နောက်ဆက်တွဲ ဂယက်ငယ်လေးများ


ဒီနေ့ မိုးရွာနေပုံကြီးက အရင်ရက်တွေကနဲ့ကို မတူတာ။ တစ်နေကုန် လင်းသွား ရပ်သွားတယ်ရယ်လို့ မရှိ။ သုတ်ခနဲရွာချလိုက်တဲ့မိုးဟာ အရင်ရက်တွေလို ခဏလောက်သဲကြီးမဲကြီးရွာ။ ပြီးရင်တိတ်သွား။ အဲဒီလိုမျိုးကို မဟုတ်တာ။ ရုတ်တရက် ဒရောသောပါး ရွာချလိုက်တဲ့မိုးဟာလည်း အငြိုးတွေနဲ့လို့ အောက်မေ့ရလောက်အောင်ကို ပြန်ပြီးမတိတ်တော့တာ။ တစ်ခါတစ်ရံ ဘယ်ဆီကမှန်းမသိဘဲ တဝေါဝေါမြည်လာတဲ့ လေကလည်း ကိုရွှေမိုးနဲ့အပြိုင် နှစ်ပါးသွားမြိုင်ထ ပူးတွဲကချင်သေးတော့ မခက်လား။ မိုးသံနဲ့ လေသံပေါင်းတော့ ဝန်းကျင်တစ်ခုလုံးဟာ တရွှီရွှီထနေအောင်ပဲ တဝူးဝူးနဲ့ ပွက်လောရိုက်နေတယ်။
အဲ့ဒီလို မိုးသံလေသံကြားထဲမှာ ကိစ္စတစ်ခုကို လုပ်ဆောင်ဖို့ အယောက်၂၀လောက်ရှိမယ့် လူတစ်စုဟာ အမိုးတစ်ခြမ်းသာရှိတဲ့ ရွာလယ်က ဇရပ်အိုလေးထဲမှာ စုရုံးရောက်ရှိနေကြတယ်။ မကြာသေးခင်က တိုက်သွားတဲ့ မုန်တိုင်းရဲ့နောက်ကို အပျိုမလင်နောက်လိုက်သလို ကောက်ကောက်ပါအောင် လိုက်သွားတဲ့ ဇရပ်ရဲ့အမိုးတစ်ခြမ်းဟာ အစအနတောင် ရှာတွေ့တော့တာမဟုတ်ဘူးလေ။ အခုကျန်နေတဲ့ အမိုးတစ်ခြမ်းဆိုတာကလည်း မိုးလေလေးတစ်ချက်အသုတ်မှာတောင် ဂလပ်၊ ဂလပ် မြည်အောင် ဗြန်းဗြန်းသံ ထွက်ချင်နေသေးတာ။
ပက်စင်နေတဲ့ မိုးစက်တွေကြား လူတစ်စုရဲ့ ရှေ့မှာ မတ်တပ်အနေအထားနဲ့ စကားပြောနေတဲ့ အသက်၇၀အရွယ် ဘိုးလေးထွန်းရဲ့ အသံဟာ တစ်ချက်ချက်စည်းချက်ပျောက်ပျောက်သွားတယ်။ မိုးသံတွေကြားမှာ အော်ပြီးပြောနေရတဲ့ အတွက် ဘိုးလေးထွန်းရဲ့လည်းပင်းကလည်စေ့ဟာ အထက်ကိုတက်သွားလိုက် အောက်ကိုပြန်ကျလာလိုက်နဲ့ အချက်မှန်သလို ဘိုးလေးထွန်းရဲ့ဗိုက်ကလည်း ပိန်လိုက် ဖောင်းလိုက်နဲ့ စည်းဝါးကျနေတယ်။ ဒါပေမယ့် ဘိုးလေးထွန်းရဲ့မျက်နှာမှာတော့ မျှော်လင့်မှုတွေဟာ အားတက်သရော အရောင်လက်နေတယ်။
လူစုပြီး စကားပြောခြင်းဆိုတာထက်လည်း ပိုးလေးနက် အစည်းအဝေးလို့သတ်မှတ်ရလောက်အောင်လည်း အဓိပ္ပါယ်မပြည့်စုံတဲ့ ဒီနေ့ စကားဝိုင်းကို စတင်အကောင်အထည်ဖော်သူကတော့ ဘိုးလေးထွန်းပေါ့။ ရွာသားတော်တော်များများကတော့ ဒီဝိုင်းကို ရောက်သာလာတာရယ် တချို့က ဘာစကားမှကို ဝင်မပြောချင်လောက်အောင် ဒီစကားဝိုင်းပေါ်မှာ အာရုံရှိမနေကြဘူး။ ကိုယ့်အလုပ်နှင့်ကိုယ် ပုဆိုးပြင်စည်းချိန် မရလို့ ပီနန်ကြိုးနဲ့ခါးမှာ ချည်ထားချင်လောက်အောင် ရှုပ်နေရတဲ့ကြားထဲ အလုပ်ပိုတွေဆိုတဲ့ ပုံစံမျိုးနဲ့ ဒီစကားဝိုင်းကို တက်လာကြသူတွေက ခပ်များများရယ်။
ဒီရွာကလေးမှာ မကြာခင်က ဖြစ်သွားတဲ့မုန်တိုင်းရဲ့ လျှာရှည်ရှည်နဲ့ သိမ်းကျုံးရမ်းလိုက်တဲ့အထဲ တစ်ရွာလုံးမှာရှိတဲ့ အိမ်တွေ သစ်ပင်တွေ ဆိုတာ အကောင်းပကတိ ဘယ်မှာရှိတော့လို့လဲ။ တချို့အိမ်တွေများဆိုရင် နို့ဆီခွက် ဖင်ရိုက်ဖွင့်ခံထားရသလို အထက်ကအမိုးတွေ ဘာမှမရှိတော့တဲ့ ဟောင်းလောင်းပေါက်ကြီးကိုဖြစ်နေတာ။ မုန်တိုင်းနှင့်အားစမ်းထားလို့ တွန်းဖြိုခံထားရသလို အပုံလိုက်ဖြစ်နေတဲ့ အိမ်ကလေးတွေဆိုတာလည်း ရေလို့မရလောက်အောင်လေ။
ဒါတောင် မြစ်ရေက ကံကောင်းထောက်မစွာ လျှံတက်မလာလို့ အလဲလဲအပြိုပြိုရွာကလေးဟာ ရေလွှမ်းလွင်ပြင်ထဲမှာ လက်ပစ်ကူးမနေရတာရယ်။ အဲ့ဒီလို အလဲလဲ အပြိုပြိုသစ်ပင်တွေ အိမ်တွေနှင့် အတူ ဘဝတူသွားတာက ရွာထိပ်နှင့်မလှမ်းမကမ်း ကုက္ကိုပင်ကြီးနှစ်ပင်အောက်မှာ ရှိနေတဲ့ ရွာတော်ရှင်နတ်ကွန်းလေးပေါ့။ တကယ်ဆိုရင် နတ်ကွန်းလေးက အိမ်တွေ သစ်ပင်တွေလို ဖင်ထောင်သွားရုံနဲ့ အားမရနိုင်ဘဲ ခပ်လှမ်းလှမ်းက ဝါးကြီးလေးငါးရိုက်လောက်ကို တလိမ့်ခေါက်ကွေး ကျွမ်းပြန်သွားတာ။ နတ်ကွန်းထဲက နတ်ရုပ်တွေ ကျားရုပ်တွေ ကတော့ နတ်ကွန်းပေါ်က ဖင်ထောင်ဆင်းရုံတင် ဘယ်ကလိမ့်မလဲ။ လက်ပြတ် ခေါင်းပြတ် နားရွက်ပြတ်နဲ့ဆိုတာ တစ်ခုစီဖြစ်သွားတာ။ တချို့အစိတ်အပိုင်းတွေကို ပြန်ပြီးတောင် ရှာမတွေ့တော့ဘူးလေ။
မုန်တိုင်းအောက်က ရွာတော်ရှင်နတ်ကွန်းလေးရဲ့ ဘဝဖြစ်စဉ်အစအဆုံးကို လှမ်းပြီးမြင်လိုက်တာက ဘိုးလေးထွန်းလေ။ ဒီတုန်းက အိမ်ကလေးယိုင်နဲ့နဲ့။ သစ်ပင်တွေ တဝုန်းဝုန်းနဲ့ အလဲလဲအပြိုပြိုတွေကြား မနေရဲတော့တဲ့ ဘိုးလေးထွန်းက သူ့ရဲ့ပါရမီဖြည့်ဖက် ဘွားလေးစိန်ကို လက်တွဲလို့ တူတော်မောင်ရှိတဲ့ ရွာထဲဘက်ကို ထွက်အလာ လမ်းမှာ နတ်ကွန်းလေးရဲ့ ဘဝဖြစ်စဉ်ကို မုန်တိုင်းမနက်ရဲ့ ဝေလီဝေလင်း ရောင်ခြည်အောက်မှာ အစအဆုံးကို တွေ့လိုက်ရတာ။
နတ်ရုပ်ကလေးတွေ လေထဲမှာ ကျွမ်းထိုးနေတာကို ဘိုးလေးထွန်းက အသေအချာလှမ်းပြီး မြင်လိုက်ပေမယ့် နတ်ရုပ်ကလေးတွေက သူတို့ကို မကယ်နိုင်သလို သူတို့ကလည်း နတ်ရုပ်တွေကို ဘယ်မှာ ကယ်နိုင်ပါ့မလဲ။ အဲ့ဒီကတည်းက ဘိုးလေးထွန်းရင်ထဲ အတော့်ကို အောင့်သွားတာ။ ရင်ထဲမချိလိုက်သည့်ဖြစ်ခြင်းရယ်လေ။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အားချင်းဆိုသလိုပေါ့။ ဒီစကားဝိုင်းလေးကိုလုပ်ဖို့ ဘိုးလေးထွန်းက စီစဉ်လိုက်တာ။ ဒီစကားဝိုင်းရဲ့ အဓိကရည်ရွယ်ချက်က အလဲလဲအပြိုပြိုဖြစ်သွားတဲ့ နတ်ကွန်းလေးကို ပြန်ဆောက်ဖို့။ ပြီးတော့ ဒေသအခေါ် ရွာတော်ရှင်ဖြစ်တဲ့ ရွာစောင့်နတ်ကို နတ်နန်းလေးပြန်အပ်ဖို့။ အဲ့ဒီလို နတ်နန်းအပ်တဲ့အခါ မှာလည်း နတ်ကနားပွဲလေးမဟုတ်တောင်မှ ထိုင်ကနားလို့ခေါ်တဲ့ ကက်ဆက်ဖွင့်ပြီး ကနားပြန်အပ်ပွဲလေးလုပ်ဖို့။ အဲ့ဒီကိစ္စမျိုးစုံနဲ့ ဒီစကားဝိုင်းမှာ ဘိုးလေးထွန်းက မိုးသံလေသံတွေနဲ့အပြိုင် အားတက်သရောပြောနေတာ။
တချို့က ရှေ့ဆုံးမှာထိုင်နေတာမို့ မိုးသံလေသံကြားက ဖောက်ထွက်လာတဲ့ ဘိုးလေးထွန်းရဲ့အသံကို အတိုင်းသားကြားနေရပေမယ့် နာထဲကို မဝင်တာ။ သူတို့စိတ်ထဲမှာရှိတာက မိုးဖြိုင်ဖြိုင်မကျခင်အချိန်လေးမှာ ပြိုလဲသွားတဲ့ အိမ်ကလေးကိုပြင်ဖို့ ဘာစရိတ် ညာစရိတ် ငွေအင်အားအပြင် ခြံဝိုင်းထဲက အလဲလဲအပြိုပြိုဖြစ်နေတနဲ့ အပင်ကြီး အပင်ငယ်တွေ ခုတ်တန်ခုတ်၊ ထစ်တန်ထစ်ရအောင် လိုအပ်တဲ့ လူအင်အားတွေ စိတ်ဓာတ်အင်အားတွေအတွက် သက်ပြင်းတွေ တစ်လုံးပြီးတစ်လုံး ချနေကြတာကလွဲရင် ဘာအာရုံမှကို ရှိမနေကြတာ။ ရှေ့မှာ စကားရပ်ပြောနေတဲ့ ဘိုးလေးထွန်းဆိုတာက ရွာထဲမှာ အသက်အားဖြင့် အကြီးဆုံးဖြစ်သလို သြဇာကလည်း ညောင်းသေးမို့လား။ မဖြစ်လို့သာ လာကြတာရယ်။ ဒီအချိန် ဒီအခြေအနေမှာ ကိုယ့်အရေးကလွဲလို့ ဘာကို စိတ်ဝင်စားနေရမှာတဲ့တုံး။
တကယ်ကိုပြောတာ။ မိုးတွေ တအုန်းအုန်း။ လေတွေတဗြုန်းဗြုန်းကြားမှာ ဘိုးလေးထွန်းသာပြောပြီးလို့ ဟပ်ထိုးသွားတယ်။ နားထောင်တဲ့သူတွေရင်ထဲ ဘာမှမကျန်ခဲ့ဘူး။ စကားဝိုင်းတွေရဲ့ထုံးစံ၊ စကားဝိုင်းမှာပြောတဲ့ သူတွေက သူတို့စကားအပြီးမှာ အတည်ပြုချက်တောင်းတာပေါ့။ ခပ်ရွယ်ရွယ်လူတွေကတော့ “ဘိုးလေးထွန်းရဲ့သဘော” ဆိုတဲ့ပုံစံမျိုးနဲ့ ခပ်မဆိတ်ပဲနေကြတယ်။ ဒီအုပ်စုနဲ့လုပ်ရင် ဒီကိစ္စလေး ဘာကြာမှာလဲဆိုတဲ့ အတွေးကြောင့်လည်း ပါမှာပေါ့။ ပြီးတော့ နတ်ကွန်းဆိုတာကလည်း ရွာတစ်ရွာမှာ ရှိမှဖြစ်မယ်လို့ ယုံကြည်ထားကြတာလည်း ပါမှာပေါ့။
