နောက်ဆက်တွဲ ဂယက်ငယ်လေးများ


ဒီနေ့ မိုးရွာနေပုံကြီးက အရင်ရက်တွေကနဲ့ကို မတူတာ။ တစ်နေကုန် လင်းသွား ရပ်သွားတယ်ရယ်လို့ မရှိ။ သုတ်ခနဲရွာချလိုက်တဲ့မိုးဟာ အရင်ရက်တွေလို ခဏလောက်သဲကြီးမဲကြီးရွာ။ ပြီးရင်တိတ်သွား။ အဲဒီလိုမျိုးကို မဟုတ်တာ။ ရုတ်တရက် ဒရောသောပါး ရွာချလိုက်တဲ့မိုးဟာလည်း အငြိုးတွေနဲ့လို့ အောက်မေ့ရလောက်အောင်ကို ပြန်ပြီးမတိတ်တော့တာ။ တစ်ခါတစ်ရံ ဘယ်ဆီကမှန်းမသိဘဲ တဝေါဝေါမြည်လာတဲ့ လေကလည်း ကိုရွှေမိုးနဲ့အပြိုင် နှစ်ပါးသွားမြိုင်ထ ပူးတွဲကချင်သေးတော့ မခက်လား။ မိုးသံနဲ့ လေသံပေါင်းတော့ ဝန်းကျင်တစ်ခုလုံးဟာ တရွှီရွှီထနေအောင်ပဲ တဝူးဝူးနဲ့ ပွက်လောရိုက်နေတယ်။
အဲ့ဒီလို မိုးသံလေသံကြားထဲမှာ ကိစ္စတစ်ခုကို လုပ်ဆောင်ဖို့ အယောက်၂၀လောက်ရှိမယ့် လူတစ်စုဟာ အမိုးတစ်ခြမ်းသာရှိတဲ့ ရွာလယ်က ဇရပ်အိုလေးထဲမှာ စုရုံးရောက်ရှိနေကြတယ်။ မကြာသေးခင်က တိုက်သွားတဲ့ မုန်တိုင်းရဲ့နောက်ကို အပျိုမလင်နောက်လိုက်သလို ကောက်ကောက်ပါအောင် လိုက်သွားတဲ့ ဇရပ်ရဲ့အမိုးတစ်ခြမ်းဟာ အစအနတောင် ရှာတွေ့တော့တာမဟုတ်ဘူးလေ။ အခုကျန်နေတဲ့ အမိုးတစ်ခြမ်းဆိုတာကလည်း မိုးလေလေးတစ်ချက်အသုတ်မှာတောင် ဂလပ်၊ ဂလပ် မြည်အောင် ဗြန်းဗြန်းသံ ထွက်ချင်နေသေးတာ။
ပက်စင်နေတဲ့ မိုးစက်တွေကြား လူတစ်စုရဲ့ ရှေ့မှာ မတ်တပ်အနေအထားနဲ့ စကားပြောနေတဲ့ အသက်၇၀အရွယ် ဘိုးလေးထွန်းရဲ့ အသံဟာ တစ်ချက်ချက်စည်းချက်ပျောက်ပျောက်သွားတယ်။ မိုးသံတွေကြားမှာ အော်ပြီးပြောနေရတဲ့ အတွက် ဘိုးလေးထွန်းရဲ့လည်းပင်းကလည်စေ့ဟာ အထက်ကိုတက်သွားလိုက် အောက်ကိုပြန်ကျလာလိုက်နဲ့ အချက်မှန်သလို ဘိုးလေးထွန်းရဲ့ဗိုက်ကလည်း ပိန်လိုက် ဖောင်းလိုက်နဲ့ စည်းဝါးကျနေတယ်။ ဒါပေမယ့် ဘိုးလေးထွန်းရဲ့မျက်နှာမှာတော့ မျှော်လင့်မှုတွေဟာ အားတက်သရော အရောင်လက်နေတယ်။
လူစုပြီး စကားပြောခြင်းဆိုတာထက်လည်း ပိုးလေးနက် အစည်းအဝေးလို့သတ်မှတ်ရလောက်အောင်လည်း အဓိပ္ပါယ်မပြည့်စုံတဲ့ ဒီနေ့ စကားဝိုင်းကို စတင်အကောင်အထည်ဖော်သူကတော့ ဘိုးလေးထွန်းပေါ့။ ရွာသားတော်တော်များများကတော့ ဒီဝိုင်းကို ရောက်သာလာတာရယ် တချို့က ဘာစကားမှကို ဝင်မပြောချင်လောက်အောင် ဒီစကားဝိုင်းပေါ်မှာ အာရုံရှိမနေကြဘူး။ ကိုယ့်အလုပ်နှင့်ကိုယ် ပုဆိုးပြင်စည်းချိန် မရလို့ ပီနန်ကြိုးနဲ့ခါးမှာ ချည်ထားချင်လောက်အောင် ရှုပ်နေရတဲ့ကြားထဲ အလုပ်ပိုတွေဆိုတဲ့ ပုံစံမျိုးနဲ့ ဒီစကားဝိုင်းကို တက်လာကြသူတွေက ခပ်များများရယ်။
ဒီရွာကလေးမှာ မကြာခင်က ဖြစ်သွားတဲ့မုန်တိုင်းရဲ့ လျှာရှည်ရှည်နဲ့ သိမ်းကျုံးရမ်းလိုက်တဲ့အထဲ တစ်ရွာလုံးမှာရှိတဲ့ အိမ်တွေ သစ်ပင်တွေ ဆိုတာ အကောင်းပကတိ ဘယ်မှာရှိတော့လို့လဲ။ တချို့အိမ်တွေများဆိုရင် နို့ဆီခွက် ဖင်ရိုက်ဖွင့်ခံထားရသလို အထက်ကအမိုးတွေ ဘာမှမရှိတော့တဲ့ ဟောင်းလောင်းပေါက်ကြီးကိုဖြစ်နေတာ။ မုန်တိုင်းနှင့်အားစမ်းထားလို့ တွန်းဖြိုခံထားရသလို အပုံလိုက်ဖြစ်နေတဲ့ အိမ်ကလေးတွေဆိုတာလည်း ရေလို့မရလောက်အောင်လေ။
ဒါတောင် မြစ်ရေက ကံကောင်းထောက်မစွာ လျှံတက်မလာလို့ အလဲလဲအပြိုပြိုရွာကလေးဟာ ရေလွှမ်းလွင်ပြင်ထဲမှာ လက်ပစ်ကူးမနေရတာရယ်။ အဲ့ဒီလို အလဲလဲ အပြိုပြိုသစ်ပင်တွေ အိမ်တွေနှင့် အတူ ဘဝတူသွားတာက ရွာထိပ်နှင့်မလှမ်းမကမ်း ကုက္ကိုပင်ကြီးနှစ်ပင်အောက်မှာ ရှိနေတဲ့ ရွာတော်ရှင်နတ်ကွန်းလေးပေါ့။ တကယ်ဆိုရင် နတ်ကွန်းလေးက အိမ်တွေ သစ်ပင်တွေလို ဖင်ထောင်သွားရုံနဲ့ အားမရနိုင်ဘဲ ခပ်လှမ်းလှမ်းက ဝါးကြီးလေးငါးရိုက်လောက်ကို တလိမ့်ခေါက်ကွေး ကျွမ်းပြန်သွားတာ။ နတ်ကွန်းထဲက နတ်ရုပ်တွေ ကျားရုပ်တွေ ကတော့ နတ်ကွန်းပေါ်က ဖင်ထောင်ဆင်းရုံတင် ဘယ်ကလိမ့်မလဲ။ လက်ပြတ် ခေါင်းပြတ် နားရွက်ပြတ်နဲ့ဆိုတာ တစ်ခုစီဖြစ်သွားတာ။ တချို့အစိတ်အပိုင်းတွေကို ပြန်ပြီးတောင် ရှာမတွေ့တော့ဘူးလေ။
မုန်တိုင်းအောက်က ရွာတော်ရှင်နတ်ကွန်းလေးရဲ့ ဘဝဖြစ်စဉ်အစအဆုံးကို လှမ်းပြီးမြင်လိုက်တာက ဘိုးလေးထွန်းလေ။ ဒီတုန်းက အိမ်ကလေးယိုင်နဲ့နဲ့။ သစ်ပင်တွေ တဝုန်းဝုန်းနဲ့ အလဲလဲအပြိုပြိုတွေကြား မနေရဲတော့တဲ့ ဘိုးလေးထွန်းက သူ့ရဲ့ပါရမီဖြည့်ဖက် ဘွားလေးစိန်ကို လက်တွဲလို့ တူတော်မောင်ရှိတဲ့ ရွာထဲဘက်ကို ထွက်အလာ လမ်းမှာ နတ်ကွန်းလေးရဲ့ ဘဝဖြစ်စဉ်ကို မုန်တိုင်းမနက်ရဲ့ ဝေလီဝေလင်း ရောင်ခြည်အောက်မှာ အစအဆုံးကို တွေ့လိုက်ရတာ။
