ်စန္ဒာ မိုးမြင့်မှာ အစ်မ ဖြစ်သူရဲ့ စကားလေး တစ်ခွန်း ကြောင့်ပဲ ဒီနေ့ ဘောလုံးကွင်းထဲ ရောက်ခဲ့ ရတာလေ။ ဒီသတင်းက သေချာလား။ မသေချာလား ဆိုတာတွေထက် ဒေါ်စန္ဒာမိုးမြင့် ကတော့ အခု အချိန်မှာ ဘောလုံး ကွင်းထဲကို ချွေးသံ တရွှဲရွှဲနဲ့ ရောက်နေရပြီ။ ဘောလုံးပွဲ ပြီးရင် အိမ်ပြန်မှ ဖြစ်မယ်။ ဗိုက်ကလည်း ဆာလှပြီမို့ အပြန်လမ်းမှာ တစ်ခုခု ၀င်စားမယ်။ အသံဆူဆူ၊ လူထူထူ ယောက်ျား အများစုသာ ရှိတဲ့ ဘောလုံးကွင်းဟာ ဒေါ်စန္ဒာ မိုးမြင့် အတွက်တော့ ငရဲပြည် တမျှပါပဲ။

“ဂိုး”
အသံ ဆူညံညံ တွေနဲ့ အတူ ဒီတစ်ကြိမ် ၀မ်းမြောက် ၀မ်းသာထပြီး အားရပါးရ အော်ဟစ်ခုန်ပေါက် ကြတာက ဒေါ်စန္ဒာမိုးမြင့်တို့ ဘက်က အခြမ်း ဖြစ်နေတယ်။ အော်ရင်းဟစ်ရင်း ၀မ်းမြောက်ဝမ်းသာ ထခုန်လိုက်တဲ့ ဦးထွန်းထက်ညိုကြောင့် ဒေါ်စန္ဒာမိုး မြင့်တောင် ဘေးကိုလွင့်စဉ် မလိုဖြစ်သွား ရတယ်။

“အမလေးဟဲ့ အဖြစ်သည်း နေလိုက်တာ။ ဒီကလူရဲ့ လည်မျိုကိုတောင် နင်းမိတော့မယ့် အတိုင်း ဖြစ်နေ လိုက်ကြတာ ကလည်း”

စိတ်ထဲက ပြောလိုက် ပေမယ့် အပြင်မှာတော့ ဒေါ်စန္ဒာ မိုးမြင့် မတ်တတ် ရပ်မိ လျက်သား ဖြစ်နေပြီ။ ဦးထွန်းထက်ညိုကလည်း သူတို့ရဲ့ အစိမ်းနုရောင် အသင်း ဂိုးသွင်းပြီးမှ မတ်တတ်အနေ အထားက ပြန်ပြီး မထိုင်ကြ တော့ဘူးလေ။ ဒီလိုဆိုရင် ပွဲပြီးတော့ မလားကို ဒေါ်စန္ဒာမိုးမြင့် တွေးရင်း ၀မ်းသာသွားတယ်။

“ကိုညို၊ ကိုညိုတို့ အသင်းဘက်က သွင်းလိုက် တာမို့လား။ ပွဲရောပြီးတော့ မှာလားဟင်”

“ကိုယ်တို့ အသင်းက သွင်းလိုက်တာ ဟုတ်တယ်။ ပွဲပြီးတော့ မှာလည်း ဟုတ်တယ်။ ဒါပေမဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျ နေလို့ အချိန်ပို ကစားရဦး မှာကွ။ အချိန်ပို ကစားလို့မှ အရှုံး အနိုင်မသိ သေးရင် ပယ်နယ်တီ ဆိုတာ ကန်ဦးမှာ”

သူတို့ အားပေးတဲ့ အသင်းဘက်က ဂိုးသွင်းသွားလို့ ဦးထွန်းထက်ညိုက အားရပါးရ ရှင်းပြနေတယ်။ ဒေါ်စန္ဒာမိုးမြင့် စိတ်ထဲမှာတော့ အချိန်ပိုတွေ၊ ပယ်နယ်တီတွေ ဘာတွေမှန်း မသိဘဲ ရှုပ်ယှက် ခတ်နေတယ်။ ဒီတစ်ကြိမ်တော့ ဦးထွန်းထက်ညို မထိုင်ရင်လည်း မတတ်နိုင် တော့ပြီ။ ဦးထွန်းထက်ညို လက်မောင်းကို လွှတ်ကာ သူမတစ် ယောက်တည်း လူအုပ် တောင့်တောင့်ထဲမှာ ၀ုန်းခနဲ ထိုင်ချလိုက်တယ်။ မထိုင်လို့က မဖြစ်တော့။ သူမ ခြေထောက်တွေ တောင့်နေပြီ။ နှုတ်ကလည်း တစ်စုံ တစ်ရာကို မတိုးမကျယ် ရေရွတ် လိုက်သေးတယ်လေ။

“ငါ့နှယ် သေသာသေလိုက် ချင်တာပါပဲ။ ၀ဋ်ဒုက္ခ တွေနဲ့ စန္ဒာ မိုးမြင့်ရေ သေဟဲ့၊ သေဟဲ့”

၃။
“ဟေ့ကောင်တွေ ဘောလုံးပွဲ စပြီလားကွ”

“ဟား ဟား ဟား”

ငပွေးရဲ့ မေးလိုက်တဲ့ စကားသံ အဆုံးမှာ မှုံကြီးတို့ ဆိတ်ကြီးတို့ ထရယ်ကြတယ်။ ငပွေးက အိပ်ရာက နိုးလာပြီ ဆိုတော့ သူတို့လည်း စိတ်သက်သာရာ ရသွားတယ်။ ဘောလုံးပွဲက တစ်ဖက်တစ်ဂိုးစီ သရေကျလို့ အချိန်ပို ကန်တာတောင် အချိန် ပြည့်တော့မယ်။ ဘောလုံးပွဲ မစခင် ကတည်း က ပွဲကြည့်စင်ရဲ့ တန်းလျားမှာ ခွေခေါက်ခေါက်လေး အိပ်ပျော်သွားတဲ့ ငပွေးက အခုမှ အိပ်ချင် မူးတူးနဲ့ ထမေးတော့ ဆိတ်ကြီးတို့ မရယ်ဘဲ မနေနိုင်ကြ တော့ပြီ။ မှုံကြီးတို့ မေတ္တာ လက်ဆောင်ရတဲ့ လက်မှတ်ကလည်း အထူးတန်း ပွဲကြည့်စင်က မဟုတ်ဘဲ ရိုးရိုးတန်း ပွဲကြည့် စင်ကသာ ဖြစ်တာကြောင့် အမိုး အကာက မရှိ။ တစ်ညနေ လုံးပူထားတဲ့ နေရောင်အောက်မှာ ထိုင်ကြည့် ရတာကြောင့် အခုမှ အိပ်ရာ နိုးလာတဲ့ ငပွေးရဲ့ မျက်နှာမှာ နေရောင်ရှိန်နဲ့ အယ်လ်ကိုဟော အရှိန်နှစ်ခု ပေါင်းကာ နီစပ်စပ် ဖြစ်နေတယ်။ ဘောလုံးပွဲစဉ် တစ်လျှောက်လုံး အယ်လ်ကိုဟော အရှိန်ကြောင့် အိပ်ပျော်နေတဲ့ ငပွေးက အခု အိပ်ရာက နိုးလာပြီ ဖြစ်တာမို့ ဘေးနားက သူငယ်ချင်း မှုံကြီးတို့ တစ်စု အနည်းငယ် စိတ်အေးရပြီ။

ပွဲစဉ်တစ်လျှောက် ငပွေးက လူကသာ မျက်လုံးစုံမှိတ် ခွေခေါက်ခေါက် အိပ်နေပေမယ့် ပါးစပ်က မပိတ်။ ယောင်နေတာလား။ ညည်းနေတာလား မသိတဲ့ နုတ်ထွက် စကားတွေကြောင့် မှုံကြီးနဲ့ ဆိတ်ကြီးက ဘောလုံးပွဲတောင် ကောင်းကောင်း မကြည့်နိုင်ဘဲ ငပွေး ပါးစပ်ကို လက်ဝါး နဲ့လိုက်ပြီး ပိတ်နေရတယ်။ မပိတ်လို့ ကလည်း ဘယ်လိုမှ မဖြစ်။ ငပွေး ပါးစပ်ကထွက် နေတဲ့ စကားတွေက ခပ်လှမ်းလှမ်းမှာ ရှိနေကြတဲ့ လုံခြုံရေး ရဲသားများ ကြားရင် ဘယ်လိုမှ မဖြစ်နိုင်တဲ့ စကားတွေ ဖြစ်နေတာလေ။ လူကသာ ဘောလုံးပွဲ ကန်နေတာကို ဘာမှ မသိရင်သာ ရှိမယ်။ ဘောလုံးပွဲကို ကျောပေး။ ခွေခေါက်ခေါက် အိပ်နေပေမယ့် ပါးစပ်က ထွက်နေတဲ့ စကားတွေက ပီပီသသ ကြည်ကြည်မြမြ။ စည်းချက်တွေတောင် ညီနေ လိုက်သေးတာ။
“ဘောလုံးပွဲက ပြီးတော့မှာပဲ။ ငါလည်း ဘောလုံးပွဲ မကြည့် လိုက်ရဘူး ဟီးဟီး”

အခုမှ ငပွေးတို့ တစ်ကိုယ်တော် ငိုချင်းချပြီ။ ဒီအခြေ အနေကိုသိလို့ ဘောလုံး ပွဲ မလာခင် မနက်ကတည်း က မှုံကြီးက ပြောခဲ့သေးတာ လေ။
“မင်းမူးနေပြီ ငပွေးရဲ့။ ညနေဘောလုံးပွဲ သွားမယ် ဆိုပြီး မနက်ကတည်းက သောက်နေလိုက်တာ။ ငါတို့လည်း သောက်တာပါပဲ။ ဒါပေမဲ့ ငါတို့က ကောင်းကောင်း အားပေး နိုင်သေးတယ်။ မင်းသိပ်မူး နေရင်တော့ မလိုက်နဲ့တော့”
“ဟ-မလိုက်လို့ရ မလားကွ။ ငါမလိုက်ရင် ၀တ်စုံတစ်စုံ ဘယ်ရ တော့မလဲ။ ကြာဆံကြော် တစ်ဘူး ဘယ်ရတော့ မလဲ အေ့”
ငပွေးက ရီဝေေ၀ ဖြစ်နေတဲ့ ခပ်လှမ်းလှမ်းက လော်စပီကာတွေ၊ ဘောက်တွေ တင်ထားတဲ့ ကားကြီးကို ကြည့်ပြီး ပြောလိုက်တယ်။

“ရပ်ကွက် အတွင်းမှာ ရှိကြကုန်သော ဘောလုံးပွဲ ၀ါသနာ ရှင်များခင်ဗျာ။ ယနေ့ ညနေကန်မယ့် ဘောလုံးပွဲ အတွက် လိုက်ပါ ကြည့်ရှု အားပေးချင် သူများ အနေနဲ့ ယခုကျွန်တော် အသံ ဆုံးတာနဲ့ တစ်ပြိုင်နက် ကျွန်တော် တို့ကားဆီကို လာပြီး ၀တ်စုံများနဲ့ ၀င်ခွင့် လက်မှတ်များကို လာရောက် ယူနိုင်ပါပြီ ခင်ဗျာ။ ဘောလုံး ၀ါသနာရှင်တွေ အတွက် ဖယ်ရီကား များကိုလည်း စီစဉ်ပေးဦး မှာပါခင်ဗျ။ ဘောလုံး ၀ါသနာ ရှင်များ စားသုံးရန် အတွက်လည်း ကြာဆံကြော် တစ်ဘူးစီကို လက်ဆောင်ပေးဦး မှာပါ ခင်ဗျ။ ဘောလုံး ပရိသတ်များ အနေနဲ့ ကွင်းထဲ ရောက်ရင်သာ ကျွန်တော်တို့ အသင်းဘက်ကို အစွမ်းကုန် အော်ဟစ် အားပေး ကြပါလို့ တိုက်တွန်းနှိုးဆော် အပ်ပါတယ် ခင်ဗျာ”