ဒီလိုနဲ့ ထောက်ခံသူမရှိ ကန့်ကွက်သူမရှိနဲ့ နတ်ကွန်းဆောက်လုပ်မယ့်အစီအစဉ်ဟာ အတည်ပြုမလို့ရှိတုန်း နောက်ဘက်နားဆီက အသံတစ်သံက ဗြုန်းဆို ပေါ်လာတာ။
“ဘိုးလေးထွန်းခင်ဗျား.. အခုမုန်တိုင်းအရှိန်ကြောင့် မိုးရွာနေတာဆိုပေမယ့် နေပြန်ပူမယ်ဆိုတာ မသေချာတော့ဘူး။ ကျုပ်အထင်ဆိုရင် မိုးက ဆက်တိုက်ရွာတော့မှာပဲ။ ရွာထဲမှာ ကိုယ်ထူကိုယ်ထ ကိစ္စတွေကလည်း ပြီးကြသေးတာမဟုတ်တော့ နတ်ကွန်းဆောက်မယ့်အစီအစဉ်ကို မိုးလေကင်းလွတ် ဝါကျွတ်မှသာ ဆောက်ဖို့ အဆင်ပြေပါလိမ့်မယ်။ ပြီးတော့ နတ်ကွန်းဆောက်ပြီးလည်း စင်ပေါ်ပြန်တင်ရမယ့် ကိစ္စကလည်း ရှိသေးတာ”
ထပြီးပြောလိုက်သူက ရွာလယ်ပိုင်းက ဖိုးတောက်ရယ်ပေါ့။ သူက အသက်အားဖြင့် ရှိလှ ၂၀ကျော်ပေါ့။ ရန်ကုန် တက္ကသိုလ်သွားတက်နေပြီး မုန်တိုင်းတိုက်ပြီးမှ ရွာကို ခဏပြန်ရောက်နေတာ သာရယ်။ သူပြောလိုက်တဲ့ “နတ်တွေစင်ပေါ်ပြန်တင်ရမယ့်ကိစ္စ” ဆိုတာကို ရွာသားအချို့က ရယ်ကြပေမယ့် ဘိုးလေးထွန်းက မရယ်နိုင်ဘူးလေ။ မရယ်နိုင်ရုံမဟုတ်။ ဖိုးတောက်ရဲ့စကားအဆုံးမှာ ပြူးတူးပျာတာကို ဖြစ်သွားတာ။
“ဟ… မင်းပြောသလို ဘယ်ဖြစ်ပါ့မလဲကွ။ နတ်နဲ့နဂါး မလှည့်စားရဘူးဆိုတာ မကြားဖူးဘူးလား။ အခုကိစ္စက တစ်ရွာလုံးကိစ္စကွ။ ငါ့တစ်ယောက်တည်း ကိစ္စမဟုတ်ဘူး။ နတ်နန်းကို ချက်ချင်းကို ပြန်ဆောက်ရမှာ။ ပြီးရင် ဝါမဝင်ခင် တစ်နှစ်တစ်ခါလုပ်တဲ့ ရွာတော်ရှုတင်ပွဲရှိတယ်။ မင်းမသိဘဲနဲ့ ဘာမှမပြောနဲ့။ ကလေးက ကလေးလိုနေ။ နတ်ကိုများ မင်းက မင်းအဖေ ဘမောင်လို့များ မှတ်နေလား။ ချီးထဲမှပဲ”
ဘိုးလေးထွန်းက ငေါက်လိုက်ပေမယ့် ဖိုးတောက်က တစ်ခုခုပြောစရာကျန်သေးပုံနဲ့ မထိုင်သေးပါဘူး။ ဒါကို အောက်မှာထိုင်နေတဲ့ ကိုအောင်ကြီးက ဖိုးတောက်ပုဆိုးစကို ဆောင့်ပြီးဆွဲလိုက်တော့မှ ဖိုးတောက်က ခါးပုံစလေးကိုင်လို့ မထိုင်ချင်ထိုင်ချင်ပေါ့ ပြန်ထိုင်လိုက်ရတယ်။ ပြောစရာတော်တော်များများ ကျန်သေးတယ်ဆိုတာကိုတော့ ဖိုးတောက်ရဲ့မျက်ဝန်းကို ကြည့် အသိသာကြီးပေါ့။ တကယ်ဆို ဖိုးတောက်က ဘိုးလေးထွန်းနဲ့ မြေးအဘိုးတော်တာရယ်။ ဘိုးလေးထွန်းပြောလိုက်တဲ့ ဖိုးတောက်အဖေဘမောင်ဆိုတာက ဘိုးလေးထွန်းရဲ့ တူအရင်းခေါက်ခေါက်ကိုး။
ဖိုးတောက်က ပြောလိုက်တာသာ မအောင်မြင်တာရယ် သူက အရှိန်ရအောင်စပေးလိုက်တော့ ရွာသားနောက်တစ်ယောက်က ထပြီးပြန်ပြောတယ်။ သူပြောတာက ဖိုးတောက်ပြောတာနဲ့ ထပ်တူကျမနေပေမယ့် အဓိပ္ပါယ်အားဖြင့်တော့ အတော်နီးစပ်သား။ သူ့ရဲ့အိမ်လေးပြိုသွားတာ ပြင်လို့မပြီးနိုင်သေးတဲ့အတွက် အခြားကိစ္စတွေကို ဘာမှမကူညီနိုင်တဲ့အကြောင်းပြောတော့ အောက်ကထိုင်နေကြသူ တော်တော်များများက မတ်တပ်ရပ်ပြီးမပြောကြပေမယ့် တစ်ယောက်တစ်ပေါက် ဆိုသလို တိုးတိုးတိတ်တိတ်ကနေ အသံပေါင်းစုံထွက်လာတယ်။
ထွက်လာတဲ့အသံတွေရဲ့ တူညီချက်ကတော့ ကိုယ်ရေးကိုယ်တာလုပ်ငန်းတွေ ရှိသေးတဲ့အတွက် လောလောဆယ်မှာ မအားသေးတဲ့အကြောင်းကလွဲလို့ ဖိုးတောက်ပြောသလို နတ်ကွန်းအကြောင်းကိုတော့ ဘာမှ ထည့်မပြောကြဘူး။ ဘိုးလေးထွန်းပြောတဲ့ “နတ်နဲ့နဂါး မလှည့်စားနဲ့” ဆိုတာကိုလည်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ ယုံတစ်ဝက် မယုံတစ်ဝက်ရယ် မဟုတ်လား။
နောက်ဆုံးတော့ တစ်ယောက်တစ်ပေါက် ဆူညံနေတဲ့အသံတွေထဲကို အသက်၄၀အရွယ် လောက်ရှိတဲ့ ဦးလေးတစ်ယောက်က ဝင်ပြီး ဖြည့်စွက် ဖျန်ဖြေလိုက်မှ ဆူဆူညံညံတွေက တိတ်သွားတော့တယ်။ ဦးလေးပြောတာကတော့ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာပေါ့။ အခုတော့ မိုးလေးဆက်တိုက် ရွာနေတာမို့ မိုးလေငြိမ်သက်သွားတဲ့ နောက်ထပ်ဆယ်ရက်လောက်မှသာ နတ်ကွန်းဆောက်မယ့်ကိစ္စကို လှုပ်ရှားကြမယ်ပေါ့။ အခုတော့ ကလေးတွေပြောသလို အိမ်ပြင်စရာတွေကလည်း ကိုယ်စီကိုယ်င ရှိသေးတယ်ပေါ့။ ဒီလို ဖျန်ဖြေတော့ ဘိုးလေးထွန်းလည်း မျက်မှောင်ကြီးကြုတ်ပြီး တိတ်သွားသလို ပွဲကလည်း အေးသွားတယ်။ ဒါတောင်…
“မုန်တိုင်းတိုက်လို့ ပြိုတာပဲ။ သူ့ကို ဘယ်သူက အားအားယားယား တကူးတကသွားပြီး တွန်းဖြိုတာရယ်မှ မဟုတ်တာ။ ပြန်ဆောက်ပေးတာတောင် တော်လှပြီ။ ကိုယ်အားမှ ပြန်ဆောက်ပေးနိုင်မှာပေါ့” ဆိုတဲ့စကားက ဖိုးတောက်ပါးစပ်ကနေ ထွက်ဖြစ်အောင် ထွက်သွားခဲ့သေးတာ။
ဆိုင်းနဲ့ဝိုင်းနဲ့လုပ်ရတဲ့ ကနားပွဲ မဟုတ်ဘဲ ကက်ဆက်ကလေး အိညောင်ညှက်ကို လော်စပီကာတပ်ပြီး အဖြစ်လုပ်ရတာဆိုတော့ တဂျိမ်းဂျိမ်း၊ တဂျိုင်းဂျိုင်းအစား အသံတွေက ပအဲ့ ပအဲ့နဲ့ ခပ်ယဲ့ယဲ့ ထွက်နေတာ။ ဒီကြားထဲ မဖွင့်တာကြာပြီဖြစ်တဲ့ ကက်ဆက်ကလေးက ကြွက်တစ်ကောင်ဝင်အောင်းနေသလို တဂြီဂြီ တကျွီကျွီနဲ့ ဇာတိပြချင်သေးတော့ ပွဲမစခင်ကတည်းက အုန်းပွဲတွေ ငှက်ပျောပွဲတွေနဲ့ အလုပ်ရှုပ်နေတဲ့ နတ်ကတော် ကျူးကျူးရဲ့ မျက်နှာက တစ်ချက်တစ်ချက် မဲ့သွားသေးတာ။
မဲ့သွားတာလည်းမပြောနဲ့လေ။ ဒါမျိုးကျူးကျူးတစ်သက်ကြုံဖူးတာရယ်မှ မဟုတ်တာ။ ရွာတော်ရှင် အပ်ပွဲအတွက် ကျူးကျူးတို့အဖွဲ့ကို လာငှားတော့ မုန်တိုင်းတိုက်ပြီးကတည်းက အလုပ်မရှိ အကိုင်မရှိ ပြိုလုလု ခနော်နီခနော်နဲ့ အိမ်ကလေးထဲ ကွေးနေတဲ့ ကျူးကျူး အတော်ကို ဝမ်းသာသွားတာ။ ဟုတ်ပြီပေါ့။ ပွဲတော့ဖြစ်ပြီပေါ့။ ဘယ်ဆိုင်းနဲ့လဲ ဘာလဲ စကားဦးသန်းမလို့ရှိသေး ထိုင်ကနားပါတဲ့။ ကက်ဆက်နဲ့ပါတဲ့။ ရွာတော်ရှင်နတ်ကလွဲလို့ ဘယ်နတ်ကိုမှလည်း အပင့်အဖိတ် အပို့အကြိုမလုပ်ပါဘူးတဲ့။ ပြောတာတွေလည်း ကြည့်ဦး။ ဘုကျကျ ဘောက်ဆတ်ဆတ် ရွာသွားနှစ်ယောက်လာပြောတော့ အခြားအချိန်များဆို ကျူးကျူးတို့ကက်ကက်လန်အောင် ရန်တွေ့ပစ်လိုက်ဦးမှာ။ ဆိုင်းနဲ့ဝိုင်းနဲ့ကလွဲလို့ ဒါမျိုးတွေ ငါမလုပ်ဘူးဟဲ့ ဆိုပြီး….။
ဒါပေသိလည်း မုန်တိုင်းပြီးကတည်းက ကျူးကျူးတို့ရယ်က ခေတ်စကားနဲ့ပြောရရင် ငုတ်တုတ်မေ့နေရတာ။ ကနားပွဲတွေမှာသုံးတဲ့ နတ်ဝတ်နတ်စားတွေဆိုတာကိုလည်း ကြည့်ဦး။ တချို့က မုန်တိုင်းဒဏ်နဲ့ အကာအရံမရှိတော့တဲ့ အိမ်ဝင်းထရံအတွက် ကန့်လန့်ကာအဖြစ်။ ကောင်းတာလေးတချို့ကျတော့ လမ်းထိပ်က မိုးလုံလေလုံ အပေါင်ဆိုင်ကိုရောက်နဲ့။ ဇာတ်စကားနဲ့ပြောရရင် ဇာတ်သွေးပျက်နေချိန်လေ။ အခုလည်း ကျူးကျူးတို့အဖွဲ့ ကနားသွေးပျက်နေချိန်ပေါ့။ ဘာပဲဖြစ်ဖြစ် လုပ်ရတော့မှာကိုး။
ထိုင်ကနားမကလို့ ငုတ်တုတ်ကနားပဲဖြစ်ဖြစ် ဒီအချိန် ဒီအလုပ်လေးရတာကိုတောင် လာငှားတဲ့ ရွှေကိုယ်တော်တို့ကို ကျေးဇူးတင်ရဦးမှာ။ လုပ်မဟဲ့ လိုက်မဟဲ့ ဆိုပြီး စိတ်ကို တုံးတုံးကျအောင် လျှော့ထားလိုက်တာတောင် ဒီကိုရောက်တော့ ထပ်ပြီးလျှော့စရာတွေက ပေါ်လာသေးတာ။
