အာဝါဟ ဝိဝါဟ


(၁)
အခု ကျင်းပနေတဲ့ ကျုပ်ရဲ့ မင်္ဂလာပွဲကြီးမှာ ကျုပ် ကြည့်မရဆုံး သောသူက ကျုပ် ယောက္ခမကြီးပဲ။ ကြည့်ဦးလေ သူ့ပုံကြီးကို။ ကျုပ်ရဲ့ မင်္ဂလာပွဲကို ဘောလုံးပွဲ တစ်ခု နဲ့ နှိုင်းကြည့်မယ် ဆိုရင် ကျုပ်ယောက္ခမကြီး က တစ်ကွင်းလုံး လှည့်ပတ်ကစားနေ တဲ့ ကစားသမားပဲ။ တောင်ပံမှာ လည်း သူ၊ ရှေ့တန်း နောက်တန်းတွေ မှာလည်း သူ ဆိုသလို မျိုး။ ခန်းမရှေ့ အဝင်အဝက လက်ဖွဲ့ထုပ်တွေ လက်ခံတဲ့ နေရာက ကောင်မလေး တွေကို လည်း ဟိုလက်ဖွဲ့ ပစ္စည်းက ဟိုနား မှာပုံ၊ ဒီလက်ဖွဲ့ ပစ္စည်းက ဒီနေရာ မှာချနဲ့ ပါးစပ်က ပွစိ၊ ပွစိ ပြောနေလို့ အားမရသေးဘူး။ ကောင်မလေးတွေ ရေးထားတဲ့ စာရင်းကိုလည်း စာရင်းစစ် ဝင်လုပ်လား လုပ်နေသေးရဲ့။ ခန်းမထဲ လျှောက် လမ်းဘေးမှာ ရှိတဲ့ ပန်းအိုးထဲက ပန်းတွေကိုလည်း ဟို ပြင်ထိုး၊ ဒီပြင်ထိုး လုပ်နေသေးတယ်။ တကယ်ဆို ဒီပွဲအတွက် ပန်းအိုးထိုး သမားတွေ သူ့အဖွဲ့နဲ့ သူရှိပြီးသားပဲ။ သူက ပန်းတွေကို ပြင်ထိုးနေလည်း ပန်းအိုးတွေက ပိုပြီး လှသွားတယ် မဟုတ်ပါဘူး။ ဧည့်သည်တွေ ကလည်း စုံအောင် မရောက် ကြသေးဘူးမလား။ ရောက်လာတဲ့ ဟိုတစ်စ ဒီတစ်စ ဧည့်သည်တွေကလည်း တချို့ဧည်သည်တွေက ခန်းမရဲ့ဒီဘက် ထောင့်လောက်မှာ နေရာယူ၊ တချို့ ဧည့်သည်တွေ ကျတော့ ဟိုဘက် ထောင့် မှာ နေရာယူ။ အဲသလို ဖြစ် နေတော့ သူ့မှာ ဟိုပြေး၊ သည်ပြေး နဲ့ လောက် စာလုံးကြီးကြီး တစ်လုံး လင်ပန်းထဲမှာ ထည့်လှိမ့်ထားသလို မျက်စိကို နောက်လို့။
ဝဝဖိုင့်ဖိုင့် သူ့ရဲ့ခန္ဓာကိုယ်မှာ ဆင်မြန်းထားတဲ့ အရာတွေက အရောင် တစ်ဖိတ်ဖိတ် လက်နေတဲ့ ရုရှား စိန်အတုတွေလေ။ မီးရောင် တွေ ဖျတ်ခနဲ ပွင့်လိုက်တာနဲ့ လက် ခနဲ လင်းသွားတယ် ဆိုတဲ့ စိန်မျိုး တွေ။ ဝတ်ထားတဲ့ အရောင်က အဝါရောင် ဝမ်းဆက်ဆိုတော့ မျက်ခုံးတွေ၊ မျက်ခွံတွေ၊ ပါးတွေမှာ ခြယ်ထားတဲ့ အရောင်တွေ ကလည်း အဝါ။ ဖိနပ်က အစ အဝါ။ အဲ ..နှုတ်ခမ်း ကျတော့ အနီရောင် တောက်တောက် ဗျ။ ဒါကလည်း ကျွန်တော့် ဇနီးလောင်း မင်္ဂလာ သတို့သမီးကို ပြင်ပေးတဲ့ အလှဖန်တီး ရှင်တွေ က လက်စွမ်းပြထား တာလေ။ မပြလို့ လည်း ဘယ်ဖြစ်ပါ့မလဲ။ သတို့သမီး ကိုပြင်ဖို့ ငှားကတည်းက အမေ့ကိုပါ အဆစ်ပြင်ပေးရမယ် ဆိုတာကို သူက အော်ကြီး ဟစ်ကျယ် လုပ်ထား တာကိုး။