မနက် ၁၁ နာရီလောက် ကတည်းက လမ်းထိပ်မှာ ကားကြီးရပ်ပြီး လော်စပီကာ ကနေ အော်ပြောလိုက်တဲ့ အဲဒီလို စကားတွေ ဆုံးကတည်းက ငပွေးတို့ အဖွဲ့ အပါအ၀င် ရပ်ကွက်ထဲက ကလေး၊ လူကြီး၊ မိန်းမများပါ မကျန် ကားကြီးဆီကို ပြေးပြီး ကားကြီးဆီက ပစ်ချပေးတဲ့ ဘောလုံး အသင်း အင်္ကျီတွေ၊ ကြာဆံကြော် ဘူးတွေကို ယူနေကြပြီ။ တချို့မြန်တဲ့ သူတွေဆိုရင် ခေါင်းစည်း ပ၀ါတွေတောင် ရကြတာလေ။ တချို့ကျ တော့လည်း ဘောလုံးပွဲ လက်မှတ်တွေကို စိတ်မ၀င် စားဘဲ ကြာဆံကြော် တွေသာ သူများထက် နှစ်ထုပ်၊ သုံးထုပ် ပိုရအောင် အကြိမ်ကြိမ် တန်းစီ နေတယ်လေ။

“အခုလိုမျိုး လှိုက်လှိုက်လှဲလှဲ အားပေး ကြသလို ညနေ ၃ နာရီ ကျရင်လည်း ဘောလုံးကွင်းထဲ အထိ လိုက်ပါ အားပေးကြပါဦး ခင်ဗျ။ တစ်ယောက်ကို အင်္ကျီတစ်ထည်၊ ကြာဇံကြော် တစ်ထုပ်နဲ့ လက်မှတ် တစ်ခုစီပဲ ပေးပါတယ် ခင်ဗျ။ ဟိုအစ်မကြီး အစ်မကြီး တန်းစီတာ ၃ ခါရှိပြီလို့ ထင်ပါတယ် ခင်ဗျ။ ညနေ ကျရင်လည်း အခုလိုပဲ သုံးယောက်စာလောက် အားပေး စေချင်ပါတယ် ခင်ဗျ”

အဲ့ဒီလို ရုတ်ရုတ်သဲသဲ လူအုပ် ကြားထဲမှာ သူများတကာ နည်းတူ ငပွေးတို့ အုပ်စုလည်း သွားပြီးတန်းစီ စရတာလေ။ သူများနည်းတူ အင်္ကျီတစ်ထည်၊ ကြာဆံကြော် တစ်ဘူးနဲ့ လက်မှတ် တစ်စောင်စီတော့ ရခဲ့ပါရဲ့။ ဒါပေမဲ့ လက်ထဲကို အားကစား အင်္ကျီတစ်ထည် ရောက်လာခဲ့တဲ့ အချိန်ထိ ငပွေးက ဘယ်အသင်း ကလာပြီး ဝေငှနေမှန်း မသိအောင်ဘဲ အယ်လ်ကိုဟော အရှိန်က တက်နေတာလေ။

“ခွီးထဲမှာပဲ။ ငါက အစိမ်းနုရောင် အင်္ကျီရမယ် ထင်လို့ လာတန်းစီတာ။ အပြာရောင်ကြီး ဖြစ်နေပါ လားကွ။ ဟေ့ငါကတော့ ဒီ အသင်းကို အားမပေး နိုင်ဘူးကွ”

“ဟ- မင်းအားမပေး ချင်လည်း ညနေကျမှ မင်းသဘောပဲ ငပွေးရ။ အခုတော့ ဒီအသင်းက လာပေးတုန်း ယူထား ရမှာပဲ။ မင်းဒီအင်္ကျီ မကြိုက်ရင် ပြီးမှ ဟိုဘက် လမ်းထိပ်မှာ သွားရောင်းကြမယ်။ တစ်ထည်ကို တစ်ထောင်တဲ့ကွ။ နည်းလား။ အရက်ဖိုးတောင် ထပ်ရသေးတယ်။ ဟော အခုရတဲ့ ကြာဆံကြော်တောင် အမြည်း လုပ်လို့ရသေး ဟေးဟေး”

မှုံကြီးနဲ့ ငပွေး လူအုပ် ကြားထဲမှာ တိုးတိုးကျိတ်ကျိတ် အချင်းများ နေတာကို သူ့ထက်ငါ အလု အယက်တန်းစီ နေတဲ့ လူအုပ်ကြီး ကတော့ သတိ ထားမိမှာ မဟုတ်ပါဘူး။ ကြာဆံကြော်ဘူး တစ်ဘူးစီနဲ့ လက်မှတ် တစ်စောင်စီကို ကျစ်ကျစ်ပါအောင် ဆုပ်။ တစ်ယောက် တစ်ထည်စီ ရလာတဲ့ အင်္ကျီ အပြာလေး တွေကို ဟိုဘက် လမ်းထိပ်မှာ တစ်ထည် တစ်ထောင်နဲ့ သွားရောင်း။ ပြီးမှ ငပွေးတို့ အဖွဲ့က ဘောလုံး ကွင်းထဲကို ချီတက် လာခဲ့တာလေ။ ကွင်းထဲရောက်တော့ သူတို့ အားပေးချင်တဲ့ အစိမ်းနုရောင် အသင်း ဘက်အခြမ်း သွားထိုင် နေလိုက်တာကို မနက်က လမ်းထိပ်မှာ ကားကြီးနဲ့ လာတဲ့ အဖွဲ့ကဘယ်လို သိနိုင်မှာတဲ့လဲ။

သူတို့ အုပ်စုမှာ ခက်နေတာက ငပွေးလေ။ ဒီဘောလုံးပွဲ ပြီးခါနီး ပယ်နယ်တီ ကန်တော့မယ့် အချိန်ကျမှ အိပ်နေရာက လန့်နိုးပြီး ပြောချင်တာတွေ ပြောနေတာ။ မှုံကြီးတို့လည်း ညစ်နေ ကြပြီလေ။ ဖြစ်နိုင်ရင် ဗီဒီယိုခွေ ကြည့်သလို ဘောလုံးပွဲ အစကို ရီမုနဲ့ပဲ ပြန်ပြီး ငပွေးအတွက် ရစ်ပေးလိုက်ချင် တာလေ။

“ဟာ- တောက်။ ကန်ချက်ကလည်း ညံ့ချက်ပဲကွာ။ ငါပဲ ၀င်ကန်ပစ်လိုက် ချင်တော့တယ်။ ပယ်နယ်တီ ကိုတောင် လွဲအောင်ကန်ရ တယ်လို့ကွာ ဟင်း”

“ဟေ့ကောင် ငပွေးရဲ့။ အခု ပယ်နယ်တီ လွဲသွားတာ မင်းအားပေးတဲ့ အစိမ်းနုရောင် အသင်း မဟုတ်ဘူးကွ။ အပြာရောင် အသင်းက ဟား ဟား ဟား”

၎။
ပယ်နယ်တီ ကန်နေပြီ။ ဘောလုံးပွဲကြီး ပြီးတော့မယ့် အသံ ကြားကတည်းက ခေါက်ထူ၊ ဗုတို၊ ဆစ်တိုတို့ တစ်တွေ နေရာ ယူထားလိုက် ကြပြီ။ အခုတော့ သူတို့ သုံးယောက်ပဲ ကျန်ခဲ့ပြီ။ ဘောလုံးပွဲ မစတင်ခင် တုန်းကတော့ သူတို့ အဖွဲ့က စုစုပေါင်း ငါးယောက်။ ငုံးဥပြုတ် ရောင်းတဲ့ မျောက်ရှုံးမနဲ့ ခွေးပုတို့ နှစ်ယောက်က ခေါင်ထူတို့လို ကွင်းထဲ ထိဝင်ပြီး ဈေးရောင်းခွင့် မရတော့ အပြင်မှာ ဈေးရောင်းရင်း နေရစ်ခဲ့ ကြရတာလေ။ အခု ခေါက်ထူတို့ အဖွဲ့တွေ ပြန် ထွက်လာတဲ့ အချိန်မှာ ခွေးပုတို့က မရှိတော့ဘူး။ ဈေး ရောင်းကုန်လို့ပဲ ဘောလုံးကွင်းနဲ့ မနီးမဝေး မှာရှိတဲ့ မီးရထား သံလမ်းဘေးက တဲငယ်လေးတွေ ဆီကို ပြန်သွား ကြသလား။ ဒါမှ မဟုတ် ဈေးရောင်းအပြီး အိမ်မပြန်ဘဲ တစ်နေ ရာရာမှာ ဆော့နေ ကြသလား။ ခေါက် ထူတို့ စဉ်းစားလို့ မရနိုင်။

“ဟဲ့- ခေါက်ထူ နင့် ကွမ်းယာတွေက အများကြီး ကျန်သေးပါလား။ နင်တော့ ရှုံးတော့မှာပဲ”

“ဗုတိုရယ်၊ နင်သိတယ် မှတ်လား။ ခေါက်ထူတဲ့ တစ်ထူတည်း ရှိတယ်။ နှစ်ထူ ရှိရင်တောင် တစ်ထူကို ဓားနဲ့လှီးပြီး ပါးပစ်လိုက် ဦးမယ်။ ငါအခု ကွမ်းယာတွေ ကျန်တာတော့ ဟုတ်တယ်။ ဒါပေမဲ့ ငါမရှုံးဘူး။ ငါက ကွင်းထဲမှာ နှစ်ရာဖိုးကို ကွမ်းယာ သုံးရာနဲ့ ရောင်းလိုက်တာလေ ဟဲ ဟဲ”

“အေးလေ နင့် ကွမ်းယာကမှ ဟုတ်တုတ် တုတ်ရှိသေး။ ငါက နင့်လို ကွမ်းယာ မရောင်းမိဘဲ မြေပဲဆားလှော် ရောင်းမိပါတယ် ဟာ။ ကျန်နေ တာတွေပဲ ဒီမှာကြည့်ဦး”

“အားမပျက် ပါနဲ့ ဆစ်တိုရယ်။ ဘောလုံးပွဲ ပြီးလို့ လူတွေ ပြန်ထွက်လာရင် နင်ရောင်းရဦး မှာပါ။ ဟဲ့လူသံ တွေကြားနေပြီ။ ပွဲပြီးပြီ ထင်တယ်ဟဲ့”

“လူတွေကြားထဲ သိပ်ပြီး တိုးမနေနဲ့။ နင့်ကိုယ် သေးသေးလေး လူကြားထဲ ညပ်သွားဦးမယ်။ ခေါက်ထူရဲ့”

နောက်က ဗုတိုက လှမ်းအော် လိုက်ပေမယ့် ခေါက်ထူ တို့ကတော့ လူအုပ်ကြားထဲ ရောက်သွားပြီ။ ခေါက်ထူနောက်က ထက်ကြပ်မကွာ လိုက်ရင်း ဗုတိုနဲ့ ဆစ်တိုတို့လည်း လူအုပ်ကြားထဲ တိုးကာ ဝှေ့ကာ ဈေးရောင်း နေကြပြီ။ အော်သံ၊ ဟစ်သံ ဆူညံညံ ကြားထဲ ဈေးရောင်း ရတာက ခေါင်ထူ တို့အတွက် သိပ်တော့ မလွယ်လှ။ လူတွေသာ တစ်သုတ်ပြီး တစ်သုတ် ရှင်းသွားတာ။ ခေါက်ထူတို့ သုံးယောက်မှာ ဈေးတောင် မရောင်းလိုက်ရ။