ကျူးကျူးတို့ရွာတော်ရှင် စံမြန်းမယ့် နတ်ကွန်းဆိုတာကိုလည်း ကြည့်ဦး။ ကျူးကျူးဖြင့် ဒီလိုနတ်ကွန်းမျိုး မြင်ကို မမြင်ဖူးတာ။ ဘုရားစူး အခါခါ ကျိန်ပြောမှ ယုံလောက်ရတဲ့ နတ်ကွန်းကိုး။ ရွာထိပ်လမ်းမနဲ့ မလှမ်းမကမ်း မုန်တိုင်းကျီစယ်လို့ ဖင်ထောင်နေရှာတဲ့ ကုက္ကိုပင်ကြီးနှစ်ပင်ကြားမှာရှိတဲ့ နတ်ကွန်းရဲ့ အမြင့်က လွန်ရောကျွံရော ခြောက်ပေပေါ့။ သွပ်မိုးသွပ်ကာလေးလုပ်ထားပြီး သစ်သားတိုင်လေးနဲ့ ဆောက်ထားပေမယ့် ဘယ်လိုမှကို ထည်ဝါမှုရှိမနေတာ။
နတ်ကွန်းဘေးက သွပ်ပြားတွေကို အနီတွေ အဝါတွေ ဆေးခြယ်ထားတာကလည်း ဒေးဗစ်ဘက်ခမ်းလက်မောင်းမှာ တက်တူးရုပ်တွေထိုးထားသလို ကြောင်ကြောင်ကျားကျားနဲ့။ အိုး… ကြည့်ရတာ ဆိုးလိုက်တာ လွန်ရော။ အတွင်းပတ်လည်အကျယ်ကိုလည်း ကြည့်ဦး။ နတ်မောင်နှမရုပ်တုထားစရာ။ နောက်… သူတို့ရဲ့ စီးတော်ကျားရုပ်တုတွေထားစရာ။ စီကာ စဉ်ကာ ကြည့်လိုက်တော့ ဘယ်မှာတုံးနေရာလွတ်။ အုန်းပွဲငှက်ပျောပွဲ တင်ဖို့ဆိုတာ ဝေလာဝေး။ ပန်းအိုးတွေတင်စရာတောင် မနည်း။ ကျဥ်းကျဉ်းကျပ်ကျပ်နဲ့ ရွာတော်ရှင်ကိုယ်တော်အစား ကျူးကျူးတောင် စိတ်မောတယ်။ နွေရာသီများရောက်လာလို့ ကတော့ နတ်ကွန်းထဲက နတ်ရုပ်တွေ ဘိန်းမုန့်ဖုတ်ခံထားရသလိုကို ဖြစ်ဦးမှာ။ တကယ်ပြောတာ။ အဝေးကနေကြည့်လိုက် နို့ဆီခွက်လေးတစ်ခွက်ကို အောက်က တုတ်ကလေးတွေနဲ့ ထောက်ထားသလိုကို ထင်နေရမှာ။
အံမယ်။ ဒီလိုနတ်ကွန်းမျိုးဖြစ်ဖို့ကိုတောင် ကျူးကျူးတို့အဖွဲ့မြို့ကနေ ဒီရွာကိုရောက်ရောက်ချင်း သတင်းသဲ့သဲ့ကြားရသေးတာ။ အိမ်ခြေအားဖြင့် ငါးဆယ်လောက်ရှိတဲ့ရွာက မုန်တိုင်းပြီးကတည်းက ပျက်သွားတဲ့ ဒီနတ်ကွန်းကို ပြန်ဆောက်မယ့်သူတောင် မရှိဘူးဆိုပဲ။ နတ်ကိုပစ်ထားကြပုံလေ။ သူတို့ အခုတောင် ရွာရဲ့အကြီးဆုံးဆိုသူက ထပြီး ကမကထလုပ်လိုက်တော့မှ နေလို့မရတော့တဲ့ ရွာသားတွေက နောက်ကကပ်ပါလာရတာ ဆိုပဲ။
လော်စပီကာအသံက စီခနဲပေါ်ထွက်လာမှ ကျူးကျူးလည်း အတွေးစလေးတွေ ပျက်သွားတာ။ တွေးနေတယ်ဆိုပေမယ့်လည်း ကျူးကျူးလက်က ဇယ်ဆက်ချသလိုလုပ်နေတာလေ။ မုန့်ပွဲတစ်ပွဲကို မုန့်ဖြူခုနစ်ခု၊ မုန့်နီခုနစ်ခု၊ လက်ဖက်၊ အမွှေးတိုင် နံ့သာရည် စုံလင်ရဲ့လားဆိုတာကိုလည်း သူငယ်တန်းကလေး စာဖတ်သလို တစ်ခုချင်းဆီကို ပလွတ်ပလွတ်နဲ့ ရွတ်ကြည့်နေရသေးတာ။ ဒါပေမယ့် ကျူးကျူးတို့ ကိုယ့်ကိုယ်ကိုယ် ယုံပြီးသား။ အမှားအယွင်းဆိုတာ ကျူးကျူးတို့ ဘဝမှာ ရှိခဲ့တာရယ်မှ မဟုတ်တာရယ်။
အဖော်နှစ်ယောက်နှင့်အတူ အားလုံးကို စီကာစဉ်ကာအထပ်ထပ်စစ်ပြီးတော့ ရွာတော်ရှင်နတ်မင်းကို ပင့်ဖို့အချိန်အခါတစ်ခုစောင့်လိုက်တယ်။ ကက်ဆက်ကို အချိန်ကိုက်ပြီး နတ်ဆိုင်းဖွင့်ပေးဖို့ကိုလည်း မှာရသေးတာ။ လူအုပ်ကြီးက သိပ်မများဘူး ဆိုပေမယ့်လည်း လာသမျှလူကလည်း ကျူးကျူးရဲ့လုပ်ကိုင်ပုံကို စောင့်ကြည့်နေကြတာလေ။ ဒါတောင် ကျူးကျူးတို့က ထိုင်မသိမ်း ဘာညာနတ်ဝတ်နတ်စားတွေနဲ့ မဟုတ်ပေါင်။ ရိုးရိုးပိုးပုဆိုးလေးကို ထဘီလိုစည်းလို့ ရှပ်အင်္ကျီပွပွလေးကိုသာ ဝတ်ထားတာရယ်။ အဲ… မျက်နှာမှာတော့ ဖြူ နီ ပြာ ဝါ ရောင်စဉ်ခုနစ်သွယ်လောက်တော့ ဆေးခြယ်ထားရတာပေါ့။ ဒါတောင် ဝိုင်းအုံနေတာလေ။ လူအုပ်က။
ခဏကြာတော့ လော်စပီကာကနေ နတ်ဆိုင်းကလည်း ဖွင့်နေပါပြီ။ ကျူးကျူးကလည်း နတ်ရုပ်တုလေးတွေ နေရာချ အုန်းပွဲငှက်ပျောပွဲတွေကို ရင်ခွင်ပိုက်လို့ ပါးစပ်က “အောင်ဇေယျတု အောင်ဇေယျတု” လို့ သုံးကြိမ်တောင်မရောက်သေး။ နတ်ဆိုင်းဖွင့်ထားတဲ့ လော်စပီကာအသံကိုကျော်လို့ ရွာသူတစ်ယောက်ရဲ့ အသံက စူးရှစွာထွက်လာတာ။ အဲ့ဒီအသံကြောင့်ပဲ လူအုပ်စုဆီက ထွက်လာတဲ့အသံဟာ နတ်ဆိုင်းကိုတောင် ကျော်သွားတာလေ။
ကျူးကျူးဘေးက ထွက်ပေါ်လာတဲ့ မည်းမည်းအစ်အစ် အမျိုးသမီးတစ်ယောက်ရဲ့ အသံကြောင့် “အောင်ဇေယျတု” နေတဲ့ ကျူးကျူးရဲ့အသံတောင် ရုတ်တရက် ကြောင်စီစီဖြစ်သွားတာရယ်။ ဘာတဲ့…
“ဘိုးလေးထွန်း အခုပဲ ဆုံးသွားပြီ” ဆိုလား။
ဘိုးလေးထွန်းဆုံးဆုံးချင်း အသက်ထွက်သွားတာကို တစ်ဆင့်ချင်း သေချာသိလိုက်တဲ့ မပါရာရဲ့ အော်ငိုလိုက်သံက ဟိုး….ရွာထိပ်နတ်ကွန်းဘက်က လော်စပီကာအသံကို ဖုံးသွားလောက်တာ။ တကယ်ဆိုရင် မပါရာဆိုတာက သူမရဲ့နာမည်အရင်းမဟုတ်သလို ဘိုးလေးထွန်းနဲ့လည်း ဘာမှသွေးသားတော်စပ်တဲ့သူ တစ်ယောက်မဟုတ်ပါဘူး။ ရပ်ထဲရွာထဲသာရေးနာရေးမှန်သမျှ နေရာတကာမှာ စေတနာ့ဝန်ထမ်းလုပ်လွန်းလို့ မနွဲ့ရီဆိုတဲ့နာမည်အစား မပါရာလို့ တွင်နေတာရယ်။
သားသမီးအရင်းအချာမရှိတဲ့ ဘိုးလေးထွန်းနဲ့ဘွားလေးစိန်တို့ နှစ်ယောက်အိမ်ကို အဝတ်လျှော် ရေခပ်ကအစ ဈေးဝယ်အဆုံးပေါ့။ မပါရာက အဝင်အထွက်လုပ်နေတာရယ်။ အခုလည်း ဘိုးလေးထွန်း မကျန်းမာတဲ့ရက်တွေအတွင်း ဘိုးလေးထွန်းတို့ အိမ်မှာပဲ နေ့ညမပြတ်ရှိနေတာ။ အခုလို ရွာလုံးကျွတ်နီးပါး ရွာတော်ရှင်နတ်ကွန်းကို ရောက်နေတာတောင် မပါရာက ဘိုးလေးထွန်းတို့အိမ်မှာပဲ ရှိနေတာ။
အစပိုင်း မပါရာ အော်ငိုလိုက်ပေမယ့် လူတော်တော်များများကတော့ သူ့ကို ဂရုမစိုက်ကြပါဘူး။ ဒါက သူ့အလုပ်ပဲလေဆိုတဲ့သဘောမျိုးနဲ့ လုပ်စရာရှိတာကိုသာ ဆက်လုပ်နေကြတာ။ ဘိုးလေးထွန်းဆုံးပြီဆိုတဲ့ အသံကြားတော့ ရွာတော်ရှင်နတ်ကွန်းရှိရာ ရောက်နေကြတဲ့ လူတော်တော်များများဟာ ဘိုးလေးထွန်းအိမ်ကို အပြေးတစ်ပိုင်းနဲ့ ရောက်လာကြတယ်။ ရွာတော်ရှင်နတ်မင်း နတ်ကွန်းပေါ် ရောက်မရောက် စိတ်မဝင်စားနိုင်ကြတော့ဘူးလေ။
အဲ့ဒီလို လူထူသွားတဲ့အချိန်ရောက်မှ မပါရာရဲ့ ငိုချင်းဟာ အထွတ်အထိပ်ကို ရောက်လာတာ။ သူပြောပြီး ငိုနေတဲ့စကားတချို့ကို ကြားရတော့မှ စောစောက သူ့ကိုဂရုမစိုက်တဲ့ ရွာသားတွေရဲ့ အာရုံဟာ သူ့ဆီစုပြုံပြီးရောက်လာတာ။ သူငိုနေတာတွေလည်း ကြည့်ပါဦး။ ရွာတော်ရှင်နတ်လည်း ပါရဲ့။ ဖိုးတောက်လည်း ပါရဲ့။ ရွာတော်ရှင်နတ်ကွန်းဆိုတာလောက်ကို ဖိုးတောက်က စိတ်ဝင်စားသေးတာ မဟုတ်ဘူး။
“ဘိုးလေးထွန်းရဲ့… အခုလို ဘိုးလေးထွန်း ပိုးစိုးပိုးစက်ဖြစ်တော့ ရွာတော်ရှင်နတ်လည်း မကယ်နိုင်သလို ဘိုးလေးထွန်းမြေးဖိုးတောက်လည်း မကယ်နိုင်ပါလား”
သူ့ရဲ့ငိုချင်းမှာ ဖိုးတောက်က ဘယ်ကဘယ်လို ပါလာရတာလဲ။ သူငိုတာက ရွဲ့ပြီးငိုနေသလိုကြီးလေ။ ဘိုးလေးထွန်း သူ့ဘာသာသေတာ ရွာစောင့်နတ်မှာ တာဝန်ရှိနေသလိုလို၊ ဖိုးတောက်ပဲ အပြစ်မလွတ်သလိုလို။
တကယ်ဆို ဒီအချိန်ထိ ဖိုးတောက်ရဲ့စိတ်တွေက ကြည်လင်နေသေးတာမဟုတ်ဘူး။ ဖိုးတောက် ဖြေရှင်းမရတဲ့ ဟာတွေ၊ နားမလည်နိုင်တာတွေများ အပုံအပင်။ ဘိုးလေးထွန်းဆိုတာ ဖိုးတောက်ရဲ့အဘိုးပဲ။ ဘယ်လိုလုပ်ပြီး တချို့စကားတွေကို ဖိုးတောက်ပြောချင်မှာတဲ့လဲ။ ဒါပေမယ့် ဘိုးလေးထွန်းကို ဖိုးတောက် ပြောဖြစ်ခဲ့တယ်။ တော်တော်များများကို ပြောဖြစ်ခဲ့တယ်။
