အခွံကလေးတွေ


၁။
တစ်ညလုံး တဂျုန်းဂျုန်း ခုတ်မောင်းလာတဲ့ မော်လမြိုင် ရထားကြီးက အခုတော့ ခရီးတစ်ထောက် နားဖို့ မုတ္တမ ဘူတာကို ၀င်ပြီ။
အရှေ့ အရပ်ဆီမှာ ရောင်နီတို့ ပျို့နေပြီ ဖြစ်သော်လည်း ၀န်းကျင်မှာတော့ နေခြည်နုတို့က ကွက်ကျား မထင်သေး။ ရထားကြီးက ဒီဘူတာမှာ အနည်းဆုံး နာရီဝက်တော့ နားလိမ့်ဦးမယ် ထင်ရဲ့။  ပြီးရင် သံလွင် တံတားကြီးကို ဖြတ်လို့ မော်လမြိုင်ကို ၀င်ပြီး ခရီးစဉ် အဆုံးကို သတ်ပြီ။ အဲဒီအခါ သူတို့ မိသားစုရဲ့ ဇာတိမြေ မော်လမြိုင်ကို အလည်လာခြင်း ခရီးဆိုက် ရောက်ပြီပေါ့။ တကယ်တော့ သူ့ရဲ့ ဇာတိက မော်လမြိုင် တစ်ဖက်ကမ်း ချောင်းဆုံမြို့ပါလေ။
တံတားမဆောက်ခင် ကတော့ မော်လမြိုင် ရထား အတွက် ဒီမုတ္တမ ဘူတာဟာ အဆုံးသတ်လေ။

ဒီကနေဆင်း၊ ပြီးရင် မြစ်ဆိပ်ဘက် လျှောက်လို့ မော်လမြိုင်ဘက်ကို အချိန်နဲ့ ထွက်တဲ့ ဇက်နဲ့ ကူးချင်ကူး။ ဒါမှမဟုတ် အမြန် လိုချင်ရင် ခနော်နီ ခနော်နဲ့ ဖွတ်ချက်၊ ဖွတ်ချက် ပဲ့ချိတ် ကလေးတွေနဲ့ကူး။ ဒါကတော့ ဟိုစဉ် အချိန်ကပေါ့။ သူ ပြင်ဦးလွင်မှာ သင်တန်းတက်တဲ့ အချိန် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက် ကတော့ ဒီမုတ္တမကနေ မော်လမြိုင်ကို ကူးဖို့ ဇက်နဲ့ ပဲ့ချိတ်က လွဲလို့ ဘာမှမရှိ။ သံလွင်မြစ် ဆိုတာကလည်း မြန်မာပြည်ရဲ့ မြစ်တွေထဲမှာ ရေစီးက အကြမ်းဆုံးမို့လား။ ပြီးတော့ မြစ်ဝရဲ့ အဆုံးသတ်မှာ ဘီလူးကျွန်း ဆိုတာကြီးက ရှိတော့ သံလွင်မြစ်က မြစ်ခွဲနှစ်မြွှာ အနေနဲ့ ကပ္ပလီ ပင်လယ်ထဲကို ဖြတ်တဲ့အခါမှာ ရေကျချိန်ဆို ရေတွေက ၀ုန်းခနဲ ခုန်ဆင်း သွားသလိုမျိုး။ အဲဒီတုန်းကတော့ ရေစီးတွေရဲ့ ကျီစားခြင်း အောက်မှာ အစ ပျောက်သွားရတဲ့ ပဲ့ချိတ်တွေ ဆိုတာက ဟောတစ်စီး၊ ဟောတစ်စီး။ ဘာပဲပြောပြော အခုလို တံတားကြီး ပြီးသွားတာ တကယ်ကို မင်္ဂလာ တစ်ပါးပေါ့။

“မောင်ရေ၊ ဘယ်ဘူတာကို ရောက်တာလဲ။ မိုးတောင် လင်းတော့မှာပဲ”

“ဟုတ်တယ်မွန်။ မုတ္တမကို ရောက်ပြီ။ တံတား ဖြတ်ပြီးရင် မော်လမြိုင်ကို ရောက်တော့မှာ။ အား သမီးတောင် နိုးလာပြီပဲ”

ငါးနှစ်အရွယ် သူ့သမီးလေးက သူတို့ လိုက်ပါလာတဲ့ အထက်တန်း ရထားတွဲပေါ်ကို တက်ပြီး ဈေးရောင်းနေတဲ့ ဈေးသည်တွေရဲ့ ညံစာစာ အသံတွေကြောင့် လန့်နိုးလာတယ်။ ရထားအောက်မှ၊ ရထားပေါ်မှ ဈေး သည်တွေကတော့ ခရီးသည်တွေကို တက်မနင်းရုံ တမည် တိုးဝှေ့ ကျပ်သိပ်လို့။

“မေကြီး သမီး အရုပ်လေးရော”

“ရှိပါတယ် သမီးရဲ့။ ဒီမှာလေ ဖေကြီးဘေးမှာ။ သမီး အိပ်ပျော်နေလို့ ဖေကြီးက ယူထားပေးတာ”

သမီးလေး ရှင်းသန့်ဖြူက နိုးနိုးချင်း အမြဲတမ်းကိုင် ထားတတ်တဲ့ အရုပ်ကလေးကို မေးတယ်။ ဟုတ်ပါရဲ့။ သမီးလေးက ဒီအရုပ်ကို စွဲစွဲလမ်းလမ်းကို နှစ်သက်ရှာတာ။ ဒီအရုပ်လေးက တကယ်တော့ ဘာမှ မထူးဆန်းတဲ့ ဘာဘီမ ရုပ်လေးပါပဲ။ စင်ကာပူ ရောက်နေတဲ့ သူ့ရဲ့ သူငယ်ချင်းက သူ့သမီး လေးအတွက် ပို့ပေးလိုက်တဲ့ အရုပ်လေးပါ။ ဒီအရုပ်လေးကိုလည်း သမီးလေးက စွဲစွဲလမ်းလမ်း နှစ်သက်ရှာတာ။