“ငါအစ ကတည်းက ပြောသားပဲ။ အစိမ်း အသင်းက ရှုံးတော့ မှာပါဆို။ အခု ပယ်နယ်တီမှာ အစိမ်းအသင်း ရှုံးတာတဲ့။ ရှုံးတဲ့အသင်း ဘက်က အပေါက်ကနေ ထွက်လာတဲ့ လူတွေကြားမှာ ငါတို့ ၀င်ရောင်းတော့ ဘယ်ရောင်း ရမှာလဲ။ သူတို့ဘာသာ သူတို့တောင် ညစ်ပြီးထွက် လာကြတဲ့ဟာ။ ငါ့မြေပဲ ဆားလှော်တွေတော့ ပြန်အပ်ရ တော့မှာပဲ”

လူအုပ်ကြီးက တစ်စ တစ်စနဲ့ ရှင်းသွားတဲ့ အထိ ဘာမှမရောင်း လိုက်ရတဲ့ ဈေးဗန်းကို ကြည့်ပြီး ဆစ်တိုက ညည်းညည်းညူညူ ပြောတယ်။
“စိတ်မလျှော့ ပါနဲ့ ဆစ်တိုရယ်။ ဈေးရောင်းလို့ မကုန်လည်း ငါတို့ အပြင်မှာ ရေသန့်ဘူးခွံ ကောက်လို့ရသေး တာပဲ။ ငါကတော့ အပြန်မှာ ရေသန့်ဗူးခွံ ကောက်ပြီးပြန်မယ် စိတ်ကူးထားတယ်။ ဘူးခွံ တစ်ခုကို သုံးဆယ် ဆိုရင်တောင် ဆယ်ခွံရရင် သုံးရာဟဲ့၊ နည်းသလား”

ခေါက်ထူရဲ့ ခပ်စွာစွာ အသံလေးကို ကြားရတော့ ဗုတိုရော၊ ဆစ်တိုပါ အားတက် သွားကြတယ်။ ခေါက်ထူ ပြောသလို ကွင်းပြင်ရောက်ရင် ရေသန့်ဘူးခွံ ကောက်မယ်လို့လည်း ဆုံးဖြတ် လိုက်ကြတယ်။ အော်ဟစ် ဆူညံစွာ တရွေ့ရွေ့နဲ့ ထွက်ခွာ သွားကြတဲ့ လူအုပ်ကြီးရဲ့ နောက်ကနေ သူတို့ သုံးယောက် ထက်ကြပ်မကွာ လိုက်လာကြတယ်။ အပြင်မှာ သဘာဝ အလင်းရောင် တွေလည်း ကုန်ဆုံးနေပြီ။ တချို့ ဓာတ်တိုင်များတောင် မီးလေး တလက်လက် ဖြစ်နေပြီ။

“ဟဲ့- ဗုတို၊ နင်ဒီနေရာက ခဏစောင့်။ ငါနဲ့ ဆစ်တို ဒီချုံထဲမှာ ရှူးဝင်ပေါက် လိုက်ဦးမယ်။ ရော့ ငါတို့ ဗန်းတွေ ခဏယူထား”

ခေါက်ထူနဲ့ ဆစ်တိုက ဆိုးဆိုး ဆတ်ဆတ်နဲ့ ဗုတိုလက်ထဲ ဗန်းတွေထည့်ပြီး ချုံပုတ်ထဲကို ၀င်သွားတယ်။ ဗုတိုက ယောက်ျားလေးမို့ ခေါက်ထူ တို့နောက်က လိုက်သွားလို့လည်း မဖြစ်တော့ လမ်းမမှာပဲ ကျန်ရစ်ခဲ့တယ်။ အဲဒီ အချိန်မှာပဲ အသံတွေကို ဗုတို ကြားလိုက် ရတာလေ။

“ဟဲ့ ခေါက်ထူရဲ့၊ တကယ်ဆိုရင် ဒီပုလင်းကို ငါ အရင် တွေ့တာလေ။ ငါနင့်ကို ပြလို့ နင်ကောက်ယူ လိုက်တာလေ”

“ဘယ်သူပဲ ပြပြ ဒီပုလင်းကို ငါအရင် ရတာလေ ဆစ်တိုရဲ့။ နင်နဲ့ ဒီပုလင်း ဘာမှ မဆိုင်ဘူး”

အသံတွေ ဘက်ကို ဗုတို လှမ်းကြည့်တော့ ခေါက်ထူရဲ့ လက်ထဲမှာ ကိုင်လျက်သား ပုလင်း တစ်လုံးကို တွေ့လိုက်ရတယ်။ ဒီပုလင်းကို မြင်ကတည်းက ယောက်ျားလေး ဖြစ်တဲ့ ဗုတိုက ဘီယာ ပုလင်းမှန်း သိလိုက်ပြီ။ ခေါက်ထူတို့ နှစ်ယောက်ကတော့ ပုလင်းကို သူအရင် တွေ့တယ်။ ငါ အရင် တွေ့တယ် ငြင်းနေကြဆဲ။

“ပုလင်းတော့ ဟုတ်ပါ ပြီ။ နင်တို့ ချုံပုတ်ထဲက ရလာတဲ့ ပုလင်းက ဘီယာ ပုလင်း မဟုတ်ဘဲ ဘီယာ ပုလင်းထဲ သေးတွေ ပေါက်ထည့်ထားတဲ့ သေးပုလင်း ကြီးဖြစ်နေမှ ဟုတ်ပေ့ဖြစ်နေ ကြဦးမယ်”

“ဟဲ့ ဗုတိုရဲ့။ ငါဒီ လောက်တော့ အပါ့ မလားဟဲ့။ ဒီမှာ မမြင်ဘူးလား။ ပုလင်း ခေါင်းမှာ ချိတ်ပိတ်ထားတာ။ ဒီပုလင်းက ကွင်းထဲကို ယူသွားလို့ မရလို့ အရက် သမား တစ်ယောက်ယောက်က ဒီချုံ ပုတ်ထဲမှာ လာထား သွားတာပဲ ဖြစ်မှာ”

“အေး ဟုတ်တယ်လေ။ ဒါပေမဲ့ ဒီပုလင်းကို ငါအရင် မြင်တာလေ ခေါက်ထူရဲ့”

“ဟဲ့- နင်အရင် မြင်လည်း ငါက အရင်ကောက် လိုက်တာလေ”

ပြောရင်း ဆစ်တိုက ခေါက်ထူ လက်ထဲက ဘီယာ ပုလင်းကို ဆွဲလုတယ်။ ခေါက်ထူကလည်း မပေးဘူး ဆိုတဲ့ ပုံစံနဲ့ ဘီယာ ပုလင်းကို ပြန်လုတယ်။ ဗုတိုဆီက ဈေးဗန်းတွေကို ပြန်မယူ နိုင်အားဘဲ ခေါက်ထူနဲ့ ဆစ်တိုက မြက်ခင်းပြင်မှာ လုံးထွေး သတ်ပုတ်နေတယ်။ ဗုတိုကလည်း လှမ်းဆွဲဖို့ မစဉ်းစားဘဲ ဈေးဗန်းတွေ မြက်ခင်းပေါ်ချပြီး လက်ခုပ်လက်ဝါး တီးပြီး အားပေးနေတယ်။

“ဟေး ခေါက်ထူကွ။ မပေးနဲ့ ပြန်လု။ ဆစ်တိုကလည်း အညံ့ မခံနဲ့။ ခေါက်ထူဆီက ရအောင်လု။ ဟေ့ ဟေ့”

သူတို့ သုံးယောက်ရဲ့ မလှမ်း မကမ်းကို လူရွယ် ၂ ယောက် ရောက်လာတော့ ခေါက်ထူတို့ ရန်ပွဲက ရေတိုင်ကီထဲ သောက်လက်စ ဆေးလိပ်တို ပစ်ချ လိုက်သလို ရှဲခနဲတောင် မမြည်အားဘဲ ပွဲက ရပ်သွားတယ်။ ဘီယာ ပုလင်းကတော့ အခု အချိန်ထိ ခေါက်ထူ ရင်ခွင်ထဲမှာ။

“ငါ ဒီချုံပုတ်ထဲမှာ သေသေချာချာ ထားခဲ့တာကွ။ မတွေ့လို့ မဖြစ်ဘူး။ ဒီပုလင်းက ထောင့်ငါးရာ တောင်တန်တယ်”

တစ်ထာင့်ငါးရာ ဆိုတဲ့ အသံကြောင့် ခေါက်ထူနဲ့ ဆစ်တို တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကုန်းထလိုက်တယ်။ ခေါက်ထူက ခပ်မြန်မြန်ပဲ ဘီယာပုလင်းကို သူမ ဈေးဗန်းထဲ ထည့်ပြီး ၀ှက်လိုက်တယ်။ ဘီယာ ပုလင်းမှန်း သေချာသွားတဲ့ ဒီပုလင်း အတွက် ဆစ်တိုနဲ့ နပန်း သတ်ရလည်း ကွင်းပြင်ခပ် ဝေးဝေး ရောက်မှ သတ်တော့မယ်။ ပြီးရင် ဒီပုလင်းကို ပြန်ရောင်းစားမယ်။ လောလောဆယ် ဒီနေရာက အမြန်ရွှေ့ နိုင်ဖို့ ကြိုးစားရပြီ။ ဆစ်တိုကလည်း ခေါက်ထူဆီပါ သွားတဲ့ ဘီယာ ပုလင်းကို ကွင်းပြင်ရောက်မှ တစ်ပွဲတစ်လမ်း အကဲစမ်းရင်း ရအောင် ယူတော့မယ်လို့ ဆုံးဖြတ် လိုက်တယ်။ ပြီးရင် တစ်နေကုန် တစ်နေခန်း မီးရထား ဘူတာမှာ မောမောပန်းပန်း အလုပ် လုပ်ရတဲ့ အဖေကို ပေးမယ်။ အဖေက အရက် သောက်တတ်ပေမယ့် ဒီလို အကောင်းစားတွေ သောက်ရတာ မဟုတ်တော့ အဖေ့ကို ဒီဘီယာ ပုလင်း ပေးသောက်ဖို့ ဆစ်တို စိတ်ကူးလိုက်တယ်။

စိတ်ကူး ကိုယ်စီနဲ့ ဈေးဗန်းတွေ ကိုင်ပြီး သုတ်ခြေ တင်ကုန်ကြတဲ့ ခေါက်ထူနဲ့ ဆစ်တိုနောက်သို့ ဗုတိုတောင်အောင် မနည်း လိုက်နေရတယ်။ ကွင်းပြင်မှာတော့ အလင်းရောင် လုံးဝ မရှိတော့ဘဲ မှောင်သည်ထက် မှောင်လာပြီလေ။