ပြဿနာတွေက ဘယ်ကစလဲဆိုရင် ရွာထဲက ခေါင်းရွက်ဗျပ်ထိုး ကုန်စိမ်းသည်၊ ပြောရမယ်ဆိုရင် ဆတ်ကော့လတ်ကော့ မိတင်ပေါ့။ အဲ့ဒီမိတင်ကပဲ စတာ။
ဒီရွာမှာ မုန်တိုင်းပြီးကတည်းက မိုးဆိုတာ ပြတ်သွားတယ်ရယ်မှ မရှိတာ။ လှည်းလမ်းရေတင် လယ်ကွင်းတွေလည်း ရေလျှံလို့ ကဏန်းဖို ကဏန်းမတွေတောင် မိုးဦးကျပြီအထင်နဲ့ လယ်ကွင်းတွေထဲမှာ ချစ်ရည်လူးနေကြပြီလေ။
အဲ့ဒီနေ့က မိတင်က အခြားရွာကနေ ကုန်စိမ်းရောင်းပြီးပြန်လာ။ ထုံစံအတိုင်း ဈေးလေးကရောင်းလို့ သွက်လာတော့ တေးတကြော်ကြော်နဲ့ ရွာအဝင်အပြန်လမ်း ကုက္ကိုပင်ကြီးနှစ်ပင်နဲ့ အပြိုင် လဲလျောင်းအိပ်စက်နေတဲ့ ရွာတော်ရှင်နတ်ကွန်းရှေ့အရောက် ဗိုင်းခနဲ ချော်လဲပါလေရော။ ချော်လဲတုန်းကတော့ ရိုးရိုးအောက်မေ့တာ။ ပြန်မထနိုင်ဘဲ ဝမ်းဗိုက်ထဲကမခံနိုင်အောင် ထိုးအောင့်လာတဲ့အဆုံး မြို့ပေါ်က ဆေးရုံကို ပြေးတော့မှ ဗိုက်ထဲက ကိုယ်ဝန်ပျက်ကျသွားမှန်း သိလိုက်တာ။ မိတင်တို့ လည်လိုက်ပုံများကလည်း အဲ့ဒီနေ့မှပဲ သူ့မှာကိုယ်ဝန်ရှိတာသိတော့တယ် ဆိုပဲ။
တကယ်ဆို မိတင်ကိစ္စက စိုးရိမ်စရာမရှိဘဲ ပြီးသွားတာပါ။ ဆေးရုံတက်ရတာတောင် စုစုပေါင်းမှ လေးရက်လားရယ်။ ရွာပြန်ရောက်မှ သူ့ယောက်ျား ဆစ်တိုရယ်က အရက်မူးပြီး ထုံးစံအတိုင်း အော်ဟစ်သောင်းကျန်းတော့မှ ရွာတော်ရှင်နတ်ကွန်းက အဓိကဇာတ်ကောင်နေရာကို အလိုအလျောက်ရောက်သွားတာ။ သူ့မိန်းမ မိတင်ချော်လဲပြီး ကိုယ်ဝန်ပျက်ကျအောင် ရွာတော်ရှင်နတ်ကပဲ ကိုင်လိုက်သလိုလို အဲ့ဒီကိစ္စကို ရွာတော်ရှင်က သူ့ကိုပဲ အိပ်မက်ပေးသလိုလိုနဲ့။ သူ့ထုံးစံအတိုင်း အဆက်အစပ်မရှိ ဟိုရောက်သည်ရောက် အော်ဟစ်သောင်းကျန်းတော့တာ။
အခြားအချိန်တွေများဆို ဆစ်တိုတို့ မူးပြီးအော်သမျှ ဘယ်သူက အလေးထားတယ်ရယ်ရှိခဲ့လို့လဲ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ လူတွေနှုတ်က ထူးခြားစွာတိတ်ဆိတ်ကုန်တယ်။ အဲဒီလို တိတ်ဆိတ်ကုန်တဲ့အထဲမှာ ဆစ်တိုတို့သောင်းကျန်းရင် အမြဲတမ်း လူကြမ်းလုပ်လေ့ရှိတဲ့ ဘိုးလေးထွန်းက ထိပ်ဆုံးက ပါသွားတာ။
အဲ့ဒီအချိန်က ရွာတော်ရှင်နတ်ကွန်းဆောက်ဖို့ အစည်းအဝေးခေါ်ထားတာ ဘာကြာသေးတုန်း။ ပြောရမယ်ဆို ဘိုးလေးထွန်းကို ရွာသားတွေပေးထားတဲ့ နှစ်ပတ်ဆိုတဲ့ အချိန်ပြည့်ဖို့ အများကြီးလိုသေးတာ။ ရွာသားတွေလည်း သူ့အလုပ်နဲ့သူ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ရှုပ်လို့ကောင်းနေတဲ့ အချိန်ပေါ့။ အဲ့ဒီအချိန်မှာ ဘိုးလေးထွန်းက ဖိုးတောက်ကို ခေါ်ပြီး ရွာတော်ရှင်နတ်နန်းကို အားချင်းဆောက်ဖို့ တိုင်ပင်တော့တာ။
အဲ့ဒီအချိန် ရွာထဲလတ်လျားလတ်လျားအားနေတာဆိုလို့ ဖိုးတောက်တစ်ယောက်သာ ရှိတာရယ်မဟုတ်လား။ ဖိုးတောက်အဖေ ကိုဘမောင်တောင် အားတာမဟုတ်ဘူးလေ။ ဘိုးလေးထွန်းသဘောက နှစ်ပတ်ဆိုတဲ့အချိန်ကို စောင့်မနေတော့ဘဲ အားတဲ့လူနဲ့ ချက်ချင်းဆောက်မယ်ပေါ့။ မိတင်ကိစ္စကလည်း အခုလိုဖြစ်သွားတော့ စိတ်ထဲစနိုးစနောင့်နိုင်လှတယ်ပေါ့။ မပြေးသောကာရန်ရှိ ဖြစ်လာတော့ ဘာမှမတတ်နိုင်ဘူးပေါ့။ ဒါကြောင့် တစ်မိုးပဲခံခံ နတ်ကွန်းလေးကို အမြန်ဆုံးပြန်ဆောက်ကြမယ်ပေါ့။ ဖိုးတောက်ကို ဒီသဘောမျိုးလောက်တိုင်ပင်တာရယ်။ ဒီတုန်းက ဖိုးတောက် ပြန်ပြောလိုက်တဲ့….
“ဘိုးလေးထွန်းရယ် နတ်စင်ကိုတစ်မိုးခံဖို့ကိစ္စကို အသာထားပါဦး ဘိုးလေးထွန်း တစ်မိုးနေရအောင်ပဲ ကြိုးစားပါဦး”
ဆိုတဲ့စကားကိုကြားပြီး ဘိုးလေးထွန်း ဆွေ့ဆွေ့ခုန်သွားတာ။ လူကြီးကိ လူကြီးမှန်းမသိဘူးတို့ ရွာကတက္ကသိုလ်ကျောင်းသား ပညာတတ်ကလေးမို့ ခေါ်တိုင်ပင်တာကို မိုက်ရိုင်းတယ်တို့ မင်းတို့တက္ကသိုလ်မှာ အဲဒီလို မိုက်ရိုင်းတဲ့ဘာသာရပ်တွေ သင်သလားတို့ ဒါပေမယ့် အဲ့ဒီအချိန်မှာ ဘိုးလေးထွန်းစိတ်က အမြင့်ဆုံးကို မရောက်သေးဘူး။
“ဖိုးတောက် မင်းတို့လူငယ်တွေကြောင့်ခက်တယ်။ လူကြီးကိုခံပြောနေလိုက်တာများ ကက်ကက်ကိုလန်လို့ အေး… အဲဒီလို ဂါရဝေါစတရားတွေ ခန်းခြောက်လာလို့လည်း ငါတို့အသက်၇၀ထိ မဖြစ်ဖူး မကြားဖူးတဲ့ မုန်တိုင်းဆိုတာ ဖြစ်လာခဲ့ပြီ။ မင်းတို့က နိမိတ်ဖတ်ကောင်းလိုက်ပုံများ ပြောမနေနဲ့။ ဆိုကြတဲ့သီချင်းတွေကိုကြည့်ဦး။ အခုတော့ အိုးလှုပ်ရုံတင်မကတော့ဘူး ရှိသမျှအားလုံးလှုပ်ပြီး အတုံးအရုံးဖြစ်ကုန်ပြီ ဖိုးတောက်ရေ”
“ဘိုးလေးထွန်းတို့ လူကြီးတွေက အဲဒါခက်တာပေါ့။ အသက်ကြီးလို့ လူကြီးဖြစ်တာမဆန်းဘူး ဘိုးလေးထွန်း လူကြီးဖြစ်ပြီး အသက်မကြီးရင်သာ ဆန်းတာ။ မုန်တိုင်းဖြစ်ပြီးကတည်းက လူကြီးတွေများ တရားရကြမယ်မရှိဘူး။ တကယ်ဆို ရှေ့မီနောက်မီ ဘိုးလေးထွန်းတို့က ပြဿနာတစ်ခုဖြစ်ရင် ဖြစ်နိုင်ခြေကို စဉ်းစားပေးနိုင်တဲ့ ရွာရဲ့ မဏ္ဍိုင်တွေဖြစ်သင့်တာ”
“ပစ္စုပ္ပန်အကျိုးအတွက် အတိတ်ကအရာတွေကို လေ့လာရမယ်။ အနာဂတ်အတွက် ပစ္စုပ္ပန်ကနေစပြီး သင်ခန်းစာယူရမယ်။ မုန်တိုင်းဝင်တာ ဘာနိမိတ်ကြောင့်မှ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ သစ်တောတွေ ပြုန်းတီးလာတယ်။ အဲဒီတော့ လေထုဖိအားပြောင်းလဲမှုတွေ ဖြစ်လာတယ်။ အဲ့ဒီတော့ လေထုဖိအားက မုန်တိုင်းတွေ သွေဖည်သွားအောင် အရင်လို ထိန်းချုပ်ပေးနိုင်မှုတွေ နည်းလာတယ်။ အဓိက က သစ်တောပြုန်းတီးမှုကြောင့်ပဲ…”
“ဘိုးလေးထွန်းတို့လူကြီးတွေက ဒီလိုလေးတွေပြောပြီး နောက်ထပ် မုန်တိုင်းတွေ လာနိုင်၏ မလာနိုင်၏ ကို နောက်လူငယ်တွေ သိအောင် ပြောပြသင့်တာ။ အခုတော့ ဘာမှမဟုတ်တဲ့ နိမိတ်ဖတ်တာတွေကို ရှေ့တန်းတင် ပြောနေကြတယ်။ ဘိုးလေးထွန်းရေ… ဘိုးလေးထွန်းတို့အရွယ်နဲ့ နောက်တစ်ခါ မုန်တိုင်းဝင်မှာကိုလည်း ကြောက်မနေနဲ့။ မီမယ်လည်းမထင်တော့ဘူး။ ကျုပ်တို့ကြောက်ဖို့သာ ကြောက်စိတ်လေးတွေ ထားသွားကြပါဦး”
ဖိုးတောက် အဲဒီလိုပြန်ပြောလိုက်တော့မှပဲ ဘိုးလေးထွန်းဒေါသက အထွတ်အထိပ်ရောက်သွားပြီး အနီးက နှီးဖြာဖို့ခုတ်ထားတဲ့ နှီးဝါးအပိုင်းနဲ့ ဖိုးတောက်ကို ကောက်ပေါက်လိုက်ရင်း စကားဝိုင်းကပွဲသိမ်းသွားတယ်။ ဒီကတည်းက ဖိုးတောက်ကို နတ်ကွန်းကိစ္စနဲ့ပတ်သက်ပြီး ဘာတစ်ခုမှပြောတော့တာ မဟုတ်ပေမယ့် မိုးထဲရေထဲမှာ ဘိုးလေးထွန်းတစ်ယောက်တည်း နတ်ကွန်းဆောက်နေပြီဆိုတဲ့ သတင်းကို ဖိုးတောက် ကြားလိုက်ရတယ်။ မယုံလို့ ရွာထိပ်ဘက် မသိမသာထွက်ပြီးတောင် အကဲခတ်ခဲ့သေးတာ။
“ဘာအတွက်ကြောင့် ဒီလောက်အလောတကြီး ဆောက်ချင်နေတာပါလိမ့်” လို့ ဖိုးတောက် တွေးကြည့်ပေမယ့် သွားကူဖို့တော့ နည်းနည်းမှ စိတ်ကူးမရဘူး။ ဒီလိုနဲ့ နောက်တစ်ရက် ကူးသွားတော့ ဘယ်လိုမှ အမြင်မတော်နိုင်တဲ့ ရွာသားသုံးယောက်က သွားပြီးဝိုင်းကူမှ နတ်ကွန်းလေးရဲ့ကိစ္စ နေ့ချင်းပြီးပြတ်သွားတာရယ်။ နတ်ကွန်းပြီးတော့လည်း လူတွေကိုပြောသလို “နေလို့ရပြီဟေ့” လို့ ပြောလို့ရတာမဟုတ်။ နတ်ဆိုတာလည်း အခက်သားလား။ သူ့ဘာသာ သဘာဝကြောင့် ပြုတ်ကျသွားတာတောင် နတ်ကွန်းဆီပြန်တင်ဖို့ကျတော့ ရှုပ်လိုက်သည့်ဖြစ်ခြင်း။