သမီးလေးကတော့ မိန်းကလေး ပီပီ တိုက်ကား၊ လေယာဉ်ပျံ စတဲ့ အရုပ်တွေ၊ နောက် ပါဝါရိန်းဂျားရုပ်တွေ၊ စပိုက်ဒါမန်း ရုပ်တွေဆိုရင် လုံးဝ မကြိုက်။ နင်ဂျာလို တိုက်တဲ့ခိုက်တဲ့ ရုပ်တွေဆို ပို တောင်ဆိုးသေး။ သူ မှတ်မိသေးတယ်။ မနှစ်က ဒီလို အချိန်လောက်မှာ ရုရှားမှာ သင်တန်း သွားတက်နေတဲ့ သူ့ တပည့်လေးတစ်ယောက်က သမီးလေး အတွက် တစ်စီးမှာ စစ်သည် ငါးယောက်ပါတဲ့ တင့်ကားရုပ်လေး နှစ်စီးကို ပို့ပေးခဲ့ဖူးတယ်။ ဓာတ်ခဲထည့်ပြီး ခလုတ် နှိပ်လိုက်တာ နဲ့ ကားထဲကနေ စစ်သားရုပ် လေးတွေက သူ့အလိုလို ခေါင်းလေးတွေ ထွက်လာပြီး တစ်စီးနဲ့ တစ်စီး ကျည်ဆန် တွေနဲ့ ပစ်ခတ်ကြတာ။ တကယ့်ကို စိတ်ဝင်စားစရာ စစ်ကားလေးတွေပါ။ ဒါကို သူက ကားရုပ်လေးတွေ ရောက်ရောက်ချင်း ဓာတ်ခဲ ထည့်ပြီး သမီးကို စမ်းပြတာပေါ့။

ခဏတော့ သူ့သမီး လေးက စိတ်ဝင်စားတဲ့ပုံနဲ့ တအံ့တသြ ကြည့်နေသေး တယ်။ ဘာကြာလဲ
“ကြောက်တယ် ကြောက်တယ်”

ဆိုပြီး အော်ပြေးလိုက်တာ သူ့ဇနီးက မနည်းကို လိုက်ဖမ်းပြီး ချော့မော့ရတဲ့ အထိ။ မှတ်မှတ်ရရ အဲဒီည က သမီးရဲ့ အိပ်မက်ထဲမှာတောင် ဒီအကြောင်းတွေကို ထည့်မက်ပြီး သမီးက ယောင်နေသေးတယ်။ သမီး ကအဲဒီလို။ ဒီကိစ္စနဲ့ ပတ်သက် ပြီး သူ့ဇနီးကတောင်
“ဖအေမတူ သမီးလေး”    လို့ ရယ်သွမ်းသွေးရင်း ကင်ပွန် အကြိမ်ကြိမ် တပ်ခဲ့ ဖူးသည်ပဲ။

တကယ်တော့ သူ့သမီးလေး ရှင်းသန့်ဖြူက ကစားစရာ အရုပ်နဲ့ ပတ်သက်ရင် ချေးက ခပ်များများရယ်ပါ။ ဟိုဟာဆိုလည်း မကြိုက်၊ ဒီဟာဆိုလည်း ဟင့်အင်း။ သက်ရှိတွေ ဖြစ်တဲ့ ခွေးတို့၊ ကြောင်တို့ကို ချစ်လားဆို တော့လည်း မဟုတ်ပြန်။ နောက်ဆုံးတော့ သူ့သမီးလေး အကြောင်းကို စင်ကာပူ က သူငယ်ချင်း ထွန်းကြီးက တောင်သိသွားပြီး
“ဒီအရုပ်လေးက ချစ်စရာလေးမို့ မင်းရဲ့သမီးလေး အတွက် ငါပို့လိုက်တယ်”
ဆိုတဲ့ တိုနံ့နံ့ စာကြောင်းလေးနဲ့ အတူ ဒီ ဘာဘီ မရုပ်လေးက သမီးလေးဆီ ရောက်လာတာ။

ရောက်လာ ခါစတော့ သူ့သမီးလေးက ထုံးစံ အတိုင်း အင်တင်တင်ပါ။ နောက်တော့ ဘယ်ကဘယ်လို စိတ်ကူး ပေါက်သွားတယ် မသိပါဘူး။ ဘာဘီမ ရုပ်လေးကို သံယောဇဉ် တွယ်လာပုံက သူတောင် အံ့သြတယ်။ စားလည်း ဘာဘီမရုပ်က စားပွဲပေါ်မှာ။ အိပ်လည်း ခုတင် ပေါ်မှာ။ အဲသလို ဖြစ်လာတာ။

ဘာဘီမရုပ်လေးကို ဖက်ပြီး ရထားအပြင်ဘက်က ရိုးတိုးရိပ်တိတ် မြင်ကွင်းတွေကို ငေးနေတဲ့ သမီးလေးကို ကြည့်ရင်း သူ့အတွေးတွေက သမီးလေးနဲ့ ဘာဘီမရုပ်ဆီ ရောက်သွားတာပါ။ ဇနီး သည်ကတော့ ညကတည်း ကဖျော်ပြီး ဓာတ်ဘူးထဲ ထည့်လာခဲ့တဲ့ ကော်ဖီနဲ့ ကိတ် မုန့်အချို့ကို မနက်စာအတွက် ပြင်ဆင်နေတယ်။