နတ်ရုပ်ကလေးတွေ လေထဲမှာ ကျွမ်းထိုးနေတာကို ဘိုးလေးထွန်းက အသေအချာလှမ်းပြီး မြင်လိုက်ပေမယ့် နတ်ရုပ်ကလေးတွေက သူတို့ကို မကယ်နိုင်သလို သူတို့ကလည်း နတ်ရုပ်တွေကို ဘယ်မှာ ကယ်နိုင်ပါ့မလဲ။ အဲ့ဒီကတည်းက ဘိုးလေးထွန်းရင်ထဲ အတော့်ကို အောင့်သွားတာ။ ရင်ထဲမချိလိုက်သည့်ဖြစ်ခြင်းရယ်လေ။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အားချင်းဆိုသလိုပေါ့။ ဒီစကားဝိုင်းလေးကိုလုပ်ဖို့ ဘိုးလေးထွန်းက စီစဉ်လိုက်တာ။ ဒီစကားဝိုင်းရဲ့ အဓိကရည်ရွယ်ချက်က အလဲလဲအပြိုပြိုဖြစ်သွားတဲ့ နတ်ကွန်းလေးကို ပြန်ဆောက်ဖို့။ ပြီးတော့ ဒေသအခေါ် ရွာတော်ရှင်ဖြစ်တဲ့ ရွာစောင့်နတ်ကို နတ်နန်းလေးပြန်အပ်ဖို့။ အဲ့ဒီလို နတ်နန်းအပ်တဲ့အခါ မှာလည်း နတ်ကနားပွဲလေးမဟုတ်တောင်မှ ထိုင်ကနားလို့ခေါ်တဲ့ ကက်ဆက်ဖွင့်ပြီး ကနားပြန်အပ်ပွဲလေးလုပ်ဖို့။ အဲ့ဒီကိစ္စမျိုးစုံနဲ့ ဒီစကားဝိုင်းမှာ ဘိုးလေးထွန်းက မိုးသံလေသံတွေနဲ့အပြိုင် အားတက်သရောပြောနေတာ။
တချို့က ရှေ့ဆုံးမှာထိုင်နေတာမို့ မိုးသံလေသံကြားက ဖောက်ထွက်လာတဲ့ ဘိုးလေးထွန်းရဲ့အသံကို အတိုင်းသားကြားနေရပေမယ့် နာထဲကို မဝင်တာ။ သူတို့စိတ်ထဲမှာရှိတာက မိုးဖြိုင်ဖြိုင်မကျခင်အချိန်လေးမှာ ပြိုလဲသွားတဲ့ အိမ်ကလေးကိုပြင်ဖို့ ဘာစရိတ် ညာစရိတ် ငွေအင်အားအပြင် ခြံဝိုင်းထဲက အလဲလဲအပြိုပြိုဖြစ်နေတနဲ့ အပင်ကြီး အပင်ငယ်တွေ ခုတ်တန်ခုတ်၊ ထစ်တန်ထစ်ရအောင် လိုအပ်တဲ့ လူအင်အားတွေ စိတ်ဓာတ်အင်အားတွေအတွက် သက်ပြင်းတွေ တစ်လုံးပြီးတစ်လုံး ချနေကြတာကလွဲရင် ဘာအာရုံမှကို ရှိမနေကြတာ။ ရှေ့မှာ စကားရပ်ပြောနေတဲ့ ဘိုးလေးထွန်းဆိုတာက ရွာထဲမှာ အသက်အားဖြင့် အကြီးဆုံးဖြစ်သလို သြဇာကလည်း ညောင်းသေးမို့လား။ မဖြစ်လို့သာ လာကြတာရယ်။ ဒီအချိန် ဒီအခြေအနေမှာ ကိုယ့်အရေးကလွဲလို့ ဘာကို စိတ်ဝင်စားနေရမှာတဲ့တုံး။
တကယ်ကိုပြောတာ။ မိုးတွေ တအုန်းအုန်း။ လေတွေတဗြုန်းဗြုန်းကြားမှာ ဘိုးလေးထွန်းသာပြောပြီးလို့ ဟပ်ထိုးသွားတယ်။ နားထောင်တဲ့သူတွေရင်ထဲ ဘာမှမကျန်ခဲ့ဘူး။ စကားဝိုင်းတွေရဲ့ထုံးစံ၊ စကားဝိုင်းမှာပြောတဲ့ သူတွေက သူတို့စကားအပြီးမှာ အတည်ပြုချက်တောင်းတာပေါ့။ ခပ်ရွယ်ရွယ်လူတွေကတော့ “ဘိုးလေးထွန်းရဲ့သဘော” ဆိုတဲ့ပုံစံမျိုးနဲ့ ခပ်မဆိတ်ပဲနေကြတယ်။ ဒီအုပ်စုနဲ့လုပ်ရင် ဒီကိစ္စလေး ဘာကြာမှာလဲဆိုတဲ့ အတွေးကြောင့်လည်း ပါမှာပေါ့။ ပြီးတော့ နတ်ကွန်းဆိုတာကလည်း ရွာတစ်ရွာမှာ ရှိမှဖြစ်မယ်လို့ ယုံကြည်ထားကြတာလည်း ပါမှာပေါ့။
ဒီလိုနဲ့ ထောက်ခံသူမရှိ ကန့်ကွက်သူမရှိနဲ့ နတ်ကွန်းဆောက်လုပ်မယ့်အစီအစဉ်ဟာ အတည်ပြုမလို့ရှိတုန်း နောက်ဘက်နားဆီက အသံတစ်သံက ဗြုန်းဆို ပေါ်လာတာ။
“ဘိုးလေးထွန်းခင်ဗျား.. အခုမုန်တိုင်းအရှိန်ကြောင့် မိုးရွာနေတာဆိုပေမယ့် နေပြန်ပူမယ်ဆိုတာ မသေချာတော့ဘူး။ ကျုပ်အထင်ဆိုရင် မိုးက ဆက်တိုက်ရွာတော့မှာပဲ။ ရွာထဲမှာ ကိုယ်ထူကိုယ်ထ ကိစ္စတွေကလည်း ပြီးကြသေးတာမဟုတ်တော့ နတ်ကွန်းဆောက်မယ့်အစီအစဉ်ကို မိုးလေကင်းလွတ် ဝါကျွတ်မှသာ ဆောက်ဖို့ အဆင်ပြေပါလိမ့်မယ်။ ပြီးတော့ နတ်ကွန်းဆောက်ပြီးလည်း စင်ပေါ်ပြန်တင်ရမယ့် ကိစ္စကလည်း ရှိသေးတာ”
ထပြီးပြောလိုက်သူက ရွာလယ်ပိုင်းက ဖိုးတောက်ရယ်ပေါ့။ သူက အသက်အားဖြင့် ရှိလှ ၂၀ကျော်ပေါ့။ ရန်ကုန် တက္ကသိုလ်သွားတက်နေပြီး မုန်တိုင်းတိုက်ပြီးမှ ရွာကို ခဏပြန်ရောက်နေတာ သာရယ်။ သူပြောလိုက်တဲ့ “နတ်တွေစင်ပေါ်ပြန်တင်ရမယ့်ကိစ္စ” ဆိုတာကို ရွာသားအချို့က ရယ်ကြပေမယ့် ဘိုးလေးထွန်းက မရယ်နိုင်ဘူးလေ။ မရယ်နိုင်ရုံမဟုတ်။ ဖိုးတောက်ရဲ့စကားအဆုံးမှာ ပြူးတူးပျာတာကို ဖြစ်သွားတာ။
“ဟ… မင်းပြောသလို ဘယ်ဖြစ်ပါ့မလဲကွ။ နတ်နဲ့နဂါး မလှည့်စားရဘူးဆိုတာ မကြားဖူးဘူးလား။ အခုကိစ္စက တစ်ရွာလုံးကိစ္စကွ။ ငါ့တစ်ယောက်တည်း ကိစ္စမဟုတ်ဘူး။ နတ်နန်းကို ချက်ချင်းကို ပြန်ဆောက်ရမှာ။ ပြီးရင် ဝါမဝင်ခင် တစ်နှစ်တစ်ခါလုပ်တဲ့ ရွာတော်ရှုတင်ပွဲရှိတယ်။ မင်းမသိဘဲနဲ့ ဘာမှမပြောနဲ့။ ကလေးက ကလေးလိုနေ။ နတ်ကိုများ မင်းက မင်းအဖေ ဘမောင်လို့များ မှတ်နေလား။ ချီးထဲမှပဲ”
