ဆူးစည်းရိုး


မိုးစင်စင်လင်းတော့မည်။
မနက် ငါးနာရီအချိန်ကတည်းက ခေါင်းရင်းဘက်ခြမ်းက ကိုတာရာဆက်တိုက်ဆိုသလို အမောဖောက်နေ တာကို ခြေရင်းဘက်ခြမ်းက မစန်းရီထရံပေါက်က ချောင်းကြည့်နေရင်း ပြုံးလိုက်သည်။ မစန်းရီရဲ့အပြုံးက နှုတ်ခမ်းတစ်စုံ ဂငယ်ပုံသဏ္ဍာန်တွန့်ကွေးသွားတဲ့ အပြုံးမျိုး။ အပြင်မှာအလင်းရောင်လေးကထင်လာတော့ ကိုတာရာရဲ့အမောဖောက်နေတဲ့ မြင်ကွင်းကို မစန်းရီသေချာမြင်နေရပြီ။ ချောင်းနေတဲ့ ထရံပေါက်က မစန်းရီ ရဲ့လက်အရှိန်ကြောင့်ကျယ်နေပေမယ့် မီးကလည်း ပျက်နေတော့ အစပိုင်းမှာ မြင်ကွင်းတွေက မသဲကွဲ။
ကိုတာရာရဲ့ ဇနီးမစောမေကတော့ ကိုတာရာခြုံထားတဲ့ စောင်ကြားလေးအောက်ကို လက်လှျိုလို့ ကိုတာရာ ရဲ့ ခြေထောက်တွေ၊ လက်တွေကို ဟိုဆုပ်၊ ဒီဆုပ်လုပ်နေသည်။ ပါးစပ်ကလည်း ပွစိ၊ ပွစိနှင့်တတွတ်တွတ်ရွတ် လို့။ တစ်ခါတရံ ဘုရားစင်ပေါ်က သောက်တော်ရေခွက်ထဲမှ ရေကိုလက်ဖြင့်စွတ်ယူလို့ ကိုတာရာရဲ့ နဖူးပြင်ကို ရေစက်တို့ဖြင့် တောက်နေသေးသည်။ သူတို့ရဲ့အကြီးဆုံးသမီးလေးက ကိုတာရာရဲ့ ကျောပြင်ဘက်ကို ခေါင်းအုံး တစ်လုံးခံဖို့ပြင်ရင်း 'အဖေသက်သာရဲ့လား။ သတိထားလေ' လို့မေးနေသံကို ခြေရင်းဘက်က မစန်းရီကြားနေရ သည်။ ကိုတာရာတို့ရဲ့ ကလေးအငယ်သုံးယောက်ကတော့ ကိုတာရာရဲ့ မနီးမဝေးမှာ အိပ်နေကြတာ ပိုးလိုးပက် လက်။
မစန်းရီကြည့်နေတဲ့ ထရံပေါက်က မြင်ကွင်းထဲမှာတော့ ကိုတာရာရဲ့ ရင်ဘတ်ကြီးက ဖားဖိုကြီးထိုးထား သလိုပိန်လိုက်၊ ဖောင်းလိုက်။ မစန်းရီစိတ်အထင် ကိုတာရာရဲ့နှုတ်ခမ်းကလည်း တစ်ချက်၊ တစ်ချက်ရွဲ့စောင်း သွားသေးထင်ရဲ့။ ပြီးတော့ နှာခေါင်းကလည်း အထက်ကို လန်နေသလိုလို။ နားရွက်ဖျားလေးတွေကလည်း အောက်ကိုကုပ်ပြီးကျနေပြီ။ ဒါဆို သေချာပြီပေါ့။
'ကိုတင့်ဝေ .. ကိုတင့်ဝေ တော့။ ဟိုဘက်ခန်းမှာ တာရာတစ်ကောင်တော့ အမောဖောက်နေပြီ။ ကြွတော့မယ်'
မစန်းရီက သူ့ရဲ့ယောကျာ်းကို ကြားမှာအိပ်နေတဲ့ ကလေးနှစ်ယောက်ကို ကျော်ခွကာ အသံပြုလို့ လှုပ်နှိုးလိုက်သည်။ ခေါင်းရင်းခန်းက ကြားမှာစိုး၍ လေသံလောက်ပဲပြုနိုင်တော့ ကိုတင့်ဝေက ဘာမှမကြားလိုက် သယောင်နဲ့ အင်အင်၊ အယ်အယ်တွေပြုလို့ ကိုယ်ကိုတစ်ခြမ်းစောင်းပြီး ဆက်အိပ်သွားသည်။
'သြော် . .ထပါဦးဆိုမှ ဒီလူနှယ် . .အိပ်နေတာကလည်း သေနေတဲ့ အတိုင်း'
ပြောမရတော့တဲ့ အဆုံး မစန်းရီ ထရံပေါက်ကို မျက်လုံးပြန်ကပ်လို့ တစ်ယောက်တည်းပဲ ကြည့်နေ လိုက်သည်။ ခေါင်းရင်းခန်းက ကိုတာရာကတော့ တစ်ကယ့်ကို သေတော့မည်။ အသက်ရှူနေတာတောင် နှာခေါင်းနဲ့မရှူနိုင်ပဲ ပါးစပ်ကိုဖြဲလို့ လေကိုအသည်းအသန်လိုက်ပြီးဟပ်နေရတဲ့ပုံ။ မျက်လုံးကလည်း အထက်ကို လန်နေသည်။