မင်းဝေဟင်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂

ကောင်းကင်တို့ရဲ့ကောက်ကြောင်း


(၁)
`အစကတည်းက ခင်လေးပြောပြီးသားပဲ မောင်ရာ၊  အဖေ့ဆီကိုသွားရင် ဖိုးသားလေးကို ဘယ်လိုမှ ခေါ်သွားလို့မဖြစ်ဘူးဆိုတာ။ အခုတော့ ဘယ့်နှယ်လုပ်မလဲမောင် ဖိုးသားလေးချောင်းဆိုးတာ သုံးရက်ရှိပြီ။ အဲဒါမောင်ပေါ့လျော့တာ´
ငိုသံစွက်ရုံမက မျက်ရည်တွေပါ ပိုးပိုးပေါက်ပေါက် ကျနေပြီဖြစ်သော ဇနီးသည်၏ ပြောစကားအောက်တွင် ကျွန်တော့်၌ ပြောစရာစကား အဆင့်သင့်ရှိမနေပါ။ တကယ်ဆိုလျှင် ခင်လေးပြောသလို ကျွန်တော်ပေါ့လျော့ခဲ့သော အပိုင်းလည်းပါသည်။ ပြဿနာသည် တီဘီရောဂါဟု သံသယရှိနေခြင်းခံရသော အဖေ့အိမ်သို့ ငါးနှစ်အရွယ်ကျွန်တော့်သား ရောက်ရှိသွားခြင်းမှ အစပြုခဲ့ခြင်းဖြစ်သည်။
(၂)
တကယ်တမ်းတွင် အဖေ့အိမ်နှင့်ကျွန်တော့်အိမ်သည် စည်းရိုးတစ်ခုသာ ခြားထားသော အ၀န်းအ၀ိုင်းတစ်ခုတည်းမှသာ ဖြစ်သည်။ ကျွန်တော်အိမ်ထောင်ကျတော့ အဖေနှင့်အမေက အိမ်ဘေးက မြေကွက်လပ်တွင် ကျွန်တော့်ကို အိမ်ဘေးက မြေကွက်လပ်တွင် ကျွန်တော့်ကို အိမ်ဆောက်ပေးခဲ့လေသည်။ စည်းရိုးတစ်ခုခြားထားသော်လည်း အချိန်မရွေးဥဒဟို ၀င်ထွက်၍ ရနိုင်ရန် ခြံစည်းရိုးအလယ်တွင် လူသွားစရာတံခါးတစ်ပေါက်ကို အမြဲတမ်းဖွင့်ထားလေ့ရှိသည်။ ကျွန်တော်က ညီအစ်ကိုသုံးယောက်တွင် အငယ်ဆုံးသားဖြစ်သော်ငြား အိမ်ထောင်ကျသည်နှင့် တစ်ပြိုင်နက် အဖေက ပျဉ်ထောင်သွပ်မိုးအိမ်တစ်လုံး ဆောက်ပေးပြီး အိမ်ခွဲထားပေးခဲ့ခြင်းဖြစ်သည်။
ကျွန်တော့်အစ်ကို နှစ်ယောက်မှာ တစ်ရပ်ကွက်ထဲတွင် အိမ်ထောင်ကိုယ်စီနှင့် အိမ်အသီးသီး ရှိကြသော်လည်း ကျွန်တော့်လို နီးနီးကပ်ကပ် နေကြသူတွေမဟုတ်။ မိသားစုကိုယ်စီနှင့် ညီအစ်ကိုသုံးယောက်လုံးက စီးပွားရေးပိုပိုလျှံလျှံမဟုတ်သော်ငြား စားနိုင်သောက်နိုင်သည့် အခြေအနေမှာတော့ အားလုံးရှိနေသည်။
အဖေက ဌာနတစ်ခုမှာ ရုံးအုပ်တစ်ယောက်လုပ်ခဲ့ပြီး ပင်စင်ယူလို့ အေးအေးဆေးဆေးနေမည် ကြံရုံမှမရှိသေး ချောင်းတဟွတ်ဟွတ်ဆိုးကာ ခဏခဏ  ဖျားတော့သည်။ အိပ်ရာထဲမှာလည်း နေသူမဟုတ်သော်လည်း တရှောင်ရှောင်နှင့် ဖြစ်လာရသည်။ အစပိုင်းတွင် ရပ်ကွက်ထိပ်ဆေးဆိုင်မှ စပ်ဆေးအချို့နှင့် သဟဇာတဖြစ်နေခဲ့သော်လည်း အဖေ့ချောင်းဆိုးရောဂါက ပျောက်သွားလှ ငါးရက်၊ တစ်ပတ်သာ။ ပြီးလျှင် ချောင်းက ပြန်ဆိုးလာပြန်သည်။ ချောင်းဆိုးပုံကြီးကလည်း သက်တောင့်သက်သာတော့မဟုတ်။ တကယ့်ကို ရင်ခေါင်းသံကြီးနှင့်။ အဖေချောင်းတစ်ခါဆိုးလျှင် ၀မ်းဗိုက်ထဲက ကလီစာတစ်ခုခု ပြုတ်ထွက်ပါလာတော့မည်ဟု ထင်ရလောက်အောင်ပင် အဖေ၏အခြေအနေမှာ ဆိုးလာခဲ့သည်။
အဖေ့ကို ကျွန်တော်တို့ သံသယ၀င်ပြီ။
အဖေတစ်ခုခုများ ဖြစ်သလား။ တစ်ခုခုဆိုတာလည်း အခြားတော့မဖြစ်နိုင်။ ချောင်းတွေ ဒီလောက်အဆက်မပြတ် ဆိုးနေပုံထောက်လျှင်…။
အတွေးများ၏ အဆုံးတွင် အစ်ကိုနှင့်တိုင်ပင်ပြီး အထူးကုဆေးခန်း မဟုတ်သော်ငြား၊ အတော်အသင့် နာမည်ရှိသော ဆေးခန်းတစ်ခု ပြေးရပြီ။ အဖေ့ကိ သွေးစစ်ကြ၊ ဆီးစစ်ကြ၊ ဓာတ်မှန်ရိုက်ကြသည်။ နောက်ဆုံး ဆေးခန်းလေး၏ အဖြေက အဖေ့မှာ အဆုတ်တစ်ခြမ်း မကောင်းတော့ပါတဲ့။ တီဘီဟု သံသယရှိသည်တဲ့။ တိတိကျကျ အဖြေတစ်ခုထွက်လာသည်တော့ မဟုတ်ခဲ့။ အဲ့ဒီနောက်တွင် တီဘီရောဂါသည်တစ်ယောက်ကို ပြုစုရမည့် နည်းလမ်းများ၊ တိုက်ရမည့်ဆေးများ၊ လုပ်ဆောင်ရမည့် လုပ်ငန်းများအား မေးပြီး လောလောဆယ် အဖေ့ကို အိမ်မှာပင်ပြန်ခေါ်ထားခဲ့သည်။
`ဖိုးသားလေးလည်း မတွေ့ပါလားကွ´
ဆေးခန်းတွင် ငါးရက်ခန့်နေပြီး အိမ်ပြန်ရောက်သော နေ့မှာပင် ကျွန်တော့်သားနှင့်ပတ်သက်ပြီး အဖေ့ဆီမှ စကားစလာခဲ့သည်။
`အင်း… သူများအိမ်သွားဆော့နေတယ်ထင်တယ်´၊ `သူ့ဘကြီး လာခေါ်သွားလား မသိဘူး´ စသော ကျွန်တော့်မိန်းမ၏ မသေချာ မရေရာလှသော အဖြေများအောက်တွင် အဖေသည် တစုံတခုသော အချိန်အတိုင်းအတာထိ တိတ်ဆိတ်သွားခဲ့သည်။
အဖေ့မျက်လုံးများ မှေးစင်းပြီး အိမ်ခေါင်မိုးမျက်နှာကျက်ကို ငေးစိုက်ကြည့်နေသည်က တကယ့်ကို ရီဝေေ၀။
တကယ်ဆိုလျှင် ကျွန်တော့်သားက အဖေတို့နှင့် နေလာခဲ့သည်မှာ အဖေပင်စင်ယူကာစကတည်းက ဆိုတော့ တစ်နှစ်လောက်ပင် ရှိပြီ။ ကျွန်တော်တို့လင်မယားက ရုံးလုပ်ငန်းကိုယ်စီနှင့်မို့ မနက်မိုးလင်းလျှင် ကလေး၏ ဝေယျဝစ္စများလုပ်။ လိုအပ်သည်များ စီစဉ်ကာ ဖိုးသားကို အဖေ့အိမ်မှာဥာ ထားခဲ့၇ခြင်း ဖြစ်ဥည်။ သည်တော့ ဖိုးသား၏ အကြောင်းအရာကိစ္စအတော်များများသည် အဖေတို့ အမေတို့နှင့်သာ ပိုပြီး သက်ဆိုင်နေရသလိုပင် ဖြစ်တော့သည်။
ယခုကဲ့သို့ အဖေဖြစ်သောအခါ ဖိုးသားနှင့်အဖေ မဆုံရန် ကျွန်တော်တို့ စီစဉ်ရပြီ။
အမေက ဘာမှဝင်မပြောသော်ငြား စိတ်မကောင်းသည့်ပုံတော့ ပြသည်။ `ဘာပဲပြောပြော ကလေးက အရေးကြီးတယ်။ ဖိုးသားလေးကို ဒီဘက်အိမ်မလာစေနဲ့´ ဟု ပြောရှာသည်။
`အဖေသိရင် စိတ်ကောင်းမှာမဟုတ်ဘူး ဆိုတာတော့ တွေးမိတယ်။ ဒါပေမယ့် မတတ်နိုင်ဘူးမောင်။ အဖေ့နားကို သွားဖို့ဆိုတာ လူကြီးတွေတောင် စဉ်းစားရမယ့်ကိစ္စလေ။ သားလေးကိုတော့ အဖေ့နားကို ဘယ်လိုနည်းနဲ့မှ လွှတ်လို့မဖြစ်ဘူး´