ဘိုးလေးထွန်းက ငေါက်လိုက်ပေမယ့် ဖိုးတောက်က တစ်ခုခုပြောစရာကျန်သေးပုံနဲ့ မထိုင်သေးပါဘူး။ ဒါကို အောက်မှာထိုင်နေတဲ့ ကိုအောင်ကြီးက ဖိုးတောက်ပုဆိုးစကို ဆောင့်ပြီးဆွဲလိုက်တော့မှ ဖိုးတောက်က ခါးပုံစလေးကိုင်လို့ မထိုင်ချင်ထိုင်ချင်ပေါ့ ပြန်ထိုင်လိုက်ရတယ်။ ပြောစရာတော်တော်များများ ကျန်သေးတယ်ဆိုတာကိုတော့ ဖိုးတောက်ရဲ့မျက်ဝန်းကို ကြည့် အသိသာကြီးပေါ့။ တကယ်ဆို ဖိုးတောက်က ဘိုးလေးထွန်းနဲ့ မြေးအဘိုးတော်တာရယ်။ ဘိုးလေးထွန်းပြောလိုက်တဲ့ ဖိုးတောက်အဖေဘမောင်ဆိုတာက ဘိုးလေးထွန်းရဲ့ တူအရင်းခေါက်ခေါက်ကိုး။
ဖိုးတောက်က ပြောလိုက်တာသာ မအောင်မြင်တာရယ် သူက အရှိန်ရအောင်စပေးလိုက်တော့ ရွာသားနောက်တစ်ယောက်က ထပြီးပြန်ပြောတယ်။ သူပြောတာက ဖိုးတောက်ပြောတာနဲ့ ထပ်တူကျမနေပေမယ့် အဓိပ္ပါယ်အားဖြင့်တော့ အတော်နီးစပ်သား။ သူ့ရဲ့အိမ်လေးပြိုသွားတာ ပြင်လို့မပြီးနိုင်သေးတဲ့အတွက် အခြားကိစ္စတွေကို ဘာမှမကူညီနိုင်တဲ့အကြောင်းပြောတော့ အောက်ကထိုင်နေကြသူ တော်တော်များများက မတ်တပ်ရပ်ပြီးမပြောကြပေမယ့် တစ်ယောက်တစ်ပေါက် ဆိုသလို တိုးတိုးတိတ်တိတ်ကနေ အသံပေါင်းစုံထွက်လာတယ်။
ထွက်လာတဲ့အသံတွေရဲ့ တူညီချက်ကတော့ ကိုယ်ရေးကိုယ်တာလုပ်ငန်းတွေ ရှိသေးတဲ့အတွက် လောလောဆယ်မှာ မအားသေးတဲ့အကြောင်းကလွဲလို့ ဖိုးတောက်ပြောသလို နတ်ကွန်းအကြောင်းကိုတော့ ဘာမှ ထည့်မပြောကြဘူး။ ဘိုးလေးထွန်းပြောတဲ့ “နတ်နဲ့နဂါး မလှည့်စားနဲ့” ဆိုတာကိုလည်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ ယုံတစ်ဝက် မယုံတစ်ဝက်ရယ် မဟုတ်လား။
နောက်ဆုံးတော့ တစ်ယောက်တစ်ပေါက် ဆူညံနေတဲ့အသံတွေထဲကို အသက်၄၀အရွယ် လောက်ရှိတဲ့ ဦးလေးတစ်ယောက်က ဝင်ပြီး ဖြည့်စွက် ဖျန်ဖြေလိုက်မှ ဆူဆူညံညံတွေက တိတ်သွားတော့တယ်။ ဦးလေးပြောတာကတော့ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာပေါ့။ အခုတော့ မိုးလေးဆက်တိုက် ရွာနေတာမို့ မိုးလေငြိမ်သက်သွားတဲ့ နောက်ထပ်ဆယ်ရက်လောက်မှသာ နတ်ကွန်းဆောက်မယ့်ကိစ္စကို လှုပ်ရှားကြမယ်ပေါ့။ အခုတော့ ကလေးတွေပြောသလို အိမ်ပြင်စရာတွေကလည်း ကိုယ်စီကိုယ်င ရှိသေးတယ်ပေါ့။ ဒီလို ဖျန်ဖြေတော့ ဘိုးလေးထွန်းလည်း မျက်မှောင်ကြီးကြုတ်ပြီး တိတ်သွားသလို ပွဲကလည်း အေးသွားတယ်။ ဒါတောင်…
“မုန်တိုင်းတိုက်လို့ ပြိုတာပဲ။ သူ့ကို ဘယ်သူက အားအားယားယား တကူးတကသွားပြီး တွန်းဖြိုတာရယ်မှ မဟုတ်တာ။ ပြန်ဆောက်ပေးတာတောင် တော်လှပြီ။ ကိုယ်အားမှ ပြန်ဆောက်ပေးနိုင်မှာပေါ့” ဆိုတဲ့စကားက ဖိုးတောက်ပါးစပ်ကနေ ထွက်ဖြစ်အောင် ထွက်သွားခဲ့သေးတာ။
ဆိုင်းနဲ့ဝိုင်းနဲ့လုပ်ရတဲ့ ကနားပွဲ မဟုတ်ဘဲ ကက်ဆက်ကလေး အိညောင်ညှက်ကို လော်စပီကာတပ်ပြီး အဖြစ်လုပ်ရတာဆိုတော့ တဂျိမ်းဂျိမ်း၊ တဂျိုင်းဂျိုင်းအစား အသံတွေက ပအဲ့ ပအဲ့နဲ့ ခပ်ယဲ့ယဲ့ ထွက်နေတာ။ ဒီကြားထဲ မဖွင့်တာကြာပြီဖြစ်တဲ့ ကက်ဆက်ကလေးက ကြွက်တစ်ကောင်ဝင်အောင်းနေသလို တဂြီဂြီ တကျွီကျွီနဲ့ ဇာတိပြချင်သေးတော့ ပွဲမစခင်ကတည်းက အုန်းပွဲတွေ ငှက်ပျောပွဲတွေနဲ့ အလုပ်ရှုပ်နေတဲ့ နတ်ကတော် ကျူးကျူးရဲ့ မျက်နှာက တစ်ချက်တစ်ချက် မဲ့သွားသေးတာ။
မဲ့သွားတာလည်းမပြောနဲ့လေ။ ဒါမျိုးကျူးကျူးတစ်သက်ကြုံဖူးတာရယ်မှ မဟုတ်တာ။ ရွာတော်ရှင် အပ်ပွဲအတွက် ကျူးကျူးတို့အဖွဲ့ကို လာငှားတော့ မုန်တိုင်းတိုက်ပြီးကတည်းက အလုပ်မရှိ အကိုင်မရှိ ပြိုလုလု ခနော်နီခနော်နဲ့ အိမ်ကလေးထဲ ကွေးနေတဲ့ ကျူးကျူး အတော်ကို ဝမ်းသာသွားတာ။ ဟုတ်ပြီပေါ့။ ပွဲတော့ဖြစ်ပြီပေါ့။ ဘယ်ဆိုင်းနဲ့လဲ ဘာလဲ စကားဦးသန်းမလို့ရှိသေး ထိုင်ကနားပါတဲ့။ ကက်ဆက်နဲ့ပါတဲ့။ ရွာတော်ရှင်နတ်ကလွဲလို့ ဘယ်နတ်ကိုမှလည်း အပင့်အဖိတ် အပို့အကြိုမလုပ်ပါဘူးတဲ့။ ပြောတာတွေလည်း ကြည့်ဦး။ ဘုကျကျ ဘောက်ဆတ်ဆတ် ရွာသွားနှစ်ယောက်လာပြောတော့ အခြားအချိန်များဆို ကျူးကျူးတို့ကက်ကက်လန်အောင် ရန်တွေ့ပစ်လိုက်ဦးမှာ။ ဆိုင်းနဲ့ဝိုင်းနဲ့ကလွဲလို့ ဒါမျိုးတွေ ငါမလုပ်ဘူးဟဲ့ ဆိုပြီး….။