နောက်ဆုံးတော့ ဘိုးလေးထွန်းဆန္ဒအတိုင်း မြို့ပေါ်က တရုတ်ကပြား အခြောက်မ ကျူးကျူးတို့ အဖွဲ့ခေါ်။ ရွာတော်ရှင်နတ်မင်း ပြန်လည်နေရာချထားရေးတွေလုပ်။ တကုပ်ကုပ် အလုပ်ရှုပ်နေကြတဲ့အချိန် ဘိုးလေးထွန်းတို့ ဘယ်မှာသွားနိုင်တော့လို့တုံး။ နတ်ကွန်းဆောက်တဲ့နေ့ကတည်းက မိုးတွေမိပြီး ဖျားလိုက်တဲ့အဖျားဟာ ရွာတော်ရှင်နတ်ကွန်းဆီက တဂျိမ်းဂျိမ်း အသံတွေ ထွက်နေတဲ့အချိန်ထိ အဖျားကကျသွားတယ်ရယ်မှ မဟုတ်တာ။
ဘိုးလေးထွန်းနဲ့ဖိုးတောက်တို့ရဲ့ အဆင်မပြေတဲ့စကားဝိုင်းကို အစအဆုံး သိတဲ့သူက မပါရာလို့ အများခေါ်တဲ့ နွဲ့ရီရယ်လေ။ ဒါကြောင့်လည်း “ဘိုးလေးထွန်း ပိုးစိုးပက်စက်သေတော့ ရွာတော်ရှင်က မကယ်နိုင်သလို ဘိုးလေးထွန်းရဲ့မြေး ဖိုးတောက်ကလည်း မကယ်နိုင်ပါလား” တွေ ဘာတွေဖြစ်နေတာ။ ဖိုးတောက်ဖြင့် ဒီမိန်းမကို မြင်လိုက်တာနဲ့ ဒေါသထွက်တာ။ ကြည့်ဦး။ သူလုပ်မှပဲ ဖိုးတောက်ဟာ တရားခံစစ်စစ်ကြီးကို ဖြစ်ကရောလေ။
မိုးတွေတဝေါဝေါနဲ့ သွန်ချသလို ရွာနေတဲ့ အသံတွေကြားလို့ ကြေးစည်သံလေး “ဒူဝေ ဒူဝေ” က တိုးမပေါက်နိုင်ဘူး။ အချိန်အားဖြင့် နေမွန်းလွဲရုံရှိသေးပေမယ့် မိုးရဲ့ထစ်ချုန်းမှုတွေကြောင့် ဝန်းကျင်တစ်ခုလုံး မှိုင်းမှုန်နေတယ်။ ဘိုးလေးထွန်းရဲ့ ရုပ်ကလာပ်ကို မပြေးရုံတမည် ခပ်သွက်သွက် ထမ်းလာတဲ့ရွာသားလေးယောက်ရဲ့နောက်မှာ လူအုပ်ကြီးဟာ အစီအစဉ်မကျစွာ ဝရုန်းသုန်းကားဖြစ်နေတယ်။
ဘိုးလေးထွန်းရဲ့ နောက်ဆုံးခရီးဟာ ရွာထဲနဲ့ ရွာနီးစပ်ချုပ်က ဆွေးမျိုးအပေါင်းဖော်တွေကြောင့် အတော်လေးကို စည်ကားခဲ့တာပါ။ သားသမီးအရင်းအချာမရှိတဲ့အတွက် ငိုသံတွေ တာကျိုးကျသလို တရဟောတော့ ဖြစ်မနေဘူးပေါ့။ အဲ… ခြွင်းချက်အနေနဲ့ မပါရာရဲ့ တစ်ကိုယ်တော် လွှတ်တင်နေတဲ့ ဗလာခြေငိုချင်းတွေက လွဲလို့ပေါ့လေ။
ဘိုးလေးထွန်းရဲ့ဇနီး ဘွားလေးစိန်ကတော့ လူအုပ်ကြီးကို မမီအောင် အားတင်းလိုက်နေရတာနဲ့ပဲ ငိုရမယ်ဆိုတာတောင် မေ့နေတယ်။ တွဲမယ့်သူဘေးမှာ ပါပေမယ့်လည်း ရင်ဘတ်ထဲက အမောတွေကြောင့် သင်္ချိုင်းကို မရောက်ခင်မှာပဲ ဘွားလေးစိန် ဟပ်ထိုးနေပြီ။ လမ်းတစ်လျှောက်လုံးလည်း မပြေးရုံတမည် လိုက်ခဲ့ရတာကိုး။
ပြေးရင်းလွှားရင်းနဲ့ပဲ ဘိုးလေးထွန်းသေပြီးမှ ဖြစ်ပေါ်လာတဲ့စကားတွေ ပြဿနာတွေဟာလည်း အမယ်အိုဘွားလေးစိန်ရဲ့ အာရုံမှာ ဟိုတစ်စု သည်တစ်စု မှီကပ်လာသေးတယ်။ တစ်ယောက်တစ်ပေါက် ပြောနေကြတဲ့ ရွာထဲက လူတွေရဲ့ စကားသံတွေမှာ ဘာတဲ့…။ ဘိုးလေးထွန်းကပဲ ရွာတော်ရှင်ကိုင်လို့ သေရသလိုလို။ ဒီကတည်းက ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဘွားလေးစိန်စိတ်ထဲ ဘာကို စိတ်နာသွားမှန်းမသိ။ တစ်ခုခုကို စိတ်နာသွားခဲ့တာ။ ကြားရတဲ့သတင်းတွေ အဟုတ်ဖြစ်ပါပြီတဲ့။ တကယ်ဆိုရင် ဒါဟာ ဖြစ်စရာလား။
ရွာတော်ရှင်နတ်ကွန်းပြန်လည်တည်ဆောက်ရေးမှာ ကမကထ ဦးဆောင်သူက ဘယ်သူလဲ။ မိုးထဲရေထဲမှာ နတ်ကွန်းပြီးဖို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်သူက ဘယ်သူလဲ။ နတ်ကွန်းပြီးတော့ ရွာတော်ရှင်ကို နတ်ကွန်းပြန်အပ်ဖို့ အစီအစဉ်ဆွဲပေးတာကရော ဘယ်သူလဲ။ ဟောဒီက အသက်၇၀ရှိပြီဖြစ်တဲ့ အဘိုးကြီးပါတော့။ အိုကြီးအိုမဆံဖြူသွားကျိုး ကြီးပါတော့။
ဘွားလေးစိန်ဟာ ဘယ်သူ့ကို အော်ပြောမှန်းမသိ စိတ်လွတ်လက်လွတ် အော်ပြောချင်လာတာ။ ဒီလိုသတင်းတွေထွက်လာတော့ စိတ်ထဲက ဘယ်လိုပဲ ဒေါသထွက်နေပါစေ ဒေါသစကားတွေ စိတ်ထဲမှာ အားရအောင် ပြောဆိုပြီးတဲ့အဆုံးမှာတော့ အမိုက်အမဲလေးတွေအတွက် ရှင်ကြီးရှင်ကောင်းများကို ဘွားလေးစိန် စိတ်ထဲကျိတ်ပြီး တောင်းပန်ရသေးတာ။ ရှင်ကြီးရှင်ကောင်းတွေကလည်း အခက်သားကလား။ မြင်မှ မမြင်နိုင်တဲ့ဟာ။ ကိုယ့်ကို စိတ်ဆိုးနေလား။ ငြိုငြင်နေလားဆိုတာတွေလည်း ဘွားလေးစိန် သိနိုင်တာမှ မဟုတ်တဲ့ဟာကို။
ဖိုးတောက်ကျတော့လည်း တစ်မျိုး။ သူရဲ့ ဘိုးလေးထွန်းဆုံးတာ မုန်တိုင်းစတာပါ။ မုန်တိုင်းဂြိုဟ်မွှေတာပါ။ မုန်တိုင်းသတ်တာပါ ဆိုပြီး တောရောက်တောင်ရောက် ပြောနေသေးတယ်။ ဒီကောင့်အကြောင်းတော့ ဘွားလေးစိန် တွေးမနေချင်ပါဘူး။ လူကသာ ပညာတတ် မိုက်ရိုင်းမှုက အထွတ်အထိပ်ရောက်နေတဲ့ ကောင်လေ။ ဘိုးလေးထွန်းကိုတောင် အသက်ကြီးလို့လူကြီးဖြစ်တာမဆန်းဘူးတို့ အနာဂတ်အတွက် ပစ္စုပ္ပန်အဖြစ်အပျက်တွေကနေပြီး သင်ခန်းစာယူရမယ်တို့ ကြီးကြီးကျယ်ကျယ်တွေ ပြောနေတဲ့ကောင်လေ။
ဒီလိုကာလနာမျိုးလေးကျတော့ ရှင်ကြီးရှင်ကောင်းများကလည်း မကိုင်ဘူးလေ။ ကိုင်ထည့်လိုက်ပါလား။ တုံးခနဲကိစ္စချောသွားအောင်။ ဘာဆိုဘာမှ အယုံအကြည်မရှိတဲ့ကောင်လေး။ လူ့လောကမှာ ကြာကြာနေရမှာ မဟုတ်ပါဘူး။ သေချင်းဆိုးနဲ့ကို သေဦးမှာ။
ဘွားလေးစိန်စိတ်ထဲ အပြစ်တွေကို ဖိုးတောက်အပေါ်ပုံချလို့ စိတ်ရှိလက်ရှိ အဲ့ဒီလို ကျိန်ဆဲလိုက်တော့ အတော်လေး နေသာထိုင်သာ ရှိသွားတယ်။ မျက်ရည်တွေသာ တွေတွေစီးကျနေတာ ဘွားလေးစိန်ရဲ့ နှုတ်က ဘာသံမှ ထွက်လာတာ မဟုတ်ဘူးရယ်။ သင်္ချိုင်းရောက်လို့ အခေါင်းကိုအောက်ချ။ မီးအိုးခွဲ။ အခေါင်းဖုံးကိုဖွင့် ဘိုးလေးထွန်းရဲ့ မျက်နှာကို အုန်းရေနဲ့သစ်လို့ မြေမြုပ်သင်္ဂြိုဟ်ဖို့ လုပ်တဲ့အချိန်ထိ ဘွားလေးစိန်ရင်ထဲမှာ တစ်ဆို့ဆို့ကြီး ဖြစ်နေဆဲ။ အခေါင်း မြေကြီးတွင်းထဲချပြီး အတော်လေးကို ကြာမှသာ သွားလေသူ ကျေးဇူးရှင်ကြီးရဲ့ နောက်ဆုံးမျက်နှာကိုကြည့်ပြီး ဘွားလေးစိန်ရဲ့အသံဟာ တစ်လုံးချင်းကို ထွက်လာတာ။
“တော်ကြီးရေ … ဘာကြောင့်ပဲ သေသေ၊ ဘယ်သူ့ကြောင့်ပဲ သေသေ၊ တော်ကတော့ တကယ်ကို သေသွားခဲ့ပြီ။ ပြောလို့များ ထွက်ခဲ့ရင်တော့ ကျုပ်လည်းပြောလိုက်ချင်ပါရဲ့တော်။ မေးလည်း မေးလိုက်ချင်ပါရဲ့။ တော် ဘာအတွက် ဘယ်သူ့အတွက်နဲ့ ရပ်ရေးရွာရေးတွေကိုများ ဒီလောက်အထိ အကျိုးစွန့်ရတာတဲ့လဲ။ အလွန်တစ်ရာမှ ခေါင်းမာတတ်သူကြီးရဲ့”
ဘွားလေးစိန်ရဲ့ အဆုံးအစမရှိတဲ့ ငိုချင်းနဲ့ပဲ အသုဘပွဲတစ်ခုဟာ နိဂုံးချုပ်သွားတယ်။ အသုဘရှုကြတဲ့ လူတစ်အုပ်ကလည်း အားလုံးပြီးဆုံးလို့ ရွာဘက်ဆီကို တရွေ့ရွေ့ပြန်လာကြပြီ။ မိုးသံလေသံတို့ တိတ်ဆိတ်သွားပြီဆိုပေမယ့် ဝန်းကျင်တစ်ခုလုံးကိုတော့ ကြေးစည်သံလေး တလွင်လွင် ဖုံးအုပ်နေဆဲ။
ဘွားလေးစိန်ရဲ့ စိတ်ထဲမှာလည်း ဘိုးလေးထွန်းသေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရွာကလူတွေပြောတဲ့ ယုံကြည်မှုပေါင်းစုံတို့ရဲ့ စကားသံတွေရစ်ဝဲလို့ အာရုံတွေက ရှုပ်ထွေးနေဆဲပဲ။