အခုတော့ ယောက္ခမကြီးဘာ တတ်နိုင်ပြီလဲ။ မိတ်ကပ် ထူထူတွေရဲ့ အစွမ်းကြောင့် ဟိုပြေးဒီပြေး လုပ်နေတဲ့ သူ့မျက်နှာ မိတ်ကပ်နဲ့ ချွေးနှစ်ပါး ပြိုင်ပြီး ဗွက်ပေါက်နေ ပြီလေ။ အံမယ် အံမယ် ဒါတောင် မင်္ဂလာ စတိတ် စင်ပေါ်က မင်္ဂလာကိတ်မုန့် နားသွား ပြီး ဘာတွေ စပ်စုနေသေးလဲ မသိဘူး။ ဖြစ်နိုင်ရင် သူကိုယ်တိုင် ကျုပ်တို့နဲ့ အပြိုင် ကိတ်မုန့်ကို လှီးချင်နေသေးတဲ့ပုံ။ ကိတ်မုန့်ကို ကျော်ပြီး ဒီဘက် တီးဝိုင်းက သီချင်းဆိုနေတဲ့ အဆိုတော်ကို အသက်မပါစွာ ဝတ်ကျေ တမ်းကျေ ပြုံးပြနေ လိုက်သေး ။ ဟော..ဟိုဘက်ကို ခပ်သွက်သွက် လျှောက်သွားပြန်ပြီ။ သြော် သူ့မိတ်ဆွေ ဧည့်သည်ထင်ပါရဲ့။ ဖက်လဲတကင်း နှုတ်ဆက်နေပုံက ဖက်နမ်းတော့မယ့် ပုံနဲ့။ ကျုပ် ယောက္ခထီး သူ့ ယောက်ျား လက်ကိုလည်း လှမ်းဆွဲလို့ မိတ်ဆက်ပေး နေလိုက်သေး။ ဟော ကြည့်။ ပြောရင်း ဆိုရင်း ဒီဘက်ကို လျှောက်လာပြန်ပြီ။ ဒေါက်မြင့် ဖိနပ်ကြီး နဲ့တော့ ဘယ်တော့ ချော်လဲပြီး ရှေ့သွားတွေ တစ်ချောင်းချင်း ပြုတ်ထွက် ကုန်မလဲ မသိဘူး။ ကျုပ် ရဲ့မျက်စိထဲမှာ ငါးစင်ရိုင်း အကောင် လိုက် ဝင်စူးနေသလို ကန့်လန့်ကြီး ဖြစ်နေတဲ့ ကျုပ်ရဲ့ ယောက္ခမကြီးလေ။ ဧည့်သည်တွေ စုံအောင် မရောက် သေးတော့ မင်္ဂလာ အခမ်းအနား စရမယ့် အချိန်ကလည်း လိုသေးလို့ ခန်းမထဲမှာ ဟိုသည် အကဲခတ်နေတဲ့ ကျုပ် ရဲ့အနားကို လာပြီးတော့ တောင် ဆရာ လုပ်နေလိုက်သေး။
‘ဟဲ့..သြော် ငါ့သား ဒီမှာ ထွက်ပြီး ဘာလုပ်နေ ရတာတုံး။ ဝင်ဝင်။ သတို့သား ဆိုတာ အခါတော် ပေးမှ ခန်းမထဲကို ဝင်ရတာ သြော် …ဒုက္ခ။ ဒီကလေးနှယ် မသိတတ် ရန်ကော”
(၂)

ကျုပ်ရဲ့မင်္ဂလာပွဲမှာ ကျုပ်ကြည့် မရတဲ့ နောက်ထပ် နှစ်ယောက်က ကျုပ်ဇနီး ရဲ့မောင် နှစ်ယောက်ပဲ။ ကျုပ်ဇနီးရဲ့မောင်တွေ ဆိုတော့ ကျုပ် ရဲ့ယောက်ဖ တွေပေါ့။ တစ်ယောက်  GTC နဲ့ ကျောင်းပြီးပါပြီ။ နောက် တစ်ယောက်ကတော့ သင်္ဘောတက်ဖို့ ဒေါင့်ဆင်းနေတာ။
ကျုပ်ရဲ့မင်္ဂလာပွဲက မဟာသန္တိသုခ ဘုန်းကြီးကျောင်းမှာ ဆိုတော့ ပြောရရင် သိပ်ပြီး ကြီးကြီး ကျယ်ကျယ်ကြီး မဟုတ်ဘူးလေ။ နှစ်ဖက် မိဘ ဆွေမျိုး အသိုင်းအဝိုင်းနဲ့ ခင်မင် ရင်းနှီးသူ တွေလောက်သာ ဖိတ်ပြီး လုပ်တဲ့ပွဲ။ နေရာ ထိုင်ခင်း၊ လာမယ့် ဧည့် ပရိသတ် အရေအတွက် ဆိုတာက ကွက်တိ။