အတ္တစကားမှန်း သိသော်လည်း မိခင်တစ်ယောက်၏ မေတ္တာကို လှစ်ဟလာသည့်စကားမို့ ကျွန်တော်လက်မခံလို့ မရ ဖြစ်ရသည်။ ကျွန်တော်ကိုယ်တိုင်သည်လည်း သားနှင့်ပတ်သက်၍ စိုးရိမ်မှုတစ်ခု ဖြစ်ရသည်က အမှန်ပင်။ နောက်ဆုံး အလွယ်ကူဆုံးနည်းကိုသာ ကျွန်တော်တို့ သုံးလိုက်ကြသည်။ ထိုနည်းမှာ ကျွန်တော်တို့အိမ်နှင့် အဖေတို့အိမ်ကို ခြားထားသော တံခါးကို သော့ခတ်လိုက်ကြခြင်းဖြစ်သည်။ ထိုနည်းသည် ငါးနှစ်အရွယ် ကျွန်တော့်သားအား အဖေ့အိမ်ဘက် မရောက်ရန် ထိန်းသိမ်းဖို့ လုံလောက်သောနည်းဖြစ်နေသည်။ ကျွန်တော်တို့လင်မယားနှစ်ယောက် အဖေ့အိမ်ဘက်လာလျှင် ဖိုးသားသည် ခြံထဲတွင် ရှိနေသည်ဖြစ်စေ၊ အိမ်ပေါ်တွင်ရှိနေသည်ဖြစ်စေ ကျွန်တော်တို့က တံခါးကို သော့ခတ်ပြီး ဖွင့်ပြီးလျှင် သေသေချာချာ ပြန်ပိတ်စသော နည်းဖြင့်သာ အဖေနှင့်ဖိုးသားအား မတွေ့ဖြစ်ရန် ကျွန်တော်တို့ စည်းထားခဲ့ကြသည်။ သို့သော်… ခြံနှစ်ခြံကို ခြားထားသော တံခါးလေးမှ သော့ခလောက်အား အဖေတစ်နည်းနည်းနှင့်များ မြင်သွားမလားဟု ကျွန်တော်စိုးရိမ်မိသည်ကတော့ အခါခါပင်ဖြစ်သည်။
(၃)
အဖေရိပ်မိသည် မရိပ်မိသည် မသေချာသော်လည်း ခြံစည်းရိုးတံခါးသော့ခတ်ထားသော နည်းသည် အဖေနှင့်ဖိုးသားကို ခြားထားနိုင်သည့် ကန့်လန့်ကာကောင်းကောင်း တစ်ချပ်တော့ ဖြစ်နေခဲ့သည်။ အဖေ့ရောဂါသေချာတိကျစေရန် မြို့ထဲက အထူးကုဆေးခန်းကြီးတစ်ခုတွင် ဆေးစစ်ချက်များကို အသေချာပြုလုပ်ထားပြီးဖြစ်ပေမယ့် အဖြေတော့ ထွက်မလာသေး။ တစ်နေ့တွင် အဖေ၏ မိတ်ဆွေတစ်ယောက် အဖေ့ထံသို့ လာပြီး အပြန် ကျွန်တော့အိမ်ဘက်ကို ၀င်ချင်သော သူ့ဆန္ဒကြောင့် ခြံစည်းရိုး၏ တံခါးမှ ဧည့်သည်ကို ကျွန်တော်သော့ဖွင့်ပေးခဲ့သည်။ ထိုအခိုက်အတန့်လေးအတွင်းမှာပင် ကျွန်တော့်သားသည် ဖွင့်ထားသော တံခါးပေါက်မှဝင်ကာ အဖေ့ဆီ ရောက်သွားခဲ့ခြင်းဖြစ်သည်။
အဖေအိပ်နေသော အိပ်ရာဘေးသို့ ဖိုးသားရောက်သွားသည်မှာ ဘယ်၍ ဘယ်မျှ ကြာသွားသည်မသိသော်လည်း ကျွန်တော်တို့၏ စိုးရိမ်မှငသည် အတိုင်းထက်အလွန် ဖြစ်သွားပြီ။ အားလုံးထဲမှာ အဆိုးဆုံးက ကျွန်တော့်မိန်းမပင်ဖြစ်သည်။ အမှန်တွင် အဖေ့နားသို့ ဖိုးသားရောက်သွားသည်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော အဖေက သိပင်မသိလိုက်။ သို့သော် တိုက်ဆိုင်စွာပင် အဖေ့အိမ်မှပြန်လာပြီးနောက်နေ့တွင် ကျွန်တော့်သား အပြင်းဖျားလေသည်။ အဖျားက သိပ်မကြာဘဲ ကျသွားသော်လည်း ချောင်းဆိုးမှာ လုံးဝမကျတော့။ သားအတွက် ကျွန်တော့်မိန်းမ၏အပူမီးသည် ကျွန်တော့်ထံသို့ပါ ကူးစက်ရပြီ။ ကျွန်တော့်မိန်းမပြောသလို တာဝန်ရှိသူက ကျွန်တော်များလားလို့လည်း တွေးရပြီ။ အမေသည်လည်း ကျွန်တော်တို့ကိုကြည့်ပြီး စိတ်မချမ်းသာနိုင်တော့။ မတွေးမကောင်း တွေးမကောင်း အတွေးတို့ဖြင့်သာ ကျွန်တော့်အာရုံမျာ ရစ်ဝဲနေတော့သည်။
အဖေက အသက်ကြီးပြီ။ ဒီရောဂါနဲ့ လူ့လောကက ထွက်သွားရင်လည်း ကိစ္စမရှိတော့။ ငါးနှစ်အရွယ် ကျွန်တော့်သားလေးသာ။ ဘုရား… ဘုရား။
အိမ်မပျော်၍ တွေးသောအတွေးတို့သည် အိပ်စက်ခြင်းကို ပို၍ ဝေးစေခဲ့ပြီ။ ကျွန်တော့်မိန်းမသည်လည်း သားလေး၏ ဟိုမှာဘက်မှာ ငုတ်တုတ်။ နှုတ်ခမ်းလေးချွန်၊ ရင်လေးမောက်ကာ လူးလိမ့်နေအောင် ချောင်းဆိုးနေရသော သားလေးကလည်း ကျွန်တော်တို့ နှစ်ယောက်ကြားမှာ တကယ့်ကို သနားစဖွယ်အတိ။
`ဒါတွေဟာ ခြံတံခါးဖွင့်ပြီး ပြန်မပိတ်မိတဲ့ ဖေဖေ့အပြစ်တွေပါ။ ဖေဖေ့ကို ခွင့်လွှတ်ပါ သားရယ်´
သားကိုကြည့်ရင်း မျက်ရည်မကျစေရန် ကျွန်တော် ထိန်းသိမ်းနေရသည်။ မနက်မိုးလင်းလျှင် တစ်စုံတစ်ခုစီစဉ်ရမည်။ မြို့နယ်ဆေးခန်းနှင့်တော့ မဖြစ်တော့။ မြို့ထဲက အထူးကုဆေးခန်းတစ်ခုမှာ သားလေးကို သွားပြမှ ဖြစ်တော့မည်။
`တီဘီရောဂါဆိုရင်တောင် ဆေးပတ်လည်အောင် သောက်ရင်ပျောက်တယ်´
လမ်းထဲမှ လူတစ်ယောက် ညနေကပြောသွားသော စကားကို ပြန်ကြားယောင်တော့ အတော်လေးအားတက်သွားသည်။ ဟုတ်သည်။ မနက်ဖြန် မြို့ထဲက အထူးကုဆေးခန်းတစ်ခုကို သွားရမည်။ မရှိ၊ ရှိတာလေးတွေ ထုခွဲရောင်းချပြီး သားလေးရဲ့အသက်ကို ဆက်မှဖြစ်မည်။ ကြည့်စမ်းပါဦး။ သူ့ခမျာ အရွယ်နဲ့မလိုက်အောင် ချောင်းဆိုးနေရရှာတာ လူးလိမ့်နေတာပဲ။ အဲဒါ ဖေဖေ့ကြောင့်ပါသားရယ်။ ဖေဖေ့ရဲ့ ပေါ့ဆမှုကြောင့် သားမှာ ဝေဒနာတွေ တစ်ပြုံတစ်သီကြီး ခံစားနေရပြီ။ သားကိုကြည့်ရင်း အတွေးမျိုးစုံတို့ဖြင့် ကျွန်တော့်ရင်မှာ မွန်းကျပ်ရပြန်ပါသည်။
(၄)
တိုက်တိုက်ဆိုင်ဆိုင်ပင် သားလေးကို ကွန်ပျူတာ ဓာတ်မှန်ရိုက်၊ သွေးစစ်၊ ဆေးစစ်ကြည့်သောနေ့မှာပင် အဖေ့အတွက် ဆေးစစ်ချက်အဖြေက ထွက်ခဲ့သည်။ ကျွန်တော့်သားအတွက် ဆေးစစ်ချက်က မရသေး။ ဆေးခန်းမှာ သားအတွက် လုပ်စရာကိစ္စ အပုံအပင်နှင့် ဖြစ်နေသော ကျွန်တော်သည် တိတိကျကျ ၀န်ခံရလျှင် အဖေ့ရောဂါနှင့် ပတ်သက်ပြီး ဆရာဝန်ကြီးနှင့် ကျွန်တော့်အစ်ကိုတို့၏ ဆွေးနွေးစကားများကို ကျွန်တော်မသိလိုက်ပါ။ သားကိစ္စနှင့် ထူပူနေသော ကျွန်တော်သည် အဖေ့အတွက် မျှော်လင့်မှုတစ်ခုကိုလည်း ခေါင်းထဲထည့်မထားဖြစ်ခဲ့ပါ။
အပြန်အငှားကားပေါ်ရောက်မှ အဖေ့ရောဂါဖိုင်တွဲများ ပေါင်ပေါ်တင်ကာ ကားရှေ့ခန်းတွင် ငူငူငိုင်ငိုင်နှင့်ထိုင်နေသော အစ်ကိုကြီးကို အဖေ့ရောဂါနှင့် ပတ်သက်ပြီး မေးမိသည်။
`အဖေ့ရဲ့ တီဘီရောဂါအခြေအနေ အတော်ဆိုးနေပြီလား အစ်ကိုကြီး´
ကျွန်တော်က ကားနောက်ခန်းမှ လှမ်းမေးတော့ ကျွန်တော့်ဘေးမှ ကျွန်တော့်မိန်းမကလည်း ဖိုးသားကို ပေါင်ပေါ်တင်ထားရင်းမှ စိတ်ဝင်စားဟန် နားထောင်နေသည်။ ဖိုးသားက အရင်နေ့လောက် ချောင်းမဆိုးတော့သော်လည်း `အဟွတ်ဟွတ်´နှင့် ချောင်းဆိုးမျှင်တော့ မပြတ်နိုင်သေး။
`အဖေ့ကို ငါတို့ဘက်က ဆေးခန်းက တီဘီရောဂါလို့ သံသယရှိပြီး သတ်မှတ်ခဲ့တာ။ တကယ်တော့ အဖေ့ရောဂါက တီဘီရောဂါမဟုတ်ပါဘူး။ တီဘီရောဂါထက် အများကြီးကြောက်စရာကောင်းတဲ့ အဆုတ်ကင်ဆာရောဂါပ´
`ဗျာ´