မစန်းရီ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ အပြုံးကို အားရ၀မ်းသာပြုံးလိုက်သည်။ ကိုတာရာကို အမြန် ဆုံးသေစေချင်တာထက် ဒင်းရဲ့ မိန်းမစောမေကို မုဆိုးမဖြစ်စေချင်လှပြီ။
အခုကိုတာရာသေတော့မည်။
ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မကြာခင်မှာစောမေ မုဆိုးမဖြစ်တော့မည်။

(၂)
တကယ်တော့ မစန်းရီတို့မိသားစုနှင့် မစောမေတို့ မိသားစုက သုံးပင်နှစ်ခန်း အိမ်ကလေးရဲ့ တစ်မိုးအောက် မှာနေလာခဲ့တာကြာခဲ့ပြီ။ ကြာဆို ငါးနှစ်လောက်ရှိပြီပဲ ပြောရတော့မည်။
လမ်းကလေးကွေ့ကောက်ကောက်ရဲ့ တစ်ဖက်ဆီမှာရှိနေတဲ့ ပြွတ်သိပ်ကျပ်ခဲနေတဲ့ အိမ်လေးတွေပေါ် မှာ မစန်းရီတို့လိုပဲ တစ်ချို့အိမ်များဆိုရင် မိသားစုက တစ်မိုးအောက်မှာလေးစု၊ ငါးစု။ သို့သော်မိသားစုဝင်တွေ ဆိုတာကတော့ လမ်းထဲမှာအမြဲမပြတ်ရှိနေတတ်သည်မဟုတ်။ တစ်ထွာသော ၀မ်းပေါင်းမြောက်များစွာအတွက် နေထွက်နေ၀င်ကျားကုတ်၊ ကျားခဲအပြင်ထွက်ပြီး ရှာကြရတာဆိုတော့ လမ်းထဲမှာနေ့ခင်းဘက်ရှိနေတတ်တာဆို လို့ ခြေမနိုင်၊ လက်မနိုင်အိုကြီးအိုမတွေနဲ့ လူမမယ်ကလေးအရွယ်တွေသာဖြစ်သည်။
ဒီရပ်ကွက်ဆုံးအောင် လမ်းလေးနည်းနည်းလျှောက်။ ပြီးလျှင် ကားလမ်းမကြီးကိုကူးလိုက်ရင် စံပြဈေး ဆိုတာကြီးကဟည်းလို့။ မစန်းရီတို့က ဈေးသည်တွေဖြစ်သည်။
ဈေးသည်တွေဆိုပေမယ့် ဈေးကြီးထဲမှာဆိုင်နဲ့ ကန္နားနဲ့ဈေးရောင်းသူတွေမဟုတ်။ ဈေးရှေ့ကွက်လပ် ကလေးတွေမှာ အခင်းအကျင်းလေးတွေလုပ်။ စည်ပင်ဝန်ထမ်းကလေးတွေကို ဈေးကောက်ကလေးတွေ ပုံမှန် ပေးလို့ ဆိုင်ထွက်ကြရတဲ့သူတွေသာဖြစ်သည်။
မစန်းရီနဲ့ မစောမေက အိမ်ချင်းက ထရံလေးတိုနန့်နန့်တစ်ချပ်သာ ခြားသလို၊ ဈေးဗန်းလေးတွေချပြီး ရောင်းရတဲ့ ဆိုင်ချင်းကျတော့လည်းကပ်လျှက်။ ဟိုး . .စောစောပိုင်းကတော့ သူ့ဆိုင်ကိုယ့်ဆိုင်ရယ်လို့တောင် သတ်မှတ်တာမဟုတ်။ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ရောင်းတဲ့ မစောမေဆိုင်မှာ လူကျနေရင်လည်း ရွှေကြည်၊ သာကူ၊ ကျောက်ကျောရောင်းတဲ့ မစန်းရီက ၀င်ကူလိုက်တာပဲ။
ဈေးခေါင်းကွဲတဲ့အချိန် အိမ်ပြန်ထမင်းချိုင့်ယူရင်တောင် တစ်ယောက်ဆိုင်ကို ကူစောင့်လို့ နောက်တစ် ယောက်ကပဲ ထမင်းချိုင့်သွားယူဖြစ်ခဲ့သည်။ ယောကျာ်းတွေဖြစ်တဲ့ ကိုတင့်ဝေနဲ့ ကိုတာရာက ဆိုက်ကားသမား တွေဆိုတော့ အားတဲ့အချိန်ဆိုတာ သီးသီးသန့်သန့်ရှိတာမဟုတ်။
ဆိုင်ချင်းကပ်လျှက် လူချင်းက ပနံသင့်နေပေမယ့် ရောင်းကုန်တွေက သဟဇာတမဖြစ်။ အဲ့ဒီသဟဇာတ မဖြစ်လှတဲ့ ကုန်အမျိုးအစားတွေကြောင့်ပဲ မစန်းရီနဲ့ မစောမေ အကြီးအကျယ်ကွာပြဲသွားရခြင်းဖြစ်သည်။