ဒါကိုလေ ဘာမသိ ညာမသိ သင်းတို့နှစ်ကောင်က ခေါ်လာလိုက် တဲ့ သူငယ်ချင်းတွေ ဆိုတာက အပုံ အပင်လေ။  GTC ကောင်ကလည်း ဆယ်ယောက် ထက်မနည်း။ သင်္ဘော သား လောင်းလျာကလည်း  GTC ကောင်ထက် မလျော့ ဆိုသလို။ သူတို့ နှစ်ယောက်ရဲ့ ဧည့် ပရိသတ်တင် ခေါပဏီ တပ်တစ်သိန်းထက် များနေ ဦးမလားပဲ။ မင်္ဂလာပွဲ မှာကတည်းက သူတို့အမေ၊ ကျုပ်ယောက္ခမကြီးလို ပဲ တစ်ကွင်းလုံး ခြေရှုပ်နေ ကြတာလေ။ ပါလာတဲ့ ကောင်မလေးတွေ ကလည်း သူတို့ရဲ့ အီစီကလီတွေ လား၊ ပြည် တည်တည်တွေလား မပြောတတ်ပါဘူး။
”အောင်မာ..အောင်မာ .. ကြည့်စမ်း။ သင်းတို့က တစ်ယောက် တစ်ခွက်စီ ချထားတဲ့ ရေခဲမုန့်ကို အားမရဘဲ စားပွဲထိုးကို ခေါ်ပြီးတော့ တစ်ခွက်စီတောင် ထပ်ပြီး မှာနေ လိုက်သေးတယ်။ ဘုရားရေ ဒီလိုဆို ရင်တော့ နောက်ထပ် ရောက်လာမယ့် ပရိသတ်တော့ ဂွမ်းပြီ”
မင်္ဂလာ အခမ်းအနား ကျင်းပ နေပြီမို့ လျှောက်လမ်းမှာ လျှောက်လာတဲ့ ကျုပ်လည်း ကျုပ်ယောက်ဖ တွေရဲ့ဝိုင်းကို အမှတ်မထင် မျက်စိ အရောက်မှာ ထော်လော်ကန့် လန့် ကမောက်ကမတွေ မြင်ရတာလေ။ ကျုပ်ဖြင့် လျှောက်လမ်းမှာ ခလုတ် တောင် တိုက်သွားချင် မိသေးတယ်။ ဒင်းတို့ကြောင့်။ ကျုပ်ဘေးက တွဲလျှောက်လာတဲ့ ဒင်းတို့ အစ်မ မျက် နှာသာ မရှိရင် ဒင်းတို့ ကျုပ်လက်ချက် နဲ့ စိစိညက်ညက် ကြေပြီ။ ဘယ်လို ဟာမျိုးလေးတွေ ပါလိမ့်။ အလိုက် ကန်းဆိုးကို မသိဘူး။ လက်ဖွဲ့ကျ တော့ ဒင်းတို့ သူငယ်ချင်းတွေ တစ်ဖွဲ့လုံးမှ တစ်မျိုးလောက်ပဲ နေမှာ။ ကျုပ်က တစ်ယောက်ကို ၃၅ဝဝ ဖိုး ကျွေးတာ ဆိုတော့ သင်း…သင်း တို့ အဖွဲ့တင် အရှုံးက သုံးသောင်း ကျော်လောက် ဖြစ်နေမှာ။ ကျုပ်ရဲ့ အတွေးတွေဟာ လက်ရှိ အခြေအနေ မှတ်တမ်းတင် ဓာတ်ပုံရိုက်တဲ့ နေရာ ထိ ကူးစက် ပျံ့လွင့်လာတော့ အဲဒီ အချိန် ကျုပ် မျက်နှာကြီးလည်း သုန်မှုန်နေမှာ အမှန်ပါပဲ။
”ကဲ…ယောက်ဖရေ။ ရှေ့ မျက်နှာ နောက်ထားပြီး ပြောလိုက် ဦးမယ်။ ဒီည အဖို့ ခဲဖိုးလေး မ စ ခဲ့ပါဦး”
”အမ်”