မင်းဝေဟင်
(မဟေသီမဂ္ဂဇင်း၊ ၂၀၁၀)

အတ္တမြစ်ပျို ကမ်းပါးအို

၁။
“နင်ကျောင်းဆက် တက်မယ် ဆိုတာကိုတော့ ဘာမှ မပြောချင်ပါဘူး။ ဒါပေမဲ့ လုပ်နေတဲ့ အလုပ်က နင်ထွက်လိုက်တယ် ဆိုတာတော့ ဆိုးတာပေါ့။

ငါတို့ ပတ်ဝန်းကျင် ဆိုတာက နင်သိတဲ့ အတိုင်းလေ”

အစ်မက ကျွန်တော့်ကို ပြောလာသော စကားကို ဆက်မပြောဘဲ သူမ လုပ်စရာကိုသာ ဆက်လုပ်နေသည်။ အဖေကမူ သူ့အလုပ်နှင့်သူ ထုံးစံအတိုင်း အလုပ် ရှုပ်နေဆဲ။ အစ်မပြောသော ပတ်ဝန်းကျင် ဆိုသည်ကို ကျွန်တော် သိပါသည်။

“ကိုမင်းက အခု အချိန်ထိ ကျောင်းမပြီးသေးဘူးလား”

“ဘွဲ့တွေ တစ်ခုပြီး တစ်ခုယူပြီး ဘာလုပ်မလို့လဲ”

မသိသဖြင့် မေးခြင်း၊ စပ်စု၍ မေးခြင်း၊ ရွဲ့ချင်သလိုလို မေးခြင်း။ မည်သည့် အတွက်ကြောင့် မေးကြ သည် မသိသော်လည်း ဖြေ စရာအဖြေက ကျွန်တော့် အတွက် အဆင်သင့် ရှိမနေခဲ့။
“အသက်လည်း ၃၀ ပြည့်တော့မယ်။ ကျောင်းမပြီးသေးဘူး ဆိုတော့ ကျောင်းသားပဲ လုပ်စား နေတော့မှာ လား”

မေးလာသော မေးခွန်းများ၏ အောက်တွင် အမှန်စင်စစ် ကျွန်တော့် အတွက်တော့ ဖြေစရာ အကြောင်းမရှိခဲ့။ ကျွန်တော် လုပ်သော ကိစ္စ တစ်ခုသည် ပထမဦးစွာ ကျွန်တော့်အတွက် မှန်နေရမည်။ ဤသို့ဆိုလျှင် အတော် အသင့် ပြည့်စုံပြီဟုလည်း ကျွန်တော် ထင်ခဲ့သည်။ ဤသည်မှာ ဟိုစဉ်က အတွေး တစ်ခု။ အမှန်တကယ် လက်ရှိ ဘ၀တွင်မူ တစ်ခုခုကို စဉ်းစားမိပြီ ဆိုလျှင် ဆုံးဖြတ်ချက်တို့က မပြတ်သားချင်။ အလုပ် တစ်ခု၏ နောက်ဆက်တွဲတွင် ဟုတ်မှ ဟုတ်ပါ့ မလားဟူသော အတွေးမျှင် တို့က ၀ိဝါဒ များစွာ ကပ်ငြိ နေဆဲ။

ပတ်ဝန်းကျင်ကို ကြည့်မိသည်လား။ ကိုယ့် ကိုယ်ကိုယ် ကြည့်သည်လား။ သေချာ မသိနိုင်သော် လည်း ပုစ္ဆာ တစ်ပုဒ်၏ နောက်တွင် အဖြေတစ်ခုကို အဆင်သင့် မထုတ်နိုင်ခဲ့။ အရွယ်နှင့် ပညာ၏ နောက်တွင် ရဲရင့်ပြတ်သားနိုင်ခြင်း ဆုံးဖြတ်ချက် တစ်ခုကပိုပြီး ခိုင်မာလာရမည် မှန်သော်လည်း ကျွန်တော့် အတွက်မူ ပြောင်း ပြန်ပင်။ သည့်တိုင်အောင် ကိုယ့်အတွက် ကိုယ်ပဲကြည့် ပြီး ကျောင်းတွေမပြီးနိုင်၊ မစီးနိုင်တက်နေသူဟု စွပ်စွဲခံ ရသေးသည်ပင်။

“အဖေ့ရဲ့ ကျန်းမာရေးလည်း နင်အသိ၊ အဖေက ထွေထွေထူးထူး ဘာရောဂါမှ မရှိပေမယ့် နင်သိတဲ့အတိုင်း ဘယ်ကိစ္စကို မှတ်မိတော့လို့လဲ။ စားတာသောက်တာ၊ အပေါ့အလေးစွန့်တာကအစ၊ ငါ့တာဝန်ပဲ။ နင့်ကိုကျောင်း မတက်စေချင်တော့တာက လည်း ဒီကို ပြန်လာစေချင် တာတော့ မဟုတ်ပါဘူး။ နင် ရန်ကုန်မှာပဲ နေချင်နေပါ။ ဒါပေမဲ့ နင်အလုပ် တစ်ခုတော့ အသေအချာလုပ်သင့်ပြီ”

အစ်မပြောလျှင် အဖေ့ကို တစ်ချက် ငဲ့ကြည့်မိပြန်သည်။ အဖေကမူ အေးအေးလူလူပင် သူ့သံသေတ္တာထဲမှ အ၀တ်အစား တချို့ကို အပြင် ဆွဲထုတ်လိုက်၊ ပြန်ထည့်လိုက်ဖြင့် အလုပ်ရှုပ်နေ သည်။ ကျန်သည့် အစ်ကို နှစ်ယောက်မှာမူ လူပျိုလူလွတ်တွေ ဆိုသော်လည်း အိမ်မှာ ရှိမနေကြ။ မောင်နှမ ငါး ယောက်မှာ တစ်ဦးတည်းသော အိမ်ထောင် ကျနေသူ ကျွန်တော့် အထက်က အစ်ကို ကတော့ သည်မြို့လေးထဲမှာပင် သီးခြား အိမ်တစ်လုံးနှင့်။ မောင်နှမတွေထဲမှာ အစ်မက အကြီးဆုံး ဖြစ်ပြီး ကျွန်တော် က အငယ်ဆုံး ဖြစ်သည်။

“အဖေက သူ့ပင်စင် စာအုပ်ကိုပဲ တယုတယ ရှိနေတာလေ။ ပင်စင် စာအုပ်ထဲမှာ ရှိနေတဲ့ ပိုက်ဆံက သောင်းဂဏန်းတောင် မရှိပါဘူးဟယ်။ အဖေ့ကို အများက ပြောသလို သူငယ်ပြန် နေတယ်လို့တော့ မပြောရက်ပါဘူး။ ဒါပေမဲ့ အဖေက သားသမီး ငါးယောက်နဲ့ သူ့ပင်စင် စာအုပ်ကလေးက လွဲလို့ ဘာမှကို မမှတ်မိတော့တာတော့ အံ့သြစရာပဲ”

အစ်မက ကျွန်တော့် ကျောင်းကိစ္စမှသည် အဖေ့ ကျန်းမာရေးသို့ စကားလမ်း ကြောင်းပြောင်းသွားသည်။ တကယ်တမ်းတွင် ကျွန်တော်က မနှစ်က နားထားသော ပီအိပ်ခ်ျဒီ ဘွဲ့အတွက် ကျောင်းဆက်တက်မည် ဆိုသည်ကို အစ်မက လွဲ၍ မည်သူ့ကိုမှ မပြောဖြစ်ခဲ့သေး။ အဖေကမူ ကျွန်တော်တို့ ပြောနေသော စကားတွေကို ကြားနေနိုင်သော်လည်း လုံးဝ မသိသူပီပီ စိတ်ဝင်စားဟန် မပြ။ ကျောင်း ဆက်တက်ရန် အစ်မကို တိုင်ပင်မိသော စကားကိုမူ အကောင်အထည် မပေါ်ဘဲ အဆုံးသတ်ခဲ့ရလေသည်။

၂။
ကျွန်တော် ရူပဗေဒ မေဂျာဖြင့် မဟာ သိပံ္ပဘွဲ့ ယူပြီး ခါစကပင် အမေဆုံးသည်။ ထိုစဉ်က အဖေက ပင်စင်ယူပြီး ဖြစ်သော်လည်း ယခုကဲ့သို့ မဖြစ်သေး။ ကျွန်တော့် ဘ၀က ထိုအချိန်ထိ အပူ အပင် ကင်းမဲ့သည်ဟုပင် ဆိုရ မည်။ အမေ မရှိတော့သော်လည်း ကျွန်တော့်ကို ချစ်သော အဖေက ကျွန်တော့်နား မှာ မားမားမတ်မတ် ရှိနေလေသည်။ အမှန်အတိုင်း ၀န်ခံရလျှင် ပညာရေးနှင် ပတ်သက်ပြီး ကျွန်တော့်မှာ ရည် ရွယ်ချက် အကြီးကြီးဖြင့် ရှိမနေခဲ့။ တစ်ဘွဲ့ပြီးလျှင် နောက်တစ်ဘွဲ့ တက်ရန် အမှတ် မီခြင်းသည် ကျွန်တော် ကျောင်းဆက် တက်ဖြစ်ခဲ့ခြင်း၏ အကြောင်းအရင်း ဖြစ်နေပြီး မည်သည့် အဆင့်ထိ တက်မည်ဟုလည်း မရှိခဲ့။ သို့သော် ရောက်ရာ အရပ်မှာ ရပ်မနေချင်သည့် စိတ်သည် အတန်းတွေ ကြီးလာသည်နှင့် အမျှ ကျွန်တော့်ကို ဆိုးရွားစွာ နှိပ်စက်လာသည်။