'မစောမေရေ . .ကျွန်မဆီမှာနေ့တိုင်း ကျောက်ကျောဝယ်စားတဲ့ အဒေါ်ကြီးက ပြောတယ်။ မနေ့ကသူစားတဲ့ ကျောက်ကျောက ငံပြာရည်နံ့နံနေလို့တဲ့။ အဲဒါငံပြာရည်ကိုင်လို့ရှိရင် မုန့်ဗန်းတွေဘက် မစဉ်အောင် နည်းနည်းဂရုစိုက်ပါဦး'
မစန်းရီဘက်က ဖြစ်လာတဲ့ ပြဿနာသေးသေးလေးကို ဒီလိုလေးတင်ပြတော့ မစောမေဘက်ကလည်း 'အေးပါ . .ငါသတိထားလိုက်ပါ့မယ်'။ ဒီလောက်နဲ့ ပြီးသွားတာပါပဲ။
သို့သော် တစ်ခါက နှစ်ခါ၊ နှစ်ခါက သုံးခါဆိုတော့ မစန်းရီ သံသယ၀င်ပြီ။ ဒီမိန်းမ ငါတို့စီးပွားပျက်အောင် လုပ်နေသလားလို့လည်း အတွေးဝင်ပြီ။ ဖြစ်ချင်တော့ သုံးခါမြောက်မှာကျတော့ မစောမေ အိမ်ခဏပြန်တုန်း သူ့သမီးအကြီးမလေး ဆိုင်ထိုင်တုန်းမှာ ပြဿနာက ကြီးခဲ့တာဖြစ်သည်။
မစောမေ သမီးအကြီးမက အသက်ကသာ ၁၄ နှစ်၊ လူကအူတူတူ၊ အတတ။ ဆိုင်စောင့်ရင်း ဗျူးရဲ့ ကာတွန်းစာအုပ်ဖတ်နေလိုက်သည်မှာ။ သူနဲ့ပါလာတဲ့ နို့စို့သာသာ အငယ်ကောင်လေးက ငံပြာရည်ပုံးထဲက ငံပြာရည် တွေခွက်နဲ့ခပ်လို့ ဒီဘက်မစန်းရီရဲ့သာကူအိုးထဲ တစ်ခွက်ပြီးတစ်ခွက်ရောက်နေတာတောင် မမြင်လိုက်။
အဲ့ဒီအချိန်မှာ မစန်းရီကလည်း ၀ယ်သူပါးတဲ့ခဏမို့ ခုံပေါ်တင်ထားတဲ့ ပိုက်ဆံအိတ်ပေါ်မေးတင်လို့ ခဏမှေးရုံရှိသေး မစောမေ သမီးရဲ့ 'ခိခိ၊ ခစ်ခစ်' အသံတွေကြောင့် လန့်နိုးအလာ။
'ဟယ် . .ကုန်ပါပြီတော်။ ငါ့သာကူအိုးထဲကို ငံပြာရည်တွေခပ်ထည့်နေရလား သေနာကျလေးရဲ့။ ဟို . .ဖာတပိုင်းမလေးညည်းကရော ဈေးရောင်းရင်း မျက်စိကို ဘာဆို့နေလို့လဲဟဲ့။ ညည်းသောက်စိ အဲဒီလောက်ကန်းရသလား'
မစန်းရီက ပါးစပ်ကတောက်လျှောက်ပြောနေတဲ့ အခိုက်အတန့်မှာပဲ မစောမေရဲ့ သမီးနဲ့သားလေးကိုလည်း လက်က ဒေါက်ကနဲတစ်ချက်စီ ခေါက်ချခဲ့ပြီးပြီ။
အဲ့ဒီအချိန်မှာ မစောမေရဲ့ ကလေးနှစ်ယောက်က မစန်းရီလက်သံကြောင့် နာကျင်သွားတဲ့ ဝေဒနာက နည်းနည်း။ ခပ်လှမ်းလှမ်းကိုရောက်လာတဲ့ မစောမေရဲ့ မျက်နှာကို မြင်လိုက်ရလို့ဖြစ်သွားတဲ့ ဝေဒနာကများများမို့ အော်ငိုလိုက်ကြတာဈေးရှေ့မှာ ၀က်ဝက်ကိုကွဲပဲ။
မစန်းရီရဲ့ လက်စွမ်းကိုသာမြင်လိုက်ရပြီး ပြဿနာကို သေသေချာချာမသိလိုက်တဲ့ မစောမေကတော့ ပြဿနာရဲ့ အရင်းအမြစ်ကိုတောင် မေးမနေတော့ပဲ မစန်းရီကိုဖက်ပြီး လုံးလိုက်တာ ရန်ကြီးအောင်နဲ့တွေ့မရှောင် လိုသူတစ်ပြန် ကိုယ်တစ်ပြန်မို့ ဈေးရုံပေါ်က ဈေးခေါင်းရောက်လာတဲ့အချိန်ထိ ပွဲရှိန်က မပြေသေးဘူး။
နောက်ဆုံးဒဏ်ကြေးငွေအတူတူဆောင်လိုက်ရပေမယ့် ပျက်စီးဆုံးရှုံးမှုက မစန်းရီဘက်က သာကူတစ်အိုး ပိုများသည်လေ။