“ဒီပုံစံအတိုင်းဆိုရင် ချောင်းဆုံကို နေ့လယ် လောက်မှရောက်မှာ။ ဇက်ချိန် မီအောင် ဆင်းရမှာဆိုတော့ မော်လမြိုင်မှာလည်း တစ်ခုခု စားချိန်က ရမှာ မဟုတ်ဘူး။ သမီးလေးကိုလည်း တစ်ခုခု ကျွေးထားဦးမှ။ သိပ်လည်း မအေးတော့ပါဘူး။ သမီးလေးရဲ့ အနွေးထည် ချွတ်ပေး လိုက်ပါဦး မောင်ရယ်။ ဒရိုင်ဘာ နေမကောင်း ဖြစ်နေတာနဲ့ ဒီတစ်ခေါက် အိမ်က ကားနဲ့ မလာရတာ ဒီခရီးလေး အတွက် တစ်ညလုံး အချိန်ကုန်ရော။ သမီးလေးလည်း အိပ်ရေးပျက်ပြီး ပင်ပန်းလိုက်တာ မောင်ရာ”

ဇနီးသည်ရဲ့ စကားကို နားထောင်ရင်း သမီးလေးကို သူကြည့်လိုက်တယ်။ သမီးလေးက ရထားပြတင်းကနေ အပြင်ဘက်ကို ငေးလို့။ အပြင်ဘက်မှာတော့ ရာသီပေါ် သီးနှံ့မျိုးစုံ ရောင်းသူ၊ ဘူးရောင်စုံလေးတွေနဲ့ ယိုမျိုး စုံရောင်းသူ၊ ကြည်ဥပြုတ်၊ ငုံး ဥပြုတ်ရောင်းသူတွေနဲ့ ကျပ်ညပ်နေတယ်။

သမီးလေးကလည်း ဈေးသည်မျိုးစုံရဲ့ ညံစာစာ အသံတွေကို စိတ်ဝင်တစား နားစွင့်လို့။ သမီးကြည့်တဲ့ ပြတင်းကနေ သူအောက်ကို ငုံ့ကြည့်တော့ ဈေးသည်လေး တွေက ရောင်းတဲ့ ပစ္စည်းမျိုး စုံဖြစ်သလို ရောင်းသူလေး တွေရဲ့ အရွယ်အစားကလည်း ဆိုဒ်စုံ။ ဈေးသည်တွေထဲမှာ မိန်းမငယ် တချို့ကို တွေ့ရ ပေမယ့် အရေအတွက်က ခပ် နည်းနည်း။ အများဆုံးကတော့ ရှစ်နှစ်၊ ကိုးနှစ်အရွယ် ကလေးတွေလေ။

“ဦးလေးကြီး၊ ကြက်မောက်သီး ယူပါဦးဗျာ။ ဈေးက အားကြီး ပေါတာနော်။ တစ်တွဲမှ ငါးရာတည်းရယ်။ ချိုတာလည်း ပြောမနေနဲ့။ ဒါ ဒီက ထွက်တာ မဟုတ်ဘူးနော်။ မော်လမြိုင် တစ်ဖက်ကမ်း ချောင်းဆုံကတောင် သွားယူရတာ။ လုပ်ပါဗျာ၊ တစ်တွဲလောက်။ ကျွန်တော် ဈေးဦး မပေါက်သေးလို့”

ကောင်လေးက ဈေး ခေါ်ကောင်းနေတာမို့ သူပြုံး လိုက်တယ်။ ကောင်လေးက အသက်ရှိလှ ကိုးနှစ်၊ ဆယ် နှစ်ပါ။ သူပြုံးလိုက်တာကလည်း ဒီလို၊ ချောင်းဆုံဘက် ကတောင် ကြက်မောက်သီးကို သွားယူပြီး ရောင်းတာတဲ့။ ဒီစကားက ချောင်းဆုံသား တစ်ယောက်အနေနဲ့ မပြုံးချင်ဘဲ နေမလား။ ချောင်းဆုံမှာက ကြက်မောက် သီး မထွက်တာတော့ မဟုတ်ဘူး။ ညောင်လမ်း၊ ရွာလွတ်၊ မုဒွန်းစတဲ့ ရွာတွေဘက်က ရော်ဘာခြံတွေထဲမှာ ကြက် မောက်ပင် ဆိုတာတော့ ရှိပါရဲ့။ ဒီကလေး ပြောသလို ချောင်းဆုံ ကြက်မောက်သီးက ဘယ်လာ ချိုလို့လဲ။ အရိုင်း သီးတွေမို့ ချဉ်စုတ်နေတာ။ စားမယ့်သူတောင် မရှိဘဲ ကလေးတွေ ကစားစရာ အဖြစ်ပဲ ရှိနေတာ။

“ယူပါဦး ဦးလေးကြီး ရဲ့”
သူက ပြုံးစိစိနဲ့ ကြည့်နေ ဖြစ်တာမို့ ဈေးသည်လေး က သူ့ကို စိတ်ဝင်စားသွားတယ်လို့ ထင်မှတ်ပုံရတယ် ထင်ပါရဲ့။ ကြက်မောက်သီး ခိုင်ကြီးကိုသာ ဆွဲလို့၊ မလို့ မလှုပ်တလှုပ် လုပ်နေတယ်။ ကလေးတွေရဲ့ လုပ်အား တန်ဖိုးကိုတော့ ဂုဏ်ပြုချင်သား။  ဒါပေမယ့် တစ်ဖက် ကလည်း လိမ်ညာပြောဆို ရောင်းချတဲ့အတွက် ကလေးတွေ စိတ်ထဲ လိမ်ရင်ရတယ် ဆိုတဲ့ အတွေးမျိုးလည်း ၀င်မသွားစေချင်တာနဲ့ သူက ကြက်မောက်သီးသည်လေးကို မ၀ယ်ဘဲ စိုက်ကြည့်နေဆဲ။

ဒီအချိန်မှာ ပြတင်း ပေါက် ခပ်ကျဉ်းကျဉ်းလေး ဆီကို ခေါင်းလေးတွေ အစွမ်း ကုန်မော့လို့ အခြားဈေးသည် လေးတွေကလည်း ဈေးခေါ် လာကြပြန်တယ်။ ငုံးဥပြုတ် သည်လေးကလည်း အလကား ပေးနေတာနဲ့ မခြား သမီးလေး ရှင်းသန့်ဖြူရဲ့ လက်ထဲရောက်အောင် လှမ်းပြီး ထည့်နေပေမယ့် ဒီအစားအစာတွေ စား လေ့စားထမရှိတဲ့ သမီးလေး ကတော့ တံခါးပေါင်ပေါ် တင်ထားတဲ့ သူ့လက်ကလေး တွေကို ပြန်ရုပ်သိမ်းလို့။

