ကတ္တိမသား

ပေါက်ပွင့်တွေ စိန်ပန်းနီပွင့်တွေနဲ့ တန်ဆာဆင်ထားတဲ့ ရွာကလေးရဲ့ နွေတစ်နေ့ဟာ အနီရောင်ကန့်လန့်ကာကြီးတစ်ချပ် ဖြန့်ခင်းထားသလို အဆုံးအစမဲ့ နီမြန်းနေတယ်။ ၀န်းကျင်တစ်ခုလုံး အပူဓာတ်တွေ ကူးစက်နေပုံကလည်း ရေကန်ထဲက ရေတွေတောင် အခုချက်ချင်းကြီး ဆူပွက်လာတော့မယ့်အတိုင်း။ သဲတရှပ်ရှပ်ဖြစ်နေတဲ့ ရွာလယ်လမ်းလေးကို နေသာထိုင်သာ ရှိသွားအောင်တော့ နွေလေရူးကလည်း ဘယ်လာပြီး တတ်နိုင်ပါ့မလဲ။ အထက်ပူ၊ အောက်ကပူနဲ့ ဘိန်းမုန့် ဖုတ်ခံထားရသလို ရွာကလေးရဲ့ အလယ်ခေါင် တည့်တည့်မှာတော့ ရာသီဥတုနဲ့ သဟဇာတမဖြစ်လှစွာ အလှူဗြောသံလေးက ငြိမ့်ငြိမ့်ညောင်းညောင်း သံရှည်ဆွဲလို့။

အဲဒီ အလှူဗြောသံနောက်မှာ ထပ်ကြပ်မကွာ ကပ်ပြီး ပါလာတဲ့ အသံတွေက တစ်ချီ တစ်ချီဆိုရင် ဗြောသံကိုတောင် ဖုံးလွှမ်းလောက်အောင် စူးရှနေတယ်။ ပြေးသူက ပြေး အော်သူက အော် အသံမျိုးစုံနောက်ခံနဲ့ ရွာကလေးဟာ ရုပ်လုံးကြွနေတယ်။ ဘယ်လိုပဲခေါ်ခေါ် သူတို့ခေါ်နေတဲ့သူကတော့ အစအနတောင် မတွေ့ရပါဘူး။

`ကိုဆယ်ပြားရေ... ကိုဆယ်ပြား´
`ဦးဆယ်ပြားရေ... ဗျို့ ဦးဆယ်ပြား´
အရွယ်မျိုးစုံတို့ရဲ့ ခေါ်သံမျိုးစုံဟာ ဟိုမှသည်မှ ပဲ့တင်ထပ်နေတယ်။ ခေါ်သူပေါင်းများစွာဆီက ထွက်နေတဲ့ အသံမျိုးစုံဟာ ရောထွေးနေတဲ့အတွက် ပီပီပြင်ပြင် မဟုတ်လှသလို ပြေးလွှားနေတဲ့ လူအုပ်ကြောင့် ရွာလယ်လမ်းမကြီးဟာလည်း မြင်ကွင်းတွေ မသဲကွဲတော့ဘဲ တကယ့်လှည်းလမ်းမကြီး အတိုင်း ဖုန်တထောင်းထောင်းကို ထလို့။

`သြော်... ဒုက္ခပါပဲ။ ဒီအလှူရှင် ဆယ်ပြားနှယ် အလျူတရားနာခါနီးမှ´

အရီးမြက သူ့စကားကို အဆုံးမသတ်ဘဲ ဟိုသည်အကြည့်တွေ ရွှေ့လို့ ပျောက်နေတဲ့ ဆယ်ပြားဆိုတဲ့လူကို တစ်တပ်တအား ကူပြီး ရှာကြည့်တယ်။
`ဘယ်လို ဖြစ်တာပါလိမ့်´ ဆိုတဲ့အတွေးကို အရီးမြက ဆက်ပြီး တွေးကြည့်တော့ အဖြေဟာ အရီးမြခေါင်းထဲမှာ အဆင်သင့်ဖြစ်လာတယ်။
`ဒီကိစ္စ သာခင့်ကို မေးရင် ပြတ်ပြီပေါ့´