ဒါပေသိလည်း မုန်တိုင်းပြီးကတည်းက ကျူးကျူးတို့ရယ်က ခေတ်စကားနဲ့ပြောရရင် ငုတ်တုတ်မေ့နေရတာ။ ကနားပွဲတွေမှာသုံးတဲ့ နတ်ဝတ်နတ်စားတွေဆိုတာကိုလည်း ကြည့်ဦး။ တချို့က မုန်တိုင်းဒဏ်နဲ့ အကာအရံမရှိတော့တဲ့ အိမ်ဝင်းထရံအတွက် ကန့်လန့်ကာအဖြစ်။ ကောင်းတာလေးတချို့ကျတော့ လမ်းထိပ်က မိုးလုံလေလုံ အပေါင်ဆိုင်ကိုရောက်နဲ့။ ဇာတ်စကားနဲ့ပြောရရင် ဇာတ်သွေးပျက်နေချိန်လေ။ အခုလည်း ကျူးကျူးတို့အဖွဲ့ ကနားသွေးပျက်နေချိန်ပေါ့။ ဘာပဲဖြစ်ဖြစ် လုပ်ရတော့မှာကိုး။
ထိုင်ကနားမကလို့ ငုတ်တုတ်ကနားပဲဖြစ်ဖြစ် ဒီအချိန် ဒီအလုပ်လေးရတာကိုတောင် လာငှားတဲ့ ရွှေကိုယ်တော်တို့ကို ကျေးဇူးတင်ရဦးမှာ။ လုပ်မဟဲ့ လိုက်မဟဲ့ ဆိုပြီး စိတ်ကို တုံးတုံးကျအောင် လျှော့ထားလိုက်တာတောင် ဒီကိုရောက်တော့ ထပ်ပြီးလျှော့စရာတွေက ပေါ်လာသေးတာ။
ကျူးကျူးတို့ရွာတော်ရှင် စံမြန်းမယ့် နတ်ကွန်းဆိုတာကိုလည်း ကြည့်ဦး။ ကျူးကျူးဖြင့် ဒီလိုနတ်ကွန်းမျိုး မြင်ကို မမြင်ဖူးတာ။ ဘုရားစူး အခါခါ ကျိန်ပြောမှ ယုံလောက်ရတဲ့ နတ်ကွန်းကိုး။ ရွာထိပ်လမ်းမနဲ့ မလှမ်းမကမ်း မုန်တိုင်းကျီစယ်လို့ ဖင်ထောင်နေရှာတဲ့ ကုက္ကိုပင်ကြီးနှစ်ပင်ကြားမှာရှိတဲ့ နတ်ကွန်းရဲ့ အမြင့်က လွန်ရောကျွံရော ခြောက်ပေပေါ့။ သွပ်မိုးသွပ်ကာလေးလုပ်ထားပြီး သစ်သားတိုင်လေးနဲ့ ဆောက်ထားပေမယ့် ဘယ်လိုမှကို ထည်ဝါမှုရှိမနေတာ။
နတ်ကွန်းဘေးက သွပ်ပြားတွေကို အနီတွေ အဝါတွေ ဆေးခြယ်ထားတာကလည်း ဒေးဗစ်ဘက်ခမ်းလက်မောင်းမှာ တက်တူးရုပ်တွေထိုးထားသလို ကြောင်ကြောင်ကျားကျားနဲ့။ အိုး… ကြည့်ရတာ ဆိုးလိုက်တာ လွန်ရော။ အတွင်းပတ်လည်အကျယ်ကိုလည်း ကြည့်ဦး။ နတ်မောင်နှမရုပ်တုထားစရာ။ နောက်… သူတို့ရဲ့ စီးတော်ကျားရုပ်တုတွေထားစရာ။ စီကာ စဉ်ကာ ကြည့်လိုက်တော့ ဘယ်မှာတုံးနေရာလွတ်။ အုန်းပွဲငှက်ပျောပွဲ တင်ဖို့ဆိုတာ ဝေလာဝေး။ ပန်းအိုးတွေတင်စရာတောင် မနည်း။ ကျဥ်းကျဉ်းကျပ်ကျပ်နဲ့ ရွာတော်ရှင်ကိုယ်တော်အစား ကျူးကျူးတောင် စိတ်မောတယ်။ နွေရာသီများရောက်လာလို့ ကတော့ နတ်ကွန်းထဲက နတ်ရုပ်တွေ ဘိန်းမုန့်ဖုတ်ခံထားရသလိုကို ဖြစ်ဦးမှာ။ တကယ်ပြောတာ။ အဝေးကနေကြည့်လိုက် နို့ဆီခွက်လေးတစ်ခွက်ကို အောက်က တုတ်ကလေးတွေနဲ့ ထောက်ထားသလိုကို ထင်နေရမှာ။
အံမယ်။ ဒီလိုနတ်ကွန်းမျိုးဖြစ်ဖို့ကိုတောင် ကျူးကျူးတို့အဖွဲ့မြို့ကနေ ဒီရွာကိုရောက်ရောက်ချင်း သတင်းသဲ့သဲ့ကြားရသေးတာ။ အိမ်ခြေအားဖြင့် ငါးဆယ်လောက်ရှိတဲ့ရွာက မုန်တိုင်းပြီးကတည်းက ပျက်သွားတဲ့ ဒီနတ်ကွန်းကို ပြန်ဆောက်မယ့်သူတောင် မရှိဘူးဆိုပဲ။ နတ်ကိုပစ်ထားကြပုံလေ။ သူတို့ အခုတောင် ရွာရဲ့အကြီးဆုံးဆိုသူက ထပြီး ကမကထလုပ်လိုက်တော့မှ နေလို့မရတော့တဲ့ ရွာသားတွေက နောက်ကကပ်ပါလာရတာ ဆိုပဲ။
လော်စပီကာအသံက စီခနဲပေါ်ထွက်လာမှ ကျူးကျူးလည်း အတွေးစလေးတွေ ပျက်သွားတာ။ တွေးနေတယ်ဆိုပေမယ့်လည်း ကျူးကျူးလက်က ဇယ်ဆက်ချသလိုလုပ်နေတာလေ။ မုန့်ပွဲတစ်ပွဲကို မုန့်ဖြူခုနစ်ခု၊ မုန့်နီခုနစ်ခု၊ လက်ဖက်၊ အမွှေးတိုင် နံ့သာရည် စုံလင်ရဲ့လားဆိုတာကိုလည်း သူငယ်တန်းကလေး စာဖတ်သလို တစ်ခုချင်းဆီကို ပလွတ်ပလွတ်နဲ့ ရွတ်ကြည့်နေရသေးတာ။ ဒါပေမယ့် ကျူးကျူးတို့ ကိုယ့်ကိုယ်ကိုယ် ယုံပြီးသား။ အမှားအယွင်းဆိုတာ ကျူးကျူးတို့ ဘဝမှာ ရှိခဲ့တာရယ်မှ မဟုတ်တာရယ်။
အဖော်နှစ်ယောက်နှင့်အတူ အားလုံးကို စီကာစဉ်ကာအထပ်ထပ်စစ်ပြီးတော့ ရွာတော်ရှင်နတ်မင်းကို ပင့်ဖို့အချိန်အခါတစ်ခုစောင့်လိုက်တယ်။ ကက်ဆက်ကို အချိန်ကိုက်ပြီး နတ်ဆိုင်းဖွင့်ပေးဖို့ကိုလည်း မှာရသေးတာ။ လူအုပ်ကြီးက သိပ်မများဘူး ဆိုပေမယ့်လည်း လာသမျှလူကလည်း ကျူးကျူးရဲ့လုပ်ကိုင်ပုံကို စောင့်ကြည့်နေကြတာလေ။ ဒါတောင် ကျူးကျူးတို့က ထိုင်မသိမ်း ဘာညာနတ်ဝတ်နတ်စားတွေနဲ့ မဟုတ်ပေါင်။ ရိုးရိုးပိုးပုဆိုးလေးကို ထဘီလိုစည်းလို့ ရှပ်အင်္ကျီပွပွလေးကိုသာ ဝတ်ထားတာရယ်။ အဲ… မျက်နှာမှာတော့ ဖြူ နီ ပြာ ဝါ ရောင်စဉ်ခုနစ်သွယ်လောက်တော့ ဆေးခြယ်ထားရတာပေါ့။ ဒါတောင် ဝိုင်းအုံနေတာလေ။ လူအုပ်က။