ညနေလမ်းထဲရောက်၊ နောက်ဆက်တွဲ အခန်းဆက်ရန် ပွဲဆက်လက်ကျင်းပကြတော့ ဆိုက်ကားသိမ်း ပြီး ပြန်လာတဲ့ လင်တော်မောင်တွေပါ ပါလာကြတော့သည်။ ဒီတစ်ကြိမ်တော့ ဒိုင်အဖြစ်ဆောင်ရွက်ရသည်က လမ်းလူကြီးပေါ့။ ဒီတစ်ခါယောကျာ်းသားတွေပါ ပါကြတော့ နေ့ခင်းပြဿနာထက် ဆယ်ဆလောက်ကြီးသွားပြီး အိမ်ကိုခတ်ထားတဲ့ ၀ါးခြံစည်းရိုးတွေပြို။ ဒီဘက်အိမ်က တံပျက်စီးတွေ ဟိုဘက်အိမ်ရောက်သလို၊ ဟိုဘက်အိမ် က ရှိသမျှ ပစ္စည်းအစုတ်ပလုတ်တွေလည်း ပစ်ပေါက်ခြင်းခံရလို့ ဒီဘက်အိမ်ကိုရောက်ကုန်ကြသည်။
နောက်ဆုံးရပ်ကွက်လူကြီးဖြန်ဖြေပေးတော့ ဟိုဘက်အခန်း၊ ဒီဘက်အခန်းကူးတဲ့ ခြံထဲက မြေကွက်လပ် ကို အိမ်ပိုင်ရှင်က ၀ါးကပ်တွေကာပြီး ဆူးတွေဆို့သွားသည်။ အိမ်နှစ်ခြမ်းကတော့ ဆူးတွေနဲ့ ဆို့ခြင်းခံရလို့လို သွားပါရဲ့။ အတားအဆီးဖြစ်သွားပါရဲ့။ ဒါပေမယ့် အိမ်ရှင်ရော ရပ်ကွက်လူကြီးပါ ဘာနဲ့မှဆို့လို့ မရတဲ့အရကတော့ မစန်းရီနဲ့ မစောမေတို့ရဲ့ ပါးစပ်ပေါက်နှစ်ပေါက်ပဲဖြစ်လေသည်။

(၃)
ဒီလိုဆူးစည်းရိုးလေးခတ်လိုက်ပြီးတော့ ပြဿနာက အတော်အတန်အေးသွားခဲ့တယ်။ သို့သော် ပိတ် မရတဲ့ ပါးစပ်နှစ်ပေါက်ကတော့ နေ့စဉ်နှင့်အမျှဆိုသလို ညံစီနေတုန်းပါပဲ။ ပါးစပ်တွေက အသံပေါင်းစုံ ဘယ်လိုပဲ ထွက်ထွက်၊ ခြေလှမ်းတွေကိုတော့ မလှမ်းဝံ့ကြ။ ရပ်ကွက်လူကြီးက အမိန့်ချခဲ့တာလေ။ သူများခြံထဲရောက်တဲ့ သူအလွန်။ လက်ပါတဲ့ သူအရှုံး။ အဲဒါကြောင့်လည်း ပါးစပ်ပေါက်တွေကလွဲလို့ ဘာတစ်ခုမှမပါကြခြင်းဖြစ်သည်။
ဒီလိုနဲ့ . . .လွန်ခဲ့တဲ့ တစ်လ။ ကျိုက်ကျိုက်ဆူအောင် ပူလွန်းလှတဲ့ နွေတစ်နေ့မှာဖြစ်သည်။ ဒီတုန်းက မစန်းရီဆိုင်မထွက်။ မထွက်ဆိုတာကလည်း မစန်းရီရဲ့ ပဉ္စမမြောက်ရင်သွေးက နောက်တစ်လလောက်ဆို လူ့ လောကကိုရောက်တော့မှာလေ။ ဆိုင်ကိုတောင် အသက် ၁၅ နှစ်ရှိပြီဖြစ်တဲ့ မစန်းရီရဲ့သားကြီးကို ထွက်ခိုင်းထား ရတာတစ်ပတ်ကျော်ပြီ။
အဲ့ဒီနေ့က နေကလည်း အတော်ပြင်းတာမို့ အိမ်ပေါက်ဝကို ခေါင်းစိုက်လို့ အကြိမ်ကြိမ်ကျက်ပြီးပေမယ့် အလွတ်မရနိုင်သေးတဲ့ အင်္ဂုလိမာလသုတ်ကိုရွတ်ဖတ်ပြီး မစန်းရီမှိန်းနေတဲ့အချိန်မှာ ဆိုက်ကားတစ်စီးအိမ်ရှေ့ကို ရောက်လာခဲ့ခြင်းဖြစ်သည်။ ဆိုက်ကားပေါ်မှာက ခေါင်းရင်းခန်းက စောမေရဲ့လင် တာရာလေ။ ခေါင်းငိုက်စိုက် ကျလို့။ တာရာဘာဖြစ်လာသလဲပေါ့။ ဆိုက်ကားသမားက တရာ့ကိုပွေ့ချီပြီး အိမ်ပေါ်တင်ပေးသည်။ ဒီတုန်းက မစောမေလည်း သူ့အိမ်မှာရှိနေသည်။ ရှိဆို မစောမေကလည်း မစန်းရီလိုပဲ နောက်တစ်လခွဲ၊ နှစ်လဆိုကလေး တစ်ယောက်မွေးရဦးမှာလေ။