အရီးမြက ဒီလိုတွေးရင်း ပျောက်နေတဲ့ အလှူရှင်ကိုဆယ်ပြားကိုလည်း ကူပြီး ရှာဖို့ အစီအစဉ် မရှိတော့ပါဘူး။ နဂိုမူလ ရည်ရွယ်ချက်ဖြစ်တဲ့ အလှူအိမ်ကို သွားလို့ တရားနာဖို့ပဲ ပြင်လိုက်တယ်။ ခြေလှမ်းတွေကို ခပ်သုတ်သုတ်ပြင်ရင်း အလှူအိမ်ရောက်မှ သူ့ရဲ့မောင်ဖြစ်တဲ့ သာခင်ကို တိုးတိုးတိတ်တိတ် ကျိတ်မေးလို့ ဆယ်ပြားအကြောင်း စုံစမ်းမယ်လို့လည်း တွေးလိုက်သေးတယ်။ သာခင်ဆိုတာက အခြားသူမှ မဟုတ်တာ။ အလှူရှင် ကိုဆယ်ပြားရဲ့ ယောက္ခမကိုး။
မနက်ကြီးက အလှူအိမ်ကို အရီးမြတစ်ခေါက်ရောက်တယ်။ ဒီကတည်းက အလှူရှင်ဆယ်ပြားရဲ့ မျက်နှာသုန်သုန်မှုန်မှုန်နဲ့ မကြည်လင်တဲ့ မျက်ဝန်းတွေကို အကဲတော့ခတ်မိသား။ အလှူရှင်ကိုဆယ်ပြားရယ်က အရင်နေ့ညနေကမှ သင်္ကန်းဆီးလိုက်တဲ့ သူ့သားကိုရင်ကို တွေတွေကြီး ကြည့်လို့ သက်ပြင်းတွေ၊ သက်မတွေ တစ်လှေကြီးခိုးချနေတာ တွေ့ခဲ့လိုက်တယ်လေ။
ဒီကတည်းက အရီးမြက `ဟဲ့ သာခင်၊ နင့်သမက်ကို ကြည့်ထိန်းဦး၊ အလှူက ပြီးသေးတာမဟုတ်ဘူး။ နေ့လည်မွန်းလွဲ တစ်ချက်တီးကို တရားနာရေစက်ချရဦးမှာ´ လို့ မောင်ဖြစ်တဲ့
သာခင်ကို တိတ်တိတ်ကျိတ်မှာရသလို။

`ဟဲ့... ဆယ်ပြားရဲ့၊ ဒီအလှူက နင့်ရဲ့အလှူဟဲ့။ ထန်းရည်စော်ကလည်း နံလိုက်တာ။ ထန်းရည်က သောက်ထားရသေးလား။ နေ့လည်ကျ အလှူရေစက်ချရမှာနော်။ အလှူကို ထန်းရည်နဲ့ ရေစက်ချလို့ မရဘူးဟဲ့´
ဆိုပြီး အခြား အလှူလာတဲ့ လူတွေ မသိအောင် ပါးစပ်ကလည်း ခပ်အုပ်အုပ်ပြောလို့၊ ပတ်ဝန်းကျင်ကို ဝေ့ကနဲ တချက်ကြည့်။ လူလစ်လောက်ပြီထင်တော့ ဆယ်ပြားရဲ့ခေါင်းကို ဒေါင်ခနဲ တချက်ခေါက်ချခဲ့သေးတာ။

အလှူရှင်မို့လို့ ရှိန်နေစရာလည်း မလိုဘူးလေ။ ဆယ်ပြားဆိုတာက ငယ်ငယ်လေးကတည်းက ငယ်မွေးခြံပေါက်ကိုး။ အဲ့လို ငယ်မွေးခြံပေါက်မို့လို့လည်း ဆယ်ပြားအကြောင်းကို အရီးမြက ခရေစေ့တွင်းကျ သိထားတယ်။ ကုန်ကုန်ပြောရရင် ဆယ်ပြားရဲ့စိတ်ထဲ ဘာတွေရှိနေပြီဆိုတာကအစ အရီးမြနဲ့ သူ့မောင် ဦးသာခင်က သိနေကြတာလေ။ ဒါကြောင့် ဒီနေ့မနက် ဖြစ်နေတဲ့ အလှူရှင်ကိုဆယ်ပြားရဲ့ မျက်ဝန်းနက်နက်တွေ၊ အကြည့်စူးစူးတွေ။
`အို... ဆယ်ပြားဖြစ်နေတဲ့ မျက်ဝန်းတွေက ဒီနေ့ရယ်မှ မဟုတ်ပါဘူး။ ကြာနေပြီ။ အတော်လေးကို ကြာနေခဲ့ပါပြီ´