ခဏကြာတော့ လော်စပီကာကနေ နတ်ဆိုင်းကလည်း ဖွင့်နေပါပြီ။ ကျူးကျူးကလည်း နတ်ရုပ်တုလေးတွေ နေရာချ အုန်းပွဲငှက်ပျောပွဲတွေကို ရင်ခွင်ပိုက်လို့ ပါးစပ်က “အောင်ဇေယျတု အောင်ဇေယျတု” လို့ သုံးကြိမ်တောင်မရောက်သေး။ နတ်ဆိုင်းဖွင့်ထားတဲ့ လော်စပီကာအသံကိုကျော်လို့ ရွာသူတစ်ယောက်ရဲ့ အသံက စူးရှစွာထွက်လာတာ။ အဲ့ဒီအသံကြောင့်ပဲ လူအုပ်စုဆီက ထွက်လာတဲ့အသံဟာ နတ်ဆိုင်းကိုတောင် ကျော်သွားတာလေ။
ကျူးကျူးဘေးက ထွက်ပေါ်လာတဲ့ မည်းမည်းအစ်အစ် အမျိုးသမီးတစ်ယောက်ရဲ့ အသံကြောင့် “အောင်ဇေယျတု” နေတဲ့ ကျူးကျူးရဲ့အသံတောင် ရုတ်တရက် ကြောင်စီစီဖြစ်သွားတာရယ်။ ဘာတဲ့…
“ဘိုးလေးထွန်း အခုပဲ ဆုံးသွားပြီ” ဆိုလား။
ဘိုးလေးထွန်းဆုံးဆုံးချင်း အသက်ထွက်သွားတာကို တစ်ဆင့်ချင်း သေချာသိလိုက်တဲ့ မပါရာရဲ့ အော်ငိုလိုက်သံက ဟိုး….ရွာထိပ်နတ်ကွန်းဘက်က လော်စပီကာအသံကို ဖုံးသွားလောက်တာ။ တကယ်ဆိုရင် မပါရာဆိုတာက သူမရဲ့နာမည်အရင်းမဟုတ်သလို ဘိုးလေးထွန်းနဲ့လည်း ဘာမှသွေးသားတော်စပ်တဲ့သူ တစ်ယောက်မဟုတ်ပါဘူး။ ရပ်ထဲရွာထဲသာရေးနာရေးမှန်သမျှ နေရာတကာမှာ စေတနာ့ဝန်ထမ်းလုပ်လွန်းလို့ မနွဲ့ရီဆိုတဲ့နာမည်အစား မပါရာလို့ တွင်နေတာရယ်။
သားသမီးအရင်းအချာမရှိတဲ့ ဘိုးလေးထွန်းနဲ့ဘွားလေးစိန်တို့ နှစ်ယောက်အိမ်ကို အဝတ်လျှော် ရေခပ်ကအစ ဈေးဝယ်အဆုံးပေါ့။ မပါရာက အဝင်အထွက်လုပ်နေတာရယ်။ အခုလည်း ဘိုးလေးထွန်း မကျန်းမာတဲ့ရက်တွေအတွင်း ဘိုးလေးထွန်းတို့ အိမ်မှာပဲ နေ့ညမပြတ်ရှိနေတာ။ အခုလို ရွာလုံးကျွတ်နီးပါး ရွာတော်ရှင်နတ်ကွန်းကို ရောက်နေတာတောင် မပါရာက ဘိုးလေးထွန်းတို့အိမ်မှာပဲ ရှိနေတာ။
အစပိုင်း မပါရာ အော်ငိုလိုက်ပေမယ့် လူတော်တော်များများကတော့ သူ့ကို ဂရုမစိုက်ကြပါဘူး။ ဒါက သူ့အလုပ်ပဲလေဆိုတဲ့သဘောမျိုးနဲ့ လုပ်စရာရှိတာကိုသာ ဆက်လုပ်နေကြတာ။ ဘိုးလေးထွန်းဆုံးပြီဆိုတဲ့ အသံကြားတော့ ရွာတော်ရှင်နတ်ကွန်းရှိရာ ရောက်နေကြတဲ့ လူတော်တော်များများဟာ ဘိုးလေးထွန်းအိမ်ကို အပြေးတစ်ပိုင်းနဲ့ ရောက်လာကြတယ်။ ရွာတော်ရှင်နတ်မင်း နတ်ကွန်းပေါ် ရောက်မရောက် စိတ်မဝင်စားနိုင်ကြတော့ဘူးလေ။
အဲ့ဒီလို လူထူသွားတဲ့အချိန်ရောက်မှ မပါရာရဲ့ ငိုချင်းဟာ အထွတ်အထိပ်ကို ရောက်လာတာ။ သူပြောပြီး ငိုနေတဲ့စကားတချို့ကို ကြားရတော့မှ စောစောက သူ့ကိုဂရုမစိုက်တဲ့ ရွာသားတွေရဲ့ အာရုံဟာ သူ့ဆီစုပြုံပြီးရောက်လာတာ။ သူငိုနေတာတွေလည်း ကြည့်ပါဦး။ ရွာတော်ရှင်နတ်လည်း ပါရဲ့။ ဖိုးတောက်လည်း ပါရဲ့။ ရွာတော်ရှင်နတ်ကွန်းဆိုတာလောက်ကို ဖိုးတောက်က စိတ်ဝင်စားသေးတာ မဟုတ်ဘူး။
“ဘိုးလေးထွန်းရဲ့… အခုလို ဘိုးလေးထွန်း ပိုးစိုးပိုးစက်ဖြစ်တော့ ရွာတော်ရှင်နတ်လည်း မကယ်နိုင်သလို ဘိုးလေးထွန်းမြေးဖိုးတောက်လည်း မကယ်နိုင်ပါလား”
သူ့ရဲ့ငိုချင်းမှာ ဖိုးတောက်က ဘယ်ကဘယ်လို ပါလာရတာလဲ။ သူငိုတာက ရွဲ့ပြီးငိုနေသလိုကြီးလေ။ ဘိုးလေးထွန်း သူ့ဘာသာသေတာ ရွာစောင့်နတ်မှာ တာဝန်ရှိနေသလိုလို၊ ဖိုးတောက်ပဲ အပြစ်မလွတ်သလိုလို။
တကယ်ဆို ဒီအချိန်ထိ ဖိုးတောက်ရဲ့စိတ်တွေက ကြည်လင်နေသေးတာမဟုတ်ဘူး။ ဖိုးတောက် ဖြေရှင်းမရတဲ့ ဟာတွေ၊ နားမလည်နိုင်တာတွေများ အပုံအပင်။ ဘိုးလေးထွန်းဆိုတာ ဖိုးတောက်ရဲ့အဘိုးပဲ။ ဘယ်လိုလုပ်ပြီး တချို့စကားတွေကို ဖိုးတောက်ပြောချင်မှာတဲ့လဲ။ ဒါပေမယ့် ဘိုးလေးထွန်းကို ဖိုးတောက် ပြောဖြစ်ခဲ့တယ်။ တော်တော်များများကို ပြောဖြစ်ခဲ့တယ်။
ပြဿနာတွေက ဘယ်ကစလဲဆိုရင် ရွာထဲက ခေါင်းရွက်ဗျပ်ထိုး ကုန်စိမ်းသည်၊ ပြောရမယ်ဆိုရင် ဆတ်ကော့လတ်ကော့ မိတင်ပေါ့။ အဲ့ဒီမိတင်ကပဲ စတာ။
ဒီရွာမှာ မုန်တိုင်းပြီးကတည်းက မိုးဆိုတာ ပြတ်သွားတယ်ရယ်မှ မရှိတာ။ လှည်းလမ်းရေတင် လယ်ကွင်းတွေလည်း ရေလျှံလို့ ကဏန်းဖို ကဏန်းမတွေတောင် မိုးဦးကျပြီအထင်နဲ့ လယ်ကွင်းတွေထဲမှာ ချစ်ရည်လူးနေကြပြီလေ။
အဲ့ဒီနေ့က မိတင်က အခြားရွာကနေ ကုန်စိမ်းရောင်းပြီးပြန်လာ။ ထုံစံအတိုင်း ဈေးလေးကရောင်းလို့ သွက်လာတော့ တေးတကြော်ကြော်နဲ့ ရွာအဝင်အပြန်လမ်း ကုက္ကိုပင်ကြီးနှစ်ပင်နဲ့ အပြိုင် လဲလျောင်းအိပ်စက်နေတဲ့ ရွာတော်ရှင်နတ်ကွန်းရှေ့အရောက် ဗိုင်းခနဲ ချော်လဲပါလေရော။ ချော်လဲတုန်းကတော့ ရိုးရိုးအောက်မေ့တာ။ ပြန်မထနိုင်ဘဲ ဝမ်းဗိုက်ထဲကမခံနိုင်အောင် ထိုးအောင့်လာတဲ့အဆုံး မြို့ပေါ်က ဆေးရုံကို ပြေးတော့မှ ဗိုက်ထဲက ကိုယ်ဝန်ပျက်ကျသွားမှန်း သိလိုက်တာ။ မိတင်တို့ လည်လိုက်ပုံများကလည်း အဲ့ဒီနေ့မှပဲ သူ့မှာကိုယ်ဝန်ရှိတာသိတော့တယ် ဆိုပဲ။