ကျွန်တော့်နှုတ်မှ `ဗျာ´ဟု ထွက်သွားသော်လည်း ကျွန်တော့်အတွေးတို့သည် အဝေးကြီးသို့ ပြေးထွက်သွားပြီ။ အဖေဖြစ်တာ တီဘီမဟုတ်ဘူးတဲ့။ အဖေဖြစ်တဲ့ ရောဂါက ကင်ဆာတဲ့။ ဒါဆို ကျွန်တော့်သားအတွက် တီဘီနဲ့ပတ်သက်ပြီးစိုးရိမ်စရာ မရှိတော့ဘူးပေါ့။ ကျွန်တော့်သား ချောင်းဆိုးခဲ့တာတွေက ရိုးရိုးပဲ ဖြစ်နေတာပေါ့။ အဖေ့ဆီက ကူးတယ်ဆိုတာ လုံးဝမဖြစ်နိုင်တော့ဘူးပေါ့။ ကျွန်တော့်ဇနီး၏ ပေါင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်နေသော ကျွန်တော့်သားအား ကျွန်တော်စိုက်ကြည့်လိုက်သည်။ သနားစရာကောင်းသော ကျွန်တော့်သားလေသည် တီဘီရောဂါဆိုးကြီးကို ဘယ်လိုနည်းနှင့်မျှ မကြုံရနိုင်တော့ပါ။ ကျွန်တော့်မျက်ဝန်းတွေ ပြုံးနေမှာလား။ သေတော့မသေချာ…။  သို့သော်…. တဒင်္ဂအတွင်း၌ ကျွန်တော့်အာရုံတွေ ကျွန်တော့်သားမှ လွဲ၍ ဘာမှ ရှိမနေခဲ့တော့တာက သေချာနေသည်။
(၅)
နောက်တစ်နေ့မနက် စောစောတွင် ကျွန်တော့်ကို အဖေက ခေါ်နေတယ်ဟုဆိုလာတော့ အဖေ့အနားကို ကျွန်တော်သွားလိုက်သည်။ ကျွန်တော်နှင့်အတူ နေကောင်းစပြုလာပြီဖြစ်သော ကျွန်တော့်သားကလည်း ပါလာသည်။ အဖေ့ဆီသွားလျှင် ဖိုးသားကို အရင်လို ချန်ထားပစ်စရာ မလိုတော့။ ကျွန်တော်တို့ သားအဖကို မြင်တော့ ခုတင်ပေါ်မှာ ပက်လက်အနေအထားဖြင့် အဖေက စိုက်ကြည့်နေသည်။
`အဖေကျေနပ်လိုက်တာ သားရယ်´
`ဗျာ´
အဖေပြောလာသော စကားကို ကျွန်တော် နားမလည်နိုင်ဘဲ `ဗျာ´ ဟု သံယောင်လိုက်မိသည်။ အဖေ့အနားတွင်တော့ ကျွန်တော်တို့ သားအဖမှလွဲ၍ ဘယ်သူမှ ရှိမနေခဲ့။
`ကောင်းကင်ဆိုတာ ဒီလိုပဲ ဖြစ်နေရမှာပေါ့´
`ကျွန်တော် နားမလည်ဘူး အဖေ´
`အဖေအခုဖြစ်တဲ့ ရောဂါကို သိပြီးပါပြီ ငါ့သားရာ။ လွန်ခဲ့တဲ့ရက်တွေက အဖေ့ရောဂါဟာ တီဘီလား ဆိုးတာကိုလည်း အဖေကိုယ်တိုင် သံသယ၀င်ခဲ့တာပဲ။ ဖိုးသားလေးကို အဖေနဲ့ နီးနီးကပ်ကပ် မရှိစေချင်ခဲ့တာကိုလည်း အဖေရိပ်မိတာပဲ´
`အဖေ… အဖေ့ကို ဘယ်သူပြောလိုက်လဲ´
`မင်းအစ်ကိုကြီးကို အပြစ်မတင်နဲ့ ငါ့သား။ အဖေကိုယ်တိုင် မေးလိုက်တာ။ အဖေကျေနပ်တယ် ငါ့သားရေ…။ မိဘဆိုတာ သားသမီးအပေါ် အရိပ်မိုးပေးရမယ့် စောင့်ရှောက်ပေးရမယ့် ကောင်းကင်တစ်ခုပဲ။ ဖိုးသားလေးအတွက် သားတို့ကာကွယ်ပေးတာ အဖေကျေနပ်တယ်။ ´
`အဖေ´
အဖေသည် တစ်စုံတစ်ခုကို ပြောချင်ဟန်ဖြင့် အားယူနေသည်။ ကျွန်တော်သည်လည်း တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် တွေးကြောက်မှုဖြင့် ချွေးပြန်နေသည်။ မနေ့က။ အဖေ့ရောဂါ တီဘီမဟုတ်တော့မှန်းသိလိုက်တော့ ဖိုးသားအတွက် စိတ်အေးရမှုများဖြင့် ကျွန်တော်ကျေနပ်ခဲ့သည်ပဲ။ အဖေ့ရောဂါအတိမ်အနက်သည် ဖိုးသားအတွက် စိတ်အေးသွားရခြင်းအောက်တွင် စုန်းစုန်းမြုပ်ခဲ့သည်။
`ဘုရား´
ပြုံးယောင်သန်းနေသော အဖေ့နှုတ်ခမ်းမှ ပွင့်အန်လာမည့် စကားများအား စိုးရိမ်ကြီးစွာဖြင့် ကျွန်တော်နားစွင့်နေမိသည်။
`စကားစပ်လို့ အဖေတစ်ခုပြောပြမယ်။ သားငယ်ငယ်တုန်းက အဖြစ်အပျက်လေးတစ်ခုပေါ့။ သားက ညီအစ်ကိုသုံးယောက်ထဲမှာ ငယ်ငယ်ကတည်းက အသားဖြူဖြူ ၀၀ကစ်ကစ်နဲ့ ချစ်စရာအကောင်းဆုံးပဲ။ သားနှစ်နှစ်သားအရွယ်မှာ အဖေ့ရဲ့အဖေ၊ သားရဲ့အဘိုးအိမ်ကို လာလည်တော့ သားကို သားအဘိုးကောက်ချီလိုက်မှာ အဖေစိုးရိမ်လိုက်တာ သားရယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန် သားရဲ့အဘိုး တောသားကြီးရဲ့ လက်မှာ ၀ဲတွေပေါက်နေတာကိုး။ အဖေဖြင့် သားအဘိုးလက်က ၀ဲတွေ သားကိုကူးမှာ ကြောက်လိုက်တာ။ ဒါပေမယ့် သားရဲ့ အဘိုးက သားကို မချီခဲ့ပါဘူး။ ကောင်းကင်ဆိုတာ အဲဒါပဲသား။ အခုလည်း ဖိုးသားနဲ့ပတ်သက်ပြီး သားတို့ ပြီးခဲ့တဲ့ရက်တွေမှာ ကယောင်ချောက်ချားဖြစ်နေကြတာ အဖေ့ကို ဘယ်သူမှ မပြောလည်း အဖေသိပါတယ်။ ငါ့သားက ဖိုးသားလေးရဲ့ အဖေဖြစ်တာ ဘာကြာသေးလို့လဲ။ အဖေက သားရဲ့အဖေဖြစ်တာ ကြာခဲ့ပြီပဲဥစ္စာ။ အဖေမသိဘဲ နေမလား။ ဒါကြောင့် တီဘီမဟုတ်ဘဲ အခုလို ရောဂါဆိုတာ သိလိုက်ရတော့ အဖေကျေနပ်တယ်လို့ ပြောတာပေါ့´
စကားရှည်ကြီးကို ပြောပြီးသောအခါ တာဝေးအပြေးသမား ပန်းဝင်သွားသည့်နှယ် မျက်စိစုံမှိတ်ကာ အဖေ မောဟိုက်သွားခဲ့သည်။ တီဘီရောဂါအစား ကင်ဆာရောဂါ ဖြစ်လိုက်ရတာကိုတောင် အဖေကျေနပ်သတဲ့။ လွန်ခဲ့တဲ့ ရက်တွေက ဖိုးသားနှင့်ပတ်သက်ပြီး ကျွန်တော်တို့၏ အဆင်ခြင်မဲ့ သံသယမျက်ဝန်းတွေအောက်မှာ အဖေ ဘယ်လောက်များ နေရခက်ခဲ့မှာပါလိမ့်။ အဖေဘယ်လောက်များ သိမ်ငယ်ခဲ့ရမှာပါလိမ့်။ အသက်တစ်ခု ရှင်သန်ဖို့ အတွက် အဖေဘယ်လောက် ပင်ပန်းခဲ့ရမှာပါလိမ့်။
`အဖေရယ်…´
အဖေ့လက်ကို ကိုင်ကာ စကားတွေပြောချင်နေခဲ့ပေမယ့် ကျွန်တော့်နှုတ်က ဘာတစ်ခွန်းမှ ထွက်မလာခဲ့ပါ။ အဖေပြောသလိုဆိုရင် ကျွန်တော့်အတွက် အဖေက ကောင်းကင်ကြီးတစ်ခု ဖြစ်ခဲ့သလို ဖိုးသားလေးအတွက်လည်း ကျွန်တော်က ကောင်းကင်တစ်ခုပေါ့။ အဖေအုပ်မိုးခဲ့တဲ့ အဖေ့ရဲ့ ကောင်းကင်ကြီးအောက်က ကျွန်တော်ကလည်း ကောင်းကင်တစ်ခုပေါ့အဖေ။ နောက်ထပ် ကောင်းကင်လေးတစ်ခုရဲ့ အနာဂတ်အတွက် အသက်ရှင်ရဦးမယ့် အတ္တတွေနဲ့ ခြုံလွှမ်းထားတဲ့ ကောင်းကင်တစ်ခုပဲပေါ့ အဖေရယ်…။
`အဖေကျေနပ်လိုက်တာ သားရယ်´ ဆိုသော စကားက ကျွန်တော့်အာရုံကို ပြန်ကပ်လာသည်။ ကျွန်တော့်မျက်ဝန်းအိမ်ထဲ အလိုလို ရောက်လာသော မျက်ရည်ဥတို့ကို အဖေမမြင်စေရန်အတွက် အဖေ့ခုတင်ဘေးမှ ကျွန်တော်ထ၍ မတ်တပ်ရပ်လိုက်သည်။ ပြတင်းပေါက်ဆီမှ အမှတ်မထင် ကောင်းကင်ပြာကို မော့ကြည့်မိတော့ မိုးသားတွေ မည်းမှောင်နေတဲ့ ကောင်းကင်ကြီးဟာ မကြာမီ ပြိုကျလာတော့မယ့် အတိုင်းပါလား။