ကျုပ်ရဲ့ ယောက္ခမ အိမ်ပေါ် ရောက်ရောက်ချင်း ယောက်ဖတွေ ဆီက ထွက်လာတဲ့ စကားတွေ လေ။ သူတို့ကိုသာ ခဲဖိုး ဆိုတာ မ ပေးခဲ့ရင် ဒီတစ်ညတော့ သူတို့ အစ်မ ကိုတောင် ကျုပ်နဲ့ ပေးအိပ်ပါ့ မလားမသိ။ ကျုပ်ဖြင့် အံ့သြလွန်း လို့ ပါးစပ်ကနေ ‘အမ်’ လို့တောင် အာမေဍိတ် ထွက်သွားတာ။ ကြား ….ကြားဖူးပေါင်။ အစ်မ မင်္ဂလာ ဦးည မှာ ခဲဖိုးတောင်းတဲ့ ယောက်ဖ တွေရယ်လို့။  ကျုပ်လည်း မကြည်တဲ့ စိတ်တွေကို လျှော်ဖွပ်၊ သုန်မှုန် နေတဲ့ မျက်နှာပြင်ကို သကာရည် လောင်းပြီး သူတို့ တောင်းတဲ့ ခဲဖိုး ကို စိတ်ထဲက လုံးဝမပါဘဲ ပေးလိုက် ရတယ်။ အတွေးထဲ မှာတော့ ကျုပ်ပေးတဲ့ ပိုက်ဆံနဲ့ သင်းတို့တွေ အရက် သွားသောက် ကြပြီး သင်းတို့ တစ်အုပ် လုံး အန်ဖတ် ဆို့နေ ကြပါစေပေါ့။
OK . . .Thank you..
”ယောက်ဖရေ..အိပ်မက်လှ လှမက်ပါစေ.. ကျွန်တော် တို့တော့ ဒိုးပြီ”
ဘာကွ။ အိပ်မက်လှလှ မက်ရဦးမယ် ဟုတ်လား။ မင်္ဂလာဦးညကွ။ မင်္ဂလာဦးည။ ဒီလိုညမျိုးမှာ အိပ်စရာလား မြွေပွေးကိုက် လေးတွေရဲ့။ သွားကြ၊ သွားကြ ပြန်မလာ ကြနဲ့ ။ တစ်သက်လုံး ပြန်မလာ လေကောင်း လေပဲ။ ဘယ်လို ဟာတွေမှန်းကို မသိဘူး။
ဟုတ်တယ်။ ကျုပ်လည်း စိတ် ထဲကနေ အဲသလိုပဲ ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲ ထည့်လိုက်တော့တယ်။ အေးရော။
(၃)

”ဒီနှစ် ပရီးမီးယားလိဂ် ရာသီ မှာကွာ။ မန်ယူတို့ ဘယ်လို ဖြစ်နေမှန်းကို မသိပါဘူး။ ကဲ..ကြည့် မနေ့ည က ကန်တဲ့ပွဲမှာ ဘလက်ဘန်း အသင်း လိုမျိုးကိုတောင် နှစ်ဂိုး တစ်ဂိုး နဲ့ ရှုံး ရတယ်လို့”
ကျုပ်ရဲ့ မင်္ဂလာပွဲမှာ ကျုပ်ကြည့်မရတဲ့ တတိယမြောက် ပုဂ္ဂိုလ်။ တစ်နည်းအားဖြင့် ကျုပ်ရဲ့ ယောက္ခထီးကြီးလေ။ မင်္ဂလာဦးည မှာ ညစာစားပြီးလို့ ဟိုယောက် ဖ မြွေပွေးကိုက် လေးတွေလည်း မရှိ တော့တာမို့ ယောက္ခမအိမ်ရဲ့ ဧည့် ခန်းမှာ ကျုပ်ခြေညောင်း လက်ဆန့် လုပ်နေတုန်း ကျုပ်ကို ဝင်ပြောလိုက် တဲ့ ယောက္ခထီးကြီးရဲ့ စကားတွေ လေ။ သူပြောတဲ့ စကားတွေကို ကျုပ် သေသေချာချာ ကြားလိုက်ပေမယ့် မသိလိုက် မသိဘာသာ ”အော်….အင်း” ဆိုပြီးပဲ ရော ယောင်ယောင် လေးနေ လိုက် တယ်။ ဒီစကားထဲ ကျုပ်ဝင်မိသွား လို့ကတော့ တော်တော်နဲ့ ပြန်ထွက်လို့ ရမှာ မဟုတ်တော့ဘူး ဆိုတာ ကျုပ် သိနေတယ်။ သူ့သမီး၊ ကျုပ်ရဲ့ဇနီးဆီ ကနေ ဒီအဘိုးကြီး ဘယ်လောက်လေ ရှည်တဲ့ အကြောင်းကို ကျုပ်က အစ ကတည်းက တီးမိ ခေါက်မိပြီးပြီ လေ။