နောက်မကြာခင် မစန်းရီသိရတာက တာရာတစ်ယောက် နေပူပူအရက်သောက်ပြီးလေဖြတ်သွားသည်ဆို သည့်သတင်းဖြစ်သည်။ သိသိချင်း မစန်းရီဖြင့် ထခုန်ချင်လိုက်တာ။ လွယ်ထားရတဲ့ ဗိုက်ကိုအားနာလို့သာပေါ့။
ဒီကတည်းက တာရာတို့ ဗုန်းဗုန်းလဲသွားလိုက်တာ ဒီနေ့ထိအောင်ပဲဖြစ်သည်။ လေဖြတ်တယ်ဆိုပေမယ့် ဆေးကောင်းဝါးကောင်းတွေလည်း မတက်နိုင်။ မရှော့ဆီ၊ တောရှောက်ခါးဆေးတွေလိမ်း၊ သံပုရာသီးတွေနဲ့လှိမ့်၊ ဥုံဟယ်၊ ဖွဟယ်ဘယ်လိုပဲလုပ်လုပ် ကိုတာရာရဲ့ အခြေအနေက သူ့အိမ်ရဲ့ စီးပွားရေးနှင့်အပြိုင် တတိတိ ပြိုဆင်းလာသည်။
ကိုတာရာက ဆိုက်ကားမနင်းနိုင်တဲ့အပြင် သူ့အတွက် စရိတ်တွေပါထောင်းလာ၊ မစောမေကလည်း ဗိုက်ကြီးကော့လန်ကားနဲ့ဆိုတော့ သူတို့သမီးအကြီးမလေးရဲ့ ဆိုင်ထွက်လို့ရလာတဲ့ ၀င်ငွေက မိသားစုအတွက် စိုးရိမ်ရေမှတ်၊ သူတို့အိမ်နောက်ဖေးမှာ ခြံကလေးနဲ့ ၀က်ပေါက်စလေးတွေပါတဲ့ ၀က်သားအမိတစ်အုပ်မွေးထား တယ်ဆိုပေမယ့် ရောင်းချိန်က မကျသေး။ မစန်းရီကြားရတာတော့ မစောမေသမီးကြီးရဲ့ နားကပ်ကလေးတောင် အပြတ်ရောင်းလိုက်ရပြီဆိုလား။ ဒီလောက်အခြေအနေမှာတောင် စောမေတို့က တစ်စက်ကလေးမှ လေသံပျော့ သွားတာမဟုတ်။ မစန်းရီတို့ဘက်ကို စောင်းမြောင်းပြောနိုင်သေးသည့် အခြေအနေမှာပဲဖြစ်သည်။
'ဒီမှာဟေ့ . .သူများ စီးပွားကျတာကို ကျိတ်ပြီး ၀မ်းသာကြတဲ့သူတွေ ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။ သူများဖြစ်သလို မဖြစ်ကြပါစေနဲ့။ ဒါပေမယ့် အရောင်းအ၀ယ်ကိစ္စမှာ စောမေတို့က နောကျေပြီးသားဟေ့ မကြာခင်မှာအရင်အတိုင်း ပြန်ဖြစ်သွားရမယ်'
ဘယ်သူ၊ ဘယ်ဝါရယ်လို့ ခေါင်းစဉ်မတပ်ပေမယ့် ဒီဘက်က မစန်းရီကိုပြောမှန်း မစန်းရီမသိဘဲ နေမလား။ ဒေါသကြောင့် မစန်းရီတဆတ်ဆတ်တုန်လာသည်။ ဗိုက်ထဲက ကလေးကိုသာ မငဲ့လျှင် နပန်းပွဲတစ်ခုအကြီး အကျယ်ဖြစ်တော့မည်။ ဒါပေမယ့် မစန်းရီပါးစပ်ကတော့ ဘယ်လိုမှပိတ်လို့မရပဲ အိပ်ယာထဲလဲနေတဲ့ ကိုတာရာကို တောင် အဆစ်ထိခိုက်ပြီး ထွက်ဖြစ်အောင် ထွက်သွားခဲ့သေးသည်။
'အမလေး . .မုဆိုးမဖြစ်ဖို့ ပါမစ်အပြည့်အ၀ကျပြီးသားသူတွေက ဒီလိုစကားထွက်သေးတာ အံ့ပါ့တော်။ ဒို့က လေညှာက အနေသာကြီး၊ နောကျောလို့ပြောနေလည်း မောသေရုံပဲရှိမယ်ဟေ့'

(၄)
'အောင်းမလေး အဖေရဲ့ . .အဖြစ်ဆိုးလှချည်လား။ သေခါနီး ဆေးလေးတစ်လုံးလောက်တောင် ထိုးမသွားရရှာဘူး'
အလို . .တာရာသေပြီဆိုပါလား။ ငါ့နှယ်အတွေးများနေရတာနဲ့ တာရာဘယ်လိုအသက်ထွက်သွားတယ် ဆိုတာတောင် မသိလိုက်ဘူး။