မင်းဝေဟင်
(ကလျာမဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၁၀)

ရွှေအမြုတေFanClub

မိုးကောင်းကင် ကြီးကတော့ တစ်ခုတည်း


”ဟေ့…သူငယ်ချင်း ဒီတစ်ပတ် မင်း အွန်လိုင်းက ဖုန်းခေါ်တာ နောက်ကျနေပြီ။ ဒီမှာ ည ၇ နာရီ တောင်ကျော်ပြီ”
”ငါ…. Pfingo ဖွင့်တာ လိုင်းမကောင်းလို့ပါကွာ။ အခု မြန်မာပြည်မှာ ညနေ ငါးနာရီ ခွဲပဲ ရှိသေးတယ်။ ဒါနဲ့ မင်း ငါ့ အသံကို ကြားလား….။ ငါ့ အသံကြားလားလို့ မေးတာ”
”အေး….ကြားတယ်။ တိုးတိုး ပြောပါကွ။ ငါဒီဘက်က နားကွဲတော့မယ်…အေ့”
”ဟမ်…ဟေ့ကောင် …မင်း မူးနေတာလား။ မင်းအသံကြီးက”
”ဒီနေ့ ငါတို့ စင်ကာပူမှာ အလုပ်ပိတ်ရက်၊ တနင်္ဂနွေနေ့ ဆိုတော့ မြန်မာသူငယ်ချင်းတွေ ဆုံကြတယ်လေကွာ။ နည်းနည်းပါးပါး ဒီနေ့ ငါပြုစုလိုက် ရတာလေ။ ပြီးတော့ မင်းကို ပြောစရာရှိတယ် ကိုမင်း”
”အေးပြော….ထွန်းကြီး”
”မပြောသေးဘူးကွာ…ပြီးမှ ပြောမယ်။ ငါအခု နည်းနည်းညစ် နေလို့ကွာ”
”ညစ်ပြန်ပြီလားကွာ။ ဘာလဲ မင်းချစ်ချစ် ချယ်ချယ်နဲ့ အဆင်မပြေ ပြန်ဘူးလား”
”မဟုတ်ပါဘူးကွာ။ ငါ့ချစ်ချစ် နဲ့က Peace ပဲ ဘာမှမဖြစ်ဘူး”
”ဒါဆို မင်းက ဘာဖြစ်တာတုံး ထွန်းကြီးရဲ့”
”နောက်မှ ပြောမယ်ဆိုကွာ။ မင်းကလည်း ဂျာနယ်လစ်ပီပီ အမေးအမြန်း ထူတယ်။ ဒါနဲ့ ဟိုကောင်ရော အဆင်ပြေလား”
”ဘယ်ကောင်တုံးကွ”
”ဟိုကောင်လေကွာ….ပြောင်ကြီး။ ငါတို့ တက္ကသိုလ် တက်တုန်းက တစ်အုပ်လုံးမှာ စာအညံ့ဆုံး၊ အခု ဆယ်တန်းတွေ ကျူရှင်ပြစား နေတယ်ဆိုတဲ့ ကောင်လေ”
”သြော်…အေး။ ဒီကောင် M.Sc ပြီးကတည်းက Ph.D ဆက်မတက်ဘဲ စာသင်နေတာ၊ စားလောက်၊ သောက်လောက်ရုံ တော့ရတယ် ကြားတယ်။ ငါနဲ့လည်း မတွေ့ဖြစ်ဘူး”
”ဟာကွာ…မင်းတို့ကလည်း ရန်ကုန်မှာ ရှိနေကြတာချင်း အတူတူ ဘာလို့ မတွေ့ကြရတာလဲ”
”ဟ…ထွန်းကြီးရ၊ ခေတ်ရဲ့ ဘယ်ရေသေရက်မှာ မင်းအိပ်ပျော် သွားတာတုံး။ ဒီကကောင်တွေ ဘာလုပ်နေကြတယ် ဆိုတာ မင်းမသိဘူးလား။ လူတစ်ယောက်မှာ ရှိတာ က လက်နှစ်ဖက်၊ လုပ်ရတဲ့ အလုပ်တွေက များလွန်းလို့ လက်တွေ အများကြီးရှိတဲ့ ကာလီမန် မယ်တော်တောင် ပင့်ပြီး လုပ်ချင်သေးတယ်။ ဒါတောင် တစ်ယောက်တည်း ဟိုဘက်နည်းနည်း တိုးပါဦး ဆိုသလို ဖြစ်နေတာ မင်းမသိဘူးလား”
”မင်းပဲပြောတော့….ဒါနဲ့ ဟိုကောင် ဂုတ်တိုမရော … ငါ သတင်း မကြားမိပြန်ဘူး”
”ဂုတ်တိုမလည်း….သူ့ အလှပြင်ဆိုင် လုပ်ငန်းက အဆင် ပြေတယ်လို့ သတင်းကြားပါတယ်”
”ခွီး”
”ဘာဖြစ်ပြန်တာတုံး ထွန်းကြီး”
”သူလည်း လူပုံနဲ့ လုပ်နေရတဲ့ အလုပ်ကတော်တော်လေး သဟဇာတ ဖြစ်နေသလားလို့ တွေးမိသွားလို့ပါ။ ကျောင်းတုန်းက မင်းသိတဲ့အတိုင်းလေ။ ငါတို့အဖွဲ့က မိန်း ကလေးတွေ အားလုံးထဲမှာ ရုပ်ကလည်း အဆိုးဆုံး၊ ပြီးတော့ လူက ပုတုကွတနဲ့မို့ ဂုတ်တိုလို့ ငါတို့ နာမည်ပေး ထားတာပဲကြည့်။ သူက အခု အလှပြင်ဆိုင် ဖွင့်ပြီး အောင် မြင်နေတယ် ဆိုတော့ ငါရယ်ချင်တာပေါ့ကွ”
”ဒါနဲ့ စင်ကာပူက မင်းသတင်း လည်း ပြောဦးလေ”
”…..”
(၂)
”လိုင်းကျသွားလို့ ပြန်ခေါ်လိုက်တာ သူငယ်ချင်း… ငါတို့ပြောတာ ဘယ်ရောက် သွားပြီလဲ။ သြော် …ဟေ့ကောင် မင်းဟိုကောင် ကိုထူးကို မှတ်မိသေးတယ် မို့လား။ ပြေတီဦးလို သွားတက်ကလေး ပါလို့ သူ့သွားတက်ကလေးမှာ စိန်မြှုပ်ထားတဲ့ ကောင်လေ။ အေး…အဲ့ဒီကောင် အခု မိန်းမယူတော့မလို့”
”ဟမ်…ဟား ဟား … ကိုထူးက မိန်းမယူမလို့ ဟုတ်လား”
”အေးလေကွာ…ငါတို့ အသက်တွေလည်း ၃ဝ ပြည့်နေပြီပဲ။ ဒီကောင် မိန်းမယူတာ ဘာဆန်းလဲ”
”ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ မင်းသိတဲ့ အတိုင်း ဒီကောင်က ငါတို့သူငယ်ချင်း ယောက်ျားလေးတွေ အုပ်စုထဲမှာ ရုပ်ကလေး ကတော့ လှပါရဲ့။ အမြဲတမ်း နွဲ့နေလို့ ငါက ဒီကောင်ကို ယောက်ျား ယူမယ်ထင်တာ”
”အေး….ဟုတ်တယ် ဟေ့ကောင်ရေ သန်သန်မာမာ ကောင်တွေသာ လူပျိုကြီးဖြစ်ဖို့ အရိပ်အယောင် မြင်နေရတာ။ သြော် …သန်သန်မာမာဆိုလို့ ဟိုကောင် ညိုကြီး အကြောင်းကို အရင် အပတ် တွေကတည်းက မင်းကို ပြောမလို့ဟာ မေ့မေ့နေတာ”
”သြော် …ညိုကြီးလား.. ဒီကောင်က ဘာဖြစ်လို့တုံး”
”ဒီကောင်က အခုပွဲစား လုပ်နေတယ်ကွ…အိမ်ပွဲစား၊ ခြံပွဲ စား၊ နောက်…ကားပွဲစား။ ပွဲစား ဆိုတဲ့ ခေါင်းစဉ်အောက်က ဝန်ဆောင်မှု လုပ်ငန်း အားလုံးကို လုပ်နေတာ”
”ဟား ဟား ဟား”
”ဟမ်…ဘာဖြစ်ပြန်တာတုံး စင်ကာပူသားရဲ့”
”သြော်….ညိုကြီးလို စကားပြောရင် နှစ်လုံးမကွဲ လူက အူကြောင်ကြောင် ရှုတည်တည် မျက်နှာပေးနဲ့ ကောင်က ပွဲစား လုပ်နေတယ်ဆိုလို့။ မင်းတို့ အားလုံးလည်း ဟုတ်နေတာပဲနော်”
”ဘာဟုတ်နေတာလဲကွ”
”အားလုံးက ဖြစ်နေတဲ့ပုံစံ၊ ရှိနေတဲ့ ကာရိုက်တာ၊ လုပ်နေတဲ့ အလုပ်တွေ အားလုံးက သဟဇာတ ဖြစ်မနေကြတာ ကိုပြောတာ။ ဟိုတုန်းကဆို ဒီကောင်တွေ ဒီလို ဖြစ် လာလိမ့်မယ်လို့ ကျိန်ပြောရင် တောင် ဘယ်သူ ယုံမှာတဲ့တုံး…”
”အေးလေ…နောက်ထပ် ရှိသေးတာတွေမှ အများကြီး …ငယ်ငယ်တုန်းက မိန်းကလေး ဆိုရင် စေ့စေ့တောင် မကြည့်ရဲဘဲ မိန်းကလေးတစ်ယောက်နဲ့ စကားပြော လိုက်တာနဲ့ မျက်နှာကြီး တစ်ခုလုံး နီရဲလာတဲ့ ပြေကြီးဆိုတဲ့ အကောင်လေ။ မင်းသိတဲ့အတိုင်း အခုတော့ ရုပ်ရှင်မင်းသား ဖြစ်ပြီး ချစ်ခန်း ကြိုက်ခန်းတွေ ရိုက်ရင်း မင်းသမီး တွေကို အကြိမ်များစွာ ရည်းစားစကား ပြောနေရလေရဲ့”
”အေးကွ…သနားစရာ.. ဒီကောင်လည်း ဝဋ်ဒုက္ခ တစ်မျိုးကြောင့် ရုပ်ရှင်မင်းသား ဖြစ်ရတယ် ထင်ပါရဲ့။ ဒါနဲ့မင်းတို့ အားလုံး မြန်မာပြည်မှာ အဆင်ပြေကြရဲ့လား”
”သြော်…ပြောပြီးပြီပဲ သာသာယာယာ ပါပဲဆို။ စားရင်း သောက်ရင်း၊ သွားရင်းလာရင်းပေါ့။ ဝုန်းခနဲထပြီး ချမ်းသာစရာကတော့ စိတ်ကူးယဉ် ချိန်တောင် မရှိလို့၊ နောက်မှ အေးအေးဆေးဆေး ယဉ်ကြည့်ရဦးမယ်။ ငါတို့က ဒီမှာ ပြေးလွှားနေရတာ ယားရင်တောင်ကုတ် အားတာ မဟုတ်ဘူး”
”မင်းပဲ ပြောတော့ မြန်မာပြည်သားရေ”
”အေးလေ…ငါပြောတာ မဟုတ်လို့လား။ ဒီမှာငါတို့ အားလုံး မင်းသိတဲ့ အတိုင်းလေ။ လူ့ဘဝကြီး ထဲကို ထမင်းစားဖို့ ပျော်ပျော်ကြီး ရောက်လာကြတာလေ ဟား ဟား။ ဒါနဲ့ မြန်မာပြည်က သူငယ်ချင်း တွေ အကြောင်းကတော့ စုံသလောက် ဖြစ်သွားပြီ။ စင်ကာပူက မင်းအကြောင်း လေးတွေလည်း ပြောဦးလေ။ ဟေ့ကောင် ထွန်းကြီး ငါပြောတာ ကြားလား”
”…..”
(၃)
”လိုင်းကျသွားလို့ သူငယ်ချင်း ရေ ပြန်ခေါ်လိုက်တာ…ဒါနဲ့မင်း ရဲ့နောက်က ကွိစိ၊ ကွစ အသံတွေ က ဘာတွေတုံး”
”ဘာတွေ ရှိရမှာတုံး… ငါ နဲ့မင်းနဲ့ ဖုန်းပြောရင်း လမ်းလျှောက် လာတာ ငါနေတဲ့ အဆောင်ကို ရောက်နေပြီလေ။ မင်းကြားတဲ့ ကွိစိ၊ ကွစ ဆိုတာက အင်ဒိုနီးရှားတွေ ပြောနေကြတဲ့ အသံကွ”
”မင်းပြောတဲ့ မင်းနဲ့တစ်ခန်း တည်းနေရတဲ့ ကောင်တွေ ဆိုတာလား။ ပြောစမ်းပါဦး အဲ့ဒီ အကောင်တွေ အကြောင်း”
”အေးကွ..ငါ့ကုတင်ဘေးက ဘင်္ဂလားသား အကြောင်း မင်းကို ငါပြောပြီးပြီ မို့လား။ ဟေ့ကောင် ရေ…အင်ဒိုက ပြောရင်း မျက်ရည်တွေ ဘာတွေ ကျလို့ကွ…ခဏနေ ဦး။ ငါ စပ်စုကြည့် လိုက်ဦးမယ်။ မင်း ဖုန်းကိုင်ထားဦး”
”အေး…မကြာစေနဲ့ လိုင်းကျသွားရင် ခေါ်ရခက်တယ်”
”………”
”………”
”ဒီလိုဟေ့ကောင်ရေ…အင်ဒိုသားက ဘာလို့ ငိုနေသလဲဆိုရင် အင်ဒိုက သူ့မိသားစုဝင် တစ်ယောက် ဆုံးလို့တဲ့။ ဘယ်သူလဲတော့ ငါလည်း မသိဘူး”