တကယ်ဆို မိတင်ကိစ္စက စိုးရိမ်စရာမရှိဘဲ ပြီးသွားတာပါ။ ဆေးရုံတက်ရတာတောင် စုစုပေါင်းမှ လေးရက်လားရယ်။ ရွာပြန်ရောက်မှ သူ့ယောက်ျား ဆစ်တိုရယ်က အရက်မူးပြီး ထုံးစံအတိုင်း အော်ဟစ်သောင်းကျန်းတော့မှ ရွာတော်ရှင်နတ်ကွန်းက အဓိကဇာတ်ကောင်နေရာကို အလိုအလျောက်ရောက်သွားတာ။ သူ့မိန်းမ မိတင်ချော်လဲပြီး ကိုယ်ဝန်ပျက်ကျအောင် ရွာတော်ရှင်နတ်ကပဲ ကိုင်လိုက်သလိုလို အဲ့ဒီကိစ္စကို ရွာတော်ရှင်က သူ့ကိုပဲ အိပ်မက်ပေးသလိုလိုနဲ့။ သူ့ထုံးစံအတိုင်း အဆက်အစပ်မရှိ ဟိုရောက်သည်ရောက် အော်ဟစ်သောင်းကျန်းတော့တာ။
အခြားအချိန်တွေများဆို ဆစ်တိုတို့ မူးပြီးအော်သမျှ ဘယ်သူက အလေးထားတယ်ရယ်ရှိခဲ့လို့လဲ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ လူတွေနှုတ်က ထူးခြားစွာတိတ်ဆိတ်ကုန်တယ်။ အဲဒီလို တိတ်ဆိတ်ကုန်တဲ့အထဲမှာ ဆစ်တိုတို့သောင်းကျန်းရင် အမြဲတမ်း လူကြမ်းလုပ်လေ့ရှိတဲ့ ဘိုးလေးထွန်းက ထိပ်ဆုံးက ပါသွားတာ။
အဲ့ဒီအချိန်က ရွာတော်ရှင်နတ်ကွန်းဆောက်ဖို့ အစည်းအဝေးခေါ်ထားတာ ဘာကြာသေးတုန်း။ ပြောရမယ်ဆို ဘိုးလေးထွန်းကို ရွာသားတွေပေးထားတဲ့ နှစ်ပတ်ဆိုတဲ့ အချိန်ပြည့်ဖို့ အများကြီးလိုသေးတာ။ ရွာသားတွေလည်း သူ့အလုပ်နဲ့သူ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ရှုပ်လို့ကောင်းနေတဲ့ အချိန်ပေါ့။ အဲ့ဒီအချိန်မှာ ဘိုးလေးထွန်းက ဖိုးတောက်ကို ခေါ်ပြီး ရွာတော်ရှင်နတ်နန်းကို အားချင်းဆောက်ဖို့ တိုင်ပင်တော့တာ။
အဲ့ဒီအချိန် ရွာထဲလတ်လျားလတ်လျားအားနေတာဆိုလို့ ဖိုးတောက်တစ်ယောက်သာ ရှိတာရယ်မဟုတ်လား။ ဖိုးတောက်အဖေ ကိုဘမောင်တောင် အားတာမဟုတ်ဘူးလေ။ ဘိုးလေးထွန်းသဘောက နှစ်ပတ်ဆိုတဲ့အချိန်ကို စောင့်မနေတော့ဘဲ အားတဲ့လူနဲ့ ချက်ချင်းဆောက်မယ်ပေါ့။ မိတင်ကိစ္စကလည်း အခုလိုဖြစ်သွားတော့ စိတ်ထဲစနိုးစနောင့်နိုင်လှတယ်ပေါ့။ မပြေးသောကာရန်ရှိ ဖြစ်လာတော့ ဘာမှမတတ်နိုင်ဘူးပေါ့။ ဒါကြောင့် တစ်မိုးပဲခံခံ နတ်ကွန်းလေးကို အမြန်ဆုံးပြန်ဆောက်ကြမယ်ပေါ့။ ဖိုးတောက်ကို ဒီသဘောမျိုးလောက်တိုင်ပင်တာရယ်။ ဒီတုန်းက ဖိုးတောက် ပြန်ပြောလိုက်တဲ့….
“ဘိုးလေးထွန်းရယ် နတ်စင်ကိုတစ်မိုးခံဖို့ကိစ္စကို အသာထားပါဦး ဘိုးလေးထွန်း တစ်မိုးနေရအောင်ပဲ ကြိုးစားပါဦး”
ဆိုတဲ့စကားကိုကြားပြီး ဘိုးလေးထွန်း ဆွေ့ဆွေ့ခုန်သွားတာ။ လူကြီးကိ လူကြီးမှန်းမသိဘူးတို့ ရွာကတက္ကသိုလ်ကျောင်းသား ပညာတတ်ကလေးမို့ ခေါ်တိုင်ပင်တာကို မိုက်ရိုင်းတယ်တို့ မင်းတို့တက္ကသိုလ်မှာ အဲဒီလို မိုက်ရိုင်းတဲ့ဘာသာရပ်တွေ သင်သလားတို့ ဒါပေမယ့် အဲ့ဒီအချိန်မှာ ဘိုးလေးထွန်းစိတ်က အမြင့်ဆုံးကို မရောက်သေးဘူး။
“ဖိုးတောက် မင်းတို့လူငယ်တွေကြောင့်ခက်တယ်။ လူကြီးကိုခံပြောနေလိုက်တာများ ကက်ကက်ကိုလန်လို့ အေး… အဲဒီလို ဂါရဝေါစတရားတွေ ခန်းခြောက်လာလို့လည်း ငါတို့အသက်၇၀ထိ မဖြစ်ဖူး မကြားဖူးတဲ့ မုန်တိုင်းဆိုတာ ဖြစ်လာခဲ့ပြီ။ မင်းတို့က နိမိတ်ဖတ်ကောင်းလိုက်ပုံများ ပြောမနေနဲ့။ ဆိုကြတဲ့သီချင်းတွေကိုကြည့်ဦး။ အခုတော့ အိုးလှုပ်ရုံတင်မကတော့ဘူး ရှိသမျှအားလုံးလှုပ်ပြီး အတုံးအရုံးဖြစ်ကုန်ပြီ ဖိုးတောက်ရေ”
“ဘိုးလေးထွန်းတို့ လူကြီးတွေက အဲဒါခက်တာပေါ့။ အသက်ကြီးလို့ လူကြီးဖြစ်တာမဆန်းဘူး ဘိုးလေးထွန်း လူကြီးဖြစ်ပြီး အသက်မကြီးရင်သာ ဆန်းတာ။ မုန်တိုင်းဖြစ်ပြီးကတည်းက လူကြီးတွေများ တရားရကြမယ်မရှိဘူး။ တကယ်ဆို ရှေ့မီနောက်မီ ဘိုးလေးထွန်းတို့က ပြဿနာတစ်ခုဖြစ်ရင် ဖြစ်နိုင်ခြေကို စဉ်းစားပေးနိုင်တဲ့ ရွာရဲ့ မဏ္ဍိုင်တွေဖြစ်သင့်တာ”
“ပစ္စုပ္ပန်အကျိုးအတွက် အတိတ်ကအရာတွေကို လေ့လာရမယ်။ အနာဂတ်အတွက် ပစ္စုပ္ပန်ကနေစပြီး သင်ခန်းစာယူရမယ်။ မုန်တိုင်းဝင်တာ ဘာနိမိတ်ကြောင့်မှ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ သစ်တောတွေ ပြုန်းတီးလာတယ်။ အဲဒီတော့ လေထုဖိအားပြောင်းလဲမှုတွေ ဖြစ်လာတယ်။ အဲ့ဒီတော့ လေထုဖိအားက မုန်တိုင်းတွေ သွေဖည်သွားအောင် အရင်လို ထိန်းချုပ်ပေးနိုင်မှုတွေ နည်းလာတယ်။ အဓိက က သစ်တောပြုန်းတီးမှုကြောင့်ပဲ…”