”ကဲကွာ…ကောင်းရော လစ်ဗျားမှာ ဖြစ်နေတဲ့ စစ်မီးက အခုအချိန်ထိ အရှိန်မသေသေးဘူး ဆိုပဲ။ ဥရောပ ဘက်က နိုင်ငံ သင်္ဘော တွေတောင် လစ်ဗျား ကမ်းလွန် ကနေ အီတလီ ဘက်ကိုဖြတ်ရသတဲ့။ လစ်ဗျားကို ကပ်မရဘူး ဆိုပဲ။ သင်္ဘောသားတွေ ဘဝကလည်း မလွယ်ပါဘူး။ သူတို့ခင်ဗျာ ကမ္ဘာပတ်နေကြ ရတာ ဆိုတော့ ဆိုမာလီ ဘက်ရောက် တော့လည်း ဓားပြရန် ကြောက်ရ။ ကဲ…အခုလည်း လစ်ဗျား စစ်တဲ့။ ဦးတူထဲမှာ ဥရောပဘက် ရောက်နေတဲ့ သင်္ဘောသား တစ်ယောက် ရှိတယ် ကွ”
”သြော်… ဟုတ်လား”
ကျုပ်အသံက သာမန် ထက် အတော်လေးကို တိုးလျနေပြီး စိတ်ဝင်စားမှုလည်း လုံးဝ မရှိမယ့်ပုံကို ပြနေမှာက သေချာတယ်။ အဘိုး ကြီးကတော့ ရိပ်မိမလား။ မရိပ်မိ မလား မသေချာပေမယ့် ကျုပ်က တော့ ဒီဝိုင်းကနေ ထပြေးချင်ပြီ။ ကျုပ်ရဲ့အသစ်စက်စက် ဇနီး၊ ကျေး ဇူးရှင်မလေးကလည်း ဘယ်ချောင် ရောက်နေလဲ မသိပါဘူး။ တကယ် ဆိုရင် တစ်နေကုန် ပင်ပန်းထားတဲ့ ကျုပ်တို့ အနားယူသင့်ပြီလေ။ ဒါ ကို အလိုက်ကန်းဆိုး မသိတဲ့ အဘိုးကြီးက ဧည့်ခန်း စားပွဲပေါ်က ဂျာနယ်တွေ တစ်စောင် ပြီး တစ်စောင် လှန်ပြီး ပြောချင်တာတွေ ပြောနေတာ။ ကျုပ်လည်း သူပြောသမျှ တွေကို ‘သြော်’ ‘အင်း’ ဆိုတာလောက် တောင် မလုပ်ချင်တော့တာနဲ့ အဘိုးကြီးကို မီးနီပြလိုက်တဲ့ အနေနဲ့ ကျုပ် ရှေ့ စားပွဲပေါ်က တွေ့ရာ ဂျာနယ် တစ်စောင်ကိုပဲ ကောက်ကိုင် လိုက်တယ်။
”အေးကွာ…မြန်မာပြည်မှာ လည်း ဂျာနယ် အတော်များများက စာပေ စိစစ်ရေး တင်စရာ မလိုဘဲ သတင်း လွတ်လပ်ခွင့်တွေ ရလာတော့ တချို့ အနုပညာ ဂျာနယ်တွေ များကွာ။ ကြည့်ဦး။ မြန်မာ မင်းသမီး တွေ၊ မော်ဒယ် ပုံတွေကို တိုတိုနံ့နံ့ တွေနဲ့ ရိုက်ကူးပြီး ထုတ်လာကြတယ်။ ဒီပုံတွေက မြန်မာ့ ယဉ်ကျေးမှုနဲ့ လည်း မကိုက်ညီပါ ဘူးကွာ။ ကဲ… မင်းကိုင်ထားတဲ့ ဂျာနယ် မျက်နှာဖုံး ကိုပဲ ကြည့်လိုက်ဦး”
”ဟိုက်…သေရော” လို့ပဲ ကျုပ်ထအော်ပစ် လိုက်ချင်တော့တယ်။ ကျုပ်ကံများ မကောင်းလိုက် ပုံလေ။ အဘိုးကြီးက အားကစား ဂျာနယ် ကိုင်ပြီး ဘောလုံး အကြောင်း ပြောတော့လည်း စိတ်မဝင်စားဟန် ပြပြီးပြီ။ ပြီးတော့ သတင်း ဂျာနယ်ကိုင်ပြီး သင်္ဘောသား သတင်းတွေ ပြောနေတော့လည်း မသိလိုက် မသိဘာ သာ နေနိုင်ခဲ့ပြီးပြီ။ တကယ် တော့ ကျုပ်က သူဘာမှ ထပ်ပြီး မပြောတော့အောင်လို့ တွေ့ကရာ ဂျာနယ် တစ်စောင်ကို ကောက်ကိုင် လိုက်တာပါ။ ကျုပ် ကောက်ကိုင် လိုက်တဲ့ ဂျာနယ်က အနုပညာ ဂျာနယ်ကြီး ဖြစ်နေတာကိုး။ အဘိုးကြီး ပြတဲ့ မျက်နှာဖုံးကို ပြန်ကြည့်မိ တော့မှပဲ အဆိုတော် ကောင်မလေး တစ်ယောက်ရဲ့ စကတ် တိုတို၊ ရင် ဟိုက်ဟိုက်နဲ့ ပုံကိုတွေ့လိုက်ရတာ လေ။
ကျုပ်လည်း အဘိုးကြီးကို  တော်တော် စိတ်ညစ်လာပြီ။ ရုပ်ရှင် တွေ၊ ဗီဒီယိုတွေ ထဲက မင်္ဂလာဦးည သတို့သား လို ‘ဝါး’ခနဲ ‘ဝါး’ခနဲသာ အော်ပြီး ‘သမ်း’ ပစ် လိုက် ချင်တော့ တယ်။ တကယ်ပါပဲ။
(၄)

”မေမေက ဒီနေ့ မင်္ဂလာပွဲမှာ ရလာတဲ့ လက်ဖွဲ့ငွေသား စာရင်းကို ကြည့်ပြီး ပစ္စည်း စာရင်းတွေကို လည်း မှန်းပြီး တွက်ပြီးပြီတဲ့ မောင် ရေ..ရလာတဲ့ အဖြေကတော့ ခွက် ခွက်လန်အောင် ရှုံးတယ်တဲ့”
”ဟမ်”
မင်္ဂလာဦးညရဲ့ မင်္ဂလာအိပ်ခန်း ထဲမှာ မင်္ဂလာ လက်ဖွဲ့တွေကို တစ်ထုပ်ပြီး တစ်ထုပ်ဖြေရင်း၊ အသစ် စက်စက် မင်္ဂလာ သတို့သမီးလေးရဲ့ နှုတ်ခမ်းနှစ်လွှာ က ထွက်ကျ လာ တဲ့ မူရင်း စကားသံတွေပါပဲ။ ဘာတဲ့။ ခွက်ခွက်လန်အောင် ရှုံးတယ် ဆိုလား။
ခွက်ခွက်လန်အောင် ရှုံးတယ် ဆိုတော့ ဒီနေ့ပွဲဟာ ဈေးပြိုင် စနစ် နဲ့ ကျင်းပလိုက်တဲ့ လေလံပွဲတစ်ခု လိုလို။ ဒါမှမဟုတ် သူနိုင် ကိုယ်နိုင် အပြိုင်ကြဲ ကြရတဲ့ လောင်း ကစားပွဲ တစ်ခု လိုလို။ ဘာလိုလို ကြီးတောင် ဖြစ်သွား ရသေးတယ်။ အံမယ်… ဒီစကားပြောပုံ ထောက်ရင် ကျုပ်ရဲ့ ယောက္ခမကြီးက သူ့သမီး မင်္ဂလာ ဆောင်မှာ အတော် လေးမြတ်မယ်လို့ ထင်ထားတဲ့ ပုံပဲ။ ရှုံးတာလည်း မပြောနဲ့လေ။ သူ့သားတွေရဲ့ အပေါင်း အသင်းတွေတင် နည်းတာမှ မဟုတ်တာ။ ဧည့်ပရိသတ် တွေ စားစရာ ၊ သောက်စရာ စုံစေ့သွားတာ ကိုပဲ ကျေးဇူးတင် ရဦးမှာ။ ကျန်တဲ့ လက်ဖွဲ့ ဆိုတာကတော့ သူ့တုန်းကလည်း ကိုယ်က သွားနိုင်ထားမှ ဖြစ်တာလေ။
”မောင်ရေ…ဒီအထုပ်က ဆွေ့သူငယ်ချင်းရဲ့ အစ်မ အပျိုကြီးရဲ့ လက်ဖွဲ့ ထုပ်လေ။ သူက ပိုက်ဆံရှိ ဘောစိမကြီးပါ မောင်ရာ။ ဆွေ့ သူငယ်ချင်း နိုင်ငံခြား သွားနေ တာမို့ ဆွေတို့ပွဲကို သူကိုယ်တိုင် လာတာ။ မောင်နဲ့တောင် ဆွေ မိတ်ဆက်ပေး လိုက်ဘူးတယ်လေ။ အဝါရောင် ချိတ် ဝမ်းဆက်ဝတ်ထားတဲ့ ခပ်တောင့်တောင့် အမျိုး သမီးလေ မောင်ရာ”