အရီးမြရဲ့ နောက်ဆက်တွဲ အတွေးတွေက ဘာကို စိတ်ပူရမှန်း မသိအောင် တစ်ခုခုကို စိတ်ပူလာစေတယ်။ အလှူတရားနာခါနီးမှ ဆယ်ပြားရယ်က ပျောက်ရတယ်လို့။
`အို... နောက်မှ ဖြစ်လာမယ့်ဟာတွေ အသာထား၊ ဒီနေ့လည် တရားနာရေစက်ချပြီးလို့ အလှူလေးဖြစ်မြောက်သွားရင်ပဲ တော်လှပါပြီ´
အတွေးစကို ဖြတ်လို့ သဘက်ကလေး ခေါင်းပေါ်တင်ပြီး အလှူအိမ်ဘက်ကို အရီးမြခပ်သုတ်သုတ် နှင်တယ်။ ရှေ့တူရူက ဗြောသံနဲ့ အနောက်ဘက်ဆီက လူသံတွေကတော့ အရီးမြရဲ့ အာရုံနဲ့အပြိုင် အသံမျိုးစုံထွက်နေဆဲပဲ။
...............

ဒီအလှူပွဲကို လုပ်မယ်လို့ စပြီး ပြောခဲ့တာကလည်း အလှူရှင် ဆယ်ပြားပါပဲ။ ဒီတုန်းက အရီးမြနဲ့ အလှူရှင် ဖြစ်လာမယ့် ဆယ်ပြားရဲ့ ယောက္ခမ ဦးသာခင်ကပဲ အလှူအတွက် စီစဉ်စရာရှိတာတွေ စီးစဉ်လို့ အစစအရာရာ ဦးတောင်ပေးခဲ့ရတာ။ ဦးသာခင်ရဲ့ သမီး၊ ဆယ်ပြားရဲ့မိန်းမ အေးရီက ငယ်ငယ်ကတည်းက ဘာတစ်ခုမှ ဖြစ်မြောက်အောင် စီစဉ်တတ်တာမှ မဟုတ်တာ။ ဦးသာခင်ရဲ့ ဇနီးဆုံးတော့ ဦးသာခင်ရဲ့ အစ်မ အပျိုကြီး အရီးမြကပဲ နှစ်အိမ့်တစ်အိမ် ကူးလို့ အေးရီကို စောင့်ရှောက်လာခဲ့ရတာ။ ဒီနေ့အထိပဲ ဆိုပါတော့။
ဆယ်ပြားဆိုတာကတော့ အေးရီထက်တောင် ပိုလို့ဆိုးပေါ့။ ဆယ်ပြားဆိုတဲ့ နာမည်ရလာတာကိုပဲ ကြည့်။ အစက သူ့နာမည်က ဆယ်ပြားမဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက သူများတွေလို ဦးနှောက်ဥာဏ်ရည်က မဖွံ့ဖြိုးလေတော့ ကလေးတွေ ကြားထဲ ဆယ်ပြား၊ ဆယ်ပြားနဲ့ နောက်ပြောင်ခေါ်လို့ ဘာကြာမတုန်း။ နာမည်အရင်း လှမောင်ဆိုတာက စုန်းစုန်းမြုပ်ကရော။
ဆယ်ပြားရဲ့အဖေက ဦးသာခင်တို့အိမ်မှာ သူရင်းငှားလာလုပ်တော့ ဆယ်ပြား အသက်ရှိလှ ခြောက်နှစ် ခုနစ်နှစ်ပေါ့။ အဲဒီကတည်းက ဦးသာခင်တို့ အိမ်ကို ဆယ်ပြား ရောက်လာလိုက်တာ ဆယ်ပြားအဖေလည်း ဆုံးရော ပြန်စရာ နေရာမရှိတဲ့ဆယ်ပြား၊ ဆယ်ကျော်သက်အရွယ်မှာပဲ ဦးသာခင်အိမ် သောင်တင်ကရော ဆိုပါတော့။