တွေးရင်း မစန်းရီ ထရံပေါက်ကို မျက်စေ့ပြန်ကပ်လိုက်သည်။ ဟုတ်ပါရဲ့။ ဟစိ၊ ဟစိအသက်ရှူနေတဲ့ တာရာရဲ့ပါးစပ်က ဟောင်းလောင်းကြီး ငြိမ်ကျသွားပါရောလား။ ဗိုက်ကြီးနေ့စေ့လစေ့နဲ့ စောမေက ပက်လက်လှန် ဆန့်ဆန့်ကြီးဖြစ်နေတဲ့ တာရာ့အလောင်းဘေးမှာ ငူငူကြီးထိုင်နေပေမယ့် မျက်ရည်တောင်မကျ။ တစ်ကယ့်ကို အာဇာနည်မပဲ။ သမီးအကြီးမလေးကတော့ အတော်လေးငိုသား။ သူ့အဖေရဲ့ရုပ်အလောင်းကို လှုပ်လှုပ်ပြီး ငိုနေလိုက်တာ သူတို့ခေါင်းရင်း ဘုရားစင်အောက် ထရံမှာချိတ်ဆွဲထားတဲ့ 'နေအထွက်မှာ ရွှေခွက်နဲ့ငွေအပြည့် ခပ်ပေးပါ' ဆိုတဲ့ စာသားပါပလပ်စတစ်လောင်း စာရွက်ကလေးတောင် ကြမ်းပြင်ပေါ်ကိုပြုတ်ကျလာတဲ့အထိ။
'ကဲ . .ထတော့ ကိုတင့်ဝေရေ .. ဒီတစ်ခါတော့ တာရာတကယ်အသက်ထွက်ပြီ'
ဒီတစ်ကြိမ်တော့ ကိုတင့်ဝေအိပ်ယာက လူးလဲထလိုက်သည်။ ခဏကြာတော့ လမ်းထဲက လူကြီးတချို့ သတင်းမေးဖို့ မစောမေတို့အိမ်ပေါ်ဆက်တိုက်ဆိုသလို ရောက်လာကြသည်။
လမ်းထဲကအသက်ခပ်ကြီးကြီး အဘိုးကြီးတစ်ယောက်က မစောမေတို့ အိမ်ခေါင်တိုင်မှာ ချိတ်ဆွဲထားတဲ့ အိမ်တွင်းအုန်းသီးကို စင်ကလေးမှဖြုတ်လို့ ပါးစပ်မှလည်း ပွစိ၊ ပွစိရွတ်ကာ ခြံစည်းရိုးဝါးကပ်မှာ သွားချိတ်ထား လိုက်သည်။
ဒီသင်္ကေတဟာ မစောမေ မုဆိုးမဖြစ်ပြီဆိုတဲ့ သင်္ကေတပေါ့။ မစန်းရီထပ်မံပြုံးလိုက်သည်။ ဒီလောက် အကျင့်မကောင်းတဲ့ မိန်းမ၊ ဒီ့အရင်တောင် မုဆိုးမဖြစ်သင့်သည်။ တွေးရင်း မစန်းရီအပေါ့သွားရန် ကုန်းအထ ဗိုက်ထဲက စူးကနဲထိုးအောင့်သွားသည်။ 'ကျွတ် . .ကျွတ်' လို့ စုပ်သပ်ရင်း ဗိုက်ကိုပွတ်ကာ ခြေလှမ်းတွေကို ညင်သာအောင် မစန်းရီပြုလိုက်သည်။ ဗိုက်ထဲက ကလေးတိုးတာပဲဖြစ်နိုင်သည်။

(၅)
'အရပ်ကတို့ရေ၊ သူ့အိမ်နောက်ဖေးမှာ မွေးထားတဲ့ ၀က်ပေါက်စလေးတွေ သူ့ဘာသာသူ ကာလနာတိုက် ပြီးသေတာ စန်းရီတို့လက်ချက်တဲ့တော့။ ဒီမှာဟေ့ တာဝတိံသာကြားအောင် အော်ပြောလိုက်မယ်။ စန်းရီတို့ ဗိုက်ကြီးနေ့စေ့၊ လစေ့နဲ့မဟုတ်တာမလုပ်ဘူး။ ဘယ်ကျွဲစားစား ဂမ်းမဆိုတာမျိုးလာမလုပ်နဲ့။ ငါမဟုတ်တာလုပ်ရင် ငါ့ကလေးကန့်လန့်မွေးပြီးသေ။
အေး . .ညည်းမဟုတ်တာ စွပ်စွဲရင်လည်း ညည်းကလေး ကန့်လန့်မွေးပြီးသေ။ ငါမဟုတ်တာမလုပ်ဘူး မုဆိုးမစောမေရေ'
'ဟေ့ . .လင်သေလို့ မုဆိုးမဖြစ်တာ မဆန်းဘူးဟေ့။ လင်ရှိပြီး မုဆိုးမလိုဖြစ်နေရင်သာ ဆန်းတာ။ ကိုယ့်လင်အကြောင်းလည်း ကိုယ်စုံစမ်းကြဦးဟေ့။ တော်ကြာ 'အိမ်မြှောင်မကြီး ဥဥ၊ အိမ်မြှောင်ထီးကြီး အဖော်ရှာ' ဆိုသလိုဖြစ်နေဦးမယ်'
မစောမေက ၀က်ပေါက်စတွေသေတဲ့ ကိစ္စကနေ ရန်စကားလမ်းကြောင်းကို ရုတ်တရက်ကွေ့ချလိုက်တော့ မစန်းရီ အတော်လေးလန့်သွားသည်။ အလို . .စောမေစကားကြီးက ဘယ်လိုစကားကြီးပါလိမ့်။ လက်ရှိပြီး မုဆိုးမဖြစ်ရင်ဆန်းသတဲ့။ ဒီလိုဆို တင့်ဝေတစ်ကောင်အပြင်မှာ ခြေရှူပ်နေပြီလား။ မြာပွေတဲ့တာတေဖြစ်နေပြီလား။ အတွေးများစွာ ရစ်ဆိုင်းရင်း မစန်းရီရဲ့ စိတ်မကြည်လင်တော့ဘူး။ မစောမေနဲ့ ရန်ဆက်ဖြစ်ချင်စိတ်လည်း မရှိတော့ဘူး။