”အင်းပါ…ဆက်ပြောပါ ဦး”
”လိုရင်းကို မရောက်နိုင်တော့ ဘူး”ဆိုတဲ့ စကားစု ကိုတော့ ကျုပ် ရဲ့ ရင်ထဲမှာ ပဲထားလို့ ကျုပ် ဇနီး ပြောသမျှတွေကို ခုတင်ပေါ် ကနေပဲ တုံးလုံး အနေအထားနဲ့ နားထောင်နေ လိုက်တော့တယ်။
”ဆွေကဖြင့် ဒီအမျိုးသမီး လက်ဖွဲ့မယ့် တန်ဖိုး မသေးလောက်ဘူး ထင်တာ ကြည့်စမ်းပါဦး မောင်ရယ်။  Tea Set ကြီး။ ဒါကြီးက ဘယ်လောက် တန်မှာမို့လဲ သာယာ ဝတီထုတ်  Tea Set ကြီးလားတောင် မသိဘူး…ဟင်း”
မျက်စိက မြင်တာကို၊ လက်က အလိုက်သင့် ကိုင်ကြည့်ရင်း နှုတ်ဖျားက စက်သေနတ်နဲ့ ပစ်လွှတ်နေ သလို ဗလွတ်၊ ဗလွတ်ပြောနေတဲ့ ကျုပ်ဇနီးရယ်လေ။
”ဟင်…ကိုထူးအောင်တဲ့။ ဒါ မောင့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းမို့လား။ ကြည့်စမ်းပါဦး။ သူ့ရဲ့ လက်ဖွဲ့ကို။ စောင်နှစ်ထည် တည်း လေ။ စောင် ဆိုတာတောင် စောင် မှ စောင်။ ဘုရားစူး အခါခါ ကျိန်ပြောမှပဲ ယုံရမယ့်ပုံ။ ဒီလောက် ကြမ်းထော်နေတဲ့ စောင်ကို ဘယ်လို သုံးရမှာတုံး။ ဝဲပေါက်တဲ့ အချိန်မှသာ ဝဲကိုပွတ်ဖို့ ခြုံအိပ်မှ ရ မယ်။ မောင့်သူငယ်ချင်း ကလည်း ပြောမပြောချင်တော့ဘူး။ ခိုင်သင်းကြည် စကား ခဏယူပြော ရရင် အံ့သြစရာ အံ့သြစရာ ”အံမယ်။ ကျုပ်ဇနီးက ပါးစပ်က ပွစိ၊ ပွစိ ပြောရုံ အားမရသေးဘဲ ကျုပ်သူငယ် ချင်းရဲ့လက်ဖွဲ့စောင်ကို ခပ်လှမ်း လှမ်းကိုတောင် ပစ်ပေါက် လိုက်သေးတယ်။ တစ်ထုပ် ဖြေလိုက် ပွစိ၊ ပွစိ ပြောလိုက် လုပ်နေ တဲ့ ကျုပ်ရဲ့ ဇနီးကို ကျုပ်ကြာတော့ သိပ်ပြီး စိတ်မရှည်ချင် လာတော့ဘူး။ ကျုပ်လည်း တစ်နေ့လုံး ပင်ပန်းထားတာမို့ တစ်ကိုယ်လုံး ညောင်းချည့် နေရုံမက မျက်လုံး တွေ လည်း မှေးစင်း နေပြီ။ မပြီးနိုင်တဲ့ ကျုပ်ဇနီးရဲ့စကားဝိုင်း ကနေ ရှောင် တိမ်းဖို့ ကျုပ်ကြိုးစား ကြည့်လိုက်တယ်။
”မင်း မအိပ်သေးဘူးလား ဆွေ ရာ။ တစ်နေ့လုံးလည်း ပင်ပန်းထား တဲ့ဟာကို မောင်တော့ အိပ်ချင်လာ ပြီ။ အိပ်တော့မယ်”
”အိပ် …အိပ် မောင်ပဲအိပ်။ ဆွေတော့ မအိပ်နိုင်သေးဘူး။ အံ့ ပါရဲ့။ မင်္ဂလာ သတို့သားတဲ့။ ဘယ်လို မင်္ဂလာ သတို့သားလဲ မသိဘူး။ ကိုယ့်ကို လက်ဖွဲ့ကြတဲ့ ပစ္စည်းတွေ ကို လည်း စိတ်မဝင်စား။ ဒီအထုပ်တွေ အကုန်လုံးကို ဝိုင်းဖောက် ကြည့်မယ် လို့လည်း စိတ်မကူး”