ခေတ်ကာလ၏ ရင်းနှီး မြှုပ်နှံရသော အခြား လုပ်ငန်း များနှင့် အပြိုင် ပညာရေးတွင် လည်း စိန်ခေါ်မှုများက အတုံးအရုံး။ ကုန်ကျငွေ ဆိုသည်များက မြင်းပြေးခြင်း ဒီရေတက်ခြင်းတို့ထက် မြန်နှုန်းက ပြင်းလွန်းလေရာ လက်လှမ်း မမီတော့ဘဲ လမ်းတစ်ဝက်မှာ တဖုတ်ဖုတ် ပြုတ်ကျန်ခဲ့ရသည့် သူငယ်ချင်း တွေဆိုသည်ကလည်း အစုလိုက် အပြုံလိုက်။ ကျွန်တော်၏ နောက်ခံ အခြေအနေ တချို့က သူတို့ထက် အနည်းငယ်မျှ သာလေရာ သူတို့လိုလည်း ပညာရေးကို တိကနဲ ဖြတ်မချနိုင်၊ ပညာရေးကို နောက်ဆံတင်း ဖြစ်သကဲ့သို့၊ လုပ်မိသည့် အပြင်က အလုပ်တွေ မှန်သမျှ ကျတော့လည်း စိတ်နှစ် ထားနိုင်မှုတွေ နည်းပါး လာရာ အောင်မြင်မှု ဆိုသည်နှင့် အလွဲလွဲ အချော်ချော် ဖြစ်ခဲ့ရသည်။

မဟာ သုတေသနတန်း ပြီးလျှင် Ph.D ၀င်ခွင့် ရပါလျက် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းဆက်မ တက်ဖြစ်ကြဘဲ တက္ကစီ ဒရိုင်ဘာ ဖြစ်ကုန်ကြသူတွေ။ ဟို ကုမ္ပဏီ၊ သည်ကုမ္ပဏီမှာ ၀င်လုပ်ရင်း အလုပ်တစ်ခုပြီး တစ်ခု ပြောင်းနေကြ သူတွေလည်း ကျွန်တော့် အသိုင်းအ၀ိုင်းမှာ အပုံအပင်။

“သူငယ်ချင်းရေ ငါတော့ နယ်တက္ကသိုလ်မှာ ဆိုတော့ လစာအပြင် အခြားလည်း ဘာမျှော်လင့်စရာမှ မရှိဘူးကွာ။ အဲဒါကြောင့် ရန်ကုန်နဲ့ နယ်နိမိတ်မှာ ရှိတဲ့ တက္ကသိုလ် တစ်ခုခုကို ပြန်ရောက်ဖို့ကိုပဲ ဘုရားမှာ နားပူ နားဆာ လုပ်နေရတယ်”

ကျူတာ ၀င်လုပ်ကာ နယ်တက္ကသိုလ်တွေ ရောက်ကုန်ကြသူများ၏ အသံများကလည်း ညည်းချင်းတွေ အပြုံလိုက်နှင့် ခိုတွေနှင့် နင်လားငါလား။ တစ်ဖက်က ကြည့်လျှင် ကျောင်းတက်ကာ ရန်ကုန် တက္ကသိုလ်မှာ နေဖြစ်သည့် ကျွန်တော်တို့သည်လည်း “ဘာအတွက် ကျောင်းဆက် တက်နေကြ သလဲ” ဆိုသည့် မေးခွန်း အောက်မှာ တစ်ရာဖိုး မေးရာ ဆယ်မှတ်ဖိုးတောင် မဖြေနိုင်သည့် ကျောင်းသားများ ကဲ့သို့ အူလည်လည်။ သေချာသည်က ကျွန်တော်က အဖြေ မရှိသည့် မေးခွန်းကို ကိုယ်တိုင် ထုတ်ကြည့်နေခြင်းသာ ဖြစ်သည်။

“တည်မိတဲ့ဘုရား လင်းတ မနားချင်ဘူး” ဆိုသည့် လျှောက်လဲချက်တွေ မည်ကဲ့သို့ ပေးပြီး စိတ်ဓာတ် တွေကို မည်သို့သော ခွန်အားတွေနှင့် ကျားကန် ထားသော်လည်း “ဆုပ်လည်းစူး၊ စားလည်းရူး” သကဲ့သို့များ ဖြစ်နေသလားဟု ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဆန်းစစ် ကြည့်နေရတာကလည်း အကြိမ်ကြိမ်မို့ မောပန်းလှစွာ လျှာပင် ထွက်ချင်နေပါပြီ။ သူများထက်လည်း ပိုသိချင်၊ ပိုတတ်ချင်။တဖန် ၀ီရိယလည်းမရှိ ဆိုသည့်ကောင် သည် ကျွန်တော်လိုကောင်မှ စစ်စစ်။ ပေးဆပ်မှုပေါင်း များစွာဖြင့် အသေအချာ ချိန်စက် ပြီး ရင်းနှီးခဲ့ရသည့် တိုင်အောင် တစ်ခါတစ်ရံ ရလဒ်တွေက တူတန် မျှတမှု ရှိမနေခဲ့။ သို့သော် သို့သော်လည်း ခြစ် ကုတ် ဖက်တွယ် ထားမိခဲ့သည့် နေရာလေး တစ်ခုကိုမူ ကျွန်တော် အလွယ်တကူ ဖြတ်တောက် မပစ်နိုင်ခဲ့ပါ။ ထိုအတွက် ရင် ဆိုင်နေရသော အ၀န်းအ၀ိုင်းသည် ကျွန်တော် ကိုယ်တိုင် ဖန်တီးမှုမှ ပေါက်ဖွား လာသည်ဟု ဆိုပြန်လျှင်လည်း မှားမည်မထင်။

၃။
“အဖေ သားခွံ့ကျွေးတဲ့ ထမင်းစားလို့ ကောင်းရဲ့လား”

“အေးကွ ငါ့သားခွံ့ ကျွေးတာ တော်တော်ကောင်းတယ်။ မင်းအစ်မကျတော့ တစ်ခါတစ်ခါ စိတ်မရှည် တတ်ဘူးကွ။ ငါ့ပါးစပ်ကို များကွာ စပါးခြွေစက်ထဲ ကောက်လှိုင်းတွေ ပစ်ထည့် နေသလို- “ဟ ဟ” ဆိုပြီး ထမင်းတွေ တစ်လုတ်ပြီး တစ်လုတ် ပစ်ထည့်နေတော့တာ”

အဖေ ပြောသည်ကို နားထောင်ပြီး ကျွန်တော် ပြုံးမိသည်။ အဖေကမူ တကယ့်ကို ကလေးလေး တစ်ယောက်လို ဖြစ်သွားလေပြီ။ ကလေးကဲ့သို့ သူ့ကို ထမင်း ခွံ့သူအား အကောင်းပြောမည်။ ပြီးလျှင် နောက်တစ်ယောက်ကို အတင်းပြောမည်။ ထူးခြားသည်က အဖေက အားလုံး လိုလိုကို သတိ မရတတ်တော့ သော်လည်း ကျွန်တော်တို့ မောင်နှမ ငါးယောက်ကိုမူ အားလုံး မှတ်မိနေခြင်း ဖြစ်သည်။ ကျွန်တော့် အထက်မှ အိမ်ထောင်သည် အစ်ကို အိမ်ကိုလည်း ခဏခဏ သတိရ နေတတ်သေး၍ တစ်ခါတစ်ရံ လိုက်ပို့ရတတ်သေးသည်။ အိမ်မှာအစ်မ မရှိ၍ အဖေနှင့် နှစ်ယောက်တည်းမို့ အဖေ့ကို ထမင်းကျွေးကာ စကားပြော ကြည့်ချင်လာသည်။

“အဖေ သား မိန်းမယူရင် ကောင်းမလား။ ကျောင်းဆက်တက်ရင် ကောင်းမလား အဖေ”

“ဟ ငါ့သားရ။ မင်း မိန်းမယူဖို့ စောပါသေးတယ်ကွ။ အဖေတောင် မယူသေးတဲ့ဟာကို။ မင်းကျောင်းကို သာဆက်တက်။ မင်းတို့ အရွယ်ဆိုတာ နောက်ထပ် ဆယ်နှစ်လောက်တော့ ကျောင်း ဆက် တက်သင့်သေးတယ်”

“ဟား ဟား ဟား ဟား”

သည်တစ်ခါတော့ ကျွန်တော်အသံ ထွက်အောင် ရယ်မိပါသည်။ အသက် သုံးဆယ်မို့ ကျောင်းဆက်တက်ရန် အစ်မကပင် ခွင့်မပြုချင် တော့သော ကျွန်တော့်ကို အဖေက ငယ်သေးသတဲ့။ နောက်ထပ် ဆယ်နှစ်လောက် ကျောင်းဆက် တက်လိုက်ပါ ဦးတဲ့။

“ဒါပေမဲ့ မင်း ရန်ကုန်မှာ အကြာကြီးတော့ မနေနဲ့ကွ။ ဒီမြို့က ရန်ကုန်နဲ့ ဘာဝေးတာ မှတ်လို့၊ ဒီမြို့ကိုတော့ ခဏ ခဏ ပြန်လာခဲ့ကြားလား။ ပြီးတော့ ငါ့သားကို အဖေ ပြောစရာ ရှိသေးတယ်”

အဖေက ကျွန်တော့်အား ပြောနေသည့် အသံကို ရုတ်ခြည်း နှိမ့်ချလိုက်ပြီး မျက်ဝန်းအိမ်တွေ လှုပ်ရှားကာ ပတ်ဝန်းကျင်ကိုလည်း ဝေ့ကြည့်လိုက်သေးသည်။ အိမ်ထဲမှာ ကျွန်တော်နှင့် သူ နှစ်ယောက်တည်းမို့ စိတ်ချသွားသည့် ပုံစံဖြင့် စကားပြောရန် ဟန်ပြင်သည်။

“အဖေ့မှာရှိတဲ့ ပင်စင် စာအုပ် အတွက်လည်း အဖေ စိတ်မချဘူးကွ”

“ဗျာ”

ကျွန်တော့်နှုတ်မှ “ဗျာ” ကနဲ ဖြစ်သွားသည်။ အဖေ ပြောနေပုံသည် တကယ်ကို စိုးရိမ်တကြီး ဖြစ်နေသည့် ပုံစံ။ အဖေ့အင်္ကျီ အိတ်ကပ်ထဲမှာ ရှိနေသော ပင်စင် စာအုပ်ကို လက်ကလေး တစ်ဖက်ဖြင့် ဖိကာ ဘေးဘီဝဲယာကို ကြည့်နေပုံက အမှန်တကယ်ပင် ကျီးကန်း တောင်းမှောက်။ အဖေက သူ့ ပင်စင် စာအုပ်လေးကို စွဲလမ်းသည့် အကြောင်း အစ်မ ပြောစဉ်က အသိသား။ သို့သော် အဖေသည်မျှ ဖြစ်နေလိမ့်မည်ဟု ကျွန်တော် မသိခဲ့။

“မင်းအစ်ကို နှစ်ကောင်က ဘာမှ အားကိုးလို့ ရတာ မဟုတ်ဘူး။ အပြင်သွားပြီး အလေ လိုက်နေကြတဲ့ ကောင်တွေ၊ အိမ်မှာက မင်းသိတဲ့ အတိုင်း မင်းအစ်မနဲ့ အဖေက နှစ်ယောက်တည်း။ မတော် အဖေ့ပင်စင် စာအုပ်ကို ဓားပြ ၀င်တိုက်ပါပြီတဲ့။ ဘယ်လို လုပ်မလဲ ကဲ”
မျက်လုံး အ၀ိုင်းသားနှင့် ပြောလာသည့် အဖေ့ပုံက အမှန်ပင် အားငယ် နေသည့်ပုံ။ အဖေ့ဟန်၊ အဖေ့ အမူ အရာများကို ကြည့်ပြီး စောစောကကဲ့သို့ ရောက်တတ်ရာရာ စကားတွေလည်း မပြောချင်ပါ။ အဖေ့အတွက် သောကတစ်ခု ဖြစ်နေသည့် မည်သို့မျှ တန်ဖိုး မများလှသော အဖေ့ ပင်စင် စာအုပ်လေး အတွက်သာ ကျွန်တော် စိတ်မသက်မသာ ဖြစ်ရသည်။

၎။
“ဒါကတော့ နင့်အတွက် နောက်ဆုံး လက်နက်ပဲ ကိုမင်း၊ တကယ်တမ်း နင် ကျောင်းဆက် တက်ချင်တယ် ဆိုတော့လည်း ငါစိတ်မကောင်းပြန်ဘူး။ နင့်အစ်ကိုတွေ သိရင် ငါ့ကို တစ်မျိုး ပြောဦးမယ်”

“ဒါကြီးကတော့ ဖြစ်ပါ့ မလားဟာ၊ တော်ကြာ အဖေ သိသွားမှဖြင့်”