တွေးရင်း ငူငူငိုင်ငိုင်ဖြစ်နေလိုက်တာ ဗိုက်ထဲက ထိုးနာလာတော့မှ မစန်းရီသတိရမိတော့သည်။ အိမ် နောက်ဖေးမှာ ထမင်းချက်နေတဲ့ အကြီးကောင်ထက် အငယ်၊ အကြီးမကို မစန်းရီလှမ်းခေါ်လိုက်သည်။ တိုက် တိုက်ဆိုင်ဆိုင်။ စောစောကမှ ခေါင်းရင်းခန်းက မစောမေကို မစန်းရီကျိန်ဆဲနေသေးသည်။ ကိုယ့်ရဲ့နှုတ်ထွက် ကျိန်စာကိုလည်း မစန်းရီ သတိမထားနိုင်တော့ပါဘူး။ ဗိုက်က ချက်ချင်းကြီးအကြီးအကျယ် နာလာပြီလေ။

(၆)
မစန်းရီမွေးပြီး နှစ်ပတ်အကြာမှာပဲ မစောမေ မွေးသည်။ မစန်းရီရဲ့ ကျိန်စာအတိုင်း နှစ်ယောက်စလုံး ဘယ်သူမှ ကလေးကန့်လန့်မွေးမလာကြသလို မိခင်နှစ်ယောက်ကလည်း ကျန်းမာလိုက်တာမှ ဒေါင်ဒေါင်မြည်။ ဒါပေမယ့် မစန်းရီရဲ့ ကလေးကတော့ သုံးလပြည့်ကာနီး ဒီကနေ့မှာပဲ အဖျားဝင်လို့ ကောက်ကာငင်ကာ ဆုံးသွား ခဲ့ပြီ။ ကိုတင့်ဝေနဲ့ သူ့အဖော်ဆိုက်ကားသမားတစ်ယောက်က သေသွားတဲ့ လသားကလေးလေးရဲ့အလောင်းကို ဆိုက်ကားနဲ့သယ်လို့၊ ငမိုးရိပ်ချောင်းဘေး ဗိုက်တောထဲက မြေကွက်လပ်မှာကျွင်းတူးပြီး သွားမြှုပ်ကြပြီ။ ညနေ လေးနာရီကတည်းက ထွက်သွားလိုက်တာ အခုချိန်ထိ ပြန်မလာသေး။ အပြင်မှာ မှောင်ရီပျိုးနေပြီ။ မကြာခင် မိုးချုပ်တော့မည်။
မစန်းရီတစ်ယောက်တည်း ငူငူငိုင်ငိုင်နဲ့ထိုင်နေသည်။ အကြီးကောင်နှင့်အကြီးမက ဈေးထဲက ဆိုင်မသိမ်း သေးလို့ ပြန်မရောက်ကြသေးသလို အငယ်လေးနှစ်ကောင်ကလည်း လမ်းထဲမှာ သွားဆော့နေကြသည်။
'အူဝဲ . .အူဝဲ'
ခေါင်းရင်းခန်းက ကလေးငိုသံစူးကနဲ ထွက်လာသည်။ ဒီကလေးက မစန်းရီကလေးထက် နှစ်ပတ်ငယ် တော့ အခုဆို နှစ်လခွဲလောက်ရှိပြီ။
'အူဝဲ . .အူဝဲ'
ကလေးငိုသံက ဆက်တိုက်ဆိုသလို ထွက်နေသည်။ ဟိုကောင်မ စောမေဘယ်သွားနေပါလိမ့်။ ဒီမှာ သူ့သားမျိုးယုတ်ကလေးက ပြဲလန်နေပြီ။ သြော် . .ဟိုကောင်မမှမရှိပဲ။ သူ့သမီးအကြီးမလေးကိစ္စ။ ဟုတ်တယ်။ သူ့သမီးအကြီးမလေးက ရည်းစားနဲ့ချိန်းတွေ့တာလိုလို၊ လင်နောက်လိုက်တာလိုလို လမ်းထဲက လူတွေဆီက သတင်းရောက်လာလို့ စောမေထွက်သွားတာကြာပြီပဲ။ အငယ်ကလေးတွေနဲ့ ဒီကလေးကိုထားပစ်ခဲ့တာနေမှာ။ အငယ်လေးလည်း ဘယ်ရောက်နေပါလိမ့်။ အငယ်တွေလည်း အိမ်က ကလေးတွေလို သွားဆော့နေတာပဲဖြစ်မည်။
'အူဝဲ . .အူဝဲ'