‘ဟမ်’ဆိုတဲ့ အာမေဍိတ်သံလေး ကို လည်ချောင်းဝက ထွက်မလာ အောင် တံတွေးလေးနဲ့ ‘ဂလု’ ခနဲ အသာ မျိုချလို့ ကျုပ်ဇနီး အသစ် စက်စက်လေးကို ကြည့်မိလိုက် တယ်။ ဒီစကားတွေကို ပြောနေတဲ့ မိန်းကလေးက ဒီနေ့မှ ကျုပ်လက်ထပ် လိုက်တဲ့ မိန်းကလေး တစ်ယောက် ဟုတ်ပါလေစ။ သူ့ရဲ့ပြောဟန်၊ ဆိုဟန်တွေက ဝါရင့် အိမ်ထောင်ရှင် မကြီးလို ပွစိ၊ ပွစိနဲ့မပြီး နိုင်မစီးနိုင် အရီးကြိုင်လေ။ မျက်စောင်းတွေ တစ်ခုပြီး တစ်ခု ပစ်လွှတ် နေလိုက်တာ များတောင် အဆစ်ပါသေး။ အလို.. မင်္ဂလာဆောင် ပြီးသွားတဲ့ မိန်းကလေး တစ်ယောက်ဟာ မင်္ဂလာဦးညကို မဖြတ်ရသေးတဲ့ အပျိုစင်စစ် ဘဝမှာတောင် အံ့သြဖွယ်ရာ မိန်းမတစ်ယောက် ဘဝကို အပြောင်းလဲ ကြီး ပြောင်းလဲ ရောက်ရှိ သွားပါပကောလား။
ကျုပ်ကို ဘာမှ စိတ်မဝင်စား တတ်တဲ့လူ ဆိုတဲ့ ပုံစံနဲ့ မိန်းမမျက် စောင်းတွေ တစ်လုံးပြီး တစ်လုံး ပစ်လွှတ်နေတဲ့ ကျုပ်ရဲ့ အသစ်စက်စက် ဇနီးလေးကို ကျုပ်လည်း အံ့သြ မှင်တက်မှုတွေနဲ့ မျက်လုံး ခပ်ဝိုင်းဝိုင်း တွေနဲ့ကြည့်ပြီး ကျုပ်စောင်ကို ယူလို့ ခပ်မြန်မြန်ပဲ ခေါင်းမြီးဆွဲ ခြုံပစ်လိုက် တော့တယ်။ အဲဒီလို မလုပ်လို့လည်း မဖြစ်တော့ ဘူးလေ။
ကျုပ်မိန်းမကို ဒီအတိုင်းဆက် ကြည့်နေမိရင် ဒီနေ့ ကျုပ်ကြည့်မရတဲ့ လူစာရင်းမှာ နောက်ဆက်တွဲ စာရင်း အနေနဲ့ ကျုပ်မိန်းမက မဖြစ်မနေ ပါလာတော့မယ် ဆို တာ သေချာနေပြီ လို့ ကျုပ်ကိုယ် ကျုပ် သိလိုက်ပြီးပြီ မဟုတ်လားလေ။
မင်းဝေဟင်
yatimagazine (March, 2012)

2 comments:

  1. ကောင်းလိုက်တဲ့ ၀တ်ထုလေး။ ဒါမျိုးများများရေးနိုင်ပါစေ။

    ReplyDelete
  2. ဒီ ၀တ္ထုလေး ကြိုက်တယ်၊ မင်္ဂလာဦးနေ့မှာ သတို့သားတစ်ယောက်ရဲ့ ရင်တွင်းစကားတွေကို တစ်ယောက်တည်း စိတ်ထဲမှာသာ ကျိတ်ပြီးပြောနေတဲ့ တစ်နေ့တာအဖြစ်အပျက်လေး ကို ရေးထားတာလေးနဲ့ အများစုမှာ ဖြစ်လေ့၊ ရှိတတ်တဲ့ သဘောသဘာဝတရားတွေကို ရေးသားထားမှုလေးကို နှစ်သက်သွားပါတယ်၊ ဆရာ့ ၀တ္ထုကို ဖတ်နေတုန်းမှာပဲ ဆရာအောင်သင်းရဲ့ အကြိုက်ဆုံး ၀တ္ထုတိုများနှင့် သုံးသပ်ချက်များ စာအုပ်ထဲက "ပန်းမွေ့ယာ ရွှေကော်ဇော" ဆိုတဲ့ ၀တ္ထုလေးကိုပါ ပြန်ပြီး သတိရမိသွားတယ်ပါ ဆရာ ။

    ReplyDelete

back to top