“ရေသန့်ဘူးခွံလေး ပစ်ချခဲ့ပါ”

“ဟဲ့ ဗြဲစိန်မရဲ့ ငါ့ကို မမြင်ဘူးလားဟဲ့။ ငါဒီမှာ ဈေးရောင်းနေတာ။ ရေသန့်ဘူးခွံ ဒီမှာ လာမတောင်းနဲ့ နင့် အမေ လင်ဆီမှာ သွားတောင်း”

ငုံးဥပြုတ်သည်လေး ဈေးခေါ်နေတုန်း ဗြဲစိန်မ ဆိုတဲ့ ကောင်မလေးက ၀င်တိုက်မိတယ်။ ငုံးဥပြုတ်သည်လေး က မှောက်လုမှောက်ခင် ဖြစ်သွားတဲ့ ဗန်းကို ပြန်တည့်ရင်း ဗြဲစိန်မကို တွန်းထုတ်လိုက်တယ်။ ဗြဲစိန်မ ဆိုတဲ့ ကောင်မလေးက အသက်ရှိလှ ခြောက်နှစ်ပေါ့။ သူ့သမီး ရှင်းသန့်ဖြူနဲ့တောင် မတိမ်း မယိမ်းလို့ ဆိုရမှာ။ ဗြဲစိန်မ လေးက ငိုမဲ့မဲ့နဲ့ နောက်ကို လန်ကျသွားတယ်။ ပြီးတော့ တွန်းထုတ်လိုက်တဲ့ ငုံးဥပြုတ် သည်လေးကို မျက်စောင်းထိုးလို့ ဗြဲစိန်မရဲ့ ပါးစပ်ကနေ ဆဲသံတစ်ခု ထွက်လာတယ်။

“အို”
သမီးလေးကို အမှတ် မထင် လှမ်းဖက်လိုက်ရင်း ဗြဲစိန်မ ဆိုသူလေးကို ကြည့် ကာ သူ့ရဲ့နှုတ်က အာမေဍိတ် ထွက်သွားတယ်။ ဖင်ထိုင်ရပ် လဲကျသွားတဲ့ နေရာကနေ လက်ကလေး နှစ်ဖက်ထောက် လို့ ဗြဲစိန်မလေးက သူတို့ သားအဖ နှစ်ယောက်ကို ကြည့်နေဆဲ။

“ဟဲ့ ဗြဲစိန်မရဲ့။ နင်က ဘယ်နားမှာမှ သုံးစားလို့ မရဘူး။ အသက်က ခြောက်နှစ် ပြည့်တော့မယ်။ နီတွတ်တို့လို ရေခဲရေ ရောင်းပါဆိုတော့လည်း ရေခဲရေပုံး မှောက်ကျလို့ အရင်းပြုတ်ပြီးပြီ။ အခုလည်း ရထားဆိုက်တော့ မယ်၊ ထပါဆို မထဘူး။ ငါ လုပ်ရရင် သေတော့မယ်”

အမေ့အသံကို ကြားတော့ ဗြဲစိန်မ အိပ်ရာက မထ ချင်ဘဲ ကုန်းထရပြီ။ မျက်စိ နှစ်ဖက်ကို လက်ခုံနှစ်ခုနဲ့ ပွတ်ရင်း မျက်နှာသစ်ပြီး ဘူတာဘက်ကို သွားဖို့ အထွက်မှာ
“ဟဲ့ ဘူတာဘက်ကို သွားရင် ဒေါ်တဆုတ်မတို့ အိမ်ကထွက်။ ဒီဘက်လမ်းက ထိပ်က မသွားနဲ့။ နင့်ပထွေးနဲ့ တိုးနေဦးမယ်။ ဟိုရောက်ရင် ဘူးခွံ အနည်းဆုံး နှစ်ဆယ်ရအောင် ကောက်ခဲ့နော်။ ဒါမှ တစ်ဘူးကို နှစ်ဆယ်နှုန်းနဲ့ လေးရာရမှာ။ မြန်မြန်လည်း ပြန်လာခဲ့ဦး။ ဘယ်သင်္ချိုင်းမှ ၀င်မနေနဲ့။ နင်ရောက်မှ ဆန်ဝယ်ရမှာ”

အမေက မောင်လေးကို နို့ထိုင်တိုက်ရင်း ဗြဲစိန်မကို နောက်က လှမ်းအော်တယ်။ အမေပြောတဲ့ နင့်ပထွေးဆို တာက ဗြဲစိန်မရဲ့ အဖေလေ။ ဒါကလည်း အမေပြောလို့ သိတာပါ။ ဆံပင်ကောက်ကောက်၊ နှုတ်ခမ်းမွေးကြမ်း ကြမ်း၊ ပါးစပ်ထဲက မညီမညာ သွားတွေ အမြဲတမ်း ရဲနေတဲ့ လမ်းထိပ်ကင်းတဲက လူကြီးက ဗြဲစိန်မရဲ့ အဖေတဲ့။ ဒီလူကြီးကို ဗြဲစိန်မကတော့ တစ်ခါမှ အဖေလို့ မခေါ်ဖူးပါဘူး။ ဒီလူကြီးကလည်း ဗြဲစိန်မကို သမီးလို့လည်း မခေါ်ပါဘူး။ တစ်ခါတစ်ရံ လမ်းမှာတွေ့ရင် ငါးဆယ် တန်သည်၊ တစ်ရာတန်သည် မုန့်ဖိုး ပေးသွားတတ်တာ။