“အဖေသိလည်း ဘာမှ ဖြစ်မှာ မဟုတ်ဘူး။ နင်လည်း သိတဲ့အတိုင်း၊ အဖေက သူ့ရဲ့ပင်စင်စာအုပ်က လွဲလို့ အခြား သူ့ရဲ့တန်ဖိုးကြီး ပစ္စည်းတွေလည်း ဘာတစ်ခု သိတော့တာမှ မဟုတ်တာ။ နင်က ကျောင်းဆက် တက်ချင်တာ ပဲ။ တကယ်တမ်းတော့ ငါလည်း မတားချင်ဘူး။ ဒီပစ္စည်းက အဖေငယ်ငယ်က ပစ္စည်း ဆိုပေမယ့် အဖေလည်း မှတ်မိတော့တာမှ မဟုတ်တာ။ ဒီပစ္စည်းက တစ်ကျပ်ခွဲသား တောင်ရှိတာ ဆိုတော့ နင့်ရဲ့ Ph.D သင်တန်း တစ်နှစ်စာတော့ ရမှာပေါ့။ နင်ကလည်း ကျောင်းဆက် တက်ချင်တာကိုး။ ငါ့မှာလည်း ဒီနည်းပဲ ရှိတော့တယ်”

အစ်မက ကျွန်တော် ပြန်ပြောစရာ စကားတစ်ခွန်း တစ်စကိုသော်မှ ချန်ရစ်မ ထားခဲ့ပါဘဲ သူပြောချင်သည့် စကားကို တာကျိုး ကျသကဲ့ သို့ ဒလဟော ပြောလာသည်။ အစ်မ လှမ်းပေးသော အဖေ့ ရွှေကြယ်သီး တစ်စုံကတော့ အစ်မ လက်ထဲမှာ တလှုပ်လှုပ် တယမ်းယမ်း။ အစ်မပေးသည့် ရွှေကြယ်သီးကို လှမ်းယူလျက် စိတ်မလုံစွာ အဖေ့ကို လှမ်းကြည်ရာ အဖေကမူ ထုံးစံအတိုင်း သူ့ပင်စင်စာ အုပ်လေး တကိုင်ကိုင်နှင့် အလုပ် ရှုပ်နေသည်။ တစ်ချက် တစ်ချက်တော့ ကျွန်တော်တို့ စကားဝိုင်းဘက်ကို အဖေက လှမ်းကြည့်နေတတ်သည်။

“ငါ တရားသလိုမှ ဖြစ်ပါ့မလား အစ်မရာ”

“အမလေးဟဲ့ ငါ့ရှေ့မှာ ရုပ်ရှင် လာရိုက်နေပြန်ပါပြီ။ နင်လည်း ပညာတတ် တစ်ယောက်ပဲ။ နင်ကျောင်းဆက် တက်ဖို့ ဆုံးဖြတ်ပြီးပြီပဲ။ ဒူး အော်ဒိုင်းပေါ့။ ဘာမှ တွေဝေမနေနဲ့။ ဒါနဲ့နင်က ကျောင်း တောင်မတက်သေးဘဲနဲ့ ဂျာနယ် အလုပ်ကနေ ဘာလို့ ထွက်လိုက်ရတာလဲ”

အစ်မက ကျွန်တော် စိတ်မကောင်းမှာ စိုး၍လား တော့မသိ။ စကား လမ်းကြောင်းကို သိသိသာသာလွှဲ ပစ်၏။ ကျွန်တော်ကလည်း ရန်ကုန်မှာ ၀တ္ထုတိုလေး ဘာလေးရေးသည့် စာရေးဆရာ ဖြစ်ရာ ကျွန်တော့်ထက် စီနီယာ ကျသည့်၊ အစ်မ တစ်ယောက်ကဲ့သို့ ရင်းနှီးနေသည့် ၀တ္ထုတိုရေး ဆရာမ တစ်ယောက်၏ ဆွဲခေါ်မှု၊ နောက်ခင်မင် ရင်းနှီးသည့် သူငယ်ချင်း ဒါရိုက်တာ တစ်ယောက်၏ အားပေးမှုတို့ဖြင့် ကျွန်တော် ၀င်လုပ်ခဲ့သော ဂျာနယ်တစ် စောင်မှ တာဝန်ခံ အယ်ဒီတာ ရာထူးကို နုတ်ထွက်လိုက်ခြင်းအား အစ်မက ပြောနေခြင်း ဖြစ်သည်။ အစ်မ ပြောလာသော စကားကို ကျွန်တော်က ခွန်းတုံ့မပြန်မိ။ ကျွန်တော့် လုပ်ရပ်သည် တစ်ပါးသူတွေ အတွက် အတ္တတစ်ခုများဖြစ် နေသလားဟု စိတ်မသက်သာ စွာတွေးနေမိသည်။ ကျွန်တော့် လုပ်ရပ်က အတ္တတစ်ခုပင် ထားပါဦးတော့။ ထိုအတ္တ များ၏ လမ်းဆုံးမှာ ကျွန်တော့် အတွက် နေရာ တစ်ခုဆိုသည် ရှိနေပါ့မလား။ အနာဂတ် အတွက် မသေချာလှသည့် ပင်လယ် တစ်ခုထဲကို စီးဝင်ဖို့ အတ္တမြစ်ပျိုသည် ရှိသမျှ ခွန် အားလေးတွေ အဆင်သင့် စုစည်းပြီး ဖြစ်လေသည်။

၅။
သည်တစ်ခေါက်ရွာ ကနေ ရန်ကုန်ကို ပြန်ရမည့် ညတွင် ကျွန်တော် လုံးလုံး အိပ်မပျော်ခဲ့။ အိပ်မပျော် ခဲ့သည့် အကြောင်းရင်းတွင် အဖေ့ ရွှေကြယ်သီး ကိစ္စနှင့် ကျွန်တော် ကျောင်းတက်ရန် ကိစ္စက အဓိက ဇာတ်ကောင် ဖြစ်နေသည်။ တစ်စုံတစ်ခုသည် ကျွန်တော့် ရင်ထဲတွင် တင်းကျပ်နေသည်။ကျွန်တော်တို့မြို့မှ မိုးမလင်း ခင်ကားဂိတ်သို့ ဆင်းမှလည်း ရန်ကုန်ကို ရောက်ချိန် အဆင် ပြေသည်။ မနက် လေးနာရီ ကားဂိတ်ကို ဆင်းဖို့ရာ ညကတည်းက အိပ်မပျော်နိုင်ဘဲ တစ်နာရီတစ်ခါ ဆိုသကဲ့သို့ နာရီကိုသာ ထပြီးကြည့်နေခဲ့မိ သည်။ ယခုမနက် လေးနာရီ မထိုးခင် ကျွန်တော်ထပြီး ပြန်ဖို့ပြင်ရာ အိမ်ကလူတွေ ကတော့ တရှူးရှူးနဲ့ အိပ်မော ကျနေတုန်း။ ကျောပိုးအိတ်ကို လွယ်။ လက်ဆွဲအိတ် တစ်လုံးကို ဆွဲပြီး ကျွန်တော်က အိမ် တံခါးကို အသာလေး ဟပြီး ပြန်ပိတ်ကာ အိမ်အောက်ကို ဆင်းခဲ့သည်။ ခြံတံခါးနှင့် အိမ်က အနည်းငယ် လှမ်းနေသေးသည်။ ခြံထဲကနေ ကောင်းကင်ပြင်ကို လှမ်းကြည့်မိတော့ လဆုတ်ရက်မို့ လားမသိ။ လကွေးကွေးက ကောင်းကင်မှာ သာနေသည်။

“ချွတ် ချွတ်”

အလင်းရောင် မျှင်မျှင် လေးအောက်မှာ အိမ်ပေါ်မှ ဆင်းလာသော လူရိပ်ကို တွေ့ရသည်။ မတ်တတ် ရပ်နေသည်မို့ လှမ်းအကြည့်မှာ ဘယ်သူဘယ်ဝါ ဆိုတာ ချက်ချင်း မသဲကွဲ။ ကျွန်တော် ရန်ကုန် ပြန်မှာမို့ ကျွန်တော့် အစ်ကို နှစ်ယောက်ထဲမှ တစ်ယောက်ယောက်က ကားဂိတ် လိုက်ပို့သည်လား။

“ဟေ့ကောင် ငါ့သား ခဏနေဦး”

“ဟာ အဖေ”

အဖေက အသံ ခပ်အုပ်အုပ်လေးဖြင့် ကျွန်တော့်ကို အသံပြုသည်။ အဖေဆိုသော အသိကြောင့် ရွှေကြယ်သီး ထည့်ထားသော ကျွန်တော့် ပိုက်ဆံအိတ်ကို ယောင်ယမ်း စမ်းမိသည်။ မနေ့က အစ်မ ပေးလိုက်သော ရွှေကြယ်သီးကိုများ အဖေ မြင်သွားသလား။ အဖေဟာ အခြေအနေ တစ်စုံတစ်ရာကိုများ ရိပ်မိ သွားသလား။

“နေဦးကွ။ အဖေ ပြောစရာ ရှိတယ်”

အဖေက ကျွန်တော် ကြားသာရုံ အသံ တိုးတိုးလေးကို ပြုလို့ ကျွန်တော့်နားကို ရောက်လာသည်။ လရောင် မျှင်မျှင်လေး၏ အလင်းနုနု အောက်မှာ မြင်နေရသော အဖေ့မျက်နှာ ပြုံးနေသလား။
“မနေ့က မင်းအစ်မနဲ့ မင်းပြောနေကြတာ အဖေ အားလုံး ကြားရတယ်ကွ။ ဘာတဲ့ ငါ့သားကျောင်းတက် မလို့ဆိုလား။ ဟုတ်တယ်မို့ လား”

“ဟုတ် ဟုတ်ပါတယ် အဖေ”

အဖေ့ မေးခွန်းအောက်မှာ ကျွန်တော့် စကားသံတွေက အထစ်ထစ် အငေါ့ငေါ့။ အဖေက အားလုံးကို သိနေပုံ ရသည်။ သို့ဆိုလျှင် အဖေက သူ့ကြယ်သီး အတွက် ကျွန်တော့် နောက်ကို လိုက်လာသည်ပေါ့။ ဒါဆို ကျွန်တော် ပြန်ပေးလိုက် ရတော့မည်ပေါ့။ ကျွန်တော် ကျောင်းဆက်တက်ဖို့ ကိစ္စ။ တဒင်္ဂအတွင်း ကျွန်တော့် အာရုံတွေ ချောက်ချားကုန်သည်။

“ငါ့သားကလည်း ပညာတတ်သာ ဆိုတယ် နုံလွန်း၊ အလွန်း လိုက်တာကွာ။ မင်းအစ်မ မင်းကို ပေးနေတဲ့ ကြယ်သီးက ဘယ်လောက် တန်ဖိုး ရှိမှာလဲကွ။ ငါးကျပ်၊ တစ်ဆယ်လောက် တန်မယ့် ဟာကို အရေးအရာ လုပ်နေတယ်။ ဒီမှာ ငါ့သား၊ အဖေ့မှာ အဲဒီထက် တန်ဖိုး အများကြီးရှိတဲ့ ပစ္စည်းရှိတယ်။ ဒါမှ ငါ့သား ကျောင်းဆက်တက်လို့ ရမှာပေါ့။ ရော့ ရော့ ယူ သွား၊ ဒါကို အဖေ ပေးလိုက်တာ မင်းအစ်ကို၊ အစ်မတွေ မသိစေနဲ့ ကြားလား။ ဒါဟာ မင်းအတွက် အဖေ့ အမွေပဲ။ ငါ့သား ကားချိန် နီးနေပြီ မြန်မြန်သွားတော့။ သူတို့ မသိအောင် အဖေလည်း ပြန်အိပ် လိုက်ဦးမယ်”

အဖေက ပြောပြီးပြီးချင်း ကျွန်တော့် လက်ထဲကို ပစ္စည်းတစ်ခု ထည့်ပေးလျက် ကလေးငယ် တစ်ယောက်ကဲ့သို့ သွက်လက်စွာ အိမ်ပေါ်သို့ ပြန်တက်သွားသည်။ အဖေ ပေးလိုက်သော ပင်စင်စာအုပ် လေးကို ကျစ်ကျစ်ပါအောင် ကိုင်လျက် ကားသံများ၏ တူရူဘက်ကို ကျွန်တော် ခြေလှမ်း ရွေ့လိုက်သည်။ ပင်စင် စာအုပ်လေးပေါ် ကျသွားသော ကျွန်တော့် မျက်ရည် များကိုမူ ရောင်နီတွေ ပျို့အန် တက်မလာသေးသော လရောင် ကလေး၏ အလင်းနုနု အောက်တွင် လောကကြီးကလည်း မြင်တွေ့လိုက်မည် မဟုတ်ပါ။ နောက်ဆုံးမှာတော့ အပြောကျယ်၍ အဆုံး မရှိသော ပင်လယ်ထဲသို့ စီးဝင် ဖြတ်သန်းရန် အတ္တမြစ်ပျို ကျွန်တော်ကတော့ ကမ်းပါးအို တစ်ခုကို ခွာခဲ့ရပြန်သည် လေ။

မင်းဝေဟင်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၁)
back to top