ကလေးငိုသံက တဖြည်းဖြည်းနဲ့ဆူးရာက အက်ကွဲလာပြီ။ အာခေါင်ခြစ်ပြီး အော်တဲ့အသံမျိုးဖြစ်လာပြီး မစန်းရီထရံပေါက်က ချောင်းကြည့်လိုက်သည်။ စောင်ကြားလေးနဲ့ တွဲလောင်းချည်ထားတဲ့ ပုခက်ပေါ်မှာ ကလေးကယက်ကန်၊ ယက်ကန်။ လက်တွေ၊ ခြေတွေကထောင်လို့။ အာခေါင်ခြစ်ပြီး အော်ငိုထားရတဲ့အတွက် အသားတွေ တောင်ရဲတွတ်နေပြီ။ ပုခက်ထဲက ကော့ပြီးထိုးနေတာ အောက်ကိုတောင် ခြေထောက်တစ်ချောင်းရောက်နေပြီ။
'ဒီလသားလေးကို မခေါ်ဘဲ ထားပစ်ခဲ့တဲ့ ကောင်မ။ ပြန်လာရင် ကလေးမသာပဲ တွေ့မယ်'
မစန်းရီစိတ်ထဲက ပျစ်ပျစ်နှစ်နှစ်ပြောလိုက်သည်။ ဒါပေမယ့် မစန်းရီ ဆက်ချောင်းမြဲဆက်ချောင်းနေသည်။
'ဟောတော့ . .ပုခက်ထဲက ကလေးပြုတ်ကျတော့မယ်။ အို . .ပြုတ်ကျလို့သေသေ။ မျိုးယုတ်ကလေး သေသွားလည်း အေးတာပဲ။ ငါနဲ့ဘာဆိုင်တာမှတ်လို့'
အသံထွက်သွားတဲ့အထိ မစန်းရီကျိန်ဆဲလိုက်သည်။ ထရံပေါက်က ချောင်းနေရင်း ရင်ဘတ်က တစ်စုံ တစ်ရာကြောင့် မစန်းရီကိုယ့်ရင်ဘတ်ကိုယ်ငုံ့ကြည့်လိုက်သည်။ ဘော်လီဝတ်မထားတဲ့ မစန်းရီရဲ့ ရင်ဘတ်တစ်ခု လုံးအပြင် အင်္ကျီအထိ ရွှဲရွှဲစိုနေသည်။ မစန်းရီ နို့သက်နေလေပြီ။
'အူဝဲ . .အူဝဲ'
ကလေးငိုသံက အနည်းငယ်တိုးသွားပေမယ့် ဆက်တိုက်ဆိုသလို ထွက်နေဆဲ။ မစန်းရီ တစ်စုံတစ်ရာကို ချီတုံ၊ ချတုံစဉ်းစားရင်း အိမ်ရှေ့သို့ထွက်လိုက်သည်။ အပြင်မှာမှောင်စပြုနေပြီ။ လမ်းထဲမှာတော့ ကလေးတစ်အုပ် ဆော့လို့ ကောင်းနေဆဲ။
မစန်းရီ လမ်းထဲကိုမသိမသာမျက်စေ့ဝှေ့လိုက်ရင်း ခြံနှစ်ခုကိုကာထားတဲ့ ၀ါးကပ်တွေအောက်က ဆူး စည်းရိုးကို လက်ဖြင့်ဆွဲဖယ်လိုက်သည်။ ဆူးတွေကနေသားကျနေပြီမို့ တစ်ကိုယ်စာလွတ်အောင် မစန်းရီမနည်းဖယ် နေရသည်။ အိမ်ရှေ့လမ်းက ပတ်ဝင်လို့ရပေမယ့် လူတွေမြင်သွားလို့မဖြစ်။
ဆူးစည်းရိုးလေးပျက်သွားပြီ။
လက်မောင်းနှင့်ခြေသလုံးမှာ ဆူးခြစ်ရာဗရပွကြောင့် ထွက်လာတဲ့ သွေးအစို့မို့နဲ့ မစန်းရီ ဟိုဘက်အိမ်ပေါ် ရောက်သွားပြီ။ ပြီးတော့ သေလုမျောပါးအော်ငိုနေတဲ့ ကလေးကို မစန်းရီကောက်ချီလိုက်သည်။ ပြီးတော့။
'ဟေ့ . .စန်းရီ။ စောမေရဲ့ အိမ်ပေါ်ကိုတက်ပြီး ဘာလုပ်နေတာလဲ'
အိမ်ရှေ့အ၀က အော်ပြောလိုက်တဲ့ ကိုတင့်ဝေရဲ့အသံကို ကြားရတော့ ဗြုန်းကနဲ မစန်းရီလန့်သွားသည်။ ကလေးကို ငုံ့ကြည့်တော့ မစန်းရီရဲ့ နို့သီးခေါင်းကိုငုံလို့ အားရပါးရ နို့စို့နေလိုက်တာမှ တပြွတ်ပြွတ်များ မြည်နေ သည်။ ကိုတင့်ဝေကတော့ အိမ်ပေါက်ဝမှာ မတ်တက်။
'ဒီမှာကိုတင့်ဝေရေ .ကျုပ်နို့မှမစို့ရရင် ဒီမျိုးယုတ်တိရစ္ဆာန်ကလေး မျိုးပြုတ်တော့မှာမို့၊ မျိုးဆက်ကလေးမပြုတ်အောင် နို့လာတိုက်နေတာ'
မစန်းရီ အော်ပြောလိုက်ပေမယ့် ကလေးကို လက်ထဲက မချသေး။ မစန်းရီသိနေသည်။ ဒီကလေး နို့မ၀သေးဘူး။

အောက်တိုဘာ ၂၀၀၉၊ Icon မဂ္ဂဇင်း

1 comment:

back to top