ဒါကို အမေက မကြိုက်။ သိလို့ကတော့ ဗြဲစိန်မ ကျောကွဲ ပြီသာမှတ်။ ဟိုတစ်လော လေးတုန်းကတော့ ဗြဲစိန်မ အဖေလို့ ခေါ်လိုက်ရတဲ့ လူကြီးတစ်ယောက် အိမ်ကို ရောက်လာသေးတယ်။ ဒီတုန်းက အမေအခု နို့တိုက် နေတဲ့ မောင်ငယ်လေးက မရှိသေးပါဘူး။ ဗြဲစိန်မရယ်၊ ဗြဲစိန်မရဲ့ အောက်က သုံးနှစ် အရွယ် တာတီးမရယ်၊ အမေရယ် သုံးယောက်နေတဲ့ အိမ်ကို အဲဒီလူကြီး ရောက်လာတာ။

ဒီလူကြီးက ဘယ်က ဘယ်လိုရောက်လာမှန်းတော့ မသိပါဘူး။ အမေက သကြား မုန့်ဖက်ထုပ်ကို ည ဘက်မှာ အရပ်တကာ လှည့်ရောင်းတတ်တော့ တစ်ည ဗြဲစိန်မနဲ့ တာတီးမ အိမ်မှာ အိပ်နေတုန်း အမေက ဈေးရောင်းက ပြန်လာရင်း ဒီလူကြီးကို ခေါ်လာတာ။ ဗြဲစိန်မ မှတ်မိ နေတာက အိပ်နေတဲ့ တာတီးမလေးကို အမေက အိမ်ရှေ့ခန်းဘက် ပွေ့ချီရင်း
“ဗြဲစိန်မနဲ့ နှစ်ယောက် အတူတူ အိပ်ကြ”    လို့ ပြောတာကို မှတ်မိနေတာ။

ဗြဲစိန်မတို့က အဲဒီ လူကြီးကို အဖေလို့ ခေါ်လိုက်ရ တာလည်း သိပ်မကြာပါဘူး။ ရှိလှတစ်ပတ်၊ ဆယ်ရက်ပါ ပဲ။ လူကြီးလည်း အိမ်က ပျောက်သွားတာပါပဲ။

အမေက တစ်ခါတစ်ရံ တော့ ပြောနေတတ်သေးတယ်။ ဗြဲစိန်မ အဖေရယ်၊ တာတီးမ အဖေရယ်၊ မောင် ငယ်လေးရဲ့အဖေရယ်ဟာ အတူတူ မဟုတ်ဘူးတဲ့။ တာတီးမရဲ့ အဖေ ဆိုတာကိုတော့ ဗြဲစိန်မ မမြင်ဖူးပါဘူး။ ဗြဲစိန်မလေး တစ်နှစ်အရွယ် လမ်းထိပ်က ဗြဲစိန်မရဲ့အဖေ ဆိုတဲ့ လူကြီးနဲ့ အမေနဲ့ ကွဲတော့ အမေက ဗြဲစိန်မလေးကို ဒီမုတ္တမဘက်က အမျိုးအိမ်မှာ ထားခဲ့ပြီး မော်လမြိုင်ဘက် ကမ်းမှာ အိမ်ဖော် သွားလုပ်တယ်။ ဒီလိုနဲ့ တစ်နှစ် လောက်ကြာလို့ ပြန်လာပြီး ဘာကြာလဲ၊ တာတီးမကို မွေးတာပါပဲ။ အရပ်ထဲက လူတွေကတော့ တာတီးမရဲ့ အဖေ ဆိုတာကို မြင်တောင် မြင်ဖူးကြတာ မဟုတ်ပါဘူး။ အမေ့ အကြောင်းကိုလည်း စိတ်ဝင်စားစရာ တစ်ရပ် အဖြစ် သတ်မှတ်ကြတာရယ် မှ မဟုတ်တာ။ ဗြဲစိန်မကိုတောင် လူကြီး အမှတ်နဲ့ တစ် ခါတစ်ရံ အမေက စိတ်လိုလက်ရ ပြောပြလို့ မှတ်မိနေတာ။

“တာတီးမလေးက ကြီးရင် ကောင်းစားမယ့် ကလေးဟဲ့။ ရုပ်ကို ကြည့်ပါလား ဗြဲစိန်မရဲ့။ ညီအစ်မချင်းသာ ပြောတာ နင်နဲ့ နည်းနည်းမှ တူတာ မဟုတ်ဘူး။ အေးလေ၊ မတူ ဆိုရင်လည်း နင်တို့ အဖေတွေ ဆိုတာက ရုပ်ရည်တွေသာ မက သောက် ကျင့်တွေတောင် တူတာမှ မဟုတ်တာ။ တာတီးမ အဖေက အိမ်ကြီးရှင် ဆိုပေမယ့် ငါ့ကိုတော့ ချစ်ရှာပါတယ်။ ကံ ပေါ့အေ ကံ ကံ”

အမေက ဗြဲစိန်မ နားမလည်နိုင်တဲ့ စကားတွေနဲ့ စကား လမ်းကြောင်းကို ချက်ချင်း ပိတ်ပစ်လိုက်ရင် ဘာမှ နားမလည်တဲ့ ဗြဲစိန်မကတော့ အူလည်လည်နဲ့ပါပဲ။ အမေ ပြောတာ ဟုတ်တော့ဟုတ်တယ်။ ဗြဲစိန်မနဲ့ တာတီးမက နည်းနည်းမှ တူတာ မဟုတ်ဘူး။ ဗြဲစိန်မက အသားမည်းမည်း၊ ဆံပင်က ကောက်နေတဲ့ အပြင် မျက်စိကလည်း မှေးချင် နေသေးတာ။ တာတီး မလေးကျတော့ ဗြဲစိန်မနဲ့ တကယ့်ကို ဆန့်ကျင်ဘက်။ အသားက ဖြူဆွတ်နေတဲ့ အပြင် ဆံပင်လေးတွေ ဆိုတာက နက်မှောင် ဖြောင့်စင်းလို့။