“ဘိုးလေးထွန်းတို့လူကြီးတွေက ဒီလိုလေးတွေပြောပြီး နောက်ထပ် မုန်တိုင်းတွေ လာနိုင်၏ မလာနိုင်၏ ကို နောက်လူငယ်တွေ သိအောင် ပြောပြသင့်တာ။ အခုတော့ ဘာမှမဟုတ်တဲ့ နိမိတ်ဖတ်တာတွေကို ရှေ့တန်းတင် ပြောနေကြတယ်။ ဘိုးလေးထွန်းရေ… ဘိုးလေးထွန်းတို့အရွယ်နဲ့ နောက်တစ်ခါ မုန်တိုင်းဝင်မှာကိုလည်း ကြောက်မနေနဲ့။ မီမယ်လည်းမထင်တော့ဘူး။ ကျုပ်တို့ကြောက်ဖို့သာ ကြောက်စိတ်လေးတွေ ထားသွားကြပါဦး”
ဖိုးတောက် အဲဒီလိုပြန်ပြောလိုက်တော့မှပဲ ဘိုးလေးထွန်းဒေါသက အထွတ်အထိပ်ရောက်သွားပြီး အနီးက နှီးဖြာဖို့ခုတ်ထားတဲ့ နှီးဝါးအပိုင်းနဲ့ ဖိုးတောက်ကို ကောက်ပေါက်လိုက်ရင်း စကားဝိုင်းကပွဲသိမ်းသွားတယ်။ ဒီကတည်းက ဖိုးတောက်ကို နတ်ကွန်းကိစ္စနဲ့ပတ်သက်ပြီး ဘာတစ်ခုမှပြောတော့တာ မဟုတ်ပေမယ့် မိုးထဲရေထဲမှာ ဘိုးလေးထွန်းတစ်ယောက်တည်း နတ်ကွန်းဆောက်နေပြီဆိုတဲ့ သတင်းကို ဖိုးတောက် ကြားလိုက်ရတယ်။ မယုံလို့ ရွာထိပ်ဘက် မသိမသာထွက်ပြီးတောင် အကဲခတ်ခဲ့သေးတာ။
“ဘာအတွက်ကြောင့် ဒီလောက်အလောတကြီး ဆောက်ချင်နေတာပါလိမ့်” လို့ ဖိုးတောက် တွေးကြည့်ပေမယ့် သွားကူဖို့တော့ နည်းနည်းမှ စိတ်ကူးမရဘူး။ ဒီလိုနဲ့ နောက်တစ်ရက် ကူးသွားတော့ ဘယ်လိုမှ အမြင်မတော်နိုင်တဲ့ ရွာသားသုံးယောက်က သွားပြီးဝိုင်းကူမှ နတ်ကွန်းလေးရဲ့ကိစ္စ နေ့ချင်းပြီးပြတ်သွားတာရယ်။ နတ်ကွန်းပြီးတော့လည်း လူတွေကိုပြောသလို “နေလို့ရပြီဟေ့” လို့ ပြောလို့ရတာမဟုတ်။ နတ်ဆိုတာလည်း အခက်သားလား။ သူ့ဘာသာ သဘာဝကြောင့် ပြုတ်ကျသွားတာတောင် နတ်ကွန်းဆီပြန်တင်ဖို့ကျတော့ ရှုပ်လိုက်သည့်ဖြစ်ခြင်း။
နောက်ဆုံးတော့ ဘိုးလေးထွန်းဆန္ဒအတိုင်း မြို့ပေါ်က တရုတ်ကပြား အခြောက်မ ကျူးကျူးတို့ အဖွဲ့ခေါ်။ ရွာတော်ရှင်နတ်မင်း ပြန်လည်နေရာချထားရေးတွေလုပ်။ တကုပ်ကုပ် အလုပ်ရှုပ်နေကြတဲ့အချိန် ဘိုးလေးထွန်းတို့ ဘယ်မှာသွားနိုင်တော့လို့တုံး။ နတ်ကွန်းဆောက်တဲ့နေ့ကတည်းက မိုးတွေမိပြီး ဖျားလိုက်တဲ့အဖျားဟာ ရွာတော်ရှင်နတ်ကွန်းဆီက တဂျိမ်းဂျိမ်း အသံတွေ ထွက်နေတဲ့အချိန်ထိ အဖျားကကျသွားတယ်ရယ်မှ မဟုတ်တာ။
ဘိုးလေးထွန်းနဲ့ဖိုးတောက်တို့ရဲ့ အဆင်မပြေတဲ့စကားဝိုင်းကို အစအဆုံး သိတဲ့သူက မပါရာလို့ အများခေါ်တဲ့ နွဲ့ရီရယ်လေ။ ဒါကြောင့်လည်း “ဘိုးလေးထွန်း ပိုးစိုးပက်စက်သေတော့ ရွာတော်ရှင်က မကယ်နိုင်သလို ဘိုးလေးထွန်းရဲ့မြေး ဖိုးတောက်ကလည်း မကယ်နိုင်ပါလား” တွေ ဘာတွေဖြစ်နေတာ။ ဖိုးတောက်ဖြင့် ဒီမိန်းမကို မြင်လိုက်တာနဲ့ ဒေါသထွက်တာ။ ကြည့်ဦး။ သူလုပ်မှပဲ ဖိုးတောက်ဟာ တရားခံစစ်စစ်ကြီးကို ဖြစ်ကရောလေ။
မိုးတွေတဝေါဝေါနဲ့ သွန်ချသလို ရွာနေတဲ့ အသံတွေကြားလို့ ကြေးစည်သံလေး “ဒူဝေ ဒူဝေ” က တိုးမပေါက်နိုင်ဘူး။ အချိန်အားဖြင့် နေမွန်းလွဲရုံရှိသေးပေမယ့် မိုးရဲ့ထစ်ချုန်းမှုတွေကြောင့် ဝန်းကျင်တစ်ခုလုံး မှိုင်းမှုန်နေတယ်။ ဘိုးလေးထွန်းရဲ့ ရုပ်ကလာပ်ကို မပြေးရုံတမည် ခပ်သွက်သွက် ထမ်းလာတဲ့ရွာသားလေးယောက်ရဲ့နောက်မှာ လူအုပ်ကြီးဟာ အစီအစဉ်မကျစွာ ဝရုန်းသုန်းကားဖြစ်နေတယ်။
ဘိုးလေးထွန်းရဲ့ နောက်ဆုံးခရီးဟာ ရွာထဲနဲ့ ရွာနီးစပ်ချုပ်က ဆွေးမျိုးအပေါင်းဖော်တွေကြောင့် အတော်လေးကို စည်ကားခဲ့တာပါ။ သားသမီးအရင်းအချာမရှိတဲ့အတွက် ငိုသံတွေ တာကျိုးကျသလို တရဟောတော့ ဖြစ်မနေဘူးပေါ့။ အဲ… ခြွင်းချက်အနေနဲ့ မပါရာရဲ့ တစ်ကိုယ်တော် လွှတ်တင်နေတဲ့ ဗလာခြေငိုချင်းတွေက လွဲလို့ပေါ့လေ။
ဘိုးလေးထွန်းရဲ့ဇနီး ဘွားလေးစိန်ကတော့ လူအုပ်ကြီးကို မမီအောင် အားတင်းလိုက်နေရတာနဲ့ပဲ ငိုရမယ်ဆိုတာတောင် မေ့နေတယ်။ တွဲမယ့်သူဘေးမှာ ပါပေမယ့်လည်း ရင်ဘတ်ထဲက အမောတွေကြောင့် သင်္ချိုင်းကို မရောက်ခင်မှာပဲ ဘွားလေးစိန် ဟပ်ထိုးနေပြီ။ လမ်းတစ်လျှောက်လုံးလည်း မပြေးရုံတမည် လိုက်ခဲ့ရတာကိုး။