အစပိုင်းအရွယ်ကလေးတွေ ရောက်လာတော့ ဆယ်ပြားနဲ့ အေးရီ တစ်ခုခု ဖြစ်သွားမှာကို ဦးသာခင်တို့ စိုးရိမ်လိုက်ပုံများ ပြောမနေပါနဲ့တော့။ အရီးမြဆိုတာက ပိုလို့တောင် ဆိုးပေါ့။ အေးရီက အူတူတူ၊ အတတ ဆိုပေမယ့် လယ်နဲ့ ချောင်းနဲ့ ဆိုသလို မဟုတ်လား။ ဆယ်ပြားလို တစ်ကောင်ကြွက် တစ်မျက်နှာအပြင် ရူးနှမ်းနှမ်း ကျပ်မပြည့်ကောင်နဲ့ ဘယ်လာ သဘောတူလိမ့်မတုန်း။ သူတို့ကသာ ဆွေ့ဆွေ့ခုန် သဘောမတူကြ၊ တစ်ခုခု ဖြစ်မှာကို စိုးရိမ်ကြ ဖြစ်နေကြပေမယ့် ဆယ်ပြားနဲ့ အေးရီကတော့ အေးဆေးပါပဲ။

ဆယ်ကျော်သက်တွေသာ ဖြစ်လာတယ်။ ဆယ်ပြားက ရွာရိုးကိုးပေါက်မှာ ကလေးတစ်အုပ်နဲ့ လောက်စာလုံးခေါင်ပုံကဲ၊ သားရေကွင်းပစ်တမ်း ကစားလို့ အားမရသေးသလို အေးရီကလည်း ဟင်းတစ်မယ် မပြောနဲ့ ထမင်းအိုးတစ်လုံးတောင် ဖြောင့်အောင် မတည်နိုင်သေးပါဘူး။ ထမင်းအိုးတင် မဟုတ်ပါဘူး။ အေးရီတို့က ဘာတစ်ခုမှကို ဖြောင့်အောင် မလုပ်တတ်တာ။ တစ်ခုခု လုပ်ခိုင်းကြည့်။ ဘာတစ်ခုမှကို ရေရာတယ် မရှိပါဘူး။ `နေ့မမြင်၊ ညကန်း၊ မနက်စမ်းတ၀ါးဝါး´ ဆိုသလိုကို အေးရီတို့က ထူးချွန်တာ။ ပညာရေးဘက် တော်သလား ဆိုတော့လည်း ခုနစ်တန်း သုံးခါကျ ဆိုတဲ့အစားထဲမှာ အေးရီတို့က ထိပ်ဆုံးက ဖြစ်နေပြန်ရော။

အဲဒီလို အူတူတူ အတတ အေးရီနဲ့ ရူးနှမ်းနျွှ်း ဆယ်ပြားတို့ အခြေအနေက ဘာမှ မထူးခြားပေမယ့် လူကြီးနှစ်ယောက်ကတော့ စိတ်ပူမြဲ ပူနေကြတုန်းပါပဲ။ နှစ်ယောက် ကြိုတွေးသလို ဆယ်ပြားနဲ့ အေးရီက တစ်ယောက်နဲ့ တစ်ယောက် ဘာမှ မဖြစ်ခဲ့ကြပါဘူး။ ဒါပေမယ့်....။
...........