တကယ်ဆိုရင် တာတီး မလေးက ချစ်စရာပါ။ ဒါပေမယ့် ဗြဲစိန်မကတော့ နည်းနည်းမှ မချစ်ပါဘူး။ မချစ်ရုံတင် မကဘူး။ အမေ လစ်တာနဲ့ တာတီးမကို ဆွဲလိမ်တာတို့၊ ဒေါက်ခနဲ ခေါက်ချတာတို့ လုပ်တာ။ ဗြဲစိန်မ မချစ်တာလည်း မပြောနဲ့လေ။ စားစရာ တစ်ခု ရှိရင်တောင်
“ဟဲ့ ဗြဲစိန်မရဲ့၊ ဒါ နင် မျိုဖို့ မဟုတ်ဘူးနော်။ တာတီးမ နိုးလာရင် ဂျီကျမှာ စိုးလို့” ဆိုတာတွေ။

“တာတီးမတို့များ ရေချိုး သန့်စင်ပေးလို့ကတော့ အသားအရေ ဆိုတာများ ၀င်းလက် စိုပြည်လို့။ ဗြဲစိန်မ တို့များကတော့ ရေချိုးပေးလို့ ကျီးမဖြူ ဆိုသလို ဆပ်ပြာသာ ကုန်မယ်။ ရုပ်က ကပ္ပလီ ရုပ်ပဲ”
ဆိုတာတွေ အမေပြောလေ တာတီးမလေးကို အမြင်ကတ်လေ။ ဒါပေမယ့် နို့စို့ အရွယ်မောင်ငယ်လေးကို ကျတော့ ဗြဲစိန်မ ချစ်တယ်။ သူကလည်း ဗြဲစိန်မလို အသား မည်းမည်း၊ သွားကျဲကျဲ ဆိုတဲ့ ထဲကပဲလေ။ ပြီးတော့ ဘာမှ မသိသေးတဲ့ မောင်ငယ်လေးကို အမေ ပြောနေတာ တွေကြောင့်လည်း ပါတယ်။

“ဒီဟာလေးကလည်း သူ့အဖေလိုပဲ လာမယ့် ကောင်ပါ။ ရုပ်က မလှသလို သောက်ကျင့်ကလည်း ကောင်းမယ့်ကောင် မဟုတ်ပါဘူး။ သူ့အဖေ ကျတော့ လည်းကြည့်ဦး၊ မုန့်ဖက်ထုပ်သည် ငါ့ကို မုန့်မှာထုပ်တဲ့ ဖက်လောက် သဘောထားချင်တာ။ အတွင်းက မုန့်လည်း ကုန်ရော ဖက်ကိုမြောင်းထဲ လွှင့်ပစ်ချင်တဲ့ အစားမျိုးထဲက။ ဒီဟာလေးလည်း ရုပ်ကို ကြည့်ပါလား။ သူ့အဖေလိုပဲ ဆံပင်ကောက်ကောက်၊ မျက် ပေါက်ကျဉ်းကျဉ်းနဲ့ဟာကို”

အမေတို့က အဲသလိုမျိုးလေ။ ဗြဲစိန်မတို့ကို ချစ်ခြင်း၊ မချစ်ခြင်းမှာတောင် သူ့ယောက်ျားတွေရဲ့ အကျိုး သက်ရောက်မှုက ရှိနေသေးတာ။
“ဟဲ့ ဗြဲစိန်မရဲ့၊ ခြေတစ်လှမ်း ကုဋေ တစ်သန်းနှုန်းနဲ့ လျှောက်နေရလား။ ညည်း ဘူတာကို ရောက်ရင် ရထားက ညည်းအမေလင်ရဲ့ ဖင်ခေါင်းထဲကို ရောက်လောက်ပြီ”

ဟိုရောက်၊ ဒီရောက် အတွေးတွေရယ်၊ အိပ်ချင်မူးတူး ခြေလှမ်းတွေရယ် ပေါင်း စပ်ထားတော့ ဗြဲစိန်မရဲ့ ခြေ လှမ်းတွေက အရမ်းကို နှေး ကွေးနေတယ်။ ဘေးက လှမ်းအော်လိုက်တဲ့ ညိုမရဲ့အသံ ကြောင့် ဘူတာကို အမြန် ရောက်ဖို့ ဗြဲစိန်မ ခြေလှမ်းတွေကို သုတ်ခြေတင်ပြီ။  “ဘူးနှစ်ဆယ်ရအောင် ကောက်ခဲ့”ဆိုတဲ့ အမေ့ အသံကလည်း ဗြဲစိန်မရဲ့ နောက်ကနေ ထက်ကြပ်မကွာ လိုက်နေသလို ခံစား နေရသေးတယ်လေ။

၃။
ရထားသံလမ်းနဲ့ မလှမ်းမကမ်းမှာ ပက်လက် လန်လဲနေတဲ့ ဗြဲစိန်မ ဆိုသူ လေးကို သူက စိုက်ကြည့်နေ မိသလို သမီးလေး ရှင်းသန့် ဖြူကလည်း အံ့သြတကြီး စိုက်ကြည့်ရင်းက “ကောင်မလေး သနားပါတယ်နော် ဖေကြီး” လို့ ပြောနေသေးတယ်။
ဗြဲစိန်မလေးက လက်တစ်ဖက်ကလည်း ရေသန့် ဘူးခွံတွေ ထည့်ထားတဲ့ မြွေရေခွံ အိတ်ကြီး တစ်အိတ် ကို ကိုင်ထားရတော့ အရှိန်နဲ့ လဲကျသွားတာ တော်တော်နဲ့ ပြန် ထမလာနိုင်ဘူး။ သူကတော့ ပုထုဇဉ်ပီပီ ကြီးနိုင် ငယ်ညှဉ်းဝါဒတွေ စိုးမိုးနေတဲ့ ဗြဲစိန်မတို့ အသိုင်းအ၀ိုင်းကို မနှစ်မြို့လှဘူး။ ဘယ့်နှယ်၊ ဈေးသည်လေးတွေ အားလုံးထက် ငယ်နေတဲ့ လူမမည် ဗြဲစိန်မလေးကို ဈေးသည်လေးတွေက ဘာလို့များ အနိုင်ကျင့်ချင်ကြပါ လိမ့်။

“ငုံးဥပြုတ်ရမယ်၊ ငုံးဥ ပြုတ်”

“ဦးလေးကြီး အားပေးပါဦးဗျာ။ ချောင်းဆုံ ကြက်မောက်သီးတွေကို”

ဈေးသည်လေးတွေက တော့ သူတို့ သားအဖကို ကြည့်ကာ အကြိတ်အနယ် ဈေးခေါ်လို့ ကောင်းနေကြတုန်း။ ဈေးသည်လေးတွေရဲ့ ဒီတစ်ကြိမ် ဈေးခေါ်နေခြင်းမှာ သူ့စိတ်တွေ စောစောကလို မ၀င်စားတော့ဘူး။
“ရေသန့်ဘူးခွံလေးတွေ ပစ်ချခဲ့ပါ”

ဟော ဗြဲစိန်မလေးက ထိုင်ရာမထ လှမ်းပြီး အော်နေပြီ။ ဗြဲစိန်မလေးရဲ့ အသံသေး သေးလေးက ဈေးသည်လေး တွေရဲ့ အသံတွေနဲ့ အပြိုင်ရုပ်လုံး ကြွနေတယ်။ အဲဒီအချိန်မှာ သမီးက အရုပ်လေးကို ပိုက်ရင်း တစ်စုံ တစ်ခုကို လိုက်ရှာနေတာ သူသတိထား မိလိုက်တယ်။ သူဘာမှ မပြောဘဲ သမီးလေးရဲ့ အခြေ အနေကို အကဲခတ်နေလိုက်တယ်။ ယောက်ယက်ခတ်အောင် ရှာနေပေမယ့် တွေ့ပုံ မရသေးတဲ့ သမီးလေးတော့ မနက်စာ ပြင်ဆင်နေတဲ့ သူမရဲ့ အမေဘက်ကို ရောက်သွားတယ်။

“ဘာလဲ သမီး၊ ကော်ဖီ သောက်မလို့လား။ ရထား ပေါ်မှာ ကော်ဖီနဲ့ ကိတ်မုန့်ပဲ ရမှာနော် သမီး။ အခြားမုန့် တွေတော့ မေမေလည်း ယူမလာဘူး”

“သမီး ရေသန့်ဘူး လိုချင်တယ် မေမေ”

“ရေသန့်ဘူးက မပါဘူး သမီးရဲ့။ ခရီးတစ်လျှောက် ဗိုက်မကောင်း ဖြစ်မှာစိုးလို့ ရေနွေးပဲ သောက်ရမယ်လို့ မေမေ မှာထားတယ်လေ။ ရေဆာရင် ရေနွေးဘူး ပါတယ်။ ။ ရေနွေးပဲ သောက်နော်သမီး”

“မဟုတ်ဘူးမေမေ ဟို”

သမီးလေးရဲ့ အကြံအစည်ကို သူကတော့ ရိပ်မိသွားပြီ။ ဘာမှ မသိတဲ့ သမီးလေးရဲ့ အမေကတော့ သမီး လေးအတွက် ရေနွေးဘူးကိုတောင် ပြင်နေသေးတယ်။ သမီးလေးကလည်း ဘာဆက် ပြောရမယ်မှန်း သိပုံ မရဘဲ ခေါင်းလေးကုတ်လို့ ပြတင်းဘက်ကိုပြန်ကြည့်တယ်။

“ရေသန့်ဘူးခွံလေးတွေ ပစ်ချခဲ့ပါ”

ဗြဲစိန်မလေးက သမီးလေးကို ကြည့်ကာ အောက်ကနေ အော်နေဆဲ။ သူကလည်း ကလေး နှစ်ယောက်ရဲ့ အခြေအနေကို ဝေဒနာ တစ်မျိုးနဲ့ စောင့်ကြည့် အကဲခတ် နေတယ်။ အခြားဈေးသည် လေးတွေကတော့ သူတို့ ပြတင်းမှာ ဈေးရောင်းရဖို့ မသေချာဘူး ဆိုတာ သိသွားပုံ ရတယ် ထင်ရဲ့။ သူတို့ရဲ့ ပြတင်းပေါက်ကနေ အခြား ဆီကို ခွာသွားကြပြီ။ ဗြဲစိန် မလေးတစ်ယောက်ကသာ သမီးလေး ရှင်းသန့်ဖြူကို ကြည့်လို့ မျှော်လင့်ချက်ကြီးစွာ အော်နေဆဲ။

“ရေသန့်ဘူး ခွံလေးတွေ ပစ်ချခဲ့ပါ”

“ဘော် ပူ”

ရထားက ဒီဘူတာက ခွာတော့မယ့် ဟန်နဲ့ အချက်ပြ လာတယ်။ စက်ခေါင်းဘက် က ဂျုန်းဂျုန်းဂျက်ဂျက် အသံ တွေလည်း စတင်ကြား လာရပြီ။ ရထား စက်ခေါင်းသံကြောင့် ဗြဲစိန်မလေးအသံ က အနည်းငယ် တိမ်ဝင်သွားတယ်။ ရထား ထွက်တော့မှာကို ဗြဲစိန်မလေးက သိသလို သမီးလေးကလည်း သိသွားပုံ ရတယ်။ သူ့ကို သမီးလေးက တစ်ချက်လှမ်းကြည့် တယ်။ သူကတော့ သမီးလေးရဲ့ အကြည့်ကို အဓိပ္ပာယ် ခွဲခြားကြည့်တယ်။

“ရေသန့်ဘူးခွံလေး တွေ ပစ်ချခဲ့ပါ”