”ဟင်..မင်းကလည်း။ မင်းနဲ့ တစ်ခန်းတည်း နေပြီး အရင်ကတည်းက သူ့မိသားစု အကြောင်း မင်းမေးမထား ဖြစ်ဘူးလား”
”ဟ…ဒါမြန်မာနိုင်ငံ မဟုတ်ဘူး ဂျာနယ်လစ်ရဲ့။ တချို့ ကိစ္စတွေက စပ်စုလို့ ကောင်းတာ မဟုတ်ဘူး။ သူတို့ကိုယ်တိုင်က လည်း စပ်စုတာကို ကြိုက်ပုံမရဘူး”
”အဲဒါဆို….မင်းရဲ့ အင်ဒိုလေးက သူ့နိုင်ငံ ပြန်ဦးမှာပေါ့”
”ဘယ်ပြန်နိုင်မလဲကွာ..သူ ရတဲ့ လစာက စင်ကာပူဒေါ်လာ တစ်ထောင်တောင်ပြည့်တာမှ မဟုတ်တာ။ သူ့ပြည်ကို မပြန်နိုင် လို့ ကောင်းကောင်းကြီး ပုလဲခနေတာပေါ့။ ဒါနဲ့ ငါ့မိဘတွေရော နေကောင်းကြတယ် သတင်းကြားလား သူငယ်ချင်း”
”မင်းမိဘတွေက ကျန်းမာပါတယ်ကွာ။ ငါလည်း အလုပ်တွေနဲ့မို့ မရောက်ပေမယ့် ဖုန်းတော့ ခဏခဏ ဆက်ဖြစ်ပါတယ်”
”အေးကွာ…ငါပြန်မရောက်ခင် မင်းလည်း ငါ့အိမ်ဘက်ကို သွားပေးပါဦး။ ငါ ပြန်မရောက်ခင် ဆိုလို့ ငါ့ အကြောင်းတွေတောင် မင်းကို ပြောဖို့ မေ့နေတယ်”
”အေးလေ။ မင်းပဲ ပြီးမှပြောမယ်ဆိုလို့ ငါစောင့်နေတာ။ ပြီး တော့ မင်းဒီနေ့ ဘာကြောင့် အရက်သောက်ရတာပဲ။ ဟေ့ကောင် ငါမေးတာ ကြားလား”
”အေး ကြားပါတယ်ကွ။ ငါ စဉ်းစားနေလို့ပါ။ ဒီလို ကိုမင်း…ငါဒီမှာ ရာထူးတက်တယ်။ မနေ့က ပဲ”
”ဟင်…ရာထူးတိုးတယ် ပြောတဲ့ မင်းအသံကြီးကလည်း အသက်မပါ လိုက်တာ”
”သြော် …မင်းကလည်း ကွာ …ငါ့အကြောင်းကို မင်းမသိတာမှ မဟုတ်တာ။ ငါရာထူးတိုး လို့ ပျော်မှာ မဟုတ်ဘူးဆိုတာ မင်း သိနေတာပဲ”
”ဟုတ်တော့ဟုတ်တယ်လေ ကွာ။ ဒါပေမဲ့…။ ဟေ့ကောင် မင်းရဲ့နောက်က အသံတွေ ဆူညံ နေတာပဲ။ ဘာလဲ ဟိုဘင်္ဂလားတွေ ပဲလား”
”မဟုတ်ဘူး ဟေ့ကောင်ရေ။ ဒီတစ်ခါ အိန္ဒိယတွေ။ မင်းကို ငါ ပြောဖူးတယ် မို့လား။ ငါတို့ အခန်း မှာ ငါရယ် ထက်အောင်ရယ် အပါအဝင် နိုင်ငံခြားသား ၆ ယောက်နဲ့ စုစုပေါင်း ၈ ယောက် နေတယ်ဆိုတာ။ အေးအခု အဲ့ဒီ ရှစ်ယောက် ထဲက အိန္ဒိယ နှစ်ယောက်က လိုင်းတစ်လိုင်းကွာ။ မင်းကို ငါပြောဖူးတဲ့ ဒီစင်ကာပူက ဂေလန်း ဆိုတဲ့ နေရာ ကို မင်းသိတယ်မလား။ အေး… ဒီနေ့ အလုပ်ပိတ်ရက် ဆိုတော့ အိန္ဒိယ နှစ်ယောက်က ဂေလန်း သွားတယ်။ ပြန်လာတော့ သူတို့အတွေ့အကြုံကို ကျန်တဲ့ကောင် တွေက ဝိုင်းပြီး စပ်စုနေတာ”
”သြော်..သဘောပေါက်ပြီ။ မင်းတော့ သူတို့လို ဂေလန်းတော့ မသွားပါနဲ့ သူငယ်ချင်းရာ… ဒါ ဆို မင်းပြောတဲ့ စင်ကာပူ ရောက်လာကြသူတွေရဲ့ ‘ပျင်း၊ ပျော်၊ ပျက်၊ ပြေး’ စာရင်းမှာ သူတို့က ပျော်နေကြတဲ့ အဆင့်ပေါ့ ဟုတ်လား”
”အေးပေါ့၊ ဒီကောင်တွေက ပျော်တဲ့ အဆင့်ကို ဖြတ်တာ အရမ်း ကြာတာကွ။ ထားလိုက်ပါကွာ။ ငါတို့ပြောနေတာ ဘယ်ရောက်ပြီလဲ။ သြော်…ငါရာထူး တက်တဲ့ကိစ္စ”
”အေး….ဆက်ပြော ထွန်းကြီး”
”အေးလေ..ငါတို့ မြန်မာပြည်မှာတုန်းက Auto CAD တက်ပြီး အွန်လိုင်း စာမေးပွဲဖြေတော့ ငါလည်းမင်းလို မအောင်ခဲ့ရင် ကောင်းမှာပဲလို့ တစ်ခါတလေမှာ တွေးမိ တယ်”
”အေး…ဆက်ပြော သူငယ်ချင်း”
”မင်းစဉ်းစား ကြည့်လေ။ ငါက Auto CAD အောင်တော့ ဒီကိုရောက်တယ်။ ဒီကိုရောက်တော့ အလုပ်တွေ တစ်ဆင့်ပြီး တစ်ဆင့် တိုးလုပ်ရင်း ငါမြန်မာပြည်ကို အလည်လာဖို့တောင် ခွင့်ရက်က ဘယ်မှာရလို့လဲ”
”ဒါကတော့ကွာ…ငါ ပြောနေကျ အတိုင်းပဲ ပြောရရင် မင်း စွန့်စားရတဲ့ အချိန် နဲ့ အခြေအနေကို ငွေကြေးနဲ့ တိုက်ရိုက် အချိုးချလေ။ အဲ့ဒီအခါ…”
”တော်ပြီ ကိုမင်းရေ…မင်း ဆက်ပြောမှာ ငါသိတယ်။ ငါတို့ မြန်မာတွေကွာ၊ စင်ကာပူ ကို လာတာငွေကြေး လာရှာဖို့ သက်သက် တစ်ခုတည်းလား။ အဲ့ဒါ ငါ့ကိုယ်ငါ မေးလို့ မရလို့ မြန်မာပြည်က မင်း ကို မေးကြည့်တာ မင်းဖြေ”
”ဒါကတော့ကွာ…ဘယ်အရာမဆို စွန့်လွှတ်ရမှု တစ်ခုအတွက် တူတန်မျှတဲ့ လျော်ကြေး ဆိုတာ ရှိတာပဲ။ မင်းအဲ့ဒါကို သဘောမပေါက် လို့ပါ”
”ဒီက လူတွေကို ငါကြည့်တယ်ကွာ။ ငွေက ကိုယ့် ပြန်လိုက်ဖို့ ကြိုးစားနေကြရင်း၊ တော်တော် များများကတော့ ငွေနောက်ကို ဝရုန်းသုန်းကား လိုက်နေကြတုန်းပဲ”
”အဲ့ဒါ ဘဝပဲ ထွန်းကြီးရဲ့”
”အဲ့ဒါဘဝ ဆိုရင်…အဲ့ဒီ ဘဝကို ငါမလိုချင်ဘူးကွာ။ ငါ မနေ့က ရာထူးတက်တယ်။ အဲ့ဒီရာထူး အတွက် ငါရုန်းရဦးမယ်။ ရာထူး ဆိုတာ ငါ့အတွက်တော့ ပခုံးပေါ်တင် ပေးလိုက်တဲ့ ထမ်းပိုး တစ်ချောင်းနဲ့ တူနေမလားပဲ”
”မင်းထမ်းထားတဲ့ ထမ်းပိုးပေါ် မှာ ပိုက်ဆံတွေ ရှိနေတယ်လေ”
”လာပြန်ပြီ ဒီပိုက်ဆံ…. ငါတို့ ဒီ ပိုက်ဆံနောက်ကို ဘယ်အချိန်ထိ လိုက်နေကြ ရဦးမှာလဲ။ ဒီကိုရောက်နေတဲ့ မြန်မာတွေ ပို တော်လာ လေလေ ငါဝမ်းနည်း လေလေပဲ။ ငါတို့က သူတို့ဆီက တစ်စုံတစ်ခု မျှော်လင့်ချက်အတွက် ငါတို့ဘက်က ပေးဆပ်လိုက် ရတဲ့ပညာတွေက နည်းနည်းနောနောမှ မဟုတ်တာ။ အဲ့ဒီ ပညာတွေရဲ့ အသီး အပွင့်တွေကို ပြန်မြင်ရင် ငါပိုပြီး ဝမ်းနည်းတယ်။ ငါအခု ရပ်နေတဲ့ မြေဟာ ငါတို့မြေ မဟုတ်ဘူး”
”မင်းပဲ စောစောက ပြောတယ်လေ..ငါတို့ ဒီက သူငယ်ချင်းတွေရဲ့ ဖြစ်နေတဲ့ ကာရိုက်တာ နဲ့ လုပ်နေတဲ့ အလုပ်တွေအကြောင်း ဒါကလည်း တစ်စုံတစ်ခု အတွက် ရင်းနှီးနေတာပဲ မဟုတ်လား”
”ငါအများကြီး မပြောတော့ဘူးကွာ..ခြုံပြီး ပြောရရင် မင်းတို့က တန်ပါတယ်”
”တန်ခြင်း၊ မတန်ခြင်းဆိုတာ ကိုမင်းက ဘယ်ပေတံနဲ့ တိုင်းနေပြန်တာလဲ စင်ကာပူသားရယ်။ လူ့ ဘဝကို ရောက်လာပြီးမှတော့ တန်တာ၊ မတန်တာတွေ အသာထား။ ရောက်တဲ့ နေရာ၊ ဖြစ်တဲ့ဘဝမှာ နေပျော်ဖို့၊ နေသားကျဖို့က ပိုအရေးကြီး မနေဘူးလား”
”ထားလိုက်ပါတော့ ..ငါအခု ဖုန်းပြောရင်း ငါတို့နေတဲ့ အဆောက်အအုံရဲ့ ငါးလွှာကို ရောက်နေတယ်။ ငါနေတာက စင်ကာပူနိုင်ငံ ရဲ့ ချန်ဂီလေဆိပ်နား မှာဆိုတော့ လေယာဉ်သံ တွေကိုလည်း ဖုန်းထဲမှာ မင်းကြားနေ ရမှာပဲ။ ငါအခု ချန်ဂီကနေ မျက်နှာမူထားတဲ့ နေရာ က အနောက်မြောက် ယွန်းယွန်းဆိုတော့ ငါတို့ မြန်မာပြည် ရှိတဲ့ နေရာပေါ့။ ငါတို့ မြန်မာပြည်ဘက်ကို ဦးတည် ပျံသန်းဖို့ ကြိုးစားနေတဲ့ လေယာဉ်တွေကိုလည်း ငါမြင်ယောင်နေတယ်။ အဲ့ဒီ လေယာဉ်တွေရဲ့ ပြေးလမ်း အဆုံးမှာ ငါတို့ မြန်မာနိုင်ငံ ရှိတယ်”
”မင်းပြောတာကို ငါနားထောင်နေတယ် သူငယ်ချင်း”
”အေး….အဲ့ဒီမှာ ငါ လက်ထပ်မယ့် ငါ့ချစ်သူ ရှိတယ်။ ငါ့ မိသားစုရှိတယ်။ ငါ့ရဲ့ အိမ်ရှိတယ်။ ငါကြားဖူးတာ တစ်ခုရှိတယ်။ အိမ်ဆိုတာ အဆောက်အအုံ မဟုတ်၊ အသိုက်အမြုံ တစ်ခုသာလျှင် ဖြစ်တယ်တဲ့။ မင်းတို့ နေထိုင်ရာက အသိုက်အမြုံ၊ ငါအခုနေတဲ့ ချန်ဂီ လေဆိပ်နားက ကွန်းခိုရာက အဆောက်အအုံ၊ အသုံးအနှုန်းရော၊ အဓိပ္ပာယ်ရော အများကြီး ကွာတယ် သူငယ်ချင်း”
”မင်းရဲ့ ခံစားချက်ကို ငါနားလည်ပါတယ်။ မင်းပြောသလို အဆောက်အအုံ ပဲဖြစ်ဖြစ်၊ အသိုက်အမြုံ ပဲဖြစ်ဖြစ်၊ မိုးကောင်းကင်ကြီး တစ်ခုတည်းရဲ့ အောက်မှာ ရှိနေကြ တဲ့ အရာအားလုံး သူ့ရနံ့နဲ့ သူ မွှေးပျံ့ နေစေဖို့ နွေးထွေးမှုတစ်ခု မဖြစ်မနေ လိုတယ်။ အဲ့ဒီ နွေးထွေးမှု ဆိုတာကိုသာ မင်းနားလည် သဘောပေါက်မယ် ဆိုရင် နီးခြင်း ဝေးခြင်း ဆိုတာဟာ ထည့် စဉ်းစားစရာ မလိုတော့ဘူးဆိုတာ မင်း သိလာပါလိမ့်မယ်။ ဒါပဲ သူငယ်ချင်း။ လိုင်းတွေ မကောင်းလို့ ငါဖုန်းချ လိုက်တော့မယ်။ ထုံးစံအတိုင်း ဆီးယူသယ် နိတ်စ်တိုင်းပေါ့ သူငယ်ချင်း”

မင်းဝေဟင်
( November, 2011- ရတီမဂ္ဂဇင်း )
back to top