တဖြည်းဖြည်းနဲ့ အလှူပွဲက နီးလာလေ ဆယ်ပြားရဲ့ မျက်ဝန်းတွေက ပြောင်းပြောင်းလာသလို စကားပြောတာတွေကလည်း ရှေ့နောက် အဆီအငေါ်မတည့်တော့ ပါဘူး။ ဒီကတည်းက တစ်ခုခု ဖြစ်ပြီဆိုတာကို ဦးသာခင်နဲ့ အရီးမြက ရိပ်စားမိပြီ။ လူကြီးနှစ်ယောက်က ဘယ်လိုပဲ ရိပ်စားမိလည်း အလှူ့အစ်မ ဒေါ်အေးရီကတော့ ပုံမပျက်ပါပဲ။ ဘာကိုမှ မတွေးတတ်သလို ဘာကိုမှလည်း မတွေးပါဘူး။

`ကျုပ်က အလှူ့ဒါယိကာ လုပ်ချင်တာဗျ။ အခုဟာက ဟင်း...´
ဆိုပြီး ဆယ်ပြားတို့ အဆုံးမရှိတဲ့ စကားတွေပြောလိုပြော။ တောရောက်တောင်ရောက် စကားတွေလည်း ပြောလားပြောရဲ့။ ထန်းရည်မူးလာတဲ့ နေ့ဆို ပိုလို့တောင်ဆိုးသေး။

အဆိုးဆုံးကတော့ တစ်သက်လုံး ကြောက်လာရတဲ့ အရီးမြကိုတောင်...
`အရီးမြ မိန်းမတစ်ယောက်က ငါးလလောက် ဗိုက်ကြီးရင် မွေးရောလားဗျ´

ဒီလို မေးခွန်းမျိုးကို ဆယ်ပြားတို့က မေးလိုက်တာမှ ဖြောင့်လို့။ `ကျုပ်မသိလို့မေးတာနော်´ ဆိုတဲ့ စကားပုလ္လင်လေးတောင် ပါလိုက်သေး။ အရီးမြတို့ကတော့ ဒီမေးခွန်းမျိုးကို ဘယ်လာပြီး ဖြေလိမ့်မလဲ။ မျက်လုံးကို ပြူးသထက် ပြူးအောင်လုပ်လို့ `ငါ့ကို ဒါတွေ လာမေးစရာလားဟဲ့´ ဆိုတဲ့ တန်ပြန်မေးခွန်းကို မေး၊ လက်တစ်ဖက်ကလည်း လေထဲမှာ ၀ဲလို့ ဒေါက်ခနဲဆို ဆယ်ပြားခေါင်းကို ပူသွားအောင် ခေါက်ချပြီး မေးခွန်းကို အစဖျောက်ပစ်လိုက်တောပေါ့။

ဒီကတည်းက ဘာမှ ပြန်မဖြေပေမယ့် `တစ်ခုခုကို ဆယ်ပြားသိနေသလား´ ဆိုပြီး လွန်ခဲ့တဲ့ ဆယ်နှစ်ဆီကို အရီးမြ ပြေးပြီး မြင်ယောင်တော့လည်း အဲဒီအချိန်ကနေ အခုအချိန်ထိ ဆယ်ပြားတို့က အရိုးခံလေ။ အခု သားလေး ဆယ်နှစ်ပြည့်လို့ သင်္ကန်းဆီးမှ ဆယ်ပြားတို့ ဖောက်လာတဲ့ ရောဂါ။ ဒီအကြောင်းတွေကို ကြိုပြီးမြင်လို့ လွန်ခဲ့တဲ့ ရှစ်နှစ်၊ သားလေး နှစ်နှစ် သားလောက် အရွယ်က အေးရီကို အရီးမြက ပြောခဲ့သေးတာ။

`ဟဲ့... အေးရီ၊ ကလေးနောက်တစ်ယောက်လောက် ထပ်ပြီး မွေးပါဦးအေ။ ဆယ်ပြားလည်း သမီးလေး တစ်ယောက်လောက်တော့ ထပ်ပြီးလိုချင်ရှာမပေါ့´ လို့ ပြောတော့ အေးရီတို့က ဘာပြန်ပြောတယ် မှတ်လဲ။

`ကလေး တစ်ယောက် မွေးတယ်ဆိုတာ လွယ်တာ မဟုတ်ဘူး အရီးမြရဲ့။ ဗိုက်ကြီးရတာကိုက လွယ်တဲ့ကိစ္စမှ မဟုတ်တာ။ မယုံရင် အရီးမြ ဗိုက်ကြီးကြည့်ပါလား´ တဲ့။
အဲဒီလိုကို ခံပြောတာ။ အခြားကိစ္စတွေမှာသာ အေးရီတို့ အချင် အမယ်။ ဆေးထိုး ဆေးသောက်ကျတော့ အချိန်ကို မှန်လို့။ အခုအချိန်ထိ နောက်ထပ် ကလေးထပ်မရတာပဲ ကြည့်။ ဒီတော့ အရီးမြလည်း ဘာဆက်ပြောလို့ရမတုန်း။ အခုလိုမျိုးလည်း ဆယ်ပြားတို့က ဖြစ်လာသေးတာမှ မဟုတ်တာ။ အရီးမြ ပါးစပ်ပဲ ပိတ်ထားလိုက်တာပေါ့။ အခုကျမှသာ ဘယ်က ဘယ်လို ဖြစ်လာတယ်မသိဘူး။ ဆယ်ပြားရယ်လေ။

`ငါးလနဲ့ ကလေးမွေးလို့ ရသလား´ ပြောလိုပြော။ အဆိုးဆုံးကတော့ တစ်ခုခုကို သိနေတဲ့ ပုံကြီး။
............

ဒီလိုနဲ့ ရေစက်ချတရားနာဖို့ အချိန်က နီးကပ်လာတယ်။ အလှူရှင်ကိုဆယ်ပြားကို လိုက်ရှာတဲ့ ရွာထဲက အဖွဲ့လည်း စိတ်လျှော့မောပန်းစွာ တပ်ခေါက်လာကြတယ်။ သူတို့ သဘောက ဆယ်ပြားကိုလည်း ရှာမနေတော့ဘဲ ဦးသာခင်ပဲ ရေစက်ခွက်ကိုင်ပေါ့။ ဒီလိုသဘောထားလိုက်ကြတာ။ အလှူ့အစ်မ အေးရီကတောင် အဲဒီလို လွယ်လွယ်သဘောထားလိုက်နိုင်ပေမယ့် မျက်ဝန်းနှစ်စုံကတော့ အပြင်းအထန် အလုပ်လုပ်နေဆဲပဲ။

အလှူမဏ္ဍပ်ဆီကို ကြွလာတဲ့ ရွာဦးကျောင်းက ဘုန်းကြီးတွေ တဖြည်းဖြည်း မဏ္ဍပ်ဆီကို နီးကပ်လာပေမယ့် ဆယ်ပြားတို့ကတော့ အရိပ်အယောင်တောင် မတွေ့သေးဘူး။ ဘုန်းတော်ကြီးတွေ အလှူအိမ်ရောက်ဖို့ ခြံဝိုင်းထဲဝင်တော့မှ ဆယ်ပြားတို့က ဘွားခနဲကို ပေါ်လာခဲ့တာ။ မိုးကျရွှေကိုယ် သက်တောင့်သက်သာ ပေါ်လာတာတော့ ဘယ်ဟုတ်လိမ့်မလဲ။
ဝိုင်းထဲကို အ၀င်လမ်း မန်ကျည်းပင်ကြီးအောက်မှာ ကောက်ရိုးပုံကြီး တစ်ပုံရှိတယ်။ ဘယ်အချိန်ကတည်းက ထန်းရည်မူးပြီး ကောက်ရိုးပုံပေါ်တက်အိပ်နေမှန်း မသိတဲ့ အလှူရှင် ဆယ်ပြားက ဘုန်းကြီးတွေ ကြွလာတာလည်း မြင်ရော ကောက်ရိုးပုံပေါ်က လျှောပြီး ဆင်းလာလိုက်တာ ကျောင်းထိုင် ဘုန်းကြီး ခြေစုံရင်းမှာ ခွေခေါက်ခေါက်ကလေးပေါ့ ပြုတ်ကျလာတယ်။ လက်အုပ်ကလေးတောင် ချီထားလိုက်သေးရဲ့။ ထန်းရည်မူးတဲ့ အရှိန်၊ ကောက်ရိုးပုံပေါ်က ပြုတ်ကျလာတဲ့ အရှိန်နဲ့ အလှူရှင်ကိုဆယ်ပြားတို့ တော်တော်နဲ့တောင် ထမလာနိုင်ပါဘူး။ ရွာသားနှစ်ယောက် တွဲထူပြီး ခေါ်လာမှ မဏ္ဍပ်ထဲကို ဒယီးဒယိုင်ပေါ့။ ၀င်လာကြတယ်။

နဂိုက ရေစက်ခွက်ကိုင်ဖို့ ပြင်နေတဲ့ ဦးသာခင်က အလှူရှင်ဆယ်ပြားရှေ့ကို ရေစက်ခွက် ထိုးပေးတယ်။ တရားနာနေတဲ့ အချိန်ထိ ဆယ်ပြားတိုကတော့ မဏ္ဍပ်ထဲမှာ ခွေခွေခေါက်ခေါက်ပေါ့။ ကျောင်းထိုင် ဘုန်းကြီးကလည်း အလှူရှင်ရဲ့ အခြေအနေကို ရိပ်စားမိတော့ တရားကို ခပ်တိုတိုဟောလို့ ရေစက်ချဖို့ လုပ်တယ်။ အဲဒီမှာတင် ဘယ်သူမှ မထင်မှတ်ထားတဲ့ အလှူရှင် ကိုဆယ်ပြား ရဲ့ မေးမြန်းလျှောက်တင်ခန်းက ပေါ်လာခဲ့တာ။ နဂိုကတည်းက ဆယ်ပြားဖြစ်နေရတဲ့ ကြားထဲ ထန်းရည်ကပါ မူးနေလိုက်သေးတော့ ဆယ်ပြားတို့အသံက အထစ်ထစ် အငေါ့ငေါ့၊ အမှားမှား အယွင်းယွင်းပေါ့။ ဒါပေမယ့် ဆယ်ပြားလျှောက်လိုက်တဲ့....

`ဘယ်လိုသော ပုဂ္ဂိုလ်ဟာ အလှူ့ဒါယိကာ မြောက်ပါသလဲ ဘုရား´ ဆိုတဲ့ လျှောက်ထားချက်ကို ဘုန်းတော်ကြီးက သဘောပေါက်ပြီး အနှစ်ချုပ်ဟောတယ်။

ဘုန်းတော်ကြီး ဟောနေတာတွေထဲက တချို့ကတော့ ဆယ်ပြားနားထဲ ကြားသာ ကြားနေရတယ်။ မ၀င်ပါဘူး။ ဒါပေမယ့် ဘုန်းတော်ကြိး နောက်ဆုံးဟောလိုက်တဲ့ စကားလေးဟာ ငိုက်နေတဲ့ ဆယ်ပြားရဲ့ခေါင်းကို ဆတ်ခနဲ ထောင်သွားစေခဲ့တယ်။ မှေးနေတဲ့ ဆယ်ပြားရဲ့ မျက်ဝန်းတွေကို ပြူးကျယ်သွားစေခဲ့တယ်။
`ကိုယ့်ရဲ့သားပဲ ဖြစ်စေ၊ ကိတ္တိမသားပဲ ဖြစ်စေ ရှင်ဖြာပရိက္ခရာ စုံလင်စွာနဲ့ သင်္ကန်းဆီးလို့ သာသနာ့ဘောင်ကို သွတ်သွင်းပေးနိုင်ခဲ့ရင် ဒကာဆိုလိုချင်တဲ့ အလှူ့ဒါယိကာ မြောက်ပါပြီ။ ဒကာ ဆယ်ပြားလို ကိုယ့်ရဲ့သားကို သင်္ကန်းဆီးအလှူ ပြုပေးတာ မဟုတ်ရင်တောင်မှ ကိတ္တိမသားဆိုတဲ့ သူတစ်ပါးရဲ့သားကို သင်္ကန်းဆီးပေးနိုင်ခဲ့ရင် အလှူ့ဒါယိကာ မြောက်ပါပြီ´
ဘုန်းတော်ကြီးက ဆယ်ပြားနားလည်နိုင်လောက်တဲ့ စကားတွေ သုံးပြီး အရိုးရှင်းဆုံး ဟောကြားတယ်။ ဘုန်းကြီးရဲ့ စကားအဆုံးမှာ ဆယ်ပြားဆတ်ခနဲ ခေါင်းထောင်လို့ ရေစက်ခွက်ကို ကိုင်တယ်။ `ရေစက်ချလို့ ရပါပြီဘုရား´လို့လည်း ပြောလိုက်တယ်။

ပြီးတော့......
`ကိတ္တိမသား.... ကိတ္တိမသား´လို့လည်း ဆယ်ပြားပါးစပ်ကနေ ခပ်တိုးတိုးနဲ့ အကြိမ်ကြိမ်ရွတ်နေသေးတယ်။

ရေစက်ခွက်ကိုင်ထားတဲ့ ဆယ်ပြားရဲ့လက်တွေ တဆတ်ဆတ်တုန်နေတာကို ဦးသာခင်နဲ့ အရီးးမြက ပြိုင်တူ သတိထားမိကြတယ်။ ရေစက်ချနေရင်း ဆယ်ပြားက တစ်ချက်တစ်ချက် သူတို့နှစ်ယောက်ကို လှမ်းပြီး ကြည့်တယ်။ တစ်ခုခုကို သဘောပေါက်နေတဲ့ မျက်ဝန်းတွေနဲ့လေ။

ဦးသာခင်နဲ့ အရီးမြရဲ့ နားထဲ ဘုန်းတော်ကြီးရဲ့ ရေစက်ချတရားတိုင်ပေးတဲ့ အသံကို မကြားရသလို ရေစက်ချတရား လိုက်ဆိုနေတဲ့ ဆယ်ပြားရဲ့ အသံကိုလည်း မကြားရဘူး။
ဟိုး... လွန်ခဲ့တဲ့ ဆယ်နှစ်ဆီက နွေတစ်ညရဲ့ မြင်းခွာသံတွေ၊ အိမ်ပေါ် ပြေးတက်လာတဲ့ ဓားပြတွေ၊ ပစ္စည်းတွေယူပြီး သမီးလေးအေးရီကို ဓားစာခံခေါ်သွားတဲ့ မြင်ကွင်း။ ပြီးတော့... အဲဒီဖြစ်ရပ်တွေရဲ့ နောက်ထပ်လေးလလောက်မှာ ဆယ်ပြားနဲ့ အေးရီကို မင်္ဂလာဆောင်ပေးခဲ့တဲ့ မြင်ကွင်း။ မြင်ကွင်းတွေက ဦးသာခင်နဲ့ အရီးမြရဲ့ အာရုံမှာ အစီအရီ တစ်ကန့်စီ တစ်ကန့်စီ။
အဲဒီနောက်ဆုံးမှာ သူတို့နှစ်ယောက် ထပ်တူကြားနေရတဲ့ အသံကတော့ စောစောက ဆယ်ပြားပါးစပ်က အကြိမ်ကြိမ် ရွတ်နေခဲ့တဲ့ ကိတ္တိမသားဆိုတဲ့ ပဲ့တင်သံတစ်ခုပဲ။

ဒီလိုနဲ့ပဲ ရေစက်ချတရား ပြီးဆုံးသွားတယ်။ သင်္ကန်းဆီး အလှူကြီးတစ်ခုဟာလည်း အောင်မြင်စွာ ပြီးဆုံးသွားပြီ။ ဦးသာခင်နဲ့ အရီးမြတို့ နှစ်ယောက်ကတော့ ကြောင်စီစီအကြည့်နဲ့ ဆယ်ပြားကို ပြိုင်တူလှမ်းကြည့်နေကြတယ်။ ဆယ်ပြားရဲ့ မျက်ဝန်းအစုံက တစ်ခုခုကို ကျေနပ်နေတဲ့ပုံနဲ့ ထူးခြားစွာ ပြုံးယောင်သမ်းနေတယ်။ ဒါပေမယ့် ရေစက်ချတရား ဆုံးသွားကတည်းက ငိုက်ကျသွားတဲ့ ဆယ်ပြားရဲ့ဦးခေါင်းကတော့ ဘယ်တော့မှ ပြန်ပြီး ထောင်မလာနိုင်တော့ဘူး။
...........

မင်းဝေဟင်
(ရွှေအမြုတေ အောက်တိုဘာ ၂၀၀၇)
 

1 comment:

  1. ဆယ်ပြားက သေသွားတာလား?

    ReplyDelete

back to top