စက်ခေါင်းရဲ့ ငယ်သံပါ အောင်အော်တဲ့ အသံနဲ့ အတူ၊ ပြီးတော့ ဘူတာတစ်ခုကနေ တစ်ခု စတင် ထွက်ခွာဖို့ ဥသြ ဆွဲလိုက်တဲ့ အသံနဲ့အတူ ရထားကြီးက တရွေ့ရွေ့ စတင် ထွက်ခွာလာပြီ။ ဗြဲစိန်မ လေးကလည်း သမီးလေး မျက်ဝန်းက တစ်စုံတစ်ခု အတွက် မျှော်လင့်ချက်နဲ့ အတူ မြွေရေခွံ အိတ်ကြီးကို မနိုင်မနင်း ကျောပိုးလို့ ရထားရဲ့ ထွက်ခွာလာစ အရှိန်ကို အန်တု ကာ ပြတင်းပေါက် ဘေးကနေ ကပ်လိုက်လာဆဲ။

“ရေသန့် ဘူးခွံလေးတွေ ပါရင် ပစ်ချပေးခဲ့ပါ”

ဗြဲစိန်မလေးရဲ့ အသံက ရထား ဥသြသံနဲ့ အတူ သံပြိုင် ထွက်နေဆဲ။ သမီးလေးက သူနားမလည်နိုင်သေးတဲ့ အကြည့်တစ်ချက်နဲ့ သူ့ကို အပြီးသတ် စိုက်ကြည့်လို့ ရထားပြတင်းကနေ ဗြဲစိန်မ လေးကို ကြည့်တယ်။ ပြီးတော့
“ဟေ့ ငါ့မှာ ရေသန့် ဘူးခွံ မရှိဘူး။ ဒီအရုပ်လေး ယူမလား”

သမီးလေးရဲ့ စကား အဆုံးမှာ သူအတော်လေး အံ့သြသွားတယ်။ ထိတ်လန့် သွားတယ်လို့တောင် ပြောလို့ ရမှာပါ။ အရုပ်ပေါင်း များစွာကို ငြင်းဆန်ပြီး ဒီဘာဘီမ ရုပ်လေးကိုမှ နှစ်နှစ်သက်သက် စွဲလမ်းတဲ့ သမီးလေး။ ဒီ အရုပ်လေးနဲ့ အတူစား၊ အတူ အိပ်တဲ့ သမီးလေး။

“ဟင့်အင်း ရေသန့်ဘူး ခွံ၊ ရေသန့်ဘူးခွံ”

ရထားဥသြသံကြောင့် သမီးလေး ပြောလိုက်တာကိုပဲ မကြားရလို့လား၊ ဗြဲစိန်မလေးက အရှိန် ရလာပြီ ဖြစ်တဲ့ ရထားနဲ့ အတူ ပြတင်းပေါက် ဘေးက အပြေးအလွှား ကပ်လိုက်လာဆဲ။
“ဟေ့ ဒီအရုပ်လေး ပစ်ချလိုက်မယ်”

“ဟင့်အင်း ရေသန့်ဘူးခွံပဲ ပစ်ချခဲ့ပါ”

သမီးလေး ပစ်ချလိုက်မယ် ဆိုတဲ့ သောင်းကျော်တန် ဘာဘီမရုပ်လေးကို ဗြဲစိန်မလေးက ခေါင်းတခါခါ၊ လည်တစ်ခါခါ ငြင်းဆန်ရင်း မနိုင်မနင်းနဲ့ အိတ်ကိုလည်း သယ်ရင်း လိုချင်တဲ့ ရေသန့် ဘူးခွံရဖို့ကိုသာ တွင်တွင် အော်ပြောနေတယ်။ သမီးလေး ပစ်ချမယ့် ဘာဘီမရုပ်ဟာ ဗြဲစိန်မအတွက် ရေသန့် ဘူးခွံ တစ်ခုလောက်တောင် အသုံး မ၀င်ဘူးလို့ ဗြဲစိန်မလေးက ထင်နေသလား။ ရေသန့်ဘူးခွံက လွဲလို့ ဗြဲစိန်မ လေးက ဘာတစ်ခုမှ လိုချင် ရကောင်းမှန်း မသိဘူးလား။ ရေသန့်ဘူး ခွံတွေဟာ ဗြဲစိန်မလေး အတွက် မရှိမဖြစ် လို အပ်ချက်တွေလား။

မေးခွန်းများစွာနဲ့ သူ့ အာရုံဟာ ရှုပ်ထွေးနေဆဲ။  ပြတင်းမှာ ရပ်နေတဲ့ သမီးလေး ရှင်းသန့်ဖြူက လည်း လက်ထဲက ဘာဘီမ ရုပ်လေးကို ပစ်ချခဲ့ရကောင်း နိုးနဲ့ ဗြဲစိန်မလေးကို လှမ်း ကြည့်ကာ တွေဝေနေဆဲ။ အရှိန် ရလာတဲ့ ရထားကြီးကို အမီ မလိုက်နိုင်တော့တဲ့ ဗြဲစိန်မလေးကလည်း မနိုင်မနင်း အထုပ်ကြီးကို ဒရွတ်တိုက် ဆွဲလို့ လိုချင်တဲ့ အရာတစ်ခု ရနိုးနဲ့ ပါးစပ်က တတွတ်တွတ် အော်ပြောနေဆဲပဲ။


မင်းဝေဟင်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၁)

2 comments:

  1. ဇာတ်သိမ်းလေးကို ငြိကျန်ခဲ့ဖူးတယ်ဗျ။ ရွှေဆုရတော့လည်း ထပ်တူဝမ်းမြောက်ခဲ့ပါတယ်။

    ReplyDelete
  2. ဒီလား ဖတ်လိုက်၇တာ အတော့ကို စိတ်မကောင်းဖြစ်သွားပါတယ် အကိုရေ အနုပညာဖန်တီးမှုကတော့ အံမခန်းပါပဲ ဒါလေး ဖတ်ပြီး ဒီလို ကလေးလေးတွေ ရဲ့ ဘ၀လေးတွေ ကောင်းမွန်ကြပါစေကြောင်း လေးနက်စွာဆုတောင်းပါတယ်ဗျာ

    ReplyDelete

back to top