ပြေးရင်းလွှားရင်းနဲ့ပဲ ဘိုးလေးထွန်းသေပြီးမှ ဖြစ်ပေါ်လာတဲ့စကားတွေ ပြဿနာတွေဟာလည်း အမယ်အိုဘွားလေးစိန်ရဲ့ အာရုံမှာ ဟိုတစ်စု သည်တစ်စု မှီကပ်လာသေးတယ်။ တစ်ယောက်တစ်ပေါက် ပြောနေကြတဲ့ ရွာထဲက လူတွေရဲ့ စကားသံတွေမှာ ဘာတဲ့…။ ဘိုးလေးထွန်းကပဲ ရွာတော်ရှင်ကိုင်လို့ သေရသလိုလို။ ဒီကတည်းက ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဘွားလေးစိန်စိတ်ထဲ ဘာကို စိတ်နာသွားမှန်းမသိ။ တစ်ခုခုကို စိတ်နာသွားခဲ့တာ။ ကြားရတဲ့သတင်းတွေ အဟုတ်ဖြစ်ပါပြီတဲ့။ တကယ်ဆိုရင် ဒါဟာ ဖြစ်စရာလား။
ရွာတော်ရှင်နတ်ကွန်းပြန်လည်တည်ဆောက်ရေးမှာ ကမကထ ဦးဆောင်သူက ဘယ်သူလဲ။ မိုးထဲရေထဲမှာ နတ်ကွန်းပြီးဖို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်သူက ဘယ်သူလဲ။ နတ်ကွန်းပြီးတော့ ရွာတော်ရှင်ကို နတ်ကွန်းပြန်အပ်ဖို့ အစီအစဉ်ဆွဲပေးတာကရော ဘယ်သူလဲ။ ဟောဒီက အသက်၇၀ရှိပြီဖြစ်တဲ့ အဘိုးကြီးပါတော့။ အိုကြီးအိုမဆံဖြူသွားကျိုး ကြီးပါတော့။
ဘွားလေးစိန်ဟာ ဘယ်သူ့ကို အော်ပြောမှန်းမသိ စိတ်လွတ်လက်လွတ် အော်ပြောချင်လာတာ။ ဒီလိုသတင်းတွေထွက်လာတော့ စိတ်ထဲက ဘယ်လိုပဲ ဒေါသထွက်နေပါစေ ဒေါသစကားတွေ စိတ်ထဲမှာ အားရအောင် ပြောဆိုပြီးတဲ့အဆုံးမှာတော့ အမိုက်အမဲလေးတွေအတွက် ရှင်ကြီးရှင်ကောင်းများကို ဘွားလေးစိန် စိတ်ထဲကျိတ်ပြီး တောင်းပန်ရသေးတာ။ ရှင်ကြီးရှင်ကောင်းတွေကလည်း အခက်သားကလား။ မြင်မှ မမြင်နိုင်တဲ့ဟာ။ ကိုယ့်ကို စိတ်ဆိုးနေလား။ ငြိုငြင်နေလားဆိုတာတွေလည်း ဘွားလေးစိန် သိနိုင်တာမှ မဟုတ်တဲ့ဟာကို။
ဖိုးတောက်ကျတော့လည်း တစ်မျိုး။ သူရဲ့ ဘိုးလေးထွန်းဆုံးတာ မုန်တိုင်းစတာပါ။ မုန်တိုင်းဂြိုဟ်မွှေတာပါ။ မုန်တိုင်းသတ်တာပါ ဆိုပြီး တောရောက်တောင်ရောက် ပြောနေသေးတယ်။ ဒီကောင့်အကြောင်းတော့ ဘွားလေးစိန် တွေးမနေချင်ပါဘူး။ လူကသာ ပညာတတ် မိုက်ရိုင်းမှုက အထွတ်အထိပ်ရောက်နေတဲ့ ကောင်လေ။ ဘိုးလေးထွန်းကိုတောင် အသက်ကြီးလို့လူကြီးဖြစ်တာမဆန်းဘူးတို့ အနာဂတ်အတွက် ပစ္စုပ္ပန်အဖြစ်အပျက်တွေကနေပြီး သင်ခန်းစာယူရမယ်တို့ ကြီးကြီးကျယ်ကျယ်တွေ ပြောနေတဲ့ကောင်လေ။
ဒီလိုကာလနာမျိုးလေးကျတော့ ရှင်ကြီးရှင်ကောင်းများကလည်း မကိုင်ဘူးလေ။ ကိုင်ထည့်လိုက်ပါလား။ တုံးခနဲကိစ္စချောသွားအောင်။ ဘာဆိုဘာမှ အယုံအကြည်မရှိတဲ့ကောင်လေး။ လူ့လောကမှာ ကြာကြာနေရမှာ မဟုတ်ပါဘူး။ သေချင်းဆိုးနဲ့ကို သေဦးမှာ။
ဘွားလေးစိန်စိတ်ထဲ အပြစ်တွေကို ဖိုးတောက်အပေါ်ပုံချလို့ စိတ်ရှိလက်ရှိ အဲ့ဒီလို ကျိန်ဆဲလိုက်တော့ အတော်လေး နေသာထိုင်သာ ရှိသွားတယ်။ မျက်ရည်တွေသာ တွေတွေစီးကျနေတာ ဘွားလေးစိန်ရဲ့ နှုတ်က ဘာသံမှ ထွက်လာတာ မဟုတ်ဘူးရယ်။ သင်္ချိုင်းရောက်လို့ အခေါင်းကိုအောက်ချ။ မီးအိုးခွဲ။ အခေါင်းဖုံးကိုဖွင့် ဘိုးလေးထွန်းရဲ့ မျက်နှာကို အုန်းရေနဲ့သစ်လို့ မြေမြုပ်သင်္ဂြိုဟ်ဖို့ လုပ်တဲ့အချိန်ထိ ဘွားလေးစိန်ရင်ထဲမှာ တစ်ဆို့ဆို့ကြီး ဖြစ်နေဆဲ။ အခေါင်း မြေကြီးတွင်းထဲချပြီး အတော်လေးကို ကြာမှသာ သွားလေသူ ကျေးဇူးရှင်ကြီးရဲ့ နောက်ဆုံးမျက်နှာကိုကြည့်ပြီး ဘွားလေးစိန်ရဲ့အသံဟာ တစ်လုံးချင်းကို ထွက်လာတာ။
“တော်ကြီးရေ … ဘာကြောင့်ပဲ သေသေ၊ ဘယ်သူ့ကြောင့်ပဲ သေသေ၊ တော်ကတော့ တကယ်ကို သေသွားခဲ့ပြီ။ ပြောလို့များ ထွက်ခဲ့ရင်တော့ ကျုပ်လည်းပြောလိုက်ချင်ပါရဲ့တော်။ မေးလည်း မေးလိုက်ချင်ပါရဲ့။ တော် ဘာအတွက် ဘယ်သူ့အတွက်နဲ့ ရပ်ရေးရွာရေးတွေကိုများ ဒီလောက်အထိ အကျိုးစွန့်ရတာတဲ့လဲ။ အလွန်တစ်ရာမှ ခေါင်းမာတတ်သူကြီးရဲ့”
ဘွားလေးစိန်ရဲ့ အဆုံးအစမရှိတဲ့ ငိုချင်းနဲ့ပဲ အသုဘပွဲတစ်ခုဟာ နိဂုံးချုပ်သွားတယ်။ အသုဘရှုကြတဲ့ လူတစ်အုပ်ကလည်း အားလုံးပြီးဆုံးလို့ ရွာဘက်ဆီကို တရွေ့ရွေ့ပြန်လာကြပြီ။ မိုးသံလေသံတို့ တိတ်ဆိတ်သွားပြီဆိုပေမယ့် ဝန်းကျင်တစ်ခုလုံးကိုတော့ ကြေးစည်သံလေး တလွင်လွင် ဖုံးအုပ်နေဆဲ။
ဘွားလေးစိန်ရဲ့ စိတ်ထဲမှာလည်း ဘိုးလေးထွန်းသေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရွာကလူတွေပြောတဲ့ ယုံကြည်မှုပေါင်းစုံတို့ရဲ့ စကားသံတွေရစ်ဝဲလို့ အာရုံတွေက ရှုပ်ထွေးနေဆဲပဲ။


မင်းဝေဟင်
(မဟေသီမဂ္ဂဇင်း၊ ၂၀၁၀)

No comments:

Post a